၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအထောက်အကူပြု မြန်မာစာဘာသာရပ်ဆိုင်ရာ သိကောင်းစရာများ

 

ဒေါက်တာထွန်းအောင်ကျော် ပါမောက္ခ(ဌာနမှူး) မြန်မာစာဌာန၊ ရန်ကုန်တက္ကသိုလ်

 

မေးခွန်းပုံစံသစ်
ယခုပို့ချချက်သည် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြမည့် ကျောင်းသူကျောင်းသားများအတွက် “မြန်မာစာဘာသာရပ်ဆိုင်ရာ သိမှတ်ဖွယ်ရာများ” ဖြစ်ပါသည်။ ဤပို့ချချက်သည် မြန်မာစာပြဋ္ဌာန်း စာများကို လေ့လာကျက်မှတ်ရာတွင်လည်းကောင်း၊ စာမေးပွဲအတွက် ပြင်ဆင်ရာတွင် အဆင်ပြေချောမွေ့စေရန်လည်းကောင်း၊ စာမေးပွဲကို ထူးချွန်ပေါက်မြောက်စွာ  ဖြေဆိုနိုင်စေရန်လည်းကောင်း  ရည်ရွယ်ပါ သည်။ ယခု ၂၀၂၂ ခုနှစ်တွင် ဖြေဆိုရမည့်မေးခွန်းပုံစံသည် ၂၀၁၉ မတ်လတွင် စတင်စစ်ဆေးခဲ့သော  မေးခွန်းပုံစံသစ်အတိုင်း ဖြစ်ပါ သည်။  မြန်မာစာဘာသာရပ်  မေးခွန်းပုံစံသစ်သည်  ကျောင်းသား ကျောင်းသူများ  သင်ခန်းစာကို  နှုတ်တိုက်အလွတ်ကျက်မှတ်ခြင်းကို လျှော့ချပြီး   တစ်နှစ်ပတ်လုံး   သင်ယူလေ့လာဆည်းပူးထားသည့် သင်ခန်းစာများကို ကိုယ်ပိုင်စဉ်းစားတွေးခေါ်မှု၊ ကိုယ်ပိုင်တီထွင်ဖန်တီး နိုင်မှု၊ ကိုယ်ပိုင်ရေးသားတင်ပြမှု၊ ကိုယ်တိုင်ဆုံးဖြတ်နိုင်မှု စွမ်းရည် တို့ဖြင့် ပေါင်းစပ်ကာဖြေဆိုနိုင်မည့်ပုံစံသို့ ဦးတည်ပြောင်းလဲထားခြင်း ဖြစ်သည်။ ယခုပို့ချချက်တွင် မေးခွန်းပုံစံသစ်နှင့်အညီ အံဝင်ခွင်ကျ ဖြေဆိုနိုင်ရေးအတွက် ဆွေးနွေးတင်ပြမည် ဖြစ်ပါသည်။
မြန်မာစာဘာသာရပ်သည် ဘာသာစကားနှင့် စာပေအရေးအသား ကို    အထူးပြုသင်ကြားပေးသော  ဘာသာရပ်ဖြစ်သည့်အလျောက် မြန်မာစာဘာသာရပ်ကိုလေ့လာရာတွင် တွေးခေါ်စဉ်းစားသည့် အလေ့ အထ၊ စာရေးသားသည့်အလေ့အကျင့်များစွာ လိုအပ်ပါသည်။ လက်ရှိ အခြေအနေတွင်  ကျောင်းသား  ကျောင်းသူများသည်  မြန်မာစာ ဘာသာရပ်ကိုလေ့လာရာတွင် အလွတ်ကျက်မှတ် ဖြေဆိုမှုကို လွန်ကဲ စွာအားပြုနေကြသည့်အတွက် အလွတ်ကျက်မှတ်မှုနှင့်  ကိုယ်ပိုင် တွေးခေါ် စဉ်းစားဖန်တီးရေးသားနိုင်မှုတို့ကို ဟန်ချက်ညီညီပေါင်းစပ် ဖြေဆိုနိုင်ရန်  မေးခွန်းပုံစံကို  ပြောင်းလဲထားပါသည်။  ထို့အတွက် ကြောင့် ကျောင်းသား ကျောင်းသူများအနေဖြင့် မေးခွန်းပုံစံသစ်၏ ဦးတည်ချက်အတိုင်း  အံဝင်ခွင်ကျဖြစ်အောင်  လေ့လာဖြေဆိုကြရန် အထူးလိုအပ်လှပါသည်။
ပြဋ္ဌာန်းစာနှင့် မေးခွန်းဖွဲ့စည်းမှု
ဒသမတန်း(တက္ကသိုလ်ဝင်တန်း)မြန်မာစာဘာသာရပ်အတွက် လေ့လာသင်ယူရန် သတ်မှတ်ပြဋ္ဌာန်းထားသော စာအုပ်(၄)အုပ် ရှိပါ သည်။  ထိုစာအုပ်  (၄)အုပ်မှာ   ဒသမတန်း  မြန်မာစကားပြေ လက်ရွေးစင်၊ ဒသမတန်းမြန်မာကဗျာလက်ရွေးစင်၊ ရေသည်ပြဇာတ် နှင့် မြန်မာသဒ္ဒါ အတွဲ(၂) အခန်း(၆) တို့ ဖြစ်ပါသည်။
မြန်မာစာမေးခွန်းသည် ၃ နာရီ ဖြေဆိုခွင့်ပြုသော မေးခွန်းဖြစ်ပါ သည်။ မေးခွန်းတွင် မေးခွန်းကြီး (၆)ပုဒ် ပါဝင်ပါသည်။ သဒ္ဒါပြဋ္ဌာန်း ချက်ကိုမေးသည့်  သဒ္ဒါမေးခွန်းကြီး (၁)ပုဒ်၊  ဒသမတန်းစကားပြေ လက်ရွေးစင် ဒသမတန်းကဗျာလက်ရွေးစင်နှင့် ရေသည်ပြဇာတ်တို့မှ ဝေါဟာရများ၊ အလင်္ကာများနှင့် ပြဋ္ဌာန်းစာအုပ်အားလုံးမှ စာလုံး ပေါင်းသတ်ပုံတို့ ပါဝင်သည့် မေးခွန်းကြီး(၁)ပုဒ်၊ ဒသမတန်းကဗျာ လက်ရွေးစင်မှ ကဗျာဓမ္မဓိဋ္ဌာန်မေးခွန်းတိုနှင့် ကဗျာမေးခွန်းရှည်တို့ ပါဝင်သည့်   ကဗျာမေးခွန်းကြီး (၁)ပုဒ်၊    ဒသမတန်းစကားပြေ လက်ရွေးစင်မှ စကားပြေ ဓမ္မဓိဋ္ဌာန်မေးခွန်းတိုနှင့် စကားပြေမေးခွန်း ရှည်တို့ပါဝင်သည့် စကားပြေမေးခွန်းကြီး (၁)ပုဒ်၊ ရေသည် ပြဇာတ်မှ စကားစပ်မေးခွန်းနှင့် ရေသည်ပြဇာတ်မေးခွန်းရှည်တို့ ပါဝင်သည့် ရေသည်ပြဇာတ် မေးခွန်းကြီး (၁)ပုဒ်၊ စာစီစာကုံးနှင့် အဆိုဆွေးနွေးတို့ ပါဝင်သည့်  ကိုယ်ပိုင်အရေးအသားအတင်အပြ  မေးခွန်းကြီး (၁)ပုဒ် စုစုပေါင်းမေးခွန်းကြီး (၆)ပုဒ် ပါဝင်သည်။ မေးခွန်းတိုင်းတွင် မေးခွန်း ပုဒ်ခွဲများ  ပါဝင်ပြီး  ရွေးချယ်စရာမေးခွန်းများလည်း  ပါဝင်ပါသည်။
မေးခွန်းတစ်ပုဒ်ချင်း ရှင်းလင်းချက်
တက္ကသိုလ်ဝင်တန်း မြန်မာစာမေးခွန်းလွှာတွင် မေးခွန်းနံပါတ်(၁) မေးခွန်းသည်  မြန်မာသဒ္ဒါမေးခွန်းဖြစ်ပါသည်။  ထိုမေးခွန်းတွင် ကျက်မှတ်မှုနှင့်  နားလည်သဘောပေါက်အောင်လေ့ကျင့်မှုတို့ကို ဟန်ချက်ညီစွာ  ပေါင်းစပ်ထားပါသည်။   မြန်မာသဒ္ဒါမေးခွန်းတွင် အဓိကအားဖြင့်   အပိုင်းနှစ်ပိုင်း  ပါဝင်ပါသည်။  အဓိပ္ပာယ်ဖွင့်ဆို သတ်မှတ်ချက်များ၊ သဒ္ဒါသဘောတရားများကို စစ်ဆေးသည့် အပိုင်း နှင့်  မြန်မာသဒ္ဒါဆိုင်ရာ  သဘောတရားများကို မည်မျှလက်တွေ့ အသုံးချနိုင်သည်ကို စစ်ဆေးအကဲဖြတ်သည့်အပိုင်းတို့ ဖြစ်ကြပါသည်။
မေးခွန်း ၁(က)ဖြစ်သည့် ပထမပိုင်းတွင်  မြန်မာသဒ္ဒါဆိုင်ရာ မေးခွန်းနံပါတ် ၁(က)သည် သဒ္ဒါပြဋ္ဌာန်းစာအုပ်မှ အပိုင်းသုံးပိုင်းဖြစ်သော မြန်မာစာမြန်မာစကားဆိုင်ရာ သိမှတ်ဖွယ်များအပိုင်း၊ ဝါစင်္ဂဆိုင်ရာသိမှတ်ဖွယ်များအပိုင်း၊ ဝါကျဆိုင်ရာ သိမှတ်ဖွယ်များ အပိုင်းတို့မှ အဓိပ္ပာယ်ဖွင့်ဆို သတ်မှတ်ချက်များ၊ ရှင်းလင်းဖော်ပြချက်များကို မေးသည့်  မေးခွန်းဖြစ်ပါသည်။  ဤမေးခွန်းသည်  ကျက်မှတ်မှုကို အားပြုသည့် မေးခွန်းဖြစ်သည့်အတွက် ကျက်မှတ်ထားမှသာ တိတိ ကျကျ ဖြေဆိုနိုင်မည်ဖြစ်ပါသည်။ ဤမေးခွန်းကို  ဖြေဆိုရန်အတွက် ရွေးချယ်စရာသုံးပုဒ်ပေးထားပြီး တစ်ပုဒ်ကိုသာ ဖြေဆိုရမည် ဖြစ်ပါ သည်။ ပေးမှတ်မှာ (၅)မှတ် ဖြစ်ပါသည်။ တိတိကျကျဖြေဆိုနိုင်လျှင် အမှတ်ပြည့်ရသည့် မေးခွန်းဖြစ်ပါသည်။
ဤမေးခွန်းအတွက်   သဒ္ဒါစာအုပ်၏  အပိုင်းသုံးပိုင်းစလုံးကို ကျေညက်နေရန်   လိုအပ်ပါသည်။  အပိုင်းတစ်ပိုင်းပိုင်းကို  ချန်လှပ် ကျက်မှတ်ခြင်းမျိုး မပြုသင့်ပေ။ မေးခွန်းပုံစံသစ်အဖြစ် ပြောင်းလဲ ထားသည်ဖြစ်ရာ သမားရိုးကျအတိုင်းမေးမည်ဟု ယူဆထား၍ မရနိုင် ပါ။ မေးရိုးမေးစဉ်အတိုင်း စာရှစ်စာမှ တစ်ပုဒ်ပါမည်၊ အက္ခရာပြောင်းလဲ ပုံမှ တစ်ပုဒ်ပါမည် စသည်ဖြင့် ယူဆထား၍မရပါ။ စာရှစ်စာ မပါဘဲ၊ အက္ခရာပြောင်းလဲပုံမပါဘဲ   မေးလာခြင်းမျိုးလည်း  ဖြစ်နိုင်ပါသည်။ ဤမေးခွန်းသည် သဒ္ဒါနှင့်ပတ်သက်၍ စေ့စေ့စပ်စပ်သိရှိရန် ရည်ရွယ် ခြင်းဖြစ်သဖြင့် စေ့စေ့စပ်စပ်  လေ့လာကျက်မှတ်ထားရန်  လိုအပ်ပါ သည်။
နမူနာ
၁။ (က) အောက်ပါတို့အနက် တစ်ခုအကြောင်းကို ဖော်ပြပါ။ (၅မှတ်)
    မလှုပ်ရှားနိုင်သောစကားသံဖြစ်အင်္ဂါ ၅ မျိုး၊ မြန်မာပါဌ်ဆင့်၊ ဝါကျရော။
ဤမေးခွန်းတွင် သဒ္ဒါစာအုပ်၏ အပိုင်းသုံးပိုင်းမှ ထုတ်နုတ်မေးရာ၌ ပြဋ္ဌာန်းစာအုပ်ပါအတိုင်း “၏ သည် မလွဲ”  တစ်သဝေမတိမ်း မေးမည် ဟု ယူဆ၍ မရနိုင်ပါ။ ဆိုလိုသည်မှာ နမူနာတွင် ပါရှိသော မေးခွန်း၌ မလှုပ်ရှားနိုင်သောစကားသံဖြစ်အင်္ဂါ (၅)မျိုးကို မေးထားပါသည်။ ပြဋ္ဌာန်းစာအုပ်တွင် မလှုပ်ရှားနိုင်သော စကားသံဖြစ်အင်္ဂါ(၇)မျိုး (လည်ချောင်း၊ အာခေါင်ပျော့၊ အာခေါင်မာ၊ အာထိပ်၊ သွား၊ အထက် နှုတ်ခမ်း၊ နှာခေါင်း)ကို ဖော်ပြထားသော်လည်း မေးခွန်းတွင် (၅)မျိုး ကိုသာမေးသဖြင့်     ပြဋ္ဌာန်းစာအုပ်ပါ  (၇)  မျိုးမှ   မိမိနှစ်သက်ရာ (၅) မျိုးကိုသာ ဖြေဆိုရန် ဖြစ်ပါသည်။
မေးခွန်း၁(ခ) ဖြစ်သည့်  ဒုတိယပိုင်းတွင်  မေးသည့်မေးခွန်းမှာ မြန်မာသဒ္ဒါဆိုင်ရာ သဘောတရားအချက်အလက်များကို လက်တွေ့ ကျကျ မည်မျှသိရှိသည်၊ မည်မျှအသုံးချနိုင်သည် ဆိုသည်ကို စစ်ဆေး အကဲဖြတ်သည့် မေးခွန်းဖြစ်ပါသည်။ တစ်နည်းအားဖြင့် သဒ္ဒါလေ့ကျင့် ခန်း မေးခွန်းဟု ဆိုနိုင်ပါသည်။ မြန်မာသဒ္ဒါပြဋ္ဌာန်းချက်ပါ သင်ခန်းစာ များမှ ကျောင်းသား ကျောင်းသူများ အမှန်တကယ်နားလည်ဖြေဆို နိုင်မည့် လက်တွေ့လေ့ကျင့်ခန်းအမျိုးမျိုးကို မေးမြန်းမည် ဖြစ်ပါ သည်။ သဒ္ဒါလေ့ကျင့်ခန်းများကို ဖြေဆိုနိုင်ရန်အတွက် သဒ္ဒါစာအုပ်ပါ သဘောတရားများကို ကောင်းစွာနားလည်သဘောပေါက်အောင်လေ့လာပြီး လေ့ကျင့်ခန်းများကို  အထပ်ထပ်အခါခါ  လေ့ကျင့်ထား ရမည် ဖြစ်ပါသည်။
ဤမေးခွန်းတွင်  ယခင်က   မေးလေ့ရှိသည့်  သဒ္ဒါစကားလုံးနှင့် သဒ္ဒါအမျိုးအစားမေးခွန်းမျိုးကို မေးနိုင်သကဲ့သို့ သဒ္ဒါစကားလုံးဖွဲ့စည်း ရေးသားစေရေး(ပုံစံ-ပေါင်းစပ်နာမ်စကားလုံး၊ ပေါင်းစပ်ကြိယာစကား လုံး၊ ကြိယာဝိသေသနစကားလုံး ဖန်တီးရေးသားစေခြင်း)၊ ဝါကျတွင်း ပုဒ်အထားအသို (စကားအထားအသို)ပြင်ဆင်ရေးဖွဲ့စေခြင်း(ကတ္တား အထားအသို၊ နာမဝိသေသနအထားအသို၊ ကြိယာဝိသေသန အထား အသို)၊  ပေးထားသောဝါကျတွင်  ဆီလျော်သော  သဒ္ဒါစကားလုံး ဖြည့်စွက်ရေးသားစေခြင်း စသည့်  သဒ္ဒါလေ့ကျင့်ခန်းမေးခွန်းအမျိုးမျိုးကို တိုးချဲ့မေးမြန်းနိုင်ပါသည်။ 
နမူနာ
၁။    (ခ)    ပေးထားသောစကားလုံးများမှ ငါးခု ကို ခနဲ ပစ္စည်းဆက်၍ ကြိယာဝိသေသနအဖြစ်    ဝါကျတစ်ခုစီတွင်     သုံးပြပါ။     (၁၀မှတ်)
    အေး၊ လက်၊ ဗြုန်း၊ ဝေါ၊ ဝင်း၊ ဆတ်။
ဤမေးခွန်းသည် သဒ္ဒါကို အလွတ်ကျက်မှတ်ခြင်းထက် သဒ္ဒါနှင့် ပတ်သက်၍ လေ့လာထားသည်များကို စဉ်းစားဆင်ခြင်ပြီး လက်တွေ့ အသုံးချရသည့်လေ့ကျင့်ခန်း   မေးခွန်းမျိုး   ဖြစ်သည်။  သဒ္ဒါနှင့် ပတ်သက်သည့်  လေ့ကျင့်ခန်းများကို နားလည်သဘောပေါက်အောင် အကြိမ်ကြိမ်လေ့လာ လေ့ကျင့်ထားသင့်ပါသည်။ သဒ္ဒါကိုနားလည်ပြီး လက်တွေ့အသုံးချသည့်အပိုင်းသို့ ဦးတည်ထားခြင်းဖြစ်ရာ လက်တွေ့ ဘဝတွင် ပြောဆိုအသုံးပြုနိုင်အောင် လေ့လာထားသင့်ပါသည်။ နမူနာ မေးခွန်းကို ဖြေဆိုရာတွင်လက်တွေ့ဘဝ၌ အသုံးပြုသည့်ပုံစံအတိုင်း ရေးသား ဖြေဆိုသင့်ပါသည်။
    ပုံစံ-
    ဝုန်း-ခနဲ ပစ္စည်းဆက်၍ ကြိယာဝိသေသနအဖြစ်သုံးခြင်း
    သစ်ပင်ကြီးမှာ လေပြင်းတိုက်သဖြင့် ဝုန်းခနဲ လဲကျသွားသည်။
မေးခွန်းနံပါတ် ၂
မေးခွန်းနံပါတ်(၂)သည်  ပြဋ္ဌာန်းစာအုပ်များမှ  ဝေါဟာရဆိုင်ရာ မေးခွန်းဖြစ်ပါသည်။ ဤမေးခွန်းတွင် မေးခွန်းပုဒ်ခွဲ သုံးပုဒ် ပါဝင်ပါ သည်။ ပုဒ်ရေအရေအတွက် အပြောင်းအလဲ မရှိပါ။ ပုဒ်ခွဲ သုံးပုဒ်တွင် ၂(က)သည် ခက်ဆစ်မေးခွန်း၊ ၂(ခ)သည် စာလုံးပေါင်းသတ်ပုံမေးခွန်း၊ ၂(ဂ)သည် အလင်္ကာမေးခွန်းတို့ ဖြစ်ပါသည်။
မေးခွန်းနံပါတ် ၂(က)သည် ကဗျာ၊ စကားပြေနှင့် ရေသည်ပြဇာတ် စာအုပ်များမှ ဝေါဟာရများကို ခက်ဆစ်အဓိပ္ပာယ်ဖွင့်ဆိုခိုင်းခြင်း ဖြစ် ပါသည်။ (၇)ခု ပေးထားပြီး (၅)ခု ဖြေဆိုရပါမည်။  ရှေးသုံးခေတ်သုံး မခွဲခြားဘဲ ပြဋ္ဌာန်းစာအုပ်ပါ ဝေါဟာရအားလုံးကို ခက်ဆစ်အဓိပ္ပာယ် ဖွင့်ဆိုစေမည် ဖြစ်ပါသည်။ 
နမူနာ
၂။    (က)    အောက်ပါဝေါဟာရတို့အနက် ငါးခု ၏ အဓိပ္ပာယ်ကို တိကျ စွာ ဖော်ပြပါ။    (၅ မှတ်)
        ရေးတော်၊ ကလိုင်၊ သောင်းပြောင်း၊ ရွံရှာ၊ တစ်ပတ်နွမ်း၊ ခုတင်ခု၊ လှမနော်။
ခက်ဆစ်မေးခွန်းများကို ဖြေဆိုရာတွင် ပြဋ္ဌာန်းစာပါ ဖွင့်ဆိုချက် အတိုင်း အဓိပ္ပာယ်ဖွင့်ဆိုရန် လိုအပ်ပါသည်။ မိမိသဘောဖြင့် ဖွင့်ဆို၍ မရပေ။ အဓိပ္ပာယ်ဖွင့်ပုံ တိကျရန် လိုအပ်ပါသည်။  မြန်မာဝေါဟာရ ၏   အဓိပ္ပာယ်သည် အသုံးပြုပုံကိုလိုက်၍ အဓိပ္ပာယ်အမျိုးမျိုးရှိနိုင်ပါ သည်။ ပုံစံအားဖြင့် နမူနာပါ “စာနွှေး” ဟူသော ဝေါဟာရကို အများ သိရှိထားသည့်အတိုင်း “အစာကို ပူအောင်နွှေးသည်။” ဟု ဖြေဆို၍ မရပေ။ မြင်စိုင်းရွှေပြည် ကဗျာသင်ခန်းစာတွင် ဖွင့်ဆိုသည့်အတိုင်း “အစာကို နွှာသည်။ နွှင်သည်။ ခွာသည်။”ဟု ဖြေဆိုမှသာ မှန်ကန်မည် ဖြစ်သည်။  မေးခွန်းသဘောအရ   ပြဋ္ဌာန်းစာအုပ်ပါ  ဝေါဟာရ၏ ခက်ဆစ်အဖွင့်ကို စစ်ဆေးခြင်းသည် ပြဋ္ဌာန်းစာတွင် ဤဝေါဟာရကို မည်သည့်အဓိပ္ပာယ်ဖြင့် သုံးနှုန်းထားသည်ကို သိရှိစေလိုသည့်အတွက် စစ်ဆေးခြင်း ဖြစ်ပါသည်။ ပေးထားသော ဝေါဟာရ၏ သဒ္ဒါအမျိုးအစား နှင့် အဓိပ္ပာယ်ဖွင့်ဆိုသည့်သဒ္ဒါအမျိုးအစား ကိုက်ညီရန်လည်း လိုအပ် ပါသည်။ ပုံစံအားဖြင့် နမူနာပါ “ခုတင်ခု” သည် ရေသည်ပြဇာတ်မှ ဝေါဟာရ ဖြစ်ပါသည်။ ယင်းကို ဖြေဆိုရာတွင် ရေသည်ပြဇာတ်တွင် သုံးနှုန်းဖွင့်ဆိုထားသည့်အတိုင်း ကြိယာဝိသေသနအဓိပ္ပာယ်ဖြင့်သာ ဖွင့်ဆိုရပါမည်။ “ခုတင်ခု”ကို ပြဋ္ဌာန်းစာအုပ်တွင် “ခဏခဏ” ဟု ကြိယာဝိသေသနအဖြစ်  ဖွင့်ဆိုထားပါသည်။  ယင်းကို “ခုတင်ကို ခုသည်။” ဟု ကြိယာအဖြစ် အဓိပ္ပာယ်ဖွင့်ဆိုပါက မှားယွင်းမည် ဖြစ် သည်။
ပြဋ္ဌာန်းစာအုပ်များတွင် ခက်ဆစ်ဖွင့်ဆိုချက်များ၌  တစ်ချောင်း ပုဒ်ခံထားပါက   အဓိပ္ပာယ်ပြည့်စုံခြင်း   မရှိသေးသည့်အတွက် ဆက်လက်ဖော်ပြရန်လိုအပ်ပါသည်။ ပုဒ် မခံထားသော ဖွင့်ဆိုချက် ဖြစ်ပါက တစ်ခုကိုဖော်ပြလျှင် များသောအားဖြင့် လုံလောက်ပါသည်။ 
မေးခွန်းနံပါတ် ၂(ခ)သည် အမှားအမှန်စကားလုံးအတွဲတွင် စာလုံး ပေါင်းသတ်ပုံအမှန်ကို ရွေးချယ်စေခြင်း ဖြစ်ပါသည်။ သတ်ပုံမေးရာတွင် ပြဋ္ဌာန်းစာအုပ်များပါ  ဝေါဟာရများကို  အခြေခံ၍  တက္ကသိုလ်ဝင် တန်းအဆင့် ကျောင်းသား ကျောင်းသူတို့ သိသင့်သိထိုက်သည့် စာလုံး ပေါင်းများကို  ရွေးချယ်စစ်မေးမည်  ဖြစ်ပါသည်။  ကျောင်းသား ကျောင်းသူများအနေဖြင့်   ပြဋ္ဌာန်းစာအုပ်များကို   လေ့လာသည့်အခါ မြန်မာဝေါဟာရများ၏ စာလုံးပေါင်းအမှန်ကို ဂရုတစိုက်မှတ်သား ထားပါက အထူးတလည် အလွတ်ကျက်မှတ်နေရန်မလိုဘဲ မှန်ကန်စွာ ဖြေဆိုနိုင်မည့် မေးခွန်းမျိုး ဖြစ်ပါသည်။ သတ်ပုံအမှန်ကို သိရှိအောင် သတိရှိရှိလေ့လာ   အားထုတ်ထားခြင်းဖြင့်  မေးခွန်းအပုဒ်တိုင်းကို ဖြေဆိုရာ၌   အထောက်အကူပြုမည့်အပြင်  ဘဝတစ်လျှောက်လုံး မြန်မာစာ   ရေးသားရသည့်အခါတိုင်းတွင်   အကျိုးဖြစ်ထွန်းစေမည် ဖြစ်သည်။
နမူနာ
၂။    (ခ)    အောက်ပါစကားလုံးအတွဲများမှ     စာလုံးပေါင်းအမှန်ကို ရွေးချယ်ပါ။ (၅မှတ်)         
    နှောင့်ယှက်-နှောက်ယှက်၊ နေ့လယ်-နေ့လည်၊ အမြက်ထွက်-အမျက်ထွက်၊ ပင်ပမ်း-ပင်ပန်း၊ ခြူခြာ-ချူချာ။

 


ဤမေးခွန်းကို ဖြေဆိုရာတွင် မေးခွန်းကို ပြန်ကူးပေးရန်မလိုပါ။ မှန်သော စာလုံးပေါင်းများ(သို့မဟုတ်) စာလုံးပေါင်းမှန်သောစကားလုံး များဟု ခေါင်းစဉ်တပ်ကာ မှန်သည့်စကားလုံးများကိုသာ  ရေးသား ဖြေဆိုလျှင် လုံလောက်ပါသည်။ အထက်ပါ ပုံစံမေးခွန်းကို ဖြေဆိုမည် ဆိုပါက အောက်ပါအတိုင်း ဖြေဆိုနိုင်ပါသည်။
မှန်သောစာလုံးပေါင်းများ
    နှောင့်ယှက်
    နေ့လယ်
    အမျက်ထွက်
    ပင်ပန်း
    ချူချာ
မေးခွန်းနံပါတ် ၂(ဂ)သည် အလင်္ကာမေးခွန်း ဖြစ်သည်။ ပေးထား သော စကားအသုံးအနှုန်းကို အလင်္ကာအမျိုးအစား ဖော်ပြပေးစေခြင်း နှင့်   သက်ဆိုင်ရာသင်ခန်းစာတွင်  မည်သို့သုံးထားသည့်အတွက် ထိုအလင်္ကာမြောက်ကြောင်း ဖော်ပြစေခြင်းတို့ကို မေးသည့်မေးခွန်း ဖြစ်ပါသည်။ ဖြေဆိုရာတွင် ပုံစံတစ်မျိုးမျိုးကို ပုံသေသတ်မှတ်ဖြေဆို စေခြင်းထက် ကျောင်းသား ကျောင်းသူတို့ အမှန်တကယ်နားလည်ပြီး ဖြေဆိုနိုင်သည့်အဖြေအပေါ်တွင်သာ အကဲဖြတ်အမှတ်ပေးသွားမည် ဖြစ်ပါသည်။ အလင်္ကာကို အလွတ်ကျက်မှတ်ခြင်းထက် အလင်္ကာ၏ သဘောသဘာဝကို   နားလည်သဘောပေါက်ကာ  ဖြေဆိုနိုင်မှုကို ဦးတည်ထားခြင်းဖြစ်သဖြင့်   အလင်္ကာဖြေဆိုရာ၌  မိမိနားလည် တတ်မြောက်ထားသည့် အလင်္ကာသဘောကို မှန်ကန်စွာဖြေဆိုနိုင်လျှင် မည်သည့်အတင်အပြပုံစံဖြင့် ဖြေဆိုသည်ဖြစ်စေ အမှတ်ပြည့်ရရှိမည် ဖြစ်ပါသည်။ ပေးထားသောအလင်္ကာအသုံး အရေအတွက်မှာ (၇)ခု ဖြစ်ပြီး (၅)ခုကို ရွေးချယ်ဖြေဆိုရမည် ဖြစ်ပါသည်။
နမူနာ
၂။    (ဂ)    အောက်ပါတို့အနက် ငါးခု ကို အလင်္ကာငါးမျိုးမှ မည်သည့်အလင်္ကာဖြစ်ကြောင်းဖော်ပြပါ။ သက်ဆိုင်ရာသင်ခန်းစာတွင် မည်သို့အသုံးပြုထားသည့်အတွက် ဤအလင်္ကာမြောက် ကြောင်းကိုလည်း ရှင်းပြပါ။ (၁၀မှတ်)
    ဖွတ်မင်းနောင်၊  ယုဂန်ပိုင်၊  ယောင်ထန်းစေ့မှုတ်၊  တာဝန် ဝါးခြမ်း၊ အဘိဓာန်ကဲ့သို့၊ တောင်လေရှုန်းရှုန်း၊ တာဝတိံသာ နတ်ရွာလော။
မေးခွန်းနံပါတ် ၃
မေးခွန်းနံပါတ်(၃)သည် ကဗျာမေးခွန်း ဖြစ်သည်။ မေးခွန်းပုဒ်ခွဲ နှစ်ပုဒ်  ပါဝင်သည်။ မေးခွန်း ၃(က)မှာ  ကဗျာမေးခွန်းတို  ဖြစ်ပြီး မေးခွန်း ၃(ခ)မှာ ကဗျာမေးခွန်းရှည်ဖြစ်သည်။ 
၃(က) ကဗျာမေးခွန်းတိုတွင် မေးခွန်းပုံစံအပြောင်းအလဲ မရှိ သော်လည်း မေးမည့်မေးကွက်ကို ချဲ့ထွင်ထားပါသည်။ ကဗျာစာသား ကောက်နုတ်ချက်အတိုကိုပေးထားပြီး ဆိုလိုရင်းရေးသားစေသည့် မေးခွန်းမျိုး  ပါဝင်လာမည်   ဖြစ်သည်။  ပုဒ်ရေ(၇)ပုဒ်ပေးထားပြီး  (၅)ပုဒ် ဖြေဆိုရပါမည်။
နံပါတ် ၃ (ခ)သည် ကဗျာမေးခွန်းရှည် ဖြစ်ပါသည်။ ဤမေးခွန်း သည်  မေးခွန်းပုံစံအနေဖြင့်  ပြောင်းလဲမှုမရှိသော်လည်း  စစ်ဆေး အကဲဖြတ်ရာတွင်မူ  ကျောင်းသား  ကျောင်းသူများ၏   လေ့လာ ကျက်မှတ်မှုအတွက် ပေးမှတ်၏တစ်ဝက်၊ မိမိကိုယ်ပိုင်အရေးအသားအတင်အပြစွမ်းရည်ဖြင့် မေးခွန်းနှင့် အံဝင်ခွင်ကျဖြစ်အောင် ဖြေဆို တင်ပြနိုင်မှုအတွက်  ပေးမှတ်၏တစ်ဝက်  သတ်မှတ်ကာ  စစ်ဆေး အကဲဖြတ်မည်ဖြစ်ပါသည်။ ထို့ကြောင့် မေးခွန်း၏ရှုထောင့်အတိုင်း အံဝင်ခွင်ကျဖြေဆိုနိုင်ရန် အရေးကြီးပါသည်။ မိမိကျက်မှတ်ထားသည့် ကဗျာခေါင်းစဉ်ပါသည်နှင့်   ကဗျာစာသားတစ်ပုဒ်လုံး   ချရေးကာ စကားပြေပြန်ဆိုရေးသားဖြေဆိုမည်ဆိုပါက အချက်အလက်အားလုံး ပါဝင်စေကာမူ မေးခွန်းနှင့် အံမဝင်လျှင် ပေးမှတ်တစ်ဝက်အောက်သာ ရရှိမည်ဖြစ်ပါသည်။  ကဗျာကောက်နုတ်ချက်  စာသားများကိုလည်း မေးခွန်းနှင့် အံဝင်ခွင်ကျဖြစ်ရုံသာ ထည့်သွင်းဖြေဆိုရမည် ဖြစ်သည်။ အထူးမှာကြားလိုသည်မှာ   မေးခွန်းတောင်းဆိုသည့်   ရှုထောင့်နှင့် အာဘော်ကို သေချာစွာဖတ်ရှုပြီးမှ ကိုယ်ပိုင်အရေးအသား အတင် အပြဖြင့် အံဝင်ခွင်ကျဖြေဆိုရန် ဖြစ်ပါသည်။  
မေးခွန်းနံပါတ် ၄
မေးခွန်းနံပါတ်(၄)သည် စကားပြေမေးခွန်း ဖြစ်ပါသည်။ မေးခွန်း နံပါတ်(၃) ကဗျာမေးခွန်းနှင့် သဘောသဘာဝအားဖြင့် တူပါသည်။ မေးခွန်းပုဒ်ခွဲနှစ်ပုဒ် ပါဝင်ပါသည်။ နံပါတ် ၄(က)မှာ စကားပြေ မေးခွန်းတို ဖြစ်ပါသည်။ ဖြေဆိုရန်မေးထားသည့်  ပုဒ်ရေအရေအတွက် မှာ (၇)ပုဒ် ဖြစ်ပါသည်။ ကဗျာနှင့် စကားပြေမေးခွန်းတိုများကို ဖြေဆိုရာတွင် ပေးထားသောမေးခွန်းနံပါတ်နှင့် မိမိရွေးချယ် ဖြေဆို သောနံပါတ်တို့  တူညီမှုရှိရပါမည်။ မေးခွန်းနှင့် အဖြေနံပါတ်ကိုက်ညီမှု မရှိပါက   အဖြေမှန်စေကာမူ   အမှတ်ဆုံးရှုံးမည်ဖြစ်ပါသည်။ စကားပြေမေးခွန်းတို ဖြေဆိုရာတွင်လည်း ကဗျာမေးခွန်းတို ကဲ့သို့ပင် ဝါကျအပြည့်အစုံ ရေးသားဖြေဆိုသင့်ပါသည်။ 
မေးခွန်းနံပါတ် ၄(ခ)သည် စကားပြေမေးခွန်းရှည် ဖြစ်ပါသည်။ စကားပြေ   မေးခွန်းရှည်သည်လည်း  ကဗျာမေးခွန်းရှည်ကဲ့သို့ပင် ကျောင်းသား   ကျောင်းသူများ၏    လေ့လာကျက်မှတ်မှုအတွက် ပေးမှတ်၏ တစ်ဝက်၊ မိမိကိုယ်ပိုင်အရေးအသား အတင်အပြစွမ်း ရည်ဖြင့် မေးခွန်းနှင့် အံဝင်ခွင်ကျဖြစ်အောင် ဖြေဆိုတင်ပြနိုင်မှုအတွက် ပေးမှတ်၏တစ်ဝက်ပေးကာ စစ်ဆေးအကဲဖြတ်သည့် မေးခွန်းဖြစ်ပါ သည်။ စကားပြေမေးခွန်းရှည်ဖြေဆိုရာတွင် မေးခွန်း၏ရှုထောင့်ကို သေချာစွာဖတ်ရှုပြီး မေးထားသည့် ရှုထောင့်အတိုင်း အံဝင်ခွင်ကျဖြေဆို နိုင်ရန် အရေးကြီးပါသည်။  မေးခွန်းရှုထောင့်ကို  သတိမမူမိဘဲ  မိမိ အလွတ်ကျက်မှတ်ထားသည့်အပုဒ်နှင့်  ခေါင်းစဉ်တူသဖြင့်  အချက် အလက်များကိုချည်း  အမြောက်အမြားရေးသားနေပါက ပေးမှတ်၏ တစ်ဝက်အောက်သာ ရရှိနိုင်မည်ဖြစ်ပါသည်။
မေးခွန်းနံပါတ် ၅
မေးခွန်းနံပါတ်(၅)သည် ရေသည်ပြဇာတ်ဆိုင်ရာ မေးခွန်းဖြစ်ပါ သည်။ ဤမေးခွန်းတွင်  မေးခွန်းပုဒ်ခွဲနှစ်ပုဒ်  ပါဝင်ပါသည်။ ပုဒ်ရေ အပြောင်းအလဲမရှိပါ။ နံပါတ် ၅(က)သည် ရေသည်ပြဇာတ် စကားစပ် မေးခွန်း  ဖြစ်ပါသည်။ ယခင်(၇)မှတ်ပေးသည့် မေးခွန်းပုံစံအစား  (၅)မှတ်ပေးသည့်   မေးခွန်းပုံစံသို့   ပြောင်းလဲသတ်မှတ်ထားပါသည်။ ဖြေဆိုရာတွင်    မေးထားသည့်   စကားစပ်ပါဝင်သည့်  အခန်းနှင့် စကားစပ်ဆိုင်ရာ အချက်(၅)ချက် (ဘယ်သူက၊ ဘယ်သူ့ကို၊ ဘယ် နေရာ၊   ဘယ်အချိန်၊  ဘယ်အတွက်ကြောင့်  ပြောသည်  ဟူသော အချက်များ) အတွက် (၃)မှတ်၊ ဘာကိုပြောသည်ဆိုသော ဆိုလိုရင်းကို ရှင်းလင်းရေးသားဖြေဆိုခြင်းအတွက် (၂)မှတ် အမှတ်ခွဲဝေ လျာထား ပါသည်။  စကားစပ်  ဖြေဆိုရာတွင်  လိုရင်းတိုရှင်းဖြေဆိုနိုင်ရန် အထူးသတိပြုသင့်ပါသည်။ ပါဝင်သည့်အခန်းကို ဖော်ပြရာတွင် အခန်း နံပါတ်သက်သက်ကိုဖော်ပြခြင်းထက်  အခန်းအမည်ကိုပါ  ယှဉ်တွဲ ဖော်ပြသင့်ပါသည်။ 
နမူနာ
၅။    (က)    စကားစပ်နှင့်တကွ ရှင်းပြပါ။          (၅မှတ်)
“ရွေးလွန်းလျှင်မရ၊ သေးလွန်းလျှင်မလှတဲ့၊ ရှေးကပုံထား၊ လူထဲ မှာနေ၊ လူ့ဖြစ်ထွေကို၊ အကျေသားနှင့်၊ ဇာတ်သွားရှည်အောင်၊ အရေး ဆောင်လို့၊ ကွေ့ချောင်ဝေဝုစ်၊ ဘောက်စရာလုပ်ရတုံး။”
မေးခွန်းနံပါတ် ၅(ခ)သည် ရေသည်ပြဇာတ် မေးခွန်းရှည်ဖြစ်ပါ သည်။ ယခင်က (၈)မှတ် ပေးသောမေးခွန်းကို ပေးမှတ် (၁၀)မှတ်သို့ ပြောင်းလဲထားသည်။ ယခင်က အကြောင်းအရာပိုင်းကိုသာ မေးသော် လည်း  မေးခွန်းပုံစံသစ်တွင်  ပြဇာတ်အကြောင်းအရာပိုင်းတစ်ပုဒ်၊ ပြဇာတ် အတတ်ပညာ၊ အရေးအသားတစ်ပုဒ်မေးမြန်းပြီး နှစ်သက်ရာ ကို ရွေးချယ်ဖြေဆိုစေမည် ဖြစ်ပါသည်။ ပြဇာတ်အကြောင်းအရာပိုင်းကို မေးရာတွင်လည်း သမားရိုးကျပုံစံမဟုတ်ဘဲ ပြဇာတ်သဘောတရား နှင့်ဆက်စပ်ကာမေးသည့်  မေးခွန်းပုံစံသို့  ပြောင်းလဲမည်ဖြစ်သည်။ ကျောင်းသား ကျောင်းသူများသည် ပြဇာတ်လေ့လာရာတွင် ပြဇာတ်၏ သဘောသဘာဝ၊ ပြဇာတ်၏အရေးအသားအတင်အပြနှင့် ပြဇာတ်ဖန်တီးမှုအတတ်ပညာတို့ကိုလည်း  မလွဲမသွေ  လေ့လာဆည်းပူးသင့် သည်ဖြစ်ရာ အတတ်ပညာနှင့် အရေးအသားတို့သည်လည်း ပြဇာတ် မေးခွန်းတွင် ပါဝင်လာပါမည်။ 
နမူနာ
၅။    (ခ)    ရေသည်ပြဇာတ်မှ အောက်ပါ တစ်ခု ကို ဖြေဆိုပါ။ (၁၀မှတ်)
    (၁)    ရေသည်ယောကျ်ား၏ စရိုက်ပြောင်းလဲမှုသည် ပြဇာတ် အတွက် အရေးပါပုံ
    (၂)    ရေသည်ပြဇာတ်မှ  ပြောင်မြောက်သော  စကား အသုံးများ
မေးခွန်းနံပါတ် ၆
မေးခွန်းနံပါတ်(၆)သည် ယခင်က စာစီစာကုံးတစ်မျိုးတည်းကိုသာ ဖြေဆိုရသည့်မေးခွန်း ဖြစ်သော်လည်း ပြောင်းလဲမည့်မေးခွန်းပုံစံတွင် မေးခွန်းနံပါတ် (၆)ကို (က)နှင့် (ခ)ခွဲ၍ မေးခွန်းပုဒ်ခွဲ နှစ်ပုဒ်အဖြစ် ပြင်ဆင်ထားပါသည်။ ၆(က)ကို (၁၀)မှတ်ပေးသည့် စာစီစာကုံးမေးခွန်း အဖြစ်လည်းကောင်း၊ ၆(ခ)ကို အဆိုတစ်ခုဆွေးနွေးစေသည့်(၁၀)မှတ်ပေးသော မေးခွန်းအဖြစ် လည်းကောင်း ပြောင်းလဲထားပါသည်။ ယခင် အမှတ်(၂၀)ပေးသည့် စာစီစာကုံးတစ်ပုဒ်တည်းကို ဖြေဆိုရ ခြင်းမှ စာစီစာကုံးနှင့် အဆိုဆွေးနွေးအရေးအသား နှစ်ပုဒ်ခွဲဝေဖြေဆိုရ မည် ဖြစ်သည်။ နှစ်ပုဒ်ဖြေဆိုရမည်ဖြစ်ရာ နှစ်ခါ စဉ်းစားဖြေဆိုရမည့် အချက်ကို အထူးသတိပြုရန် လိုအပ်ပါသည်။ သို့ဖြစ်ရာ စဉ်းစားရမည့် အချိန်၊ ရေးသားရမည့်အချိန်တို့ကို လုံလောက်မှုရရှိစေရန် ကြိုတင် လေ့ကျင့် ပြင်ဆင်ထားရမည် ဖြစ်သည်။
၆(က) စာစီစာကုံးမေးခွန်းတွင် (၂)ပုဒ်ပေးထားပြီး(၁)ပုဒ် ဖြေဆိုရ မည်   ဖြစ်သည်။ စာစီစာကုံး ရေးသားရန် ပုံကြမ်းအချက်အလက် (၅)ချက်ပေးထားပြီး အချက်တစ်ချက်ကို စာတစ်ပိုဒ်နှုန်းဖြင့် ဖြေဆိုသင့်ပါ သည်။ စစ်ဆေးအကဲဖြတ်ရာတွင် ယေဘုယျအားဖြင့် အချက်တစ်ချက် (၂)မှတ်နှုန်းဖြင့် အကဲဖြတ်ရန်လျာထားပါသည်။ စာစီစာကုံးဖြေရာတွင် အထူးသတိပြုရမည့်အချက်မှာ မေးထားသည့်ပုံကြမ်းအချက်အလက် များကို မိမိ၏ကိုယ်ပိုင်စိတ်ကူး စိတ်သန်းဖြင့် ရေးသားဖြေဆိုရန်ဖြစ်ပါ သည်။ ပေးထားသည့် ပုံကြမ်းအချက်အလက်  အစီအစဉ်အတိုင်း မိမိကိုယ်ပိုင်  အရေးအသားဖြင့် ဖြေဆိုရမည်ဖြစ်ရာ ပုံကြမ်းအချက် အလက်များကို အခြေမခံဘဲ အလွတ်ကျက်မှတ်ဖြေဆိုပါက အမှတ် ရရှိနိုင်မည် မဟုတ်သည်ကို အထူးသတိပြုသင့်ပါသည်။ ယခုပြောင်းလဲ ထားသည့်မေးခွန်းပုံစံတွင် စာစီစာကုံးကို အလွတ်ကျက်မှတ်နေပါက အချိန်များစွာကုန်မည့်အပြင် ရမှတ်လည်း ဆုံးရှုံးသွားနိုင်ပါသည်။
နမူနာ
၆။    (က)    အောက်ပါတို့အနက် တစ်ခု ကို ပေးထားသောအချက်အလက် များနှင့်အညီ စာစီကုံးပါ။ (၁၀မှတ်)
    (၁)    ကြည်နူးဖွယ်ရာ မြင်ကွင်းတစ်ခု
    မြင်တွေ့ရသော အကြောင်းရင်း၊ မြင်ကွင်း၏နေရာ၊ မြင်တွေ့ရသည့်အချိန်၊  မြင်ကွင်း၏   ကြည်နူးဖွယ် ကောင်းပုံ၊    မြင်ကွင်းကြောင့်   ဖြစ်ပေါ်လာသော အတွေးများ။
    (၂)    ကျန်းမာခြင်းသည် လာဘ်တစ်ပါး
    ကျန်းမာခြင်း၏  အရေးကြီးပုံ၊  ကျန်းမာရေးကို ဂရုစိုက်သင့်ပုံ၊    ကျန်းမာခြင်း၏ ကောင်းကျိုးများ၊ မကျန်းမာခြင်း၏ ဆိုးကျိုးများ၊  ကျန်းမာခြင်းနှင့် ပတ်သက်သော သင့်အတွေးအမြင်။
မေးခွန်းနံပါတ် ၆(ခ)သည် အသစ်ဖြည့်စွက်ထည့်သွင်းထားသောမေးခွန်းဖြစ်ပါသည်။ ပေးထားသောအဆိုတစ်ရပ်ကို ဖတ်ရှုပြီး မိမိ နှစ်သက်ရာဘက်မှ ရပ်တည်ဆွေးနွေးစေသော ပင်ကိုအရည်အသွေးဖော်ထုတ်ပြသရမည့်မေးခွန်းဖြစ်ပါသည်။  အဆိုကို  ဆွေးနွေးဖြေဆိုရာ တွင် စာဟန်အရေးအသားဖြင့်သာ ရေးသားရမည်ကို အထူးသတိပြုရ ပါမည်။ ကျောင်းသား  ကျောင်းသူတို့၏  ကိုယ်ပိုင်အတွေးအခေါ် စိတ်ကူးစိတ်သန်းကောင်းလျှင်  ကောင်းသလောက်၊  အရေးအသား အတင်အပြ  ကောင်းလျှင်ကောင်းသလောက်   အမှတ်ရရှိနိုင်မည့် မေးခွန်းဖြစ်ပါသည်။ ပေးထားသော  အဆိုမှာလည်း ကျောင်းသား ကျောင်းသူအားလုံး ရင်းနှီးကျွမ်းဝင်မည့် ယေဘုယျကျသော အဆိုမျိုး ကိုသာ ပေးထားမည် ဖြစ်ပါသည်။ 
နမူနာ
၆။    (ခ)    အောက်ပါအဆိုများအနက် တစ်ခု ကို ထောက်ခံ၍ ဖြစ်စေ၊ ကန့်ကွက်၍ဖြစ်စေ  ဆွေးနွေးပါ။       (၁၀မှတ်)
    (၁)    အားကစားပွဲများတွင်  ဘောလုံးပွဲသည်  စိတ်ဝင်စားစရာ အကောင်းဆုံး ဖြစ်သည်။
    (၂)    ဂျာနယ်ဖတ်ခြင်းသည်   သတင်းစာဖတ်ခြင်းထက်   ပို၍ ဗဟုသုတ ရရှိသည်။
အဆိုဆွေးနွေးအရေးအသားဖြေဆိုရန်အတွက် ရရှိမည့်အချိန် အတိုင်းအတာကို အလေးထားသတိပြုရမည်ဖြစ်သည်။  အဆိုဆွေးနွေး မေးခွန်းအတွက် ရေးသားချိန်သည် မိနစ်(၂၀)၊ (၂၅)မိနစ် ခန့်သာရရှိ နိုင်မည်ဖြစ်ရာ ဖြေဆိုရမည့်ပမာဏကို ချိန်ဆနိုင်ရန် အထူးအရေးကြီး ပါသည်။ အဆိုဆွေးနွေးအရေးအသားအတွက် စာပိုဒ်(၄)ပိုဒ်သာ ရေးသားဖြေဆိုသင့်သည်။ ပထမပိုဒ်သည် အစပျိုးသည့် နိဒါန်းဖြစ်ပြီး ဒုတိယနှင့် တတိယပိုဒ်တို့သည် စာကိုယ်ဖြစ်ပါသည်။ စတုတ္ထပိုဒ်မှာ မိမိ၏ရပ်တည်ချက်ကို  အတည်ပြု နိဂုံးချုပ်သည့် အပိုဒ်ဖြစ်သည်။  စာတစ်ပိုဒ်အတွက်  ရေးသားချိန်ကို (၅) မိနစ်ခန့်သာ အသုံးပြုသင့်ပါ သည်။ စာပိုဒ်တစ်ပိုဒ်ကို ပမာဏမည်မျှရေးသင့်သည် ဆိုသည်မှာမူ ပေးမှတ်နှင့် ချိန်ဆရမည် ဖြစ်သည်။ အဆိုဆွေးနွေး အရေးအသားကို စစ်ဆေးအကဲဖြတ်ရန်အတွက် ယေဘုယျအားဖြင့် ပထမပိုဒ်နိဒါန်းနှင့် စတုတ္ထပိုဒ်နိဂုံးကို(၂)မှတ်စီ၊ ဒုတိယပိုဒ်နှင့် တတိယပိုဒ်စာကိုယ်များကိုမူ (၃)မှတ်စီ သတ်မှတ်လျာထားပါသည်။
တက္ကသိုလ်ဝင်တန်းမြန်မာစာဘာသာရပ်သည် မြန်မာစာအရေး အသား၊ မြန်မာစာပေ၏ အနှစ်သာရကို ဖော်ကျူးသည့်ဘာသာရပ်ဖြစ်ရာ ဘာသာရပ်၏ အနှစ်သာရကို သိရှိအောင် လေ့လာသင်ယူရန် လိုအပ် ပါသည်။ စာမေးပွဲဖြေဆိုရာတွင် ကျောင်းသား ကျောင်းသူများသည် အဓိပ္ပာယ်ဖွင့်ဆိုချက်မေးခွန်း၊  ဓမ္မဓိဋ္ဌာန်မေးခွန်း၊  စကားပြေ ကဗျာ ရေသည်ပြဇာတ်ပါ   အချက်အလက်  စသည်တို့ကို  တိတိကျကျ ကျက်မှတ်ရမည်ဖြစ်ပြီး လိုရင်းအချက်အလက်ကို တိတိကျကျဖြေဆိုနိုင် ရန်  လိုအပ်ပါသည်။ မိမိစိတ်ကူး  စိတ်သန်း၊  အတွေးအခေါ်ဖြင့် အရေးအသား စွမ်းရည်ကို ပြသရမည့် မေးခွန်းများတွင်မူ မေးခွန်းကို ကောင်းစွာနားလည်သဘောပေါက်အောင်ဖတ်ရှုပြီး    မိမိသိရှိထား သည့်၊  လေ့လာမှတ်သားထားသည့် အချက်အလက်များကို မိမိ၏ မြန်မာစာ  အရေးအသားစွမ်းရည်၊  ကိုယ်ပိုင်စိတ်ကူးဉာဏ်တို့ဖြင့် ပေါင်းစပ်ကာ  ရေးသားဖြေဆိုရမည်ဖြစ်သည်။ ၂၀၂၂ ခုနှစ် တက္ကသိုလ် ဝင်တန်းဖြေဆိုကြမည့်   ကျောင်းသား  ကျောင်းသူများအားလုံး မြန်မာစာဘာသာရပ်ကို အခက်အခဲမရှိ ဖြေဆိုနိုင်ပြီး  အောင်ပန်း ဆွတ်ခူးနိုင်ကြပါစေဟု ဆန္ဒပြုလိုက်ပါသည်။