၂၀၂၂ ခုနှစ်တွင် ပေါ်ထွန်းလာသော ဆင်ဖြူတော်ကလေး “ရဌနန္ဒက” မိခင်ဆင်မကြီးနှင့်အတူ ကျန်းမာပျော်ရွှင်လျက်ရှိ

 

နေပြည်တော်  နိုဝင်ဘာ  ၂၃


ရခိုင်ပြည်နယ်     တောင်ကုတ် မြို့နယ်ရှိ     မြန်မာ့သစ်လုပ်ငန်း ဆင်ဝိုင်းမှ    ဆင်မ   ဇာနန်းလှ  အသက် ၃၃ နှစ်က  ဆင်ဖြူတော် (အထီး)ကလေးတစ်စီးကို  ၂၀၂၂ ခုနှစ်    ဇူလိုင်  ၂၃  ရက်    နံနက် မင်္ဂလာအချိန်   ၆  နာရီခွဲတွင် မွေးဖွားခဲ့ပြီး  အဆိုပါ  ဆင်ဖြူတော် ကလေးမှာ   မွေးဖွားစတွင်  အရပ် အမြင့် ၂ ပေ ၅ လက်မ၊  ကိုယ်လုံး လုံးပတ် ၃ ပေ ၁ လက်မ၊ ကိုယ် အလေးချိန်   ပေါင်  ၁၈၀   ခန့် ရှိသည်။


ဆင်ဖြူတော်ကလေး၏      ဘွဲ့နာမံတော်မှာ  “ရဌနန္ဒက”  ဖြစ်ပြီး အဆိုပါ     ဆင်ဖြူတော်လေးသည် ရတနာဆင်ဖြူတော်များ၏     ကြန်အင်လက္ခဏာ    ၈    ချက်အနက်    မျက်လုံး   ပုလဲရောင်ဖြစ်ခြင်း၊  ကျောကုန်းမှာ    ငှက်ပျောကိုင်းသဏ္ဌာန်ဖြစ်ခြင်း၊  အမွေးအဖြူရောင်ဖြစ်ခြင်း၊ အမြီးတံခါးပိတ်ဖြစ်ခြင်း၊ အရေပြားမှာ   သြဇာကွက်ဖြစ်ခြင်း၊    အသားအရေ ပန်းရောင်ဖြစ်ခြင်း၊ ခြေဖဝါးတွင် ရှေ့ခြေသည်း ၅ ခုစီ နှင့်   နောက်ခြေသည်း ၄ ခုစီပါရှိခြင်း၊  နားကြီးခြင်း စသည့် ရတနာဆင်ဖြူတော်များ၏ ကြန်အင် လက္ခဏာ ၇ ချက်နှင့်ကိုက်ညီသော ဆင်ဖြူတော်လေးဖြစ်သည်။


ဆင်ဖြူတော်လေး “ရဌနန္ဒက”သည် ယခုအသက် ၁ နှစ်၊  ၄ လသားအရွယ်တွင်  အရပ်အမြင့် ၄ ပေ၊ ကိုယ်လုံး လုံးပတ် ၆ ပေ ၅ လက်မ၊ ကိုယ်အလေးချိန် ၉၆၈ ပေါင်ရှိလာပြီး ရတနာဆင်ဖြူတော် ထိန်းသိမ်း စောင့်ရှောက်ရေးဥယျာဉ်၊ နေပြည်တော်ရှိ  ရတနာ ဆင်ဖြူတော်ဆောင်တွင်  မိခင်ဆင်မကြီးနှင့်အတူ ကျန်းမာပျော်ရွှင်လျက်ရှိကြောင်းနှင့်   ဆင်ဖြူတော် လေး “ရဌနန္ဒက”မှာ ငယ်စဉ်ကတည်းကပင် လူနှင့် ယဉ်ပါးသည့်  ဆင်ဖြူတော်လေးဖြစ်ပြီး ပိုမိုယဉ်ပါး လာစေရန်၊ ဆင်နှင့်လူသားတို့အကြား ကောင်းမွန်စွာ ဆက်ဆံတတ်စေရန်    လေ့ကျင့်သင်ကြားခြင်းစနစ် “Peace Human and Elephant Interaction Training” ဖြင့် လေ့ကျင့်သင်ကြားပေးလျက် ရှိကြောင်း သတင်းရရှိသည်။                  

သတင်းစဉ်