၂၀၂၂ ခုနှစ် အာဆီယံ-တရုတ် ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဗီဒီယိုဇာတ်လမ်းတိုပြိုင်ပွဲတွင် MITV မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပထမဆု (Gold Medal) ရရှိ

 

နေပြည်တော်  နိုဝင်ဘာ  ၈


တတိယအကြိမ်  အာဆီယံ-တရုတ်  ချစ်ကြည်ရေးနှင့်  ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ဗီဒီယိုဇာတ်လမ်းတိုပြိုင်ပွဲ (3rd ASEAN-China Friendship  and  Cooperation  Short  Video  Contest)သို့ ပြန်ကြားရေးဝန်ကြီးဌာန၊   မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ MITV မှ မြန်မာနိုင်ငံကိုယ်စားပြု၍     ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေမှ သဗ္ဗညုဘုရားကြီးအား   တရုတ်နိုင်ငံအထောက်အပံ့ဖြင့်   ပြုပြင် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေပုံအကြောင်း  ၅  မိနစ်ကြာ အစီအစဉ်ကို  ပေးပို့ယှဉ်ပြိုင်ခဲ့ရာ  ပထမဆု (Gold Medal) အဖြစ် ရွေးချယ်ခဲ့ပါသည်။ 

 


အဆိုပါ  ဗီဒီယိုဇာတ်လမ်းတိုပြိုင်ပွဲကို  အာဆီယံအဖွဲ့ဝင်နိုင်ငံ များနှင့် တရုတ်နိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကို အထောက်အကူဖြစ်စေရန်အတွက်  တရုတ်နိုင်ငံက  ၂၀၂၀  ပြည့်နှစ်မှ စတင်၍ နှစ်စဉ်ဖိတ်ခေါ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ အာဆီယံ ဆိုင်ရာ တရုတ်မစ်ရှင်အဖွဲ့ (China's Mission to ASEAN), အာဆီယံ ဆိုင်ရာ   မြန်မာအမြဲတမ်းမစ်ရှင်အဖွဲ့   (Permanent Mission of Myanmar to ASEAN), အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်ရုံး (ASEAN Secretariat), ဝူရှီးမြူနီစီပယ်အုပ်ချုပ်ရေးအဖွဲ့ (Wuxi municipal government)နှင့် အခြားအစိုးရဌာနနှင့် အဖွဲ့အစည်းများ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး   တရုတ်နိုင်ငံနှင့်   အာဆီယံနိုင်ငံများမှ ဒိုင်အဖွဲ့ဝင်   ၁၀   ဦးက  ကြည့်ရှုအကဲဖြတ်၍   မြန်မာနိုင်ငံက  Gold Medal၊ လာအို-တရုတ်တို့ ပူးပေါင်းရိုက်ကူးသည့် ပြိုင်ပွဲဝင်ဗီဒီယိုများက Silver Medal နှစ်ဆု၊ မလေးရှားနိုင်ငံနှင့် စင်ကာပူ-တရုတ်တို့ ပူးပေါင်း ရိုက်ကူးသည့်  ပြိုင်ပွဲဝင်ဗီဒီယိုနှင့်  ကမ္ဘောဒီးယား-တရုတ်  ပူးပေါင်း ရိုက်ကူးသည့်   ပြိုင်ပွဲဝင်ဗီဒီယိုများက  Bronze  Medal  သုံးဆုနှင့် Excellence Award ၁၅ ခုတို့ကို ရွေးချယ်သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

 


အဆိုပါပြိုင်ပွဲ၏   ဆုပေးပွဲအခမ်းအနားကို   နိုဝင်ဘာ  ၁၆  ရက်၊ ပေကျင်းစံတော်ချိန်  ညနေ  ၃  နာရီတွင် Online မှ ကျင်းပမည် ဖြစ်သည်။ MITV အနေဖြင့် ယမန်နှစ်ကလည်း အဆိုပါပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ Excellence Award (နှစ်သိမ့်ဆု) ရရှိခဲ့သည်။ 

 


အဆိုပါ  Gold  Medal  ဆုရ ဗီဒီယိုဇာတ်လမ်းတိုမှာ ၂၀၁၆ ခုနှစ်  ဩဂုတ်  ၂၄ ရက်က လှုပ်ခတ်ခဲ့သော ပုဂံငလျင်ကြောင့် ထိခိုက်ခဲ့ရသည့် သဗ္ဗညုဘုရားကြီးအား တရုတ်နိုင်ငံအစိုးရ အထောက်အပံ့ဖြင့် ပြုပြင် ထိန်းသိမ်းရေးလုပ်ငန်းများ     ဆောင်ရွက်နေပုံအကြောင်း    ဖြစ်ပြီး Category-Friendly Neighbors (Section A): Millennia "Pauk-Phaw" Friendship ခေါင်းစဉ်အောက်တွင်လည်းကောင်း၊  ရွှေစည်းခုံ စေတီတော်ရှိ ချုအင်လိုင်းတန်ဆောင်းအကြောင်း စက္ကန့်  ၃၀  ကြာ ဇာတ်လမ်းတိုကိုလည်း Category-Friendly Neighbors (Section B): Millennia "Pauk-Phaw" Friendship ခေါင်းစဉ်အောက်တွင် လည်းကောင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ရာ ယင်းအစီအစဉ်နှစ်ခု သည် တရုတ်-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု၊ ပြည်သူအချင်းချင်း ပူးပေါင်းဆောင်ရွက်သည့်ကဏ္ဍများ၌ နားလည်မှုနှင့် ချစ်ကြည် ရင်းနှီးမှုတို့ကို ဖော်ဆောင်မြှင့်တင်ပေးသည့် အစီအစဉ်များဖြစ်သည့် အပြင်  ASEAN  အဖွဲ့ဝင်နိုင်ငံများအကြား  နားလည်မှု၊  ချစ်ကြည် ရင်းနှီးမှုနှင့်  ပူးပေါင်းဆောင်ရွက်မှုကဏ္ဍများ  ပိုမိုတိုးပွားလာနိုင်ပြီး ငြိမ်းချမ်းသော၊ ကြွယ်ဝချမ်းသာသော၊ တည်တံ့ခိုင်မြဲသော ASEAN လူမှုအသိုက်အဝန်းထူထောင်မှု   "A  Community  of  Peace, Prosperity and Sustainability" ကိုလည်း အထောက်အကူပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။


သတင်းစဉ်