
နေပြည်တော် ဇွန် ၁
၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ၏ ကျောင်းအပ်နှံမှု သီတင်းပတ်အဖြစ် မေ ၂၆ ရက်မှ ဇွန် ၁ ရက်အထိ သတ်မှတ်၍ ကျောင်းသား ကျောင်းသူများအား ကျောင်းအပ်နှံမှု လက်ခံခြင်းများကို ဆောင်ရွက်လျက်ရှိရာ ကျောင်းအပ်စတင်လက်ခံ သည့် မေ ၂၆ ရက်မှ ယနေ့အထိ ကျောင်းအပ်နှံရေးသီတင်းပတ်အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၌ ကျောင်းအပ်နှံသူ ကျောင်းသား ကျောင်းသူ ၅၆၀၉၆၇၆ ဦး ရှိကြောင်း အခြေခံပညာဦးစီးဌာနမှ သိရသည်။
ယနေ့တွင်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံ ပညာကျောင်းများအလိုက် ကျောင်းအုပ်ကြီးများ၊ ကျောင်းအုပ်ချုပ်မှု တာဝန်ခံများနှင့် ဆရာ ဆရာမများက ကျောင်းလာရောက်အပ်နှံသူ မိဘအုပ်ထိန်းသူများနှင့် ကျောင်းသား ကျောင်းသူများ အဆင်ပြေ ချောမွေ့စွာ ကျောင်းအပ်နှံနိုင်ရေး ဆောင်ရွက်ပေးကြပြီး ကျောင်းသား ကျောင်းသူများအတွက် ပညာရေးဝန်ကြီးဌာနမှ အခမဲ့ထောက်ပံ့ ပေးအပ်သည့် စာရေးကိရိယာများနှင့် ကျောင်းသုံးစာအုပ်များကိုလည်း တစ်ပါတည်း ထောက်ပံ့ပေးအပ်ကြသည်။
ကျောင်းများ၏ လုံခြုံရေးနှင့် ကျောင်းအပ်နှံမှု လက်ခံဆောင်ရွက် သည့် ဆရာ ဆရာမများ၊ လာရောက်ကျောင်းအပ်နှံကြသည့် ကျောင်းသား ကျောင်းသူများနှင့် မိဘများ၏ လုံခြုံရေးအတွက် သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူများနှင့် တာဝန်သိပြည်သူများက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးကြပြီး လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်