
ကောင်းထက်
တောမီးတွေဟာ သဘာဝဂေဟစနစ်ကို အကြီးအကျယ်ပျက်စီးစေပြီး စီးပွားရေးနဲ့ လူမှုရေးထိခိုက်မှုတွေကို ဖြစ်စေပါတယ်။ ဇီဝမျိုးစုံမျိုးကွဲတွေနဲ့ မျိုးစိတ်တွေအတွက် ကျက်စားရာနေရာတွေဆုံးရှုံးခြင်း၊ ရေထုညစ်ညမ်းခြင်း၊ မှန်လုံအိမ်အာနိသင်တိုးလာခြင်း၊ ပိုင်ဆိုင်မှုတွေ ဆုံးရှုံးခြင်းနဲ့ ကုန်ကျစရိတ်တွေ သို့မဟုတ် စီးပွားရေးဆုံးရှုံးမှုတွေ ကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါ့အပြင် လူတို့ရဲ့ အသက်ပင် ဆုံးရှုံးနိုင်ပါတယ်။
ဘရာဇီးနဲ့ ဩစတြေးလျ
တောမီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့
၂၀၁၉ ခုနှစ် ဇန်နဝါရီလကတည်း က ဘရာဇီးနိုင်ငံ အမေဇုန်တောမှာ တောမီးလောင်ကျွမ်းမှု အနည်းဆုံး ၇၅၃၃၆ ခု ရှိခဲ့တယ်လို့ မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် ဩဂုတ် ၂၀ ရက်မှာ ဘရာဇီးနိုင်ငံရှိ ပြည်နယ် လေးခုဖြစ်သည့် Amazonas, Rondnia, Mato Grosso and Par တို့မှာ တည်ရှိ တဲ့ အမေဇုန်မိုးသစ်တော မီးလောင်ကျွမ်း မှုများ ဖြစ်ပေါ်ခဲ့တယ်လို့လည်း ဖော်ပြ ထားပါတယ်။ ဒါ့အပြင် ၂၀၂၀ ပြည့်နှစ်မှာ လည်း ဩစတြေးလျအရှေ့တောင်ပိုင်းက ပြည်နယ်သုံးခုမှာ တောမီးအကြီးအကျယ် လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပါတယ်။ အဆိုပါတောမီးက မြေဧက သန်းနဲ့ချီ လောင်ကျွမ်းခဲ့တာကြောင့် လူ ၃၀ သေဆုံးခဲ့တဲ့အပြင် Koala ဝက်ဝံ ၉၀ ရာခိုင်နှုန်းလောက် သေဆုံးသွားတယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။
ပြောမယ်ဆိုရင် ပြီးခဲ့တဲ့ ၁၀ နှစ် အတွင်း တောမီးလောင်ရာနေရာကနေ ကီလိုမီတာ ၅၀ အတွင်း နေထိုင်နေသူ တွေဟာ တောမီးလောင်မှုနဲ့ ရေရှည် မထိတွေ့ရသူတွေထက် ဦးနှောက် ကင်ဆာဖြစ်နိုင်ခြေ ၁၀ ရာခိုင်နှုန်းနဲ့ အဆုတ်ကင်ဆာဖြစ်နိုင်ခြေ ၄ ဒသမ ၉ ရာခိုင်နှုန်း မြင့်မားတာကိုလည်း တွေ့ရ တယ်လို့ ဆိုပါတယ်။
သစ်ပင်အနည်းဆုံး သန်း ၂၀ ခန့် စိုက်ပျိုး
အဲဒါကြောင့် အခု ၂၀၂၂ ခုနှစ်မှာတော့ အာဖရိကအနောက်ပိုင်း နိုင်ငံတစ်နိုင်ငံ ဖြစ်တဲ့ ဂါနာနိုင်ငံဟာ နိုင်ငံအနှံ့ သစ်တောသစ်ပင်တွေ ပြန်လည်တည် ထောင်နိုင်စေဖို့အတွက် သစ်ပင်အနည်း ဆုံး သန်း ၂၀ ခန့်ကို စိုက်ပျိုးသွားမယ်လို့ မကြာသေးမီ ဂါနာအစိုးရက ကတိပြု ပြောကြားခဲ့ပါတယ်။ သမ္မတ နာနာအက် ဒိုဒန်ကွာ အကူဖိုအက်ဒို ကိုယ်တိုင်က မြို့တော်မှာ သစ်ပင်စိုက်ပျိုးတဲ့ လှုပ်ရှား မှုအတွင်း ဒုတိယအစိမ်းရောင်ဂါနာနေ့ကို ဂုဏ်ပြုလိုကြောင်း ပြောကြားထားပါတယ်။
ထို့နောက် သမ္မတ အကူဖိုအက်ဒိုက အာဖရိကမဟော်ဂနီအပင်တစ်ပင်ကို စိုက်ပျိုးခဲ့ပါတယ်။ ဂါနာ နိုင်ငံသူ နိုင်ငံ သား အားလုံးကိုလည်း ဆုံးရှုံးသွားတဲ့ သစ်တောတွေပြန်လည်တည်ထောင်နိုင် ဖို့အတွက် တိုင်းပြည်ရဲ့ စိမ်းလန်းစိုပြည် ရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်ကူညီကြပြီး ယခုနှစ်၌ အနည်းဆုံး သစ်ပင်တစ်ပင် စိုက်ပျိုးကြဖို့ တိုက်တွန်းထားပါတယ်။
သစ်လုပ်ငန်းကိုလည်း ထိခိုက်စေခဲ့
အဆိုပါ သစ်ပင်စိုက်ခြင်းနဲ့ပတ်သက် ပြီး သမ္မတ အကူဖိုအက်ဒိုက ယခုနှစ်မှာ သစ်ပင်အနည်းဆုံး သန်း ၂၀ ခန့် စိုက်ပျိုး သွားဖို့ လျာထားပါတယ်။ ဒီအရေ အတွက်က များကောင်းများနိုင်ပေမယ့် နှစ်တွေကြာလာတာနဲ့အမျှ ဆုံးရှုံးခဲ့တဲ့ အရေအတွက်နဲ့ နီးစပ်လာမှာဖြစ် တယ်လို့ ဆိုပါတယ်။ ဂါနာနိုင်ငံဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်စုအတွင်း သဘာဝသစ်တော ဧက ၁၀၀၀၀၀ ခန့် ပျက်စီးဆုံးရှုံးခဲ့ပါတယ်။ ထောင်ပေါင်း များစွာသော အလုပ်အကိုင် အခွင့်အလမ်း ကို ဖန်တီးပေးတဲ့ သစ်လုပ်ငန်းကိုလည်း ထိခိုက်စေခဲ့တယ်လို့ သိရပါတယ်။
သစ်ပင်နဲ့ သစ်တောတွေဟာ ကမ္ဘာ ပေါ်ရှိ လူသားတွေ အသက်ရှင် ရပ်တည် နိုင်ဖို့၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဂေဟ စနစ်အတွက် လိုအပ်တဲ့ သယံဇာတ ရင်းမြစ်တွေဖြစ်တယ်လို့ သမ္မတ အကူဖို အက်ဒိုက ဆိုပါတယ်။ ဒါ့အပြင် သမ္မတ က ၂၀၂၁ ခုနှစ်မှာ စိုက်ပျိုးခဲ့တဲ့ ပျိုးပင် တွေရဲ့ အနည်းဆုံး ၈၀ ရာခိုင်နှုန်းခန့် ရှင်သန်ဖြစ်ထွန်းတဲ့ အစီအရင်ခံစာကို လက်ခံရရှိတယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်က သစ်ပင်ခုနစ်သန်းခန့်
စိုက်ပျိုးခဲ့
ဂါနာနိုင်ငံမှာ ၂၀၂၂ ဂါနာအစိမ်းရောင် နေ့ကို နိုင်ငံတစ်ဝန်းကျင်းပခဲ့ပြီး ဒေသ တွေနဲ့ ခရိုင်တွေမှာ သစ်ပင်စိုက်ပျိုးခြင်း လှုပ်ရှားမှုကို လူထုက ဦးဆောင်ခဲ့ တယ်လို့ သိရပါတယ်။ ဂါနာနိုင်ငံဟာ ပြီးခဲ့တဲ့နှစ်က အစိမ်းရောင်ဂါနာလှုပ်ရှား မှုပြုလုပ်ကာ သစ်ပင်ခုနစ်သန်းခန့် စိုက်ပျိုးခဲ့တယ်လို့ သိရပါတယ်။
ဂါနာနိုင်ငံဟာ ယခုနှစ်မှာ ပျိုးပင် တွေကို သစ်တောကြိုးဝိုင်းနဲ့ ကြိုးဝိုင်း ပြင်ပမှာ စိုက်ပျိုးသွားမှာဖြစ်ကြောင်း သိရပါတယ်။ သဘာဝသယံဇာတဝန်ကြီး ဖြစ်သူ ဆမ်မြူရယ် အဘူ ဂျီနာပါက ပျိုးပင် ၁၀ သန်းခန့်ကို သစ်တောကြိုးဝိုင်း အတွင်း စိုက်ပျိုးသွားမှာဖြစ်ပြီး ကျန်ရှိတဲ့ ပျိုးပင်တွေကို ကြိုးဝိုင်းပြင်ပမှာ စိုက်ပျိုး သွားမယ်ဟု ပြောပါတယ်။
နှစ်စဉ် မိုးသစ်တော ဧက ၇၉ သန်းခန့် ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်
ကမ္ဘာတစ်ဝန်းရှိ လူပေါင်း ၁ ဒသမ ၆ ဘီလီယံခန့်ဟာ ၎င်းတို့ရဲ့ အသက်ရှင် ဘဝရပ်တည်မှုအတွက် သစ်တောကို အမှီသဟဲပြုနေရပါတယ်။ ဒါ့အပြင် ဂါနာနိုင်ငံမှာ လူဦးရေရဲ့ ၈၅ ရာခိုင်နှုန်း ခန့်က လူမှုယဉ်ကျေးမှု လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် သစ်တော သယံဇာတကို အမှီသဟဲပြုနေရတယ်လို့ သိရပါတယ်။ ဒါ့အပြင် သမ္မတက ကမ္ဘာ တစ်ဝန်းမှာ မယုံကြည်နိုင်စရာ တစ်မိနစ် တိုင်း သစ်တောဧက ၁၅၀ ကျော် လောင်ကျွမ်းနေရပြီး ၂၀၀၀၀၀ ကျော် ဟာ နေ့စဉ် လောင်ကျွမ်းလျက်ရှိပါတယ်။ နှစ်စဉ် မိုးသစ်တော ဧက ၇၉ သန်းခန့် ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်နေတယ်ဟု လက်ရှိအခြေအနေကို ဝမ်းနည်းစွာ ပြောပါတယ်။
လွန်ခဲ့တဲ့ ၁၈ နှစ်ခန့်က ကမ္ဘာ့မြေ မျက်နှာပြင်တစ်ဝက်ကို သစ်တောတွေက ဖုံးအုပ်လွှမ်းမိုးထားနိုင်ခဲ့ပေမယ့် ယနေ့ ခေတ်မှာ ခန့်မှန်းခြေ သစ်တောဧရိယာ လေးဘီလီယံ ဟက်တာခန့်ဟာ ကမ္ဘာ့ မြေမျက်နှာပြင်ရဲ့ ၃၀ ရာခိုင်နှုန်းအောက် သာ ဖုံးအုပ်လွှမ်းမိုးထားနိုင်တယ်လို့ သိရပါတယ်။
သစ်ပင်စိုက်ပျိုးရေးလုပ်ရှားမှုမှာ
ပူးပေါင်းပါဝင်ကြဖို့ တောင်းဆိုထား
လွှတ်တော်အဖွဲ့ဝင်တွေ၊ စွန့်ဦး တီထွင် လုပ်ငန်းရှင်တွေ၊ ဆရာ ဆရာမ တွေ၊ သူနာပြုတွေ၊ ဆရာဝန်တွေ၊ ရှေ့နေ တွေ၊ တရားသူကြီးတွေ၊ အလုပ်သမား တွေ၊ လယ်သမားတွေ၊ ဘဏ်လုပ်ငန်းရှင် တွေ၊ ကျောင်းသား ကျောင်းသူတွေ၊ ဘာသာရေးခေါင်းဆောင်တွေ၊ ကုန်သည် တွေ၊ နိုင်ငံ့ဝန်ထမ်းတွေ၊ သံတမန်အဖွဲ့ဝင် တွေအပြင် ဂါနာမှာ နေထိုင်ကြသူတွေ အားလုံးကို သစ်ပင်စိုက်ပျိုးရေးလုပ်ရှားမှုမှာ ပူးပေါင်းပါဝင်ကြဖို့ သမ္မတ အကူဖို အက်ဒိုက တောင်းဆိုထားပါတယ်။
ဂါနာလူမျိုးနဲ့ လူသားမျိုးနွယ်တွေရဲ့ လက်ရှိနဲ့ အနာဂတ်မျိုးဆက်သစ်တွေ အတွက် ပိုမိုစိမ်းလန်းတဲ့ အနာဂတ်ကို အတူတကွ ဖန်တီးတည်ဆောက်ကြရ အောင်ဟု သမ္မတ အကူဖို အက်ဒိုက ပြောကြားလိုက်ပါတယ်။