
နေပြည်တော် မေ ၂၆
၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း သီရိမင်္ဂလာခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ယခုနှစ် တွင် ကျောင်းအပ်နှံရေးသတင်းပတ်ကို မေ ၂၆ ရက်မှ ဇွန် ၁ ရက်အထိသတ်မှတ်ပြီး ကျောင်းသားကျောင်းသူ များ ကျောင်းအပ်နှံရေး လက်ခံဆောင်ရွက်ပေးလျက် ရှိကြောင်း၊ ဇွန် ၂ ရက်တွင် နိုင်ငံတစ်ဝန်းလုံးရှိ အခြေခံပညာကျောင်းများအားလုံး တစ်ပြိုင်နက် တည်း ဖွင့်လှစ်၍ ပညာသင်ကြားရေးလုပ်ငန်းများ စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပညာရေး ဝန်ကြီးဌာနအနေဖြင့် အသိပညာ အတတ်ပညာ ပြည်စုံသော ပညာတတ်များ ပေါများလာရေး မျှော်မှန်းချက်ဖြင့် ကျောင်းနေအရွယ်ကလေးများ အားလုံး စဉ်ဆက်မပြတ် သာတူညီမျှ ပညာသင်ယူမှု အခွင့်အလမ်းရရှိရန် အထူးအလေးပေး ဆောင်ရွက် လျက်ရှိပါကြောင်း။
ကျောင်းနေအရွယ် ကလေးတိုင်း (KG+9) (အခြေခံပညာအလယ်တန်း) အဆင့် ပြီးဆုံးသည် အထိ ပညာသင်ကြားနိုင်ရန် ရည်မှန်းချက်ထား ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ (KG+9) အဆင့် ပြီးဆုံးသည့်အခါ အသက်မွေးဝမ်းကျောင်းပညာ သင်ကြားသည့်ကျောင်းများသို့ ဆက်လက် တက်ရောက်နိုင်ပြီး လုပ်ငန်းခွင်ဝင်ရောက်နိုင်သလို သတ်မှတ်အရည်အချင်းပြည့်မီပါက အဆင့်မြင့် ပညာများကို ဆက်လက်သင်ယူနိုင်မည်ဖြစ်ကြောင်း၊ ပညာသင်ယူခွင့် အခွင့်အလမ်းများ ဆုံးရှုံးနစ်နာမှု မရှိစေရေးနှင့် ကျောင်းသား ကျောင်းသူများအားလုံး ပညာသင်ယူခွင့်ရရှိရေးအတွက် ကျောင်းအပ်နှံရေး ဆောင်ရွက်ကြရန် ကြိုဆိုဖိတ်ခေါ်အပ်ကြောင်း၊ ကလေးများအားလုံး အခမဲ့ပညာရေးစနစ်ဖြင့် ပညာသင်ယူခွင့်ရရှိအောင် ဆောင်ရွက်ပေးထား ကြောင်း၊ ကျောင်းသားတစ်ဦးလျှင် ပြဋ္ဌာန်းစာအုပ် တစ်စုံ၊ ဗလာစာအုပ်တစ်ဒါဇင်၊ ခဲတံ၊ ဘော့လ်ပင်တို့ကို အခမဲ့ပေးအပ်သွားမည်ဖြစ်ပြီး မူလတန်းကလေးများ ကို ကျောင်းဝတ်စုံများ အခမဲ့ထောက်ပံ့ပေးမည် ဖြစ်ကြောင်း။
၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် Grade-5 ၊ Grade-8 ၊ Grade-11 ကျောင်းသားများအား သင်ရိုး သစ်ဖြင့် သင်ကြားပေးမည်ဖြစ်ကြောင်း၊ သင်ရိုးသစ် ဖြင့် သင်ကြားပို့ချနိုင်ရေးအတွက်လည်း ဘာသာရပ် ဆိုင်ရာ ဆရာ ဆရာမများကို သင်ရိုးသစ်မွမ်းမံ သင်တန်းများ ဖွင့်လှစ်ပို့ချပေးခဲ့ပြီးဖြစ်ကြောင်း၊ ဆရာ ဆရာမများအနေဖြင့် ပညာပြည့်ဝ၍ နှလုံးလှ သော ဆရာကောင်းများဖြစ်အောင် ကြိုးစားကြစေလို ကြောင်း၊ ယခုနှစ် ကျောင်းအပ်နှံရေးဆောင်ပုဒ် ဖြစ်သည့် “ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဟူသော ဆောင်ပုဒ်နှင့်အညီ ကျောင်းသား၊ ကျောင်းသူများ အားလုံး ပညာသင်ကြားနိုင်ရေး ဝိုင်းဝန်းဆောင်ရွက် ပေးကြပါရန်လိုကြောင်း၊ ပညာရေးဖွံ့ဖြိုးတိုးတက် ရန် ပါဝင်ပတ်သက်သူအားလုံး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က အမှာစကား ပြောကြား သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ညွန့်ဖေ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးဇော်ဝင်း၊ တာဝန်ရှိသူများက အခမဲ့ပုံနှိပ်များ၊ ဗလာစာအုပ်များ၊ ဘော့လ်ပင်၊ ခဲတံနှင့် ကျောင်းဝတ်စုံ များကို သက်ဆိုင်ရာ တာဝန်ရှိသူများထံ ပေးအပ်ကြ သည်။
ယင်းနောက် စိန်ရွှေမြ၊ မြရွှေကောင်း၊ Golden Style ဆောက်လုပ်ရေးကုမ္ပဏီများအုပ်စုက ဗလာ စာအုပ် ဒါဇင် ၁၂၀၀ ကို ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်းထံ ပေးအပ်လှူဒါန်း သည်။
အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီး သည် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူ များနှင့် ကျောင်းသားမိဘများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ပြီး ခင်းကျင်းပြသထားသည့် သင်ထောက်ကူပစ္စည်းများ၊ ကျောင်းသုံးပုံနှိပ်ဖတ်စာ အုပ်များကို ကြည့်ရှုစစ်ဆေးကာ စာသင်ခန်းအလိုက် ကျောင်းအပ်လက်ခံနေမှုကို ကြည့်ရှုအားပေး သည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်ကို မေ ၂၆ ရက်မှ ဇွန် ၁ ရက်အထိ သတ်မှတ်ထားရာ မြန်မာတစ်နိုင်ငံလုံးရှိ အခြေခံ ပညာကျောင်းများတွင် ကျောင်းသားမိဘများ၊ ကျောင်းသား ကျောင်းသူများ လာရောက်၍ ကျောင်း အပ်နှံလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်