
နေပြည်တော်အတွင်းရှိ အခြေခံပညာကျောင်းများသို့ ယနေ့တက်ရောက်သည့် ကျောင်းသား ကျောင်းသူ ၁၅၈၅၂၅ ဦးရှိ
နေပြည်တော် ဇွန် ၂
၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ် မေ ၂၆ ရက်မှ ဇွန် ၁ ရက်အထိ သတ်မှတ်၍ ကျောင်းအပ်နှံရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ပေးခဲ့ပြီး ယနေ့တွင် တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် အခြေခံပညာ(မူလတန်း၊ အလယ်တန်း၊ အထက်တန်း) များကို စတင်ဖွင့်လှစ်ခဲ့သည်။
အလားတူ နေပြည်တော်ကောင်စီနယ်မြေ အတွင်း၌လည်း နံနက်ပိုင်းမှစတင်၍ သက်ဆိုင်ရာ မြို့နယ်များအလိုက် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ခဲ့ပြီး ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိသည်။
ထိုသို့ ကျောင်းများစတင်ဖွင့်လှစ်ရာတွင် ကိုဗစ်- ၁၉ ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပွားစေရန်နှင့် ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီး ဌာန၏ လမ်းညွှန်ချက်များနှင့်အညီ တာဝန်ကျ ဆရာ ဆရာမများက ကျောင်းဝင်ပေါက်ရှေ့၌ ကျောင်းသား ကျောင်းသူများအား နှာခေါင်းစည်းများနှင့် Face Shield များ စနစ်တကျတပ်ဆင်ကြရန် တိုက်တွန်း နှိုးဆော်ခြင်း၊ ကျောင်းအတွင်းသို့ မဝင်ရောက်မီ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ ကျောင်းအတွင်း ထားရှိပေးထားသော လက်ဆေးဘေစင်များတွင် စနစ်တကျ လက်ဆေးစေခြင်းတို့ ဆောင်ရွက်ပြီးမှသာ သက်ဆိုင်ရာ အတန်းများသို့ သွားရောက်စေသည်ကို တွေ့မြင်ရသည်။
အမှတ်(၈)အခြေခံပညာအထက်တန်းကျောင်း မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ယမင်းသူက “အရင် နှစ်တွေတုန်းကတော့ ကျောင်းတက်တဲ့ ကျောင်းသား ကျောင်းသူဦးရေက တစ်ထောင်ဝန်းကျင်ပဲ ရှိပါတယ်။ အစဉ်အဆက်ကတော့ လူဦးရေ တစ်ထောင်မကျော် ခဲ့ပါဘူး။ အခုနှစ်ဆိုရင် ကျောင်းသား ကျောင်းသူဦးရေ ၁၂၀၀ ဝန်းကျင်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။
နောက်ထပ်လည်း ကျောင်းအပ်ဖို့ရှိမယ်လို့ ထင်ပါ တယ်။ ကျောင်းဖွင့်နေတဲ့အချိန်အတွင်းမှာကို ကျောင်းအပ်လက်ခံနေပါတယ်။ ဒီနှစ်လည်း လက်ခံ လို့ မရတော့ဘူးဆိုတဲ့ ကန့်သတ်ချက်တစ်ခုခု ထွက်မလာမချင်းတော့ ကျွန်မက ကျောင်းအပ် လက်ခံနေမှာပါ။ ကျောင်းအပ်သူ ထပ်တိုးရှိခဲ့မယ် ဆိုရင်လည်း ကျွန်မတို့ကျောင်းအနေနဲ့ စာသင်ခန်း အခြေအနေ လုံလောက်မှုရှိပါတယ်။
“အခုလို ကျောင်းအပ်လက်ခံနိုင်ဖို့ မေ ၁၅ ရက် ကတည်းက ကျောင်းသန့်ရှင်းရေး၊ ကျောင်းခန်း ပြင်ဆင်မှုများ လုပ်ခဲ့ရပါတယ်။ ကိုဗစ်-၁၉ ကူးစက် ရောဂါ မဖြစ်ပွားစေရေးအတွက်လည်း Mask စနစ်တကျ တပ်ဆင်ခြင်း၊ လက်ဆေးဘေစင်ထားရှိ ခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်းနဲ့ ကျောင်းသား ကျောင်းသူတွေအတွက် ကျန်းမာရေးစောင့်ရှောက်တဲ့ အခန်းလည်း ရှိပါတယ်။ ကျောင်း နှစ်နှစ်ဆက်တိုက် မအပ်ရသေးတဲ့ကလေးတွေဆိုရင် အတန်း နှစ်နှစ် နစ်နာသွားပါပြီ။ ဒါကြောင့် ကျောင်းအပ်စေချင်ပါ တယ်။ ဘယ်လိုအခြေအနေမျိုးများမှာပဲဖြစ်ဖြစ် ကျောင်းအပ်ကြပါလို့ တိုက်တွန်းချင်ပါတယ်” ဟု ပြောသည်။
အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံ လက်ခံခဲ့ရာတွင်လည်း မည်သည့်အခကြေးငွေမှ ကောက်ခံခြင်းမပြုဘဲ အခမဲ့ပညာရေးစနစ်ဖြင့် ဆောင်ရွက်ပေးပြီး ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းစွာ ပညာသင်ကြားနိုင်ရန်အတွက် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ၊ ဗလာစာအုပ်များ နှင့် စာရေးကိရိယာများကိုလည်း အခမဲ့ထောက်ပံ့ ဆောင်ရွက်ပေးခဲ့သည့်အပြင် ကျောင်းဝတ်စုံများ ကိုလည်း ပညာသင်နှစ်အတွင်း ထောက်ပံ့ပေးသွား မည်ဖြစ်သည်။
အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်း မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မြင့်ရီက “ကျွန်မတို့ ကျောင်းမှာ အထက်တန်းအဆင့် ကျောင်းတက်ဦးရေ က ၉၁ ရာခိုင်နှုန်း ကျောင်းတက်ပါတယ်။ အလယ် တန်းအဆင့် ကျောင်းတက်ဦးရေ ၉၀ ရာခိုင်နှုန်း နဲ့ မူလတန်းအဆင့် ကျောင်းတက်ဦးရေ ၉၅ ရာခိုင်နှုန်း ကျောင်းတက် ကြပါတယ်။ ဒီနေ့အထိ ကျောင်းအပ် ထားတဲ့ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၁၂၃၁ ဦး ရှိပါတယ်။ ဒီနေ့ ကျောင်းတက်ဦးရေ ၁၁၄၂ ဦး ကျောင်းတက်တဲ့အတွက် ၉၃ ရာခိုင်နှုန်း ကျောင်း တက်ကြပါတယ်။ ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့အတွက် ရပ်ရွာမိဘတွေနဲ့ ပူးပေါင်းပြီး ကျောင်းသားအားလုံး ကျောင်းရောက်ရှိ အောင် ကျွန်မတို့ ပူးပေါင်းဆောင်ရွက်နေပါတယ်။
“အကြောင်းအမျိုးမျိုးကြောင့် ကျောင်းနေခွင့် မရခဲ့တဲ့ကလေးတွေ၊ ကျောင်းကို ရောက်မလာကြ သေးတဲ့ကလေးတွေ၊ ကျောင်းနေ အရွယ်ကလေးတွေ အားလုံး ကျောင်းကိုရောက်ရှိအောင် တိုက်တွန်းဖို့ ရပ်ကွက်ကိုလည်း နှိုးဆော်ခိုင်းထားပါတယ်။ ကျွန်မ တို့က ကျောင်းဖွင့်နေတဲ့အချိန်တွေမှာလည်း ကျောင်းအပ်လက်ခံနေပါတယ်။ အခမဲ့ပညာရေး စနစ်ကို ဖော်ဆောင်နေတဲ့အတွက် အခမဲ့ကျောင်းသုံး ဗလာစာအုပ်၊ ဘောပင်၊ ခဲတံတို့ကို ကလေးတွေ လက်ထဲကို အကုန်ဝေပေးပြီး ဒီနေ့ စတင်ပညာ သင်ကြားနေပါပြီ။ ဒီနေ့မှာ ကလေးတွေက စိတ်အေး ချမ်းသာစွာနဲ့ ကျောင်းတက်ရောက်ပြီး ပညာ သင်ကြားနေကြပြီ ဖြစ်ပါတယ်” ဟု ပြောသည်။
ယခုကဲ့သို့ အခြေခံပညာကျောင်းများ စနစ်တကျ စတင်ဖွင့်လှစ်နိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက စာသင်ခန်းများတွင် ကိုဗစ် - ၁၉ စည်းကမ်းများနှင့်အညီ စာသင်ခုံများ နေရာချထား ခြင်း၊ စာသင်ချိန်များ စနစ်တကျ စီမံထားခြင်း၊ ကျောင်းကြို/ပို့ယာဉ်များ စီစဉ်ထားခြင်း၊ ကျောင်း များအတွင်း ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ် ရေးအစီအမံများ စီစဉ်ထားခြင်းနှင့် ကျောင်းများ ဥပဓိရုပ်ကောင်းမွန်စေရေး ပြင်ဆင်ခြင်းတို့ကိုလည်း ဆောင်ရွက်ထားကြောင်း သိရသည်။
ထို့ပြင် ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ ကျောင်းလာရောက်ချိန်တွင် ယာဉ် အန္တရာယ်ကင်းရှင်းစေရေးအတွက် ပြည်ထောင်စု နယ်မြေအတွင်း ကားလမ်းမကြီးများနှင့် နီးစပ်ရာ ကျောင်းများတွင် မြန်မာနိုင်ငံယာဉ်ထိန်းရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များက ကူညီဆောင်ရွက်ပေးနေသည့်အပြင် လုံခြုံစိတ်ချစွာဖြင့် ပညာသင်ကြား၊ သင်ယူခွင့် ရရှိနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ မီးသတ်တပ်ဖွဲ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက ကျောင်းတွင်း၊ ကျောင်းပြင် လုံခြုံရေးဆောင်ရွက်ပေး လျက်ရှိသည်ကိုလည်း တွေ့မြင်ရသည်။
နေပြည်တော်ကောင်စီနယ်မြေအတွင်း၌ အခြေခံ ပညာကျောင်း ၇၅၇ ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ၂၈ ကျောင်းနှင့် ပုဂ္ဂလိကကိုယ်ပိုင် ၅၇ ကျောင်း ကျောင်းစုစုပေါင်း ၈၄၂ ကျောင်းရှိပြီး ယနေ့တွင် အထက်တန်း၊ အလယ်တန်းနှင့် မူလတန်း ကျောင်းသား ကျောင်းသူပေါင်း ၁၅၈၅၂၅ ဦး တက်ရောက်လျက်ရှိကြောင်း သိရှိရသည်။
သတင်း - အောင်သန့်၊ ဓာတ်ပုံ - ကိုကိုထိန်