
နေပြည်တော် ဒီဇင်ဘာ ၁
(၂၀၂၂) ခုနှစ် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ (World AIDS Day) အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ကျန်းမာရေးဝန်ကြီးဌာန ရုံးအမှတ်(၄) အစည်းအဝေးခန်းမ နေပြည်တော်၌ ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ နှီးနွှယ်ဝန်ကြီးဌာနများ၊ မိတ်ဖက် အဖွဲ့အစည်းများ၊ ပြည်သူလူထုအခြေပြုအဖွဲ့ အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ကမ္ဘာတစ်ဝန်းလုံး၌ နှစ်စဉ် ဒီဇင်ဘာလ ၁ ရက်နေ့ရောက်တိုင်း ကမ္ဘာ့ ခုခံအားကျဆင်းမှုကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အခမ်းအနားများကို ပြည်သူလူထုတစ်ရပ်လုံးက နိုးကြားတက်ကြွစွာ ပူးပေါင်းပါ၀င်၍ ခုခံအား ကျဆင်းမှု ကူးစက်ရောဂါကို ပြည်သူ့ကျန်းမာရေး ပြဿနာအဖြစ်မှ လုံးဝကင်းစင်ပပျောက်သွားသည် အထိ ကြိုးပမ်းဆောင်ရွက်သွားရန် ရည်ရွယ်ချက် ထား၍ ကျင်းပကြကြောင်း။
ယခုနှစ် ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ဆောင်ပုဒ်မှာ "Equalize" “အေအိုင်ဒီအက်စ်ပပျောက်ဖို့၊ မညီမျှမှု များ လျှော့ချလို့၊ အားလုံးပူးပေါင်းဆောင်ရွက်စို့” ဖြစ်ပြီး အိတ်ချ်အိုင်ဗွီ/ အေအိုင်ဒီအက်စ်ကင်းဝေးသော အနာဂတ်ကို ဖော်ဆောင်ရာတွင် အိတ်ချ်အိုင်ဗွီကာကွယ်ကုသရေးဝန်ဆောင်မှုများကို လူတိုင်း ညီတူ ညီမျှ လက်လှမ်းမီရရှိအောင် ဆောင်ရွက်လျက်ရှိရာ တွင် မညီမျှမှုများရှိပါက ဝိုင်းဝန်းအဖြေရှာ၍ လူတိုင်းလုံခြုံစိတ်ချရသော ကျန်းမာရေးစောင့်ရှောက် မှုများရရှိရန် တိုက်တွန်းလိုခြင်းဖြစ်ကြောင်း။
မိမိတို့နိုင်ငံတွင် ခန့်မှန်းတွက်ချက်မှုအရ ၂၀၂၁ ခုနှစ်အကုန်၌ လူဦးရေ ၂၇၀၀၀၀ ကျော် အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံနေရသည့်အတွက် ၀ ဒသမ ၆၄ ရာခိုင်နှုန်းအထိ ရောဂါပိုးတွေ့ရှိနေကြောင်း၊ ရောဂါအသစ် ကူးစက်ခံရမှုအနေဖြင့် ၂၀၀၀ ပြည့်နှစ်တွင် အမြင့်ဆုံးဖြစ်ခဲ့ပြီး ရောဂါပိုးအသစ် ကူးစက်ခံရသူ ၃၀၀၀၀ ခန့်ရှိခဲ့ရာမှ ၂၀၂၁ ခုနှစ် တွင် ၁၁၀၀၀ ခန့်အထိ ကျဆင်းလာသည်ကို တွေ့ရကြောင်း။
အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် ရောဂါသည် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် ဖြစ်ပွားမှုနှုန်း အမြင့် မားဆုံးဖြစ်သည်ကို တွေ့ရကြောင်း။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် အိတ်ခ်ျအိုင်ဗွီ ကာကွယ်ရေးနည်းဗျူဟာသစ်ဖြစ်သည့် အိတ်ခ်ျအိုင် ဗွီပိုးကူးစက်မှုမှကာကွယ်ရန် ကြိုတင်ဆေး တိုက်ကျွေးခြင်း (Pre Exposure Prophylaxis (PrEP) လုပ်ငန်းကို ရန်ကုန်တိုင်းဒေသကြီးတွင် ၂၀၂၀ ခုနှစ် ဇူလိုင်လမှ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ အတွင်း ဆောင်ရွက်ခဲ့ပြီး ရလဒ်ကောင်းများရရှိသည့် အတွက် အမျိုးသားချင်း ချစ်ခင်စုံမက်သူများအကြား PrEP ဆေးတိုက်ခြင်းအား ပုံမှန်ရောဂါကာကွယ် နှိမ်နင်းရေးလုပ်ငန်းတစ်ခုအဖြစ် ရန်ကုန်တိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဧရာဝတီတိုင်းဒေသကြီး တို့တွင် ၂၀၂၃ ခုနှစ်မှ စတင်ဆောင်ရွက်သွားမည် ဖြစ်ပြီး မူးယစ်ဆေးအကြောထဲ ထိုးသွင်းသူများ အတွက် ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တို့တွင် PrEP ဆေးတိုက်ကျွေးခြင်း ရှေ့ပြေးစီမံချက်အဖြစ် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ထို့ပြင် အိတ်ချ်အိုင်ဗွီ ရောဂါပိုးရှိ၊ မရှိ မိမိဘာသာစစ်ဆေးခြင်း(Self-testing) ရှေ့ပြေးစီမံချက်ကိုလည်း ၂၀၂၁ ခုနှစ် စက်တင်ဘာလမှ ဒီဇင်ဘာလအတွင်း ရန်ကုန်တိုင်း ဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် ဆောင်ရွက်ခဲ့ကြောင်း။
မြန်မာနိုင်ငံအတွက် ခုခံအားကျဆင်းမှုကူးစက် ရောဂါ တိုက်ဖျက်ရေးလုပ်ငန်းများဆောင်ရွက်ရန် လိုအပ်သည့်ရန်ပုံငွေကို ကျန်းမာရေးဝန်ကြီးဌာနက အဓိကထောက်ပံ့ပေးလျက်ရှိပြီး ကမ္ဘာ့ရန်ပုံငွေအဖွဲ့ ကလည်း ပံ့ပိုးကူညီပေးခြင်းဖြစ်ကြောင်း၊ (၂၀၂၂-၂၀၂၃) ဘဏ္ဍာနှစ်အတွက် အိတ်ခ်ျအိုင်ဗွီရောဂါ ကုသဆေး(ART) နှင့် ဆေးပစ္စည်းများဝယ်ယူရန် အမေရိကန်ဒေါ်လာ ၁၆ သန်းအား နိုင်ငံတော် ဘဏ္ဍာငွေမှ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်သူလူထုအခြေပြုအဖွဲ့အစည်း များ၏ကိုယ်စား ဦးနေလင်းက ကမ္ဘာ့ခုခံအား ကျဆင်းမှုကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့၏ အရေး ကြီးမှုနှင့် ပြည်သူလူထုအခြေပြု အဖွဲ့အစည်းများ၏ လိုလားမျှော်မှန်းချက်များကို ရှင်းလင်းပြောကြား သည်။
ထို့နောက် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် နှီးနွှယ်ဝန်ကြီးဌာနများမှ တာဝန်ရှိသူများက ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက် ရောဂါ တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် စာစီစာကုံး၊ ပန်းချီနှင့် ကာတွန်းပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား ကျောင်းသူများကို ဆုချီးမြှင့်ခဲ့ပြီး အခမ်းအနားအထိမ်းအမှတ် ပြခန်းငယ်များအား လှည့်လည်ကြည့်ရှုကြကြောင်း သိရသည်။
သတင်းစဉ်