
နေပြည်တော် မတ် ၃၁
၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့တွင် စတင်ကျင်းပလျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာအထက်တန်း ကျောင်းများ၌ ကျောင်းသား ကျောင်းသူများ ဝင်ရောက် ဖြေဆိုလျက်ရှိသည်။
စာမေးပွဲ ဖြေဆိုခြင်းမပြုမီ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စည်းမျဉ်း/စည်းကမ်းများနှင့်အညီ နှာခေါင်းစည်းများ တပ်ဆင်လာစေခြင်း၊ အပူချိန်တိုင်းတာခြင်း၊ စာမေးပွဲ ဖြေဆိုခွင့်ကတ်များ မှန်/မမှန် စစ်ဆေးခြင်းများကို ဆရာ၊ ဆရာမများက စနစ်တကျ စစ်ဆေးခြင်းများ ဆောင်ရွက်ကြသည်။
ထိုသို့ တက္ကသိုလ်ဝင်စာမေးပွဲများ ဖြေဆိုလျက်ရှိရာ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဇမ္ဗူသီရိ မြို့နယ် အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း၌ စာရင်းရှိ ကျောင်းသား ကျောင်းသူ ၈၉ ဦးတွင် ဖြေဆို သူ ၈၇ ဦး၊ အမှတ်(၇) အခြေခံပညာအထက်တန်း ကျောင်း၌ စာရင်းရှိ ကျောင်းသား ကျောင်းသူ ၅၄၁ ဦးတွင် ဖြေဆိုသူ ၄၉၆ ဦး၊ ဇေယျာသီရိမြို့နယ်အတွင်း ရှိ စာစစ်ဌာန ကိုးခု၌ စာရင်းရှိ ကျောင်းသား ကျောင်းသူ ၁၉၆၄ ဦးတွင် ဖြေဆိုသူစုစုပေါင်း ၁၈၄၇ ဦး၊ ပုဗ္ဗသီရိ မြို့နယ်အတွင်းရှိ စာစစ်ဌာန ငါးခု၌ စာရင်းရှိ ကျောင်း သား ကျောင်းသူ ၂၁၂၀ တွင် ဖြေဆိုသူစုစုပေါင်း ၂၀၀၀ ၊ ဥတ္တရသီရိမြို့နယ်အတွင်းရှိ စာစစ်ဌာန ခြောက်ခု၌ စာရင်းရှိ ကျောင်းသား ကျောင်းသူ ၁၀၆၉ ဦးတွင် ဖြေဆိုသူစုစုပေါင်း ၉၉၉ ဦးတို့ ဝင်ရောက် ဖြေဆိုလျက်ရှိသည်။
အလားတူ ကချင်ပြည်နယ် ပူတာအိုမြို့နယ်ရှိ စာစစ်ဌာန နှစ်ခုတွင်လည်းကောင်း၊ အခြေခံပညာအထက်တန်းကျောင်း(ခေါင်လန်ဖူးမြို့)တွင်လည်း ကောင်း၊ ကယားပြည်နယ် လွိုင်ကော်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် အခြေခံ ပညာအထက်တန်းကျောင်း (ဘော်လခဲ)တို့၌ လည်း ကောင်း၊ တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ်၊ ဘုတ်ပြင်းမြို့နယ်နှင့် ထားဝယ်မြို့တို့ရှိ အခြေခံပညာ အထက်တန်းကျောင်းများ၌လည်းကောင်း၊ မကွေး တိုင်းဒေသကြီး မကွေးမြို့ အခြေခံပညာအထက်တန်း ကျောင်းများနှင့် မင်းဘူး(စကု) မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများ၌ လည်း ကောင်း၊ ရန်ကုန်မြို့ရှိ (အောင်ဆန်းသူရိယ လှသောင်း ကျောင်း)၌လည်းကောင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့နယ်ရှိ အခြေခံပညာအထက်တန်း ကျောင်းများ၌လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ်နှင့် မြန်အောင်မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများ၌ လည်းကောင်း အသီးသီးဝင်ရောက်ဖြေဆိုလျက်ရှိပြီး အခြားမြို့နယ်များ ၌လည်း ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲကို ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ယင်းသို့ ကျောင်းသား ကျောင်းသူများ စိတ်အေး ချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် ကျောင်းဝင်းအတွင်း နှင့် အပြင်များတွင် သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များက စနစ်တကျ စောင့်ကြပ်ကြည့်ရှုပေးလျက်ရှိသည်။
အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့တွင် မြန်မာစာဘာသာကို စတင်ဖြေဆိုပြီး ဧပြီ ၁ ရက် သောကြာနေ့တွင် အင်္ဂလိပ်စာ၊ ဧပြီ ၂ ရက် စနေနေ့တွင် သင်္ချာဘာသာရပ်များကို ဖြေဆိုသွားမည်ဖြစ်ပြီး ဧပြီ ၃ ရက် တနင်္ဂနွေနေ့အား ပိတ်ရက်အဖြစ် သတ်မှတ် ကြောင်း သိရသည်။
ဆက်လက်ပြီး ဧပြီ ၄ ရက် တနင်္လာနေ့တွင် ဓာတုဗေဒ၊ ဧပြီ ၅ ရက် အင်္ဂါနေ့တွင် ရူပဗေဒ၊ ဧပြီ ၆ ရက် ဗုဒ္ဓဟူးနေ့တွင် ဇီဝဗေဒ/ ဘောဂဗေဒ၊ ဧပြီ ၇ ရက် ကြာသပတေးနေ့တွင် ပထဝီဝင်၊ ဧပြီ ၈ ရက် သောကြာနေ့တွင် သမိုင်း ၊ ဧပြီ ၉ ရက် စနေနေ့တွင် စိတ်ကြိုက်မြန်မာစာ စသည်ဖြင့် အသီးသီးဖြေဆို ကြရမည်ဖြစ်ကြောင်း သိရသည်။
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် မတ် ၉ ရက်အထိ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ခရိုင်၊ မြို့နယ်၊ စာစစ်ဌာနနှင့် စာဖြေဆိုသူ စာရင်းသွင်း အရေအတွက်မှာ ခရိုင်ပေါင်း ၇၁ ခရိုင်၊ မြို့နယ်ပေါင်း ၃၂၁ မြို့နယ်၊ စာစစ်ဌာနပေါင်း ၁၂၅၆ ဌာနတို့တွင် စာရင်းသွင်းဦးရေမှာ စုစုပေါင်း ၃၁၂၄၂၄ ဦးဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။
ထိုသို့ ကျောင်းသား ကျောင်းသူများ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေမှု များကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေနှင့် တာဝန်ရှိသူများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိ သည်။
သတင်းစဉ်