
နေပြည်တော် နိုဝင်ဘာ ၃
အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာ နိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်း ကျင်းပသည့် ၂၀၂၂ ခုနှစ် ပြည်နယ် နှင့် တိုင်းဒေသကြီး အသက် (၁၆) နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ ဘောလုံးအားကစား ကွင်း၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် များဖြစ်ကြသည့် ဒေါက်တာ ဗညားအောင်မိုးနှင့် ဦးရွှေကြိမ်း၊ တပ်မတော်မှ အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူ များ၊ ဝန်ကြီးဌာနများမှ ဝန်ထမ်း များနှင့် ဘောလုံးဝါသနာရှင်များ တက်ရောက်ကြည့်ရှု အားပေးကြသည်။
ရှေးဦးစွာ ဗိုလ်လုပွဲ ပွဲစဉ် အဖြစ် မကွေးတိုင်းဒေသကြီး အသင်းနှင့် ကချင်ပြည်နယ် အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မကွေးတိုင်းဒေသကြီးအသင်းက ကချင်ပြည်နယ်အသင်းကို လေးဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိသည်။
ထို့နောက် ဆုချီးမြှင့်ပွဲအခမ်း အနားကို ဆက်လက်ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးအောင် ထွန်းခိုင်က အကောင်းဆုံး ဂိုးသမားဆုရ မောင်သူရဇော် (တနင်္သာရီတိုင်းဒေသကြီးအသင်း) ကို လည်းကောင်း၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမျိုးလှိုင်က အကောင်း ဆုံး နောက်တန်းကစားသမား ဆုရ မောင်မင်းထက်ဇော် (ကချင်ပြည်နယ်အသင်း) နှင့် အကောင်းဆုံး အလယ်တန်း ကစားသမားဆုရ မောင်အောင် ခန့်ဖြိုး (ရန်ကုန်တိုင်းဒေသကြီး အသင်း)ကို လည်းကောင်း၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးက အကောင်းဆုံး ရှေ့တန်း ကစားသမားဆုရ မောင်ဝင်းပြည့်မောင် (မကွေး တိုင်းဒေသကြီးအသင်း)ကိုလည်း ကောင်း၊ နယ်စပ်ရေးရာဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ဖြိုးသန့်က ပွဲစဉ်တစ်လျှောက် အကောင်းဆုံး ကစားသမားဆုရ မောင်ဆက်ပိုင်ထွန်း (မကွေးတိုင်း ဒေသကြီးအသင်း) ကိုလည်း ကောင်း တစ်ဦးချင်း အကောင်းဆုံး ဆုတံဆိပ်များနှင့် ငွေသားဆုများ ကို ပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်က စတုတ္ထဆု ရရှိသည့် ရန်ကုန်တိုင်းဒေသကြီး အသင်းအား ငွေသားဆုကိုလည်း ကောင်း၊ ကာကွယ်ရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်လင်းထွန်းက တတိယ ရရှိသည့် တနင်္သာရီတိုင်းဒေသ ကြီးအသင်းအား တစ်ဦးချင်း ဆုတံဆိပ်များနှင့် ငွေသားဆုကို လည်းကောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်းက ဒုတိယဆုရရှိ သည့် ကချင်ပြည်နယ်အသင်းအား တစ်ဦးချင်း ဆုတံဆိပ်များနှင့် ငွေသားဆုကို လည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာ ဗညားအောင်မိုးက ပထမဆုရရှိသည့် မကွေးတိုင်း ဒေသကြီးအသင်းအား တစ်ဦးချင်း ဆုတံဆိပ်များ၊ ငွေသားဆုနှင့် အမျိုးသား တံခွန်စိုက်ဒိုင်းကို ပေးအပ်ချီးမြှင့်သည်။
၂၀၂၂ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး အသက် (၁၆) နှစ် အောက် အမျိုးသားဘောလုံး ပြိုင်ပွဲကို မြန်မာဘောလုံး အားကစားလောက အဆင့် အတန်း ဖွံ့ဖြိုးတိုးတက်လာစေရေး ကို အထောက်အကူပြုရန်နှင့် မျိုးဆက်သစ် ဘောလုံးအားကစား သမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ အောက်တိုဘာ ၂၀ ရက်မှ နိုဝင်ဘာ ၃ ရက်အထိ ကျင်းပခဲ့ခြင်းဖြစ်ပြီး ပြိုင်ပွဲဝင် အသင်းပေါင်း ၁၃ သင်းမှ အားကစားသမား စုစုပေါင်း ၂၉၇ ဦး ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်