
၂၀၂၂ ခုနှစ် တစ်နှစ်တာကာလအတွင်း မြန်မာနိုင်ငံ၌ ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး စသည့် ကဏ္ဍများစွာတို့တွင် ထူးခြားဖြစ်စဉ်များကို မြန်မာ့အလင်းသတင်းစာ၌ ဖော်ပြခဲ့မှုများအနက်မှ ကောက်နုတ်စုစည်း ဖော်ပြအပ်ပါသည်။
(ယမန်နေ့မှအဆက်)
အောက်တိုဘာ ၁၁
ဘင်္ဂလားဒေ့ရှ်သို့ မြန်မာ့ဆန် တန်ချိန် ၂၁၀၀၀ ကျော် တင်ပို့
ရန်ကုန်မြို့ရှိ ဆူးလေဆိပ်ကမ်းမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ MV VTC Ocean သင်္ဘောဖြင့် မြန်မာ့ တန်းမြင့်ဆန်တန်ချိန် ၂၁၃၀၀ကို အောက်တိုဘာ ၂၁ ရက်က စတင်တင်ပို့ခဲ့သည်။ ၂၀၂၂ ခုနှစ်တွင် မြန်မာ နိုင်ငံ ဆန်စပါးအသင်းချုပ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စားနပ်ရိက္ခာဦးစီးဌာန တို့အကြား တန်းမြင့်ဆန် တန်ချိန် ၂၅၀၀၀၀ တင်ပို့ရန် စာချုပ်ချုပ်ဆို ခဲ့သည်။
အောက်တိုဘာ ၁၂
ကျိုက်ထီးရိုးတောင်တက် ကားဂိတ်အား အကြမ်းဖက်တိုက်ခိုက်မှု
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးဆံတော်ရှင်မြတ်စွာ ဘုရား ကင်မွန်းချောင်းတောင်တက် ကားဂိတ်အား အောက်တိုဘာ ၁၂ ရက်က KNLA တပ်မဟာ (၁) နှင့် NUG ၊ CRPH တို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် အကြောင်းမဲ့ရက်စက်မိုက်မဲစွာ လာရောက်ပစ်ခတ်ခဲ့ရာ ဘုရားဖူးလာရောက်ကြသည့် အပြစ်မဲ့ပြည်သူအမျိုးသမီးသုံးဦး သေဆုံး ခဲ့ပြီး အမျိုးသား ကိုးဦး၊ အမျိုးသမီး ၁၀ ဦး စုစုပေါင်း ၁၉ ဦး ထိခိုက် ဒဏ်ရာများ ရရှိခဲ့သည်။
အောက်တိုဘာ ၁၇
အူများ ဝမ်းဗိုက်အပြင်ရောက်သည့် ကလေးကို ခွဲစိတ်ကုသ
မွေးရာပါအူများ ဝမ်းဗိုက်အပြင်သို့ ရောက်ရှိနေသည့် အသက် လေးရက်သား မွေးကင်းစ မိန်းကလေး ဘေဘီ နန်းမွေဖောင်ကို စက်တင်ဘာ ၃၀ ရက်က စဝ်စံထွန်းပြည်သူ့ဆေးရုံကြီး၌ ပါမောက္ခ (ခွဲစိတ်) ဒေါက်တာ အောင်ခိုင်ဇံ၊ လက်ထောက်ဆရာဝန် ဒေါက်တာ ထက်အောင်ကျော်နှင့် ပါမောက္ခ(မေ့ဆေး) ဒေါက်တာ ဖုန်းမြင့်တို့ ဦးဆောင်သောအဖွဲ့က အူများကို ဝမ်းဗိုက်အတွင်း ပြန်လည်ထည့်သွင်း ပေးသည့် ခွဲစိတ်ကုသမှုကို အောင်မြင်စွာ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း အောက်တိုဘာ ၁၇ ရက်က သတင်းထုတ်ပြန်ခဲ့သည်။
အောက်တိုဘာ ၁၈
အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်
(၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို အောက်တိုဘာ ၁၈ ရက်က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန -၂ ၌ ကျင်းပခဲ့သည်။ အဆိုပါ ပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးမှ ၁၂၈ ဆု၊ မန္တလေးတိုင်းဒေသကြီးမှ ၈၈ ဆု၊ ဧရာဝတီတိုင်းဒေသကြီးမှ ၅၈ ဆု၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ၃၆ ဆု၊ ပဲခူးတိုင်းဒေသကြီးမှ ၃၃ ဆု၊ တနင်္သာရီတိုင်းဒေသကြီးမှ ၂၃ ဆု၊ မကွေးတိုင်းဒေသကြီးမှ ၂၂ ဆု၊ ချင်းပြည်နယ်မှ ၂၁ ဆု၊ ကရင်ပြည်နယ်မှ ဆု ၂၀၊ ရခိုင်ပြည်နယ်မှ ဆု ၂၀၊ ရှမ်းပြည်နယ်မှ ၁၉ ဆု၊ မွန်ပြည်နယ်မှ ၁၅ ဆု၊ ကချင်ပြည်နယ်မှ ၁၁ ဆုနှင့် ကယားပြည်နယ်မှ ၁၀ ဆု ရရှိခဲ့ကြသည်။
အောက်တိုဘာ ၂၁
လျှပ်စစ်ဓာတ်အားရရှိရေးဆောင်ရွက်မှု
၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာနှစ်အထိ ခြောက်နှစ် တာကာလအတွင်း အိမ်သုံးဆိုလာစနစ်ဖြင့် ကျေးရွာပေါင်း ၉၁၆၃ ရွာ၊ အိမ်ခြေပေါင်း ၄၁၈၃၆၃ အိမ်၊ အသေးစားဓာတ်အားစနစ်ဖြင့် စီမံကိန်း လုပ်ငန်းပေါင်း ၁၂၆ ခု၊ ကျေးရွာပေါင်း ၁၆၂ ရွာ၊ အိမ်ခြေပေါင်း ၃၈၉၁၃ အိမ်၊ လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ပေးကာ စုစုပေါင်း ကျေးရွာ ၉၃၂၅ ရွာ၊ အိမ်ခြေပေါင်း ၄၅၇၂၇၆ အိမ်၊ လူဦးရေ ၂ ဒသမ ၃ သန်းခန့်ကို အကျိုးပြုနိုင်ခဲ့ပြီး စာသင်ကျောင်း၊ ဆေးပေးခန်းနှင့် ဘာသာရေး အဆောက်အအုံစသည်တို့အတွက်လည်း အများသုံးဆိုလာစနစ် ၁၆၀၈၈ ခု၊ လမ်းမီးတိုင်ပေါင်း ၅၃၉၂၂ တိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်း ပေါင်း ၁၃၃၈ ခုအတွက်လည်း လျှပ်စစ်ဓာတ်အားရရှိရေး ဆောင်ရွက် ပေးနိုင်ခဲ့သည်။
အောက်တိုဘာ ၂၇
နှလုံးရောဂါ ကလေးလူနာ ၁၃၉၀ ကို အောင်မြင်စွာ ကုသ
ကျန်းမာရေးဝန်ကြီးဌာန ခုတင် (၅၅၀) ဆံ့ ကလေးဆေးရုံကြီး (ရန်ကုန်) နှလုံးကုသဆောင်၌ ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့ ကလေး ဆေးရုံ အမှတ်(၁)မှ ကလေးနှလုံး အထူးကုဆရာဝန် Dr. Do Nguyen Tin နှင့် ပါမောက္ခ ဒေါက်တာခင်မောင်ဦး၊ ပါမောက္ခ (ကလေးနှလုံး) ဦးဆောင်သော ကလေးနှလုံးရောဂါ အထူးကုဆရာဝန်များနှင့်အတူ ပူးပေါင်း၍ စက်တင်ဘာလအတွင်း မွေးရာပါ နှလုံးရောဂါရှင်ကလေးလူနာ စုစုပေါင်း ၁၃ ဦးကို ခွဲစိတ်ရန်မလိုဘဲ အောင်မြင်စွာ ကုသမှုများ ဆောင်ရွက်ပေးခဲ့သည်။ အဆိုပါဆေးရုံမှ ၂၀၁၅ ခုနှစ် ဩဂုတ်လမှ ၂၀၂၂ ခုနှစ် အောက်တိုဘာလအထိ စုစုပေါင်းနှလုံးရောဂါ ဝေဒနာရှင် ကလေးလူနာ ၁၃၉၀ ကို အောင်မြင်စွာ ကုသနိုင်ခဲ့သည်။
နိုဝင်ဘာ ၉
Naypyitaw State Academy ဖွင့်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပညာရေးဝန်ကြီးဌာန Naypyitaw State Academy ဖွင့်ပွဲ ကို နိုဝင်ဘာ ၉ ရက်က ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ခဲ့သည်။ Naypyitaw State Academy ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တတိယနှစ် သင်တန်းများကို စတင်ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပြီး သင်တန်း နှစ်များကို တစ်နှစ်ပြီး တစ်နှစ် တိုးချဲ့ဖွင့်လှစ် သင်ကြားပေးမည် ဖြစ်သည့်အပြင် ဘွဲ့လွန်တန်းများဖြစ်ကြသည့် မဟာတန်းများ၊ ပါရဂူတန်းများအထိ ဖွင့်လှစ်ပေးမည်ဖြစ်သည်။
နိုဝင်ဘာ ၁၂
နေပြည်တော် နည်းပညာတက္ကသိုလ်ဖွင့်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာန နေပြည်တော် နည်းပညာတက္ကသိုလ် ဖွင့်ပွဲကို နိုဝင်ဘာ ၁၂ ရက် က ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ခဲ့သည်။ နေပြည်တော်နည်းပညာ တက္ကသိုလ်တွင် (၂၀၂၂-၂၀၂၃) ပညာသင်နှစ်၏ ပထမနှစ်သင်တန်းများကို ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများအတွက် စတင်ဖွင့်လှစ်သင်ကြားပေးခဲ့သည်။
နိုဝင်ဘာ ၁၈
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ထုတ်ပြန်ချက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၇ ရက်တွင် အမိန့်အမှတ် ၇၀/ ၂၀၂၂၊ ၇၁/ ၂၀၂၂၊ ၇၂/ ၂၀၂၂၊ ၇၃/ ၂၀၂၂ နှင့် ၇၄/ ၂၀၂၂ တို့ဖြင့် အကျဉ်းထောင်၊ အကျဉ်းစခန်းနှင့် အလုပ်စခန်း အသီးသီးတို့တွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား၊ အကျဉ်းသူ စုစုပေါင်း ၅၇၇၄ ဦးနှင့် အခြားအကျဉ်းသားငါးဦးတို့ကို ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပြုခဲ့သည်။ ထို့ပြင် အမှုဖွင့်တရားစွဲဆိုခံထားရသည့် အနုပညာရှင် ၁၁ ဦးအား အမှုများကို ပိတ်သိမ်းခွင့်ပြုခဲ့ပြီး နိုင်ငံခြားသား လေးဦးတို့ကိုလည်း ပြစ်ဒဏ်များ လွတ်ငြိမ်းခွင့်ပြု၍ ပြည်နှင်ဒဏ် ပေးခဲ့သည်။ ဤကဲ့သို့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ လုပ်ဆောင်မှုများကို နောင်တွင်လည်း အလားတူ လုပ်ဆောင်နိုင်မည် ဟုမျှော်လင့်ပါကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက်အမှတ် (၄/၂၀၂၂)ကို နိုဝင်ဘာ ၁၈ ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။
နိုဝင်ဘာ ၂၉
၅၅ ကြိမ်မြောက် ကျောက်ကပ်အစားထိုး ကုသမှုအောင်မြင်
အထူးကုဆေးရုံကြီး ခုတင် (၅၀၀) ရန်ကုန်မြို့၌ ၅၅ကြိမ်မြောက် ကျောက်ကပ်အစားထိုးကုသမှုအဖြစ် လူနာ မခင်ညိုညိုထွေးနှင့် အလှူရှင် မသင်းပြည့်ပြည့်မိုးတို့ ညီအစ်မအား နိုဝင်ဘာ ၂၉ ရက် နံနက် ၈ နာရီ ၄၅ မိနစ်မှစတင်ဆောင်ရွက်ခဲ့ရာ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်တွင် ခွဲစိတ်ကုသမှုအောင်မြင်စွာပြီးစီးခဲ့သည်။ အဆိုပါဆေးရုံကြီး စတင်ဖွင့်လှစ်သည့် ၂၀၁၄ ခုနှစ်မှစ၍ ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုများဆောင်ရွက်ခဲ့ရာ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၉ ရက်အထိ စုစုပေါင်း ၅၅ ကြိမ် အောင်မြင်စွာ ခွဲစိတ်ကုသဆောင်ရွက်ပေးခဲ့သည်။
ဒီဇင်ဘာ ၁၅
လေယာဉ်၊ ရဟတ်ယာဉ်များတပ်တော်ဝင်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တပ်မတော်(လေ) ၏ (၇၅)နှစ်မြောက် စိန်ရတုနှစ်ပတ်လည်နေ့တွင် နိုင်ငံတော်နှင့် တပ်မတော်၏ လေကြောင်းစွမ်းပကား မြင့်မားစေရန်အတွက် တပ်မတော်(လေ)မှ စမ်းသပ်ထုတ်လုပ်သည့် MTX-1A အပါအဝင် လေယာဉ်၊ ရဟတ်ယာဉ်များ တပ်တော်ဝင်ခြင်း အခမ်းအနားကို ဒီဇင်ဘာ ၁၅ ရက်က မိတ္ထီလာတပ်နယ်ရှိ လေကြောင်းအတတ်သင် လေတပ် စခန်းဌာနချုပ်၌ ကျင်းပခဲ့သည်။ လေယာဉ်၊ ရဟတ်ယာဉ် များ တပ်တော်ဝင်ခြင်းအခမ်းအနားတွင် ပါဝင်သည့် Su-30 SME လေယာဉ်သည် စတုတ္ထမျိုးဆက်လွန် ဘက်စုံသုံး အကြီးစားတိုက်လေယာဉ် ဖြစ်ပြီး တပ်မတော်(လေ)အတွက် ပထမဆုံး စတင်အသုံးပြုသည့် လေယာဉ်အမျိုးအစားဖြစ်ကြောင်း သိရသည်။
ဒီဇင်ဘာ ၁၇
ပုသိမ်မြို့ ပြည်သူ့ဆေးရုံကြီး ကိုးထပ် ကုသဆောင်သစ်ဖွင့်
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသော အားဖြင့် ပုသိမ်မြို့ ပြည်သူ့ဆေးရုံကြီး ကိုးထပ် ကုသဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာ ၁၇ ရက်က ကျင်းပခဲ့သည်။ အဆိုပါ ကိုးထပ် ကုသဆောင်သစ်ကို မြေဧရိယာဧက ၂ ဒသမ ၂၃ဧကပေါ်တွင် နိုင်ငံတော် ၏ ခွင့်ပြုရန်ပုံ ငွေကျပ် ၂၂၉၅ ဒသမ ၇၈ သန်း အသုံးပြုတည်ဆောက် ခဲ့သည်။ ပုသိမ်ပြည်သူ့ဆေးရုံကြီးမှ ၂၀၂၂ ခုနှစ်အတွင်း အတွင်းလူနာ ပေါင်း ၇၀၀၀၀ ကျော်နှင့် ပြင်ပလူနာပေါင်း ၆၀၀၀၀ ကျော် ကုသပေးနိုင် ခဲ့သည်။
ဒီဇင်ဘာ ၂၄
တပ်မတော်(ရေ)အတွက် ရေယာဉ်များတပ်တော်ဝင်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တပ်မတော်(ရေ) ၏ (၇၅)နှစ်မြောက် စိန်ရတုတပ်မတော်(ရေ) နှစ်ပတ်လည်နေ့တွင် စစ်ရေ ယာဉ်များ တပ်တော်ဝင်ခြင်းနှင့် မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့သို့ လွှဲပြောင်း တပ်တော်ဝင်ခြင်း အခမ်းအနားကို ရန်ကုန်မြို့ရှိ အမှတ်(၃)ရေတပ်ဆိပ်ခံတံတား၌ ဒီဇင်ဘာ ၂၄ ရက်က ကျင်းပခဲ့သည်။ အဆိုပါ အခမ်းအနားတွင် တပ်မတော်(ရေ)အတွက် ပဉ္စမနှင့် ဆဋ္ဌမမြောက် Super Dvora အမြန်သွားကင်းလှည့်ရေယာဉ်များအပါအဝင် တပ်မတော် (ရေ)က တည်ဆောက်ခဲ့သည့် အမြန်သွားကင်းလှည့်ရေယာဉ်နှစ်စင်း၊ တပ်ဖွဲ့တင်ကမ်းထိုးရေယာဉ်နှစ်စင်းနှင့် ရေသယ်ရေယာဉ်တစ်စင်းတို့ တပ်တော်ဝင်ခဲ့သည်။
ဒီဇင်ဘာ ၂၉
အရိုးရောဂါအထူးကု ဆေးရုံကြီး-ရန်ကုန်
တိုးချဲ့ဆောင်သစ်ဖွင့်
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အရိုးရောဂါ အထူးကု ဆေးရုံကြီး - ရန်ကုန် တိုးချဲ့ငါးထပ် ဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာ ၂၉ ရက်က ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင် တိုင်မြို့နယ်ရှိ အဆိုပါဆေးရုံကြီး၌ ကျင်းပခဲ့ သည်။ ကျန်းမာရေးဝန်ကြီးဌာန လက်အောက် တွင် ပြည်သူ့ဆေးရုံပေါင်း ၁၁၇၈ ရုံ ဖွင့်လှစ် ခွင့်ပြုထားရှိပြီး ရန်ကုန် တိုင်းဒေသကြီးအတွင်း ဆေးရုံ စုစုပေါင်း ၈၃ ရုံ၊ ဗဟိုအဆင့် အထူးကု ဆေးရုံ ၁၀ ရုံ ဖွင့်လှစ်ကုသပေးလျက်ရှိသည်။
သတင်းအဖွဲ့- စုစည်းတင်ပြသည်