၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ တတိယနေ့ သင်္ချာဘာသာရပ်တွင် မန္တလေးတိုင်းဒေသကြီးမှ ကျောင်းသား ကျောင်းသူ ၃၃၄၅၉ ဦး ဝင်ရောက်ဖြေဆို

 

မန္တလေး   ဧပြီ   ၂


၂၀၂၁-၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် မတ်  ၃၁ ရက်မှစတင်ပြီး ဖြေဆိုလျက်ရှိရာ ယနေ့ တတိယနေ့အဖြစ် သင်္ချာဘာသာရပ်တွင် မန္တလေးတိုင်းဒေသကြီးမှ ကျောင်းသား ကျောင်းသူ ၃၃၄၅၉ ဦး ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။     

 

စိတ်အေးချမ်းသာစွာ ဖြေဆို


အဆိုပါစာမေးပွဲအတွက် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ မြို့ နယ်   ၂၈  မြို့နယ်တွင်   စာစစ်ဌာန ၁၃၉ ခု ဖွင့်လှစ်ထားရှိပြီး     တိုင်းဒေသကြီးအတွင်း၌ ဖြေဆိုရန် လျှောက်ထားသူ ၃၇၂၃၅ ဦးအနက် ပထမ နေ့ မြန်မာစာဘာသာရပ်တွင် ၃၃၅၄၈ ဦး ဝင်ရောက် ဖြေဆိုခဲ့ကြသည်။ ဒုတိယနေ့   အင်္ဂလိပ်စာဘာသာရပ် တွင် ၃၃၄၈၅ ဦး   ဝင်ရောက်ဖြေဆိုကြကာ ယနေ့ တတိယနေ့အဖြစ် သင်္ချာဘာသာရပ်တွင် ကျောင်းသား ကျောင်းသူ ၃၃၄၅၉ ဦး   သက်ဆိုင်ရာ   မြို့နယ် အသီးသီးရှိ စာစစ်ဌာနများတွင် စိတ်အေးချမ်းသာ စွာဖြင့် ဖြေဆိုလျက်ရှိကြောင်း သိရသည်။

 


 ယခုနှစ်တွင် ကျင်းပသည့် တက္ကသိုလ်ဝင်စာမေး ပွဲနှင့်  ပတ်သက်၍ အောင်မြေသာစံမြို့နယ် ပညာ ရေးမှူး  ဒေါက်တာ  စမ်းပပကျော်က   ‘‘ကျွန်မတို့ အောင်မြေသာစံမြို့နယ်မှာ စာစစ်ဌာနအနေနဲ့ ငါးခု ဖွင့်လှစ်ထားပါတယ်။   အထက(၁)  စာစစ်ဌာန၊ အထက(၄) စာစစ်ဌာန၊  အထက(၈) စာစစ်ဌာန၊ အထက(၁၁)စာစစ်ဌာနနဲ့   အိုးဘိုအကျဉ်းထောင် စာစစ်ဌာနတို့ ဖြစ်ပါတယ်။ လုံခြုံရေးအနေနဲ့ နှစ်စဉ် ဆောင်ရွက်နေကျအတိုင်းပါပဲ။ အပြင်စည်းအနေနဲ့ သက်ဆိုင်ရာ ရပ်ကွက်အဖွဲ့ဝင်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ မီးသတ်တပ်ဖွဲ့ဝင်တွေ၊ ပရဟိတ အဖွဲ့အစည်းတွေနဲ့ ဆောင်ရွက်ပါတယ်။ ဒါ့အပြင် ပညာရေးဌာနအနေနဲ့ ကလည်း အပြင်စည်းအနေနဲ့ မြို့နယ်ရုံးက တာဝန်ရှိ ပုဂ္ဂိုလ်တွေနဲ့ ဆောင်ရွက်လျက်ရှိပါတယ်။ ကိုဗစ်ရောဂါ ကာလဖြစ်တဲ့အတွက်   ပိုပြီးဂရုစိုက်ဆောင်ရွက်ပါ တယ်။ အရန်ကြီးကြပ်ရေးမှူးတွေ၊ အရန်လက်ထောက် ကြီးကြပ်ရေးမှူးတွေထားပြီးတော့ စာမေးပွဲကို အရှိန် မပျက် ဖြေဆိုနိုင်ဖို့  ဆောင်ရွက်လျက်ရှိပါတယ်။ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေတဲ့ ကာလအတွင်းမှာ ကျင်းပရတာဖြစ်တဲ့အတွက်  ကျောင်းသားတွေရော၊  ဆရာ ဆရာမတွေရော စိန်ခေါ်မှုပြင်းထန်ပါတယ်။ ဒီအခက်အခဲကို ကျော်လွှားပြီးတော့မှ စာမေးပွဲကို အောင်မြင်အောင် ဆောင်ရွက်လျက်ရှိပါတယ်’’ဟု ပြောကြားသည်။ 

 


 ထို့ပြင် ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုသည့် ကျောင်းသူ မရွှေဇင်ဟိန်းက လည်း ‘‘ဒီစာမေးပွဲအတွက်လည်း     အကောင်းဆုံး ကြိုးစားထားပါတယ်။   မြန်မာစာနဲ့  အင်္ဂလိပ်စာ မေးခွန်းမှာ ကိုယ်ကြည့်ထားတာတွေ   တော်တော် များများပါတဲ့အတွက် အခက်အခဲမရှိ ဖြေဆိုနိုင်ခဲ့ ပါတယ်။    ကျွန်မအနေနဲ့   မိဘတွေဖြစ်စေချင်တဲ့ ဆန္ဒတွေ ဖြည့်ဆည်းပေးဖို့အတွက်   ဒီစာမေးပွဲကို အောင်မြင်အောင် ဖြေဆိုသွားမှာပါ’’ဟု ပြောသည်။ 

 


စာဖြေခန်းများ  ပြင်ဆင်ပေး


 စာမေးပွဲကျင်းပစဉ်   ကာလအတွင်း၌လည်း ကိုဗစ်-၁၉  ရောဂါ     ကူးစက်ဖြစ်ပွားမှုမရှိစေရေး အတွက် သံသယလူနာများ/ အနီးကပ်ထိတွေ့သူများ ဖြေဆိုရန်အတွက် ကျောင်းများတွင် သီးခြားစာဖြေ ခန်းများ စီစဉ်ထားရှိပေးခြင်း၊   ဓာတ်ခွဲအတည်ပြု လူနာများ စာမေးပွဲဖြေဆိုရန်အတွက် ဆေးရုံများ/ ကုသရေးစင်တာများတွင်  စာဖြေခန်းများ  ပြင်ဆင် ထားရှိပေးထားကြောင်း သိရသည်။ 


   မောင်အေးချမ်း