
ဒေါက်တာစုစုမြတ်၊ ပါမောက္ခဌာနမှူး အသုံးချဘောဂဗေဒဌာန၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်
၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများအတွက် ဘောဂဗေဒ ဘာသာရပ်နှင့် ပတ်သက်သော အထောက်အကူပြုဆွေးနွေးချက်များကို အပိုင်း (၂)ပိုင်းခွဲ၍ ရှင်းလင်းတင် ပြပါမည်။ ပထမပိုင်းတွင် စာမေးပွဲမေးခွန်းပုံစံကို တင်ပြမည်ဖြစ်ပြီး ဒုတိယပိုင်းတွင် ယင်းမေးခွန်းကို ဖြေဆိုပုံ ဖြေဆိုနည်းများနှင့် သတိပြုရမည့်အချက်များကို ရှင်းလင်းတင်ပြပါမည်။
တက္ကသိုလ်ဝင်စာမေးပွဲမေးခွန်းပုံစံ
တက္ကသိုလ်ဝင်စာမေးပွဲ ဘောဂဗေဒဘာသာရပ် မေးခွန်းလွှာတွင် မေးခွန်း (၅)ပုဒ် ပါရှိပါသည်။ မေးခွန်း (၅)ပုဒ်စလုံးကို ဖြေဆိုကြရမည်ဖြစ်သည်။
မေးခွန်းနံပါတ် (၁)တွင် (က)၊ (ခ) နှင့် (ဂ) ဟူ၍ (၃) ပိုင်းခွဲထားပါသည်။ ပြဋ္ဌာန်းစာအုပ်တွင် ပါဝင် သည့် အခန်းအားလုံးမှ သဘောတရားများ၊ သီအိုရီများနားလည်သဘောပေါက်မှုကို ဆန်းစစ်သော မေးခွန်းဖြစ်သည့်အတွက် ဘာသာရပ်ကို ကောင်းစွာနားလည်မှသာ ဖြေဆိုနိုင်မည်ဖြစ်ပါသည်။
မေးခွန်းနံပါတ် ၁။(က)တွင် ဖော်ပြချက် (၅)ခုပါရှိပြီး ဖော်ပြချက်တစ်ခုစီကို မှား/မှန် ဖြေဆိုရန် ဖြစ်ပါသည်။
မေးခွန်းနံပါတ် ၁။(ခ)တွင် ဖော်ပြချက် (၅)ခုပါရှိပြီး ဖော်ပြချက်တစ်ခုစီတွင် (က)၊ (ခ) နှင့် (ဂ) ဟု အဖြေ (၃)မျိုး ပေးထားသည့်အနက် အဖြေမှန် တစ်ခုကိုသာ ရွေးချယ်ရန်ဖြစ်သည်။ ဖြေဆိုရာတွင် ရွေးချယ်ထားသည့် အဖြေတစ်ခုကိုသာ ရေးပေးရန်ဖြစ်သည်။
မေးခွန်းနံပါတ် ၁။(ဂ)တွင် ဖော်ပြချက် (၁၀)ခုပါရှိပြီး ဖော်ပြချက်တစ်ခုစီတွင် စာကြောင်းအပြည့် အစုံမဖော်ပြဘဲ ကွက်လပ်ပေးထားသည်။ လိုအပ်သောအဖြေကို ကွက်လပ်တွင် ဖြည့်ရမည်ဖြစ်သည်။ ဖြေဆိုရာတွင် အဖြေကိုသာ နံပါတ်တပ်၍ တိကျစွာ ဖြေဆိုရန်ဖြစ်သည်။
မေးခွန်းနံပါတ်(၂)တွင် ပြဋ္ဌာန်းစာအုပ်တွင်ပါဝင်သည့် အခန်းအားလုံးမှ အဓိပ္ပာယ်ဖွင့်ဆိုချက်များကို မေးထားပါသည်။ သင်ခန်းစာအခန်း (၁)ခန်းစီမှ အဓိပ္ပာယ်ဖွင့်ဆိုချက် (၂)ခုစီ နှင့် အခန်း (၆)ခန်းအတွက် (၁၂)ခု မေးထားသည့်အနက် နှစ်သက်ရာ (၁၀)ခု၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များကို ဖြေဆိုရမည်ဖြစ်သည်။
မေးခွန်းနံပါတ် (၃)တွင် (၁၀)မှတ်တန် မှတ်စုတို (၄)ပုဒ်ပေးထားပြီး နှစ်သက်ရာ (၂)ပုဒ်ကို ဖြေဆိုရ မည်ဖြစ်သည်။ မေးခွန်းနံပါတ် (၄)တွင် (၂၀)မှတ်တန် မှတ်စုရှည်(၂)ပုဒ် ပေးထားပြီး နှစ်သက်ရာ (၁)ပုဒ် ကို ဖြေဆိုရမည်ဖြစ်သည်။ မေးခွန်းနံပါတ် (၃) နှင့် မေးခွန်း နံပါတ် (၄) မေးခွန်း (၁)ပုဒ်စီအတွက် ရရှိနိုင် သည့်ရမှတ်မှာ (၂၀) မှတ်ဖြစ်သည်။
မေးခွန်းနံပါတ်(၅)မှာ တွက်ချက်မှုနှင့် သုံးသပ်ဖြေဆိုမှုများ ပြုလုပ်ရသည့်မေးခွန်းဖြစ်သည်။ ပေးထားသော ကိန်းဂဏန်းများ၊ အချက်အလက်များကို အသုံးပြုပြီး တွက်ချက်ခြင်း၊ မျဉ်းကွေးများနှင့် ပုံများရေးဆွဲခြင်းစသည်ဖြင့် သီအိုရီသဘောတရားများ နားလည်တတ်ကျွမ်းမှုကို ဆန်းစစ်သော မေးခွန်း များဖြစ်သည်။ မေးခွန်းခွဲ (က)၊ (ခ) နှင့် (ဂ) မှ နှစ်သက်ရာ (၂)ပုဒ်ကိုသာ ဖြေဆိုရန်ဖြစ်သည်။ မေးခွန်းနံပါတ် (၅) အတွက် ရမှတ်မှာလည်း (၂၀)မှတ် ဖြစ်သည်။
ထို့ကြောင့် တက္ကသိုလ်ဝင်စာမေးပွဲ ဘောဂဗေဒဘာသာရပ်မေးခွန်းလွှာသည် မေးခွန်းအမျိုးအစား(၅)မျိုးပါဝင်သည့် မေးခွန်း(၅)ပုဒ်ပေးထားသော မေးခွန်းလွှာဖြစ်သည်။ အမျိုးအစား (၅)မျိုး မှာ (၁)ဓမ္မဓိဋ္ဌာန် မေးခွန်း၊ (၂)အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ (၃) မှတ်စုတိုမေးခွန်း၊ (၄)မေးခွန်းရှည် မေးခွန်းနှင့် (၅)တွက်ချက်မှု နှင့်သုံးသပ်ဖြေဆိုမှုများ ပြုလုပ်ရသည့် မေးခွန်းတို့ဖြစ်သည်။ စုစုပေါင်းမေးခွန်း (၅)ပုဒ်စလုံးကို ဖြေဆို ရမည်ဖြစ်သည်။
ဖြေဆိုပုံဖြေဆိုနည်း
မေးထားသော မေးခွန်း(၅)ပုဒ်ကို ဖြေဆိုရာတွင် တိကျမှန်ကန်စေရေးနှင့် အမှတ်ကောင်းရရန် ဖြေဆိုပုံဖြေဆိုနည်းကို မေးခွန်း (၁)ပုဒ်ချင်းစီအတွက် ရှင်းလင်းသွားပါမည်။
မေးခွန်း (၁-က) ။ ။ ဤမေးခွန်းသည် ဓမ္မဓိဋ္ဌာန်မေးခွန်းဖြစ်ပြီး ဖြေဆိုသူက ပေးထားသော ဖော်ပြချက်ကို မှားသလား (သို့) မှန်သလား ရွေးချယ်ဖြေဆိုရမည်ဖြစ်သည်။ စာကြောင်း ပြန်ရေးရန်မလို ဘဲ ဖြေဆိုသူက ရွေးချယ်ထားသောအဖြေကိုသာ နံပါတ်တပ်၍ ဖြေဆိုရန်ဖြစ်သည်။ ဥပမာ - ‘ဘောဂဗေဒ ဘာသာရပ်သည် လူတို့၏အပြုအမူကို လေ့လာသောဘာသာရပ်ဖြစ်သည်’ဟူသော ဖော်ပြချက်တွင် အဖြေက ‘မှန်’ ဖြစ်သည့်အတွက် ‘မှန်’ ဟုသာ ဖြေဆိုရန်ဖြစ်သည်။ အဖြေလွှာစစ်ဆေးသူ (စာစစ်သူ) ဖတ်၍ မရသော၊ မှား/မှန် မကွဲပြားသောအဖြေများအတွက် အမှတ်မရရှိနိုင်ပါ။ ထို့ကြောင့် ဖြေဆိုသူက အဖြေကို ပီပီသသ၊ မှန်မှန်ကန်ကန် ဖော်ပြဖြေဆိုရပါမည်။ ဖော်ပြချက် (၅)ခုအတွက် (၁)ခုလျှင် (၁)မှတ်ဖြင့် စုစုပေါင်းရမှတ် (၅)မှတ်ဖြစ်သည်။
မေးခွန်း (၁-ခ) ။ ။ ဤမေးခွန်းတွင် မေးထားသောအဖြေကို (က)၊ (ခ) နှင့် (ဂ) ဟု (၃)မျိုးပေးထားပြီး ယင်းထဲမှ အဖြေမှန်(၁)ခုကို ရွေးချယ်ဖြေဆိုရမည်ဖြစ်သည်။ ယင်းမေးခွန်းတွင်လည်း မေးခွန်းစာကြောင်း ကို ပြန်လည်ရေးရန်မလိုပါ။ ဥပမာ- ‘ကုန်စည်တစ်ခု၏ ဈေးနှုန်းကျဆင်းသွားသောအခါ အခြားကုန်စည် တစ်ခု၏ ဝယ်လိုအားအရေအတွက် တိုးလာပါက ထိုကုန်စည်နှစ်ခုမှာ (က)တွဲဖက်ကုန်စည် (ခ)အစားထိုး ကုန်စည် (ဂ)တွဲဖက်ထုတ်ကုန်ဖြစ်သည်။’ ဟူသော မေးခွန်း၏ အဖြေမှာ (က) တွဲဖက်ကုန်စည်ဖြစ်သည်။ ထို့ကြောင့် မေးခွန်း(၁-ခ)၊ မေးခွန်းနံပါတ်သေး(၁)အတွက် အဖြေကို (၁) (က) ဟု ဖြေဆိုရန်ဖြစ်သည်။ ဖော်ပြချက် (၅)ခု အတွက် (၁)ခုလျှင် (၁)မှတ်ဖြင့် စုစုပေါင်းရမှတ် (၅)မှတ် ဖြစ်သည်။
မေးခွန်း (၁-ဂ) ။ ။ ဤမေးခွန်းသည်လည်း ဓမ္မဓိဋ္ဌာန်မေးခွန်းဖြစ်ပြီး ဖြေဆိုသူက ပေးထားသော စာကြောင်းတွင် လိုအပ်သည့်ကွက်လပ်ကို အဖြေမှန်ဖြည့်စွက်ပေးရန်ဖြစ်သည်။ မေးခွန်းစာကြောင်းကိုပြန်ရေးသားရန်မလိုဘဲ ဖြည့်စွက်ရမည့်အဖြေကိုသာ နံပါတ်တပ်၍ ဖြေဆိုရန်ဖြစ်သည်။ တိကျသော အဖြေ ဖြစ်ရန်နှင့် စာလုံးပေါင်းမှန်ရန် လိုပါသည်။ ဥပမာ- ‘အစိုးရနှင့် ပြည်သူ့အာဏာပိုင်အဖွဲ့အစည်းများ၏ ရငွေများကို ____________ ဟုခေါ်သည်။’ ဟူသော မေးခွန်းအတွက် အဖြေမှာ ‘ပြည်သူ့ရငွေများ’ဖြစ်ရာ ယင်းအဖြေကိုသာ နံပါတ်တပ်၍ ဖြေဆိုရန်ဖြစ်သည်။ မေးခွန်းဖော်ပြချက် (၁) ခုလျှင် (၁)မှတ်ဖြင့် (၁၀)ခု အတွက် စုစုပေါင်းရမှတ် (၁၀)မှတ်ဖြစ်သည်။
မေးခွန်းနံပါတ်(၁) တစ်ပုဒ်လုံးအတွက် အခြေခံပညာသင်ရိုးညွှန်းတမ်း၊ သင်ရိုးမာတိကာနှင့် ကျောင်းသုံးစာအုပ်ကော်မတီမှ ပြဋ္ဌာန်းထုတ်ဝေထားသည့် ဒသမတန်းဘောဂဗေဒဖတ်စာအုပ်မှ သင်ခန်း စာအခန်းတိုင်း၏အဆုံး၌ ထိုမေးခွန်းပုံစံများကို လေ့ကျင့်ရန်ထည့်သွင်းပေးထားသဖြင့် ကျောင်းသား ကျောင်းသူများအနေဖြင့် ကြိုတင်လေ့လာနိုင်ပါသည်။
မေးခွန်းနံပါတ်(၂)တွင် အဓိပ္ပာယ်ဖွင့်ဆိုချက်များကိုမေးထားရာ၌ ပြဋ္ဌာန်းစာအုပ်ပါ အဓိပ္ပာယ်ဖွင့်ဆိုချက်များအတိုင်း တိတိကျကျပြည့်စုံစွာ ဖြေဆိုရန်လိုအပ်ပါသည်။ မှားယွင်းသော အဓိပ္ပာယ်ဖွင့်ဆိုချက် များကို အမှတ်ပေးခြင်းမရှိကြောင်းကို ဖြေဆိုသူများ အထူးသတိပြုရန် လိုပါသည်။ ဥပမာ- ‘ထပ်ဆင့်တိုး တန်ဖိုး’၏ အဓိပ္ပာယ်ဖွင့်ဆိုချက် မေးထားခြင်းကို ‘ထပ်ဆင့်တိုးတန်ဖိုးဆိုသည်မှာ ကုန်ကြမ်းတန်ဖိုးတွင် ထပ်ဆင့်တိုးလာသည့် ထုတ်လုပ်မှု၏ တန်ဖိုးဖြစ်သည်။’ ဟူသော အဖြေမှန်ကို ဖြေဆိုရမည့်အစား ‘ထပ်ဆင့် တိုးတန်ဖိုးခွန်ဆိုသည်မှာ ကုန်စည်တစ်မျိုး၏ ထုတ်လုပ်မှုဖြစ်စဉ် အဆင့်ဆင့်တွင် ထပ်ဆင့်တိုးလာသော တန်ဖိုးများအပေါ်တွင် ကောက်ယူသည့်အခွန်ဖြစ်သည်။’ဟု ထပ်ဆင့်တိုးတန်ဖိုးခွန်၏ အဓိပ္ပာယ်ဖွင့်ဆို ချက်နှင့် မှားယွင်းဖြေဆိုပါက လွဲမှားနေသဖြင့် အမှတ်လုံးဝမရနိုင်ပါ။
ထို့ကြောင့် မှားယွင်းလွယ်သော ဆင်တူရိုးမှားဖြစ်ပြီး အဓိပ္ပာယ်လုံးဝကွဲလွဲသော အဓိပ္ပာယ်ဖွင့်ဆိုချက် များကို အလွတ်ကျက်ခြင်းထက် သဘောတရားနားလည်စေရန် လေ့လာထားပြီး မမှားအောင် ဖြေဆိုရန်လို အပ်ပါသည်။
မေးထားသော အဓိပ္ပာယ်ဖွင့်ဆိုချက် (၁၂)ခုထဲမှ နှစ်သက်ရာ (၁၀)ခုကို ဖြေဆိုရပြီး တိကျမှန်ကန် ပြည့်စုံပါက (၁)ခုအတွက် (၂)မှတ်အပြည့်၊ မှန်ကန်သော်လည်း မပြည့်စုံပါက (၁)မှတ်နှင့် အထက်တွင် ဖော်ပြခဲ့သကဲ့သို့ အဓိပ္ပာယ်ဖွင့်ဆိုချက် မှားယွင်းပါက (၀)မှတ်ဟု အမှတ်ပေးစည်းမျဉ်း ချမှတ်စစ်ဆေးလေ့ ရှိသဖြင့် ဂရုစိုက်ဖြေဆိုကြရန်ဖြစ်ပါသည်။ တစ်ခုလျှင် (၂)မှတ်နှင့် (၁၀)ခု ဖြေဆိုရသည့်အတွက် စုစုပေါင်း ရမှတ်(၂၀)မှတ်ဖြစ်သည်။ မေးခွန်းနံပါတ် (၁)နှင့် (၂) ကို တိကျမှန်ကန်စွာ ဖြေဆိုနိုင်ခြင်းဖြင့် အမှတ်(၄၀) အပြည့် ရရှိနိုင်ပါသည်။
မေးခွန်းနံပါတ်(၃)တွင် (၁၀)မှတ်တန် မှတ်စုတို (၄)ပုဒ် ပေးထားပြီး နှစ်သက်ရာ (၂)ပုဒ်ကို ဖြေဆိုရ မည်ဖြစ်သည်။ မေးခွန်းနံပါတ် (၄)တွင် အမှတ်(၂၀)မှတ်တန် မေးခွန်းရှည် (၂)ပုဒ်ပေးထားပြီး နှစ်သက် ရာ(၁)ပုဒ်ကို ဖြေဆိုရမည်ဖြစ်သည်။ မေးခွန်း(၁)ပုဒ်စီအတွက် ရရှိနိုင်သည့် ရမှတ်မှာ(၂၀)မှတ်ဖြစ်သည်။ ယင်းမေးခွန်းများတွင် အခန်းသီးသန့်စီခွဲကာ မေးထားခြင်းမျိုးမဟုတ်ဘဲ ပြဋ္ဌာန်းစာအုပ်ပါ အခန်း(၆)ခန်းစလုံးကို ပေါင်းစပ်ရောနှောပြီး မေးနိုင်သဖြင့် ကျောင်းသား ကျောင်းသူများအနေဖြင့် သင်ရိုးအားလုံးကို နှံ့စပ်စွာ ကျေညက်အောင် ဖတ်ရှုလေ့လာရန် အထူးလိုအပ်ပါသည်။
မှတ်စုတိုကိုဖြစ်စေ၊ မေးခွန်းရှည်ကိုဖြစ်စေ ဖြေဆိုရာတွင်လည်း မေးထားသည့် အကြောင်းအရာ၏ အဓိပ္ပာယ်ကို ဦးစွာဖွင့်ဆိုသင့်ပါသည်။ ပြီးမှာသာ ရှင်းလင်းချက်များကို ဖြေဆိုရပါမည်။ ထို့အပြင် အချက် အလက်များကို ဖော်ပြရှင်းလင်းရန်ဟုမေးပါက အဖြေလွှာစစ်ဆေးသူ ရှင်းလင်းပြတ်သားစွာ စစ်ဆေးနိုင်ရန် မေးထားသည့်အချက်အလက်များကို ဦးစွာဖော်ပြပြီးမှ (၁)ချက်ချင်းစီကို ရှင်းလင်းဖြေဆိုသင့်ပါသည်။
မေးခွန်းနံပါတ် (၅)တွင် တွက်ချက်မှုနှင့်သုံးသပ်ဖြေဆိုမှုပုစ္ဆာကို (က)၊ (ခ) နှင့် (ဂ) ဟူ၍ (၁၀)မှတ်စီ မေးထားပြီး နှစ်သက်ရာ (၂)ခုကို ဖြေဆိုရပါမည်။ တိကျမှန်ကန်စွာ ဖြေဆိုနိုင်ပါက အမှတ်ပြည့်ရရှိနိုင် သော်လည်း တွက်ချက်မှုနှင့်ယူဆချက်များ မှားယွင်းပါက အမှတ်လျော့လွယ်သော မေးခွန်းပုံစံဖြစ်ပါသည်။ ထို့ကြောင့် ယင်းမေးခွန်းနှင့်ပတ်သက်၍ အထူးအလေးပေး ရှင်းလင်းလိုပါသည်။
(၁) ကိန်းဂဏန်းအချက်အလက်ကို အခြေခံပြီးတွက်ချက်စေသော မေးခွန်းများတွင် မေးထား
သည့်အကြောင်းအရာ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် ပုံသေနည်းကို ဦးစွာဖြေဆိုရပါမည်။ ထို့နောက်
မှ တွက်ချက်မှုကို ပြုလုပ်သင့်ပါသည်။ ဥပမာ- ဝယ်လိုအား၏ဈေးနှုန်း အလျော့အတင်းပုစ္ဆာ
မေးခွန်းကိုဖြေဆိုရာတွင် ဝယ်လိုအား၏ဈေးနှုန်း အလျော့အတင်း အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့်
ပုံသေနည်းကို ဦးစွာဖြေဆိုပြီး ပေးထားသော ကိန်းဂဏန်းအချက်အလက်များကိုသုံး၍ တွက်ချက်
ရပါမည်။ ထို့နောက် တွက်ချက်ရရှိသောအဖြေကို ဝယ်လိုအား၏ဈေးနှုန်း အလျော့အတင်း
သဘောတရားများအရ သုံးသပ်ဖြေဆိုရမည်။
ထို့အတူ ဝယ်လိုအား၏ဝင်ငွေအလျော့အတင်း ပုစ္ဆာမေးခွန်းကိုဖြေဆိုရာတွင် ဝယ်လိုအား၏
ဝင်ငွေအလျော့အတင်း အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် ပုံသေနည်းကို ဦးစွာဖြေဆိုပြီး ပေးထားသော
ကိန်းဂဏန်းအချက်အလက်များကိုသုံး၍ တွက်ချက်ရပါမည်။ ထို့နောက် တွက်ချက်ရရှိသော
အဖြေကို ဝယ်လိုအား၏ ဝင်ငွေအလျော့အတင်း သဘောတရားများအရ သုံးသပ်၍ဖြေဆိုရမည်။
(၂) ဝယ်လိုအားနှင့်ရောင်းလိုအား ပြောင်းလဲခြင်းများ၏ ဈေးကွက်အားမျှခြေအပေါ်တွင် အကျိုး
သက်ရောက်ပုံကို ဆန်းစစ်သောမေးခွန်းမျိုးတွင် မူလရှိဈေးကွက်အခြေအနေတစ်ခု၌ ဝယ်လို
အား(သို့) ရောင်းလိုအားကို ပြဋ္ဌာန်းသောအချက်များထဲမှ အချက်တစ်ခုခု ပြောင်းလဲသွားခြင်း
ကြောင့် လေ့လာရမည့်ဈေးကွက်အခြေအနေပေါ် မည်ကဲ့သို့အကျိုးသက်ရောက်စေသည်ကို
ပုံနှင့်တကွ ဖြေဆိုရမည်ဖြစ်သည်။
(၃) တိုင်းပြည်ဝင်ငွေတွက်ချက်နည်းဆိုင်ရာ မေးခွန်းအတွက် တိုင်းပြည်ဝင်ငွေနှင့် တစ်ဦးကျဝင်ငွေ
တို့၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကိုဖြေဆိုပြီး တွက်ချက်မှုကို ဆက်လက်ဖြေဆိုရန်ဖြစ်သည်။ များသော
အားဖြင့် GDP, GNP, NNP နှင့်တစ်ဦးကျဝင်ငွေအထိ မေးလေ့ရှိသည်။ သတိပြုရန်အချက်မှာ
ပေးထားသောကိန်းဂဏန်းများ၏ယူနစ်ကို ပြန်သုံးရန်ဖြစ်သည်။ ဆိုလိုသည်မှာ ပေးထားသည့်
တန်ဖိုးမှာ ကျပ်သိန်းပေါင်းဆိုပါက ဖြေဆိုရာတွင် ကျပ်သိန်းပေါင်း၊ ကျပ်သန်းပေါင်းဆိုပါက ဖြေဆို
ရာတွင် ကျပ်သန်းပေါင်းဖြင့် တွက်ချက်ဖော်ပြရမည်ဖြစ်သည်။ ဤတွင်ပေးထားသော ကိန်း
ဂဏန်းများကိုချရေးပြရုံဖြင့် အမှတ်မရနိုင်သဖြင့် အဆင့်လိုက် တွက်ချက်သွားရန်နှင့် တွက်ချက်
မှုတွင်အသုံးပြုသော လက္ခဏာများကို ဖော်ပြရန်လိုပါသည်။
(၄) စားသုံးသူများ၏ ဈေးဆနှုန်းကိန်းဆိုင်ရာ ပုစ္ဆာမေးခွန်းကိုဖြေဆိုရာတွင် စားသုံးသူများ၏
ဈေးဆနှုန်းကိန်း အဓိပ္ပာယ်ဖွင့်ဆိုချက်ကိုဖြေဆိုပြီး တွက်ချက်ရာတွင် စားသုံးကုန်စည်အုပ်စု၊
စားသုံးကုန်စည်အုပ်စုတန်ဖိုး၊ ဈေးဆနှုန်းကိန်း၊ ဈေးဆနှုန်းကိန်းပြောင်းလဲသည့် ရာခိုင်နှုန်း
စသည်ဖြင့် အဆင့်ဆင့်တွက်ချက် ဖော်ပြရမည်ဖြစ်သည်။ ထို့နောက် တွက်ချက်ရရှိသော
အဖြေအရ စားသုံးကုန်စည်များ၏ ဈေးနှုန်းအဆင့်သည် ရာခိုင်နှုန်းမည်မျှ ပြောင်းလဲသည်ကို
သုံးသပ်ဖြေဆိုရမည်ဖြစ်သည်။
ငွေကြေးအရေအတွက်သီအိုရီမှ တွက်ချက်နည်းဆိုင်ရာ မေးခွန်းအတွက် ငွေကြေးပမာဏ၊
ဈေးနှုန်းနှင့် ကုန်စည်အရေအတွက်တို့ကိုပေးထားပြီး ငွေကြေးလည်ပတ်မှုအရှိန်ကို ရှာရန်
မေးလေ့ရှိပါသည်။ ပထမဦးစွာ ငွေကြေးအရေအတွက်သီအိုရီ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို
ဖြေဆိုရပါမည်။ ထို့နောက် ပေးထားချက်များကိုအခြေခံ၍ တွက်ချက်သုံးသပ်ဖြေဆိုရမည်ဖြစ်
ပါသည်။
(၅) ကုန်ဖလှယ်မှုအချိုးတွက်ချက်သည့် ပုစ္ဆာမေးခွန်းတွင် အခြေခံနှစ်နှင့် အခြားနှစ် (၂)ခုတို့၏
ပို့ကုန်ဈေးဆနှုန်းကိန်းနှင့် သွင်းကုန်ဈေးဆနှုန်းကိန်းများကိုပေးထားပြီး ယင်းနှစ်များ၏
ကုန်ဖလှယ်မှုအချိုးကို တွက်ချက်ကာ အချိုးပြောင်းလဲခြင်းများကို သုံးသပ်ပြစေလေ့ရှိပါသည်။
ဦးစွာ ကုန်ဖလှယ်မှုအချိုး၏ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် ပုံသေနည်းကို ဖြေဆိုရပါမည်။ ထို့နောက်
(၃)နှစ်စလုံးအတွက် နှစ်အလိုက် ကုန်ဖလှယ်မှုအချိုးများကို တွက်ချက်ရမည်။ အခြေခံနှစ်၏
ကုန်ဖလှယ်မှုအချိုးသည် (၁၀၀)ဖြစ်ပြီး ကျန်(၂)နှစ်တွင် ထွက်ရှိသောအဖြေသည် (၁၀၀)ထက်
နည်းပါက အခွင့်မသာသော (သို့) ကျဆင်းသောကုန်ဖလှယ်မှု၊ (၁၀၀)ထက်များပါက အခွင့်သာ
သော (သို့) တိုးတက်သောကုန်ဖလှယ်မှုဟု သုံးသပ်ဖြေဆိုရန်ဖြစ်သည်။
တက္ကသိုလ်ဝင်စာမေးပွဲ၊ ဘောဂဗေဒဘာသာရပ်မေးခွန်းလွှာကို ဖြေဆိုရန်အတွက် ပြဋ္ဌာန်းစာအုပ် ပါ သင်ခန်းစာအားလုံးကို နားလည်သဘောပေါက်အောင် လေ့လာဆည်းပူးထားပါက အခက်အခဲမရှိ ကောင်းစွာဖြေဆိုနိုင်မည်ဖြစ်ပါသည်။ ဖြေဆိုသူ ကျောင်းသား ကျောင်းသူများအားလုံး ထူးချွန်စွာဖြေဆို အောင်မြင်ကြပါစေဟု ဆန္ဒပြုပါသည်။