၂၀၂၂ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုများ ထုတ်ပြန်ကြေညာ

 

အမျိုးသားစာပေတစ်သက်တာဆုကို စာပေပညာရှင်ဆရာကြီး ဒေါက်တာသန်းဦး (ပြည်စိုးမင်း)၊  
စာရေးဆရာမကြီး ဒေါ်ခင်သန်းဝင်း (ကြူကြူသင်း)၊ စာပေပညာရှင်ဆရာကြီး ဦးချစ်စံ (ချစ်စံဝင်း)နှင့် 
စာပေပညာရှင်ဆရာကြီး ဒေါက်တာထွန်းတင့် (ဒေါက်တာထွန်းတင့် - မြန်မာစာ) တို့ရရှိ

နေပြည်တော် နိုဝင်ဘာ ၁၈


ပြန်ကြားရေးဝန်ကြီးဌာန အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် မြန်မာစာပေ အကျိုးကို ထူးချွန်ပြောင်မြောက်စွာ တစ်သက်တာလုံး အားထုတ်ရေးသားပြုစုခဲ့သော ဆောင်ရွက်ချက်များကို နိုင်ငံတော်က အသိအမှတ်ပြု သောအားဖြင့်   စာပေပညာရှင်  ဆရာကြီး ဒေါက်တာသန်းဦး (ပြည်စိုးမင်း)၊ စာရေးဆရာမကြီး ဒေါ်ခင်သန်းဝင်း (ကြူကြူသင်း)၊ စာပေ ပညာရှင် ဆရာကြီး ဦးချစ်စံ(ချစ်စံဝင်း) နှင့် စာပေပညာရှင် ဆရာကြီး ဒေါက်တာထွန်းတင့် (ဒေါက်တာထွန်းတင့်- မြန်မာစာ) တို့အား ၂၀၂၂ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆုရှင်များအဖြစ် ရွေးချယ်ချီးမြှင့်လိုက်ကြောင်း ကြေညာသည်။


ထိုနည်းတူ  အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီ သည် ၂၀၂၂ ခုနှစ်အတွင်း ပထမအကြိမ် ထုတ်ဝေခဲ့သည့် စာအုပ်များကို စိစစ်ရွေးချယ်ခဲ့ပြီး အမျိုးသားစာပေဆုချီးမြှင့်ရန် ရွေးချယ်ခံရသော စာအုပ်များနှင့်  စာရေးဆရာများ၏ အမည်စာရင်းကို ယနေ့ထုတ်ပြန် ကြေညာသည်။


ရွေးချယ်ကြောင်းကြေညာ


ကဗျာ(ဂန္ထဝင်)ဆုတွင် မောင်စိမ်းနောင် (လယ်ဝေး) ရေးသားသည့် ချစ်တေးသီပါ ကျေးတမာ ကဗျာများစာအုပ်(ပန်းရဂုံစာပေတိုက်)၊  စာပဒေသာဆုတွင်  ဝေလွင်မောင်ရေးသားသည့်  ကိုယ်နှင့်သက်ကို နှင်းဆက်လို၍ စာအုပ်(မြဝတီစာပေတိုက်)၊ မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာဆုတွင်  အောင်သျှန်ဝိုင်း (ကျိုက်မရော)  ရေးသား သည့် မြန်မာ့ဂီတသူရဲကောင်း စန္ဒရား ဒေါက်တာဦးရည်နွယ် စာအုပ် (အရုဏ်ဦးစာပေတိုက်)၊ ကလေးစာပေဆုတွင် ဝတ်ရည်ခင် (ပဲခူး) ရေးသားသည့် မြန်မာ့မေတ္တာစွမ်း ကမ္ဘာကိုလွှမ်းစေရမည်နှင့် ကလေး ဝတ္ထုတိုများစာအုပ်  (စာပေဗိမာန်) ၊  ဘာသာပြန်  (သုတ)ဆုတွင် ဒေါက်တာတင်ဘုန်းကျော်  ရေးသားသည့်   စူပါ ပါဝါပြိုင်ပွဲနှင့် AI နည်းပညာစာအုပ်  (စာပေဗိမာန်)၊    သုတပဒေသာ(ဝိဇ္ဇာ)ဆုတွင် ဦးကျော်မြင့် G.A ရေးသားသည့်  အသုံးချမြေယာနှင့် အုပ်ချုပ်ရေး စာအုပ် (စိတ်ကူးချိုချိုစာပေတိုက်)၊ သုတပဒေသာ (အသုံးချသိပ္ပံ) ဆု တွင် စုလှိုင်တင့် ရေးသားသည့် ဇီဝအန္တရာယ် ကျရောက်နိုင်ခြေများအား စီမံခန့်ခွဲခြင်း စာအုပ် (ဦးဟန်မျိုးနောင်စာပေတိုက်)၊ နိုင်ငံရေးစာပေဆု တွင် သက်နိုင်ဦး (ကျည်ကာ) ရေးသားသည့် တစ်ကြောင်းတည်းသော မြန်မာနိုင်ငံထွက်ရပ်လမ်း မြေပုံကျမ်း စာအုပ် (ဧရာဝဏ်စာပေတိုက်)၊ အင်္ဂလိပ်ဘာသာ(သုတ)ဆုတွင်   Win  Thein ရေးသားသည့် My Anthology of Nation- Building Endeavours စာအုပ်(Aung Myo Publishing House)၊    ရသစာတမ်း(အက်ဆေး)   စာပေဆုတွင် မြေလတ်မောင်မြင့်သူ ရေးသားသည့် နာမည်လေးမွှေးလို့ ချစ်ချင်သည် စာအုပ် (လင်းလွန်းခင် စာပေတိုက်)နှင့် ရည်ညွှန်းစာပေဆုတွင် အရှင် ပညာသာရ (မဟာဓမ္မပါလဆရာတော်) ရေးသားသည့် မြန်မာ့ရှေးရိုး ပန်းချီ ဗုဒ္ဓဝင်စာအုပ် (ကြီးပွားရေးစာပေတိုက်)တို့ကို ရွေးချယ်ကြောင်း ကြေညာသည်။


အမျိုးသားစာပေ တစ်သက်တာဆုကို တစ်ဦးလျှင် ငွေကျပ်သိန်း ၁၀၀ ချီးမြှင့်မည်ဖြစ်ပြီး  အမျိုးသားစာပေဆုများကို  တစ်ဆုလျှင် ငွေကျပ်သိန်း ၃၀ ချီးမြှင့်မည်ဖြစ်ကြောင်း  သိရသည်။   အမျိုးသား စာပေဆုစိစစ်ရွေးချယ်ရေးကော်မတီကို စာပေပညာရှင်၊ အသိပညာရှင်၊ အတတ်ပညာရှင်များနှင့် ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးလောကမှ အတွေ့အကြုံရှိသူများ ပါဝင်သော  ပုဂ္ဂိုလ်  ၂၄   ဦးဖြင့် ဖွဲ့စည်းထားပြီး သက်ဆိုင်ရာ ဘာသာရပ်အလိုက် ခွဲခြားကာ ပဏာမအဆင့်၊ ဆန်ခါ တင်အဆင့်၊ အတည်ပြုအဆင့်ဟူသော အဆင့်သုံးဆင့်ဖြင့် စနစ်တကျ စိစစ်ရွေးချယ်ခဲ့ကြကြောင်း သိရှိရသည်။


အမြန်ဆုံးဆက်သွယ်ကြရန်


ဆုရရှိသူများသည် ရန်ကုန်မြို့ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ စာပေဗိမာန်ရှိ   အတွင်းရေးမှူး  ရုံးအဖွဲ့  တယ်လီဖုန်းအမှတ် ၀၁-၃၈၇၇၂၄ နှင့် စီမံရေးရာ တယ်လီဖုန်းအမှတ် ၀၁-၃၈၁၄၄၉ သို့ အမြန် ဆုံး   ဆက်သွယ်ကြရန်နှင့် (၅ x ၇)လက်မ ရောင်စုံဓာတ်ပုံနှစ်ပုံနှင့် ပတ်စပို့အရွယ်  ရောင်စုံဓာတ်ပုံနှစ်ပုံစီကို ကိုယ်ရေးရာဇဝင် အကျဉ်း ချုပ်နှင့်တကွ   (ကြေညာသည့်ရက်မှ တစ်ပတ်အတွင်း)   ပေးပို့ရန် နှိုးဆော်ထားကြောင်း သိရသည်။


အဆိုပါ ဆုများကို ၁၃၈၅ ခုနှစ်၊ နတ်တော်လဆန်း ၁ ရက် (စာဆို တော်နေ့)၊ ၂ဝ၂၃ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်(ဗုဒ္ဓဟူးနေ့)တွင် ကျင်းပ ပြုလုပ်မည့် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုများ ချီးမြှင့်ပွဲအခမ်းအနားတွင် ချီးမြှင့်သွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။                                                                      

သတင်းစဉ်