
မော်လမြိုင် ဇန်နဝါရီ ၂၂
၂၀၂၂ ခုနှစ် မွန်ပြည်နယ် ဆား ထွက်ရာဒေသများဖြစ်သည့် ပေါင်မြို့နယ် ထန်းပင်ချောင် ဆားကွင်း၊ သံဖြူဇရပ်မြို့နယ် ကျိုက္ခမီ၊ စက်စဲ၊ ပငနှင့် ကရုပ္ပိ ဆားကွင်း၊ ရေးမြို့နယ်တွင် နှစ်ကရင်၊ ပလိုင်ကီး ဆား ကွင်းတို့၌ နေလှန်းဆား ဧက ၄၂၄၁ ဒသမ ၉၀ တွင် ဆားတန်ချိန် ၄၂၅၁၀ ထုတ် ရန် လျာထားသတ်မှတ်ချက် အတိုင်း ဆားလုပ်ငန်းစတင် ထုတ်လုပ်နေပြီဖြစ်ကြောင်း မွန်ပြည်နယ် ဆားလုပ်ငန်း ဦးစီးဌာနမှ သိရသည်။
“မွန်ပြည်နယ် နေလှန်း ဆား ပငဆားကွင်းဒေသ ပေါက်စျေးအနေဖြင့် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလဝန်းကျင် ဆားတစ်ပိဿာ ပေါက်စျေး ငွေကျပ် ၁၂၀ ထိ ရှိခဲ့တယ်။ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှာပဲ ဆားတစ်ပိဿာ ပေါက်စျေး ငွေကျပ် ၁၄၀ ထိရှိခဲ့ပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီလ တတိယ ပတ်လောက် ဆားအသစ် ထွက်တော့ ဆားတစ်ပိဿာ ငွေကျပ် ၈၀ လောက်ပဲ စျေး ရတယ်။ ထုတ်လုပ်မှုကုန်ကျ စရိတ်က စျေးမြင့်နေတာ ကြောင့် တွက်ခြေမကိုက် ပါဘူး” ဟု ပငဆားကွင်းမှ ဆားတောင်သူတစ်ဦးက ပြော သည်။
၂၀၂၁ ခုနှစ် မွန်ပြည်နယ် ဆားထုတ်လုပ်သည့် ဒေသ တစ်ခုလုံး ၄၂၁၄ ဒသမ ၇၄ ဖြစ်ပြီး ဆားထုတ်လုပ်သူ ၇၃ ဦးရှိကြောင်း၊ ၂၀၂၂ ခုနှစ်တွင် ၄၂၄၁ ဒသမ ၉၀ ဖြစ်ပြီး ဆား ထုတ်လုပ်သူ ၈၇ ဦးရှိကြောင်း၊ ဆားအထွက်ကောင်းသော မတ်လနှင့် ဧပြီလတို့တွင် မိုးမမိရန် အရေးကြီးကြောင်း မွန်ပြည်နယ် ဆားလုပ်ငန်း ဦးစီးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မုဒုံမောင်မောင်