
နေပြည်တော် ဇန်နဝါရီ ၇
ရခိုင်ပြည်နယ် တောင်ကုတ် မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်း ဆင်ဝိုင်းမှ ဆင်မ ဇာနန်းလှ၊ အသက် ၃၃ နှစ်က ဆင်ဖြူတော် (အထီး)ကလေး တစ်စီးကို ၂၀၂၂ ခုနှစ် ဇူလိုင် ၂၃ ရက် နံနက် မင်္ဂလာအချိန် ၆ နာရီခွဲတွင် မွေးဖွားခဲ့ပြီး အဆိုပါ ဆင်ဖြူတော် လေးမှာ မွေးဖွားစတွင် အရပ် အမြင့် ၂ ပေ ၅ လက်မ၊ ကိုယ်လုံး လုံးပတ် ၃ ပေ ၁ လက်မ၊ ကိုယ် အလေးချိန် ပေါင် ၁၈၀ ခန့်ရှိသည်။
ဆင်ဖြူတော်ကလေး၏ ဘွဲ့ နာမံတော်မှာ “ရဌနန္ဒက” ဖြစ်ပြီး အဆိုပါ ဆင်ဖြူတော်လေးသည် ရတနာ ဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာ ၈ ချက်အနက် မျက်လုံး ပုလဲရောင်ဖြစ်ခြင်း၊ ကျောကုန်းမှာ ငှက်ပျောကိုင်းသဏ္ဌာန်ဖြစ်ခြင်း၊ အမွေးအဖြူရောင်ဖြစ်ခြင်း၊ အမြီးတံခါးပိတ်ဖြစ်ခြင်း၊ အရေပြားမှာ သြဇာကွက်ဖြစ်ခြင်း၊ အသားအရေ ပန်းရောင်ဖြစ်ခြင်း၊ ခြေဖဝါးတွင် ရှေ့ခြေသည်း ၅ ခုစီ နှင့် နောက်ခြေသည်း ၄ ခုစီပါရှိခြင်း၊ နားကြီးခြင်း စသည့်ရတနာဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာ ၇ ချက်ကိုက်ညီသော ဆင်ဖြူတော်လေးဖြစ်သည်။ အထက်ပါ ဆင်ဖြူတော်လေး “ရဌနန္ဒက” မှာ ယခုအသက် ၅ လခွဲသားအရွယ်တွင် အရပ်အမြင့် ၃ ပေ ၁ လက်မ ၊ ကိုယ်လုံးလုံးပတ် ၄ ပေ ၉ လက်မ၊ ကိုယ်အလေးချိန် ၃၄၅ ပေါင်ရှိလာပြီး ရတနာဆင်ဖြူတော် ထိန်းသိမ်းစောင့်ရှောက်ရေးဥယျာဉ်၊ နေပြည်တော်ရှိ ရတနာဆင်ဖြူတော်ဆောင်တွင် မိခင်ဆင်မကြီးနှင့်အတူ ကျန်းမာပျော်ရွှင်လျက် ရှိကြောင်းနှင့် ဆင်ဖြူတော်လေး “ရဌနန္ဒက” မှာ ငယ်စဉ်ကတည်းကပင် လူနှင့်ယဉ်ပါးသည့် ဆင်ဖြူတော် လေးဖြစ်ပြီး ပိုမိုယဉ်ပါးလာစေရန် ဆင်နှင့် လူသားတို့အကြား ကောင်းမွန်စွာ ဆက်ဆံတတ်စေရန် လေ့ကျင့် သင်ကြားခြင်းစနစ် “Peace Human and Elephant Interaction Training” ဖြင့် လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်