၂၀၂၂ ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

 

 

ရန်ကုန်   မေ    ၈
ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့  နံနက် ၉ နာရီက   ရန်ကုန်မြို့ရှိ    ဆူးလေ ရှန်ဂရီလာဟိုတယ်၌ ကျင်းပသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဋ္ဌ     ဒေါက်တာမောင်မောင်မြင့်က    ယခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့ဆောင်ပုဒ်မှာ   ‘Be Human Kind- ကြင်နာစိတ်ထား ကြက်ခြေနီများ လူတိုင်း အပေါ်   ကူညီသွား’  ဖြစ်ကြောင်း၊   ဆောင်ပုဒ်၏ ရည်ရွယ်ချက်မှာ   ယနေ့  ကမ္ဘာပေါ်တွင်  ရင်ဆိုင် ကြုံတွေ့နေရသည့်    ကိုဗစ်-၁၉   ကူးစက်ရောဂါ၊ ရာသီဥတုပြောင်းလဲမှုများ၊    လူသားချင်း    စာနာ ထောက်ထားမှုဆိုင်ရာ အရေးပေါ်အခြေအနေများ၊ ပဋိပက္ခများ  ပြည့်နှက်နေသည့်  အချိန်ကာလတွင် ကြက်ခြေနီအခြေခံမူ (၇)ချက်မှ လူသားချင်းစာနာထောက်ထားခြင်းဆိုသည့်အချက်ကို  ရပ်ရွာလူထု အားလုံးထံ    ပျံ့နှံ့ရောက်ရှိရန်   လိုအပ်နေသည့် အချိန်ကာလဖြစ်ကြောင်း၊ ယခုနှစ် ကမ္ဘာ့ကြက်ခြေနီ နေ့တွင်   ကျွန်ုပ်တို့၏   အကြင်နာမေတ္တာများဖြင့် ကြီးသည်ဖြစ်စေ၊   ငယ်သည်ဖြစ်စေ   လူတိုင်း၏ ဘဝတွင်    ကြီးမားသော   ပြောင်းလဲမှုဖြစ်စေနိုင် သည့်    ကြင်နာမှုများဖြင့်    အကူအညီလိုအပ်နေ သူများကို   ဆက်လက်ကူညီပေးသွားကြရန်အတွက် ဤဆောင်ပုဒ်ဖြင့်       ဂုဏ်ပြုခြင်းဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက်    အပြည်ပြည်ဆိုင်ရာ    ကြက်ခြေနီ ကော်မတီ(ICRC)     မြန်မာနိုင်ငံဆိုင်ရာ     ဌာနေ ကိုယ်စားလှယ် Mr.Stephan Pierrre Sakalianနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်း များ   ဖက်ဒရေးရှင်း(IFRC)     မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Nadia Khouryတို့က အထိမ်းအမှတ်စကားများ ပြောကြားကြသည်။
ဆက်လက်၍ ၂၀၂၂ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်အဖြစ်       ကြက်ခြေနီလှုပ်ရှားမှု မှတ်တမ်း ဗီဒီယိုကို ပြသသည်။
ယင်းနောက် မြန်မာနိုင်ငံ ကြက်ခြေနီသူနာပြု တပ်ဖွဲ့တွင် အသက် ၆၅နှစ်ပြည့်သည်အထိ တာဝန် ထမ်းဆောင်ခဲ့သော    ကြက်ခြေနီတပ်ဖွဲ့ဝင်များကို ဂုဏ်ပြုချီးမြှင့်ပြီး မြန်မာနိုင်ငံ ကြက်ခြေနီအသင်း စေတနာလုပ်အားရှင်များ၏   စကားသံမှတ်တမ်း ဗီဒီယိုကို ပြသသည်။
ထို့နောက်    မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဋ္ဌက မြို့နယ်ကြက်ခြေနီအသင်းခွဲများ၏ လိုအပ် ချက်များကို အစဉ်တစိုက် ဖြည့်ဆည်းပေးခဲ့ကြသည့် အလှူရှင်များဖြစ်ကြသည့် အဂ္ဂမဟာသီရိသုဓမ္မမဏိ ဇောတဓရ  ဦးလှထွန်းနှင့် TTO Pharm Co,Ltd မှ ဦးထွန်းထွန်းဦး မိသားစုတို့ကို ဂုဏ်ပြုမှတ်တမ်းလွှာ များ ချီးမြှင့်ကြသည်။
ကြက်ခြေနီကို စတင်တည်ထောင်ခဲ့သူ ဟင်နရီ ဒူးနန့်၏  မွေးနေ့ဖြစ်သည့်  မေ ၈ ရက်တွင်  ကမ္ဘာ့ ကြက်ခြေနီနေ့အခမ်းအနားများကို ကမ္ဘာတစ်ဝန်းလုံး ရှိ  အမျိုးသားကြက်ခြေနီ  လခြမ်းနီအသင်းများက ကျင်းပပေးလျက်ရှိပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်း အနေဖြင့် ယခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့ကို အသက် ပေါင်းများစွာ     ကယ်တင်ရန်နှင့်    ပိုမိုကျန်းမာ ကောင်းမွန်သောဘဝများ ပြောင်းလဲရေးအတွက် လူမှုကရုဏာဆိုင်ရာ   ဝန်ဆောင်မှုများ   ဆောင်ရွက် ရန် ကတိကဝတ်ပြုထားကြသည့် ကြက်ခြေနီစေတနာလုပ်အားရှင်များနှင့် ဝန်ထမ်းများ၏ ရဲစွမ်းသတ္တိနှင့် အောင်မြင်မှုများကို ချီးကျူးဂုဏ်ပြုသည့်အနေဖြင့် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။     
 သတင်းစဉ်