
ရန်ကုန် မေ ၂၆
၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် နိုင်ငံတစ်ဝန်း အခြေခံပညာဦးစီးဌာနအောက်ရှိ ထက်၊ လယ်၊ မူ ကျောင်းများကို ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် ၂၀၂၂ ခုနှစ် မေ ၂၆ ရက်မှ ဇွန် ၁ ရက်အထိ သတ်မှတ် ထားပြီး ကျောင်းသား ကျောင်းသူများကို ကျောင်းဖွင့် ချိန်ကာလ ဇွန်လကုန်အထိ ဆက်လက်လက်ခံသွား မည်ဖြစ်ကြောင်း သိရသည်။
ယနေ့သည် ကျောင်းအပ်နှံရေးသီတင်းပတ်၏ အဖွင့်ရက်ဖြစ်သည့်အားလျော်စွာ ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ထက်၊ လယ်၊ မူကျောင်းများတွင် အတန်းအလိုက် ကျောင်းလာရောက်အပ်နှံသော ကျောင်းသား ကျောင်းသူများ၊ မိဘအုပ်ထိန်းသူများနှင့် စည်ကားလျက်ရှိသည်။
“ရန်ကုန်တိုင်းဒေသကြီးအနေနဲ့ ကျောင်းတွေ မဖွင့်ခင်ကတည်းက ကျောင်းတွေကို ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားတဲ့ လုပ်ငန်းတွေရှိပါတယ်။ ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ညွှန်ကြားမှုနဲ့ ဌာနဆိုင်ရာအသီးသီးပါဝင်ပြီး ကျောင်းသန့်ရှင်းရေးနဲ့ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေးကို အထူးဆောင်ရွက် ထားရှိပါတယ်။ ကျောင်းတွေမှာလည်း ကိုဗစ် စည်းကမ်းသတ်မှတ်ချက်တွေနဲ့အညီ စာသင်ကြား နိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထား ပါတယ်။ နိုင်ငံတော်က ကျောင်းသုံးဖတ်စာအုပ်၊ ဗလာစာအုပ်၊ ဘောလ်ပင်၊ ခဲတံ၊ မူလတန်းအဆင့်မှာ ကျောင်းသုံးဝတ်စုံ တစ်စုံစီ အခမဲ့ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးမှာ အခြေခံ ပညာကျောင်းပေါင်းအနေနဲ့ ၂၇၅၉ ကျောင်း ရာနှုန်းပြည့်ဖွင့်ပြီး ကျောင်းသားတွေလက်ခံနေ ပါတယ်။ ကျောင်းသားလက်ခံတဲ့အခါ ပုံမှန်နှစ်တွေ ထက်စာရင် ဖြေလျှော့ပြီး လက်ခံပေးထားပါတယ်။ ကျောင်းထွက်လက်မှတ်ရရှိဖို့ အခက်အခဲရှိသူတွေ ကိုလည်း စိစစ်ပြီး ဖြေလျှော့လက်ခံပေးပါတယ်။ ကျောင်းနေအရွယ်ကလေးတိုင်း ပညာသင်ယူခွင့် ရရှိအောင် ပညာရေးဝန်ကြီးဌာနအနေနဲ့ ဆောင်ရွက် လျက်ရှိပါတယ်။ အခြေခံပညာ ကျောင်းတွေ၊ ရပ်ရွာ၊ ကျေးရွာအထိ ဖွင့်လှစ်ပေးထားပြီ ဖြစ်ပါတယ်။ ကျောင်းမနေသူကလေးတွေကိုလည်း ကျောင်းကို ရောက်ရှိအောင် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်း တွေနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်”ဟု ရန်ကုန် တိုင်းဒေသကြီး ပညာရေးမှူး ဦးကျော်မိုးထွန်းက ပြောသည်။
ယခုနှစ် ကျောင်းအပ်နှံရာတွင်လည်း မည်သည့် အခကြေးငွေမှ ကောက်ခံခြင်းမပြုရန်၊ ငွေကြေး လက်ဆောင်ပစ္စည်းများ လက်ခံခြင်းမပြုရန်နှင့် အတန်းတံဆိပ်၊ ကျောင်းတံဆိပ် အစရှိသည်များ ရောင်းချခြင်းမပြုရန် ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
အခြေခံပညာအထက်တန်းကျောင်း သုဝဏ္ဏ မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးမြင့်စန်းက “ကျောင်းအပ်နှံရေး ရက်သတ္တပတ်ကာလအနေနဲ့ မေ၂၆ ရက်ကနေ ဇွန် ၁ ရက်နေ့အထိ ဖြစ်ပါတယ်၊ ကျွန်မတို့ကျောင်းက မနက် ၈ နာရီကနေ မွန်းလွဲ ၂ နာရီ အထိ လက်ခံပါတယ်။ ကျောင်းလာရောက် အပ်နှံမယ်ဆိုရင် ကျောင်းသားကျောင်းသူနဲ့အတူ မိဘအုပ်ထိန်းသူပါမှသာ ကျောင်းအပ်လက်ခံပါတယ်။ KG နဲ့ Grade 1 ကျောင်းသား ကျောင်းသူတွေဆိုရင် မိဘနှစ်ပါးရဲ့ မှတ်ပုံတင်မူရင်း၊ မိတ္တူရယ် ရပ်ကွက် နေထိုင်ကြောင်း သန်းခေါင်စာရင်း မိတ္တူ၊ မူရင်း ပါရှိရပါမယ်။ ကျောင်းလာရောက်အပ်နှံတယ်ဆိုရင် ကလေးတိုင်းကို ပုံနှိပ်စာအုပ်ရယ်၊ ဗလာစာအုပ်ရယ်၊ ကိုဗစ်ကာကွယ်ရေးပစ္စည်းတွေကို အခမဲ့ပေးသွား မှာဖြစ်တယ်။ မူလတန်းအတွက် ထောက်ပံ့ပေးတဲ့ ကျောင်းဝတ်စုံကိုလည်း ကျောင်းဖွင့်ချိန်ကာလ အတွင်း ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။ မနှစ်က အကြောင်းအမျိုးမျိုးကြောင့် ကျောင်းမတက်ဖြစ်တဲ့ ကလေးတွေဆိုရင် နဂိုမူရင်းအတန်းကို သွားရောက် အပ်နှံရမှာဖြစ်ပါတယ်။ နောက်တစ်ခုက ၂၀၁၉-၂၀၂၀ မှာ Grade-5 စတုတ္ထတန်း အောင်ထားတဲ့သူ ဆိုရင် Grade-6 မှာ သွားရောက်သင်ကြားရမှာ ဖြစ်ပါတယ်။ ၂၀၁၉-၂၀၂၀ မှာ နဝမတန်းအောင် ထားတဲ့ ကျောင်းသား ကျောင်းသူဆိုရင် စနစ်သစ် Grade -11 မှာ တက်ရောက်ခွင့်ရှိတယ်၊ Grade-11 ပြင်ပဖြေစနစ်ဟောင်းကိုလည်း ရွေးချယ်ခွင့်ရှိတယ်။ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှာ ပညာရေးဝန်ကြီးဌာနရဲ့ “ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ခွင့် ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နဲ့အညီ မိဘတွေအနေနဲ့ မိမိတို့ရဲ့ ကလေးတွေကို ကျောင်းလာရောက်အပ်နှံကြဖို့ဖိတ်ခေါ်ပါတယ်”ဟု ပြောသည်။
အထက(၂)လသာမှ Grade-4 ကျောင်းသူမိဘ တစ်ဦးကလည်း “ကျွန်မသမီးက ဒီကျောင်းမှာ Grade-4 တက်မှာပါ။ ဓာတ်ပုံ သုံးပုံပဲပေးရတယ်၊ ကျောင်းက ပြန်ပြီး ဖတ်စာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ဘော့လ်ပင်၊ ကျောင်းဝတ်စုံ၊ မက်စ်ရယ်ပေးတယ်။ ကမ္ဘာနဲ့အဝန်းမှာ ကလေးတွေပညာရေးလုံးပန်း နေချိန် ဒီမှာလည်းကလေးတွေကို ကျောင်းအပ်ခွင့် ရတာ ဝမ်းသာပါတယ်။
ပညာသင်ဖို့ အခွင့်အလမ်း တွေရတယ်။ ဒါမှလည်း သူတို့ရဲ့အနာဂတ်တွေ ပြောင်းလဲနိုင်မှာပါ။ မာလာလာပြောခဲ့တဲ့စကားလိုပဲ ဘောလ်ပင်တစ်ချောင်း၊ စာအုပ်တစ်အုပ်၊ ကျောင်းသား တစ်ယောက်၊ ဆရာမတစ်ယောက်ရှိရင် ကလေးတွေ ရဲ့ အနာဂတ်၊ ကမ္ဘာကြီးကိုပါ ပြောင်းလဲပစ်နိုင် တယ်ဆိုတဲ့စကားကို ကျွန်မတို့သတိရရမှာပါ။ ဒီလိုမျိုး ကျောင်းမတက်ဘဲနေရင်၊ ကလေးတွေရဲ့ အနာဂတ် မလှပရင် ကမ္ဘာကြီးကို လှပအောင် ဘယ်လို ပြောင်းလဲလို့ရမလဲ၊ အဲဒါကြောင့် အနာဂတ်မျိုးဆက် သစ်လေး တွေရဲ့ ပညာရေးတိုးတက်မြင့်မားဖို့အတွက် ကျောင်းနေရမယ့်အရွယ်၊ ကျောင်းတက်ရမယ့်အချိန် မှာ ကျောင်းသားတွေကို ကျောင်းအပ်ပေးကြပါလို့ မိဘတစ်ယောက်အနေနဲ့ တိုက်တွန်းချင်ပါတယ်။ ဒီနှစ် ကျောင်းလာအပ်တဲ့ ကျောင်းသူတွေပိုများ လာတာလည်းတွေ့ရတယ်”ဟု ပြောသည်။
ကျောင်းများတွင် ကိုဗစ်-၁၉ ကာကွယ်ရေးအနေ ဖြင့် Mask၊ Face Shield ပေးဝေခြင်း၊ ကိုဗစ် -၁၉ နှင့်ပတ်သက်ပြီး ကျောင်းများတွင် သတိပေးစာ၊ ကြေညာချက်၊ ဗီနိုင်းများ ချိတ်ထားခြင်း၊ စာသင်ချိန် အတွင်း လိုက်နာရမည့်အချက်များ ချိတ်ဆွဲထားခြင်း၊ လက်ဆေးဘေစင်များ အမှိုက်ပုံးများ စနစ်တကျ ထားရှိပေးထားသည်ကိုလည်း တွေ့ရသည်။
အထက(၂)စမ်းချောင်း မှ Grade(9) အတန်းပိုင် ဆရာမဒေါ်အမာစိန်က “ ကျောင်းအပ်နှံရေး သီတင်း ပတ်ဖြစ်တဲ့ မေလ ၂၆ ရက်နေ့ကနေ ဇွန် ၁ ရက်အထိ ပိတ်ရက်မရှိ နံနက် ၈ နာရီကနေ မွန်းလွဲ ၂ နာရီအထိ လက်ခံမှာဖြစ် ပါတယ်။ ကျောင်းအပ်နှံရေး သီတင်း ပတ်အတွင်းမှာလည်း ဖတ်စာအုပ်၊ ဗလာစာအုပ်၊ ကိုဗစ်ကာကွယ်ရေး မက်စ် ဖေ့ရှီး၊ ခဲတံ၊ ဘောလ်ပင်၊ အားလုံး တစ်ပါတည်းပေးလိုက်မှာဖြစ် ပါတယ်။ ဒီနေ့ကတော့ မူကြို KG နဲ့ အခြားကြား အတန်းတွေအတွက် ကျောင်းသူအသစ်တွေဝင်ခွင့် ဖောင် အခမဲ့ပေးတယ်။ နောက်အတန်းတွေဖြစ်တဲ့ Grade(1)ကစပြီး Grade(12) အထိ ကျောင်းအပ် လက်ခံနေပါတယ်။ ထူးခြားချက်ကတော့ ၂၀၁၉-၂၀၂၀ အောင်မြင်မှုရပြီးသားကလေးတွေ ဒီနှစ်မှာ ပြန်ဝင်ပြီး လက်ခံပါတယ်။
တစ်တန်းကို လေးပေစီခြား ပြီး ၄၅ ဦးစီ သင်ကြားလို့ရအောင် စီမံထားပါတယ်။ ဆရာမတွေအနေနဲ့ အတန်းစိ အချိန်စိဝင်နိုင်အောင် အချိန်စာရင်းတွေအဆင်သင့် ဆွဲထားပြီပါပြီ။ နောက် ကလေးတွေအနေနဲ့ ကိုဗစ်ကာကွယ်ရေးနဲ့ ကျင့်သား ရပြီးသားဖြစ်နေပါတယ်။ အတန်းတိုင်းရှေ့မှာ ဘေစင်၊ လက်ဆေးဆပ်ပြာ၊ အမှိုက်ပုံး၊ ကိုဗစ်စွန့်ပစ် ပစ္စည်းတွေ စွန့်ပစ်တဲ့အမှိုက်ပုံးကအစ ပြင်ဆင် ထားပါတယ်။ သင်ကြားရေးအပိုင်းမှာဆိုရင် တစ်နေ့ ကို စာသင်ချိန် ရှစ်ချိန်နဲ့ တစ်ပတ်ကို စာသင်ချိန်စုစု ပေါင်း ၄၀ ဆွဲထားပြီးပါပြီ။ ကျောင်းကိုလာတဲ့အခါ မှာလည်း စည်းကမ်းတကျပညာသင်နိုင်ဖို့ စိတ်ပါ ဝင်စားပျော်ရွှင်စွာနဲ့ သင်နိုင်အောင် အားလုံးဘက်စုံ က ပြင်ဆင်ထားပြီးဖြစ်ပါတယ်။ ကာယ၊ ပန်းချီ စသည် ဖြင့် ဆရာကြီးတွေ၊ ပညာရှင်ကြီးတွေနဲ့ ဆွေးနွေး တိုင်ပင်ပြီး အချိန်ဇယားဆွဲထားပါတယ်။ ဒီနှစ်စာသင် နှစ်မှာ ဘက်စုံဖွံ့ဖြိုးတိုးတက်ဖို့ ဘက်စုံဖွံ့ဖြိုးရေးဘာသာရပ်အားလုံး သင်ကြားပေးမှာဖြစ်ပါတယ်”ဟု ဆိုသည်။
ယခု ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် Grade -5၊ Grade -8နှင့် Grade -11 သင်ရိုး သစ်တန်းများကို ဖွင့်လှစ်သွားမည်ဖြစ်သဖြင့် လက်ရှိတွင် ဆရာ၊ ဆရာမများအတွက် သင်ရိုးသစ် TOT သင်တန်းများကို ဧပြီလအတွင်း ဖွင့်လှစ်ပို့ချပေးခဲ့ကြောင်း သိရသည်။
သင်္ဃန်းကျွန်းမြို့နယ် ပညာရေးမှူး ဦးသိန်းထွန်း ကလည်း “ ကျောင်းအပ်နှံရေး ရက်သတ္တပတ်ကာလ မတိုင်မီကတည်းက ကျောင်းတွေရဲ့ ကျောင်းဝင်း သန့်ရှင်းရေးအတွက် ရေနဲ့မိလ္လာ၊ ကျောင်းသုံး စာအုပ်တွေ အချိန်မီဖြန့်ဝေနိုင်ဖို့ကအစ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ဆောင်ရွက်ခဲ့ကြတယ်။ ကိုဗစ်က ပေါ့သွားပေမယ့် လုံးဝပျောက်သွားတာ မဟုတ်သေး ဘူး၊ ဒါကြောင့် ကျောင်းတွေမှာ ခုံစီတာကအစ ကိုဗစ်စည်းကမ်းနဲ့အညီ ဆောင်ရွက်ထားတယ်၊ ဒါ့အပြင် ကျောင်းမဖွင့်ခင် သင်ကြားရေး ဆရာ ဆရာမတွေကိုလည်း Grade -5၊ Grade -8 စတာတွေကို ဗဟိုအဆင့်၊ တိုင်းအဆင့် မြို့နယ့်အဆင့် ဆင့် သင်ရိုးသစ် သင်တန်းတွေပေးရပါတယ်၊ သင်္ဃန်းကျွန်းမြို့နယ်မှာ အထက ၅ ကျောင်း၊ အထက (ခွဲ) ၂ ကျောင်း၊ အလက ၅ ကျောင်း၊ မူလတန်း ကျောင်း ၃၅ ကျောင်း စုစုပေါင်း ၄၇ ကျောင်း ရှိပါတယ်၊ ကိုယ်ပိုင်ကျောင်း ၁၃ ကျောင်း၊ ဘက ၆ ကျောင်းရှိပါတယ်၊ ကျောင်းတက်ချင်တဲ့ ကလေးတွေကို ဇွန်လကုန်အထိ လက်ခံပေးပါတယ်။ ကလေးတွေရဲ့ ကျန်းမာရေး၊ ပညာရေး၊ လုံခြုံရေးက အစ အစစအရာရာ သက်ဆိုင်ရာ တာဝန်ရှိသူတွေ ပူးပေါင်းဆွေးနွေးစီမံ ဆောင်ရွက်ထား ရှိပါတယ်၊ ကလေးတွေ ကျောင်းတက်ကြပါ”ဟု ပြောသည်။
လက်ရှိတွင် အသက် ၁၂ နှစ်အထက် ကျောင်းသား ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်းသိရသည်။
“ကျောင်းအပ်နှံရေးသီတင်းပတ်ကို ပညာရေး ဝန်ကြီးဌာနက သတ်မှတ်ထားတဲ့အတိုင်း ကျောင်း တိုင်း လက်ခံကြပါတယ်။ ဒီနှစ်ကျောင်းအပ်နှံရေး ဆောင်ပုဒ်ကတော့ ကျောင်းနေအရွယ် ကလေး အားလုံး ပညာသင်ယူခွင့် ရရှိဖို့၊ ကျောင်းအပ်နှံကြစို့ ဖြစ်ပါတယ်။ နှစ်တိုင်း ကျောင်းသားဟောင်းရော၊ ကျောင်းသားသစ်ရောလက်ခံပါတယ်။ ကျောင်းနေ အရွယ်ကလေးတိုင်း ကျောင်းသို့ရောက်ရှိရေး အတွက်ဆိုတဲ့အတိုင်း ပညာရေးဝန်ကြီးဌာနက ဝန်ထမ်းအားလုံး၊ ကျောင်းသားတွေအားလုံးကို လက်ခံပါတယ်။ ဒီနှစ်ဆို ၂၀၁၉-၂၀၂၀ ပြည့်နှစ်မှာ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းမတက်ဖြစ်တဲ့ ကျောင်းသားအားလုံးလက်ခံပါတယ်။ ကျောင်းသား အသစ်တွေကိုလည်း လက်ခံပါတယ်။ ကျွန်မတို့ ကျောင်းက မိန်းကလေး ကျောင်းဖြစ်တဲ့အတွက် ပဉ္စမတန်းအထိကို ယောကျ်ားလေးလက်ခံပြီး Grade-6 မှ Grade-12 အထိ မိန်းကလေးပဲ လက်ခံ ပါတယ်။
ကျောင်းမဖွင့်ခင်ကတည်းက ပညာရေး ဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက် ကြပါတယ်။ အခမဲ့ပညာရေးလည်းဖြစ်တဲ့ အတွက် အခမဲ့ကျောင်းသုံးဖတ်စာအုပ်၊ ဘောပင်၊ ခဲတံ၊ မက်စ်၊ ဖေ့ရှီးတွေကိုလည်း ကလေးတိုင်း သတ်မှတ်အရေအတွက်အတိုင်း အခမဲ့ပေးပါတယ်။ ကျောင်းမဖွင့်ခင် လုပ်စရာ ကတော့ ဆရာမတွေကိုလည်း အတန်းပိုင် ဆရာမ၊ အတန်းမှူးခွဲဝေပြီး အချိန်ဇယား သစ်ရိုးသစ်ဆိုရင် မူလတန်းအောက်ဆိုရင် KG ကနေ Grade -3 အထိ စာသင်ချိန် ခုနစ် ချိန်နဲ့ တစ်ချိန်ကို ၃၅ မိနစ် အချိန်ဇယားဆွဲထား ပါတယ်။
မူလတန်းအထက်ဆိုရင် စာသင်ချိန် ခုနစ်ချိန်နဲ့တစ်ချိန်ကို မိနစ် ၄၀ ဆွဲထားပါ တယ်။ အလယ်တန်းကနေ အထက်တန်းကို တစ်ချိန်ကို ၄၅ မိနစ်နဲ့ တစ်နေ့ ရှစ်ကြိမ် သင်ကြားပေးမှာဖြစ်ပါတယ်။ လက်ခံထားတာ ကတော့ အသက်ငါးနှစ်ပြည့်သူတိုင်း KG ဆိုတဲ့သူငယ်တန်းကို တက်ရောက်ခွင့်ရှိတယ်။ အသက်ခြောက်နှစ်ပြည့်သူတိုင်း GradeI -1 ကို တက်ခွင့်ရှိတယ်။ မနှစ်က အကြောင်းအမျိုးမျိုး ကြောင့် အခုနှစ်မှာ လာရောက်တက်နိုင်ပါ တယ်။ တက်ရောက်ပြီး ၂၀၁၉-၂၀၂၀ မှာ Grade -3 အောင်မြင်ထားရင် ဒီနှစ်ပညာ သင်နှစ်မှာ Grade -4 ကို တက်ရောက်နိုင်ပါ တယ်။ ကျောင်းအပ်နှံရေး သီတင်းပတ်မှာ မိဘ တွေရော၊ ကျောင်းသား ကျောင်းသူတွေရော ကျောင်းအပ်နှံကြပါလို့ ပြောချင်ပါတယ်” ဟု (အထက-၂) စမ်းချောင်း ကျောင်းအုပ် ဆရာမကြီး ဒေါက်တာစန္ဒာမြငြိမ်းက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ပညာရေးတက္ကသိုလ် လေ့ကျင့်ရေး အထက်တန်းကျောင်း လေးကျောင်းအပါအဝင် အခြေခံပညာ ကျောင်း ၂၇၅၈ ကျောင်း၊ ဘုန်းတော်ကြီး သင်ပညာရေးကျောင်းပေါင်း ၂၃၀ ၊ ကိုယ်ပိုင် ကျောင်း ၂၇၃ ကျောင်းရှိခဲ့ကြောင်း သိရ သည်။
သတင်းစဉ်