
ရန်ကုန် ဇွန် ၂
၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် နိုင်ငံတစ်ဝန်း အခြေခံပညာဦးစီးဌာနအောက်ရှိ ထက်/လယ်/မူ ကျောင်းများ၏ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် ၂၀၂၂ ခုနှစ် မေ ၂၆ ရက်မှ ဇွန် ၁ ရက်အထိသတ်မှတ်၍ ကျောင်းအပ်နှံမှု လက်ခံခြင်းများကို ဆောင်ရွက်ခဲ့ရာ ကျောင်းအပ်နှံမှု စတင်လက်ခံသည့် ၈ ရက်တာ ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်း အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံသူ ကျောင်းသား ကျောင်းသူ ဦးရေ ၈၀၀၃၉၅ ဦး ရှိကြောင်း သိရသည်။
မြန်မာတစ်နိုင်ငံလုံးတွင် ၂၀၂၂-၂၀၂၃ ပညာသင် နှစ်အတွက် အခြေခံပညာအဆင့်ကျောင်းများကို ယနေ့ စတင်ဖွင့်လှစ်ခဲ့ရာ ကျောင်းသား ကျောင်းသူ များ ပျော်ရွှင်လန်းဆန်းစွာ ကျောင်းစတင်တက်ရောက် ကြသည်ကို တွေ့ရသည်။
ကျောင်း၏ လုံခြုံရေးနှင့် ကျောင်းတက်ရောက်ကြ သည့် ကျောင်းသား ကျောင်းသူများအတွက် သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူများနှင့် တာဝန်သိ ပြည်သူများ ပူးပေါင်းဆောင်ရွက် ပေးလျက်ရှိကြောင်း လည်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူး ဦးကျော် မိုးထွန်းက “ဒီနေ့ ဇွန် ၂ ရက်နေ့မှာ တစ်နိုင်ငံလုံးမှာ ရှိတဲ့ ကျောင်းတွေပြန်ဖွင့်ပါတယ်။ ရန်ကုန်တိုင်း ဒေသကြီးမှာရှိတဲ့ ကျောင်းတွေကို ကွင်းဆင်းကြည့်ရှု စစ်ဆေးနေပါတယ်။ ဒီနေ့ ကျွန်တော့်အနေနဲ့ အထက (၁) သာကေတ၊ အထက သုဝဏ္ဏ၊ အထက (၁) လသာ ကျောင်းတွေကို ကြည့်ရှုအားပေးပါတယ်။ ဒီနှစ်ကျောင်းသားတွေ ကျောင်းတက်တာ မနှစ်က ထက်ပိုများလာတာ တွေ့ရပါတယ်။ ဆရာ ဆရာမ တွေကလည်း ကျောင်းသားဦးရေများလာတဲ့အတွက် ဝမ်းသာကြောင်း ပြောပါတယ်။ ဒီနှစ်ကျောင်းသားတွေ ကို ၅ နှစ်ကနေ ၁၂ နှစ်၊ ၁၂ နှစ်ကနေ ၁၅ နှစ်၊ ၁၅ နှစ်ကနေ ၁၈ နှစ်အထိ ကျန်းမာရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး ကိုဗစ်ကာကွယ်ဆေး ထိုးပေးသွားမှာပါ။ ဆေးထိုးတဲ့အခါမှာ မိဘအုပ်ထိန်းသူ သဘောတူညီ ချက် ရယူပြီးတော့ မိဘသဘောတူတဲ့ ကျောင်းသား ကျောင်းသူတွေကို ဆေးထိုးပေးမှာ ဖြစ်ပါတယ်။ ဒီနေ့ ကျောင်းတွေရဲ့ သင်ကြား၊ သင်ယူမှုစနစ်တွေ၊ စာသင်ခန်းတွေကို အဓိကကြည့်ပါတယ်။ စာသင်ခန်း နဲ့ ကျောင်းသားဦးရေ မျှတမှု ရှိ၊ မရှိ၊ ဆရာအင်အား ပြည့်စုံမှု ရှိ၊ မရှိ၊ ကျောင်းသုံးဖတ်စာအုပ် လုံလောက်မှု ရှိ၊ မရှိ ဒါတွေကို အဓိကထားပြီး ကြည့်ရှုပါတယ်။ ဒီနေ့အထိ ကျောင်းအပ်လက်ခံတာတွေ ရှိပါတယ်။ ကျောင်းလာရောက်အပ်နှံမှုမရှိသေးတဲ့ မိဘတွေအနေ နဲ့ ကျောင်းလာအပ်ဖို့ ဖိတ်ခေါ်ပါတယ်” ဟု ဆိုသည်။
သူငယ်တန်း (KG)အပါအဝင် (Grade-12)အထိ စုစုပေါင်း အတန်း ၁၂ တန်းကို သင်ကြားရမည် ဖြစ်ပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် Grade-5၊Grade-8နှင့် Grade-11 တို့အတွက် ဘာသာရပ် အလိုက်သင်ရိုးသစ်များကို ဆရာ ဆရာမများအတွက် ပညာရေးဝန်ကြီးဌာနက သင်တန်းများ ပို့ချပေး ခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်ပညာ ရေးမှူး ဒေါ်စုစုခင်က “မြို့နယ်တွေအနေနဲ့ ဆရာ ဆရာမ လိုအပ်ချက်ရှိပါတယ်။ အဲဒီလိုအပ်ချက်ကို ကျွန်မတို့ ပြင်ပက ခေါ်ယူဖြည့်တင်းထားတဲ့ ဆရာ ဆရာမတွေလည်း မကြာခင်မှာ အော်ဒါထွက်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အထက်တန်းပြ လိုအပ်ချက် အတွက် ဌာနတွင်းမှာရှိနေတဲ့ ဆရာ ဆရာမတွေကို B.Ed သင်တန်း တစ်နှစ်ကို နှစ်ကြိမ်တက်ရောက်ဖို့ စီမံထားပါတယ်။ လစ်လပ်နေတဲ့နေရာတွေမှာ အပြောင်းအရွှေ့၊ ရာထူးတိုးတွေကိုလည်း ဆက်လက် ဆောင်ရွက်မှာဖြစ်ပါတယ်။ ရှိနေတဲ့ ဆရာ ဆရာမ အင်အားနဲ့ ဆောင်ရွက်တဲ့အခါမှာ ကျောင်းသား အင်အားများလာရင်တော့ ပုံမှန် တစ်ချိန်တက်နေရာ ကနေ နှစ်ချိန်ကျောင်းပြောင်းမလား။ ကလေးတွေ သင်ကြား သင်ယူမှု အဆင်ပြေစေနိုင့်မယ့် နည်းလမ်း တွေကို သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ ဌာနဆိုင်ရာတွေ ပူးပေါင်းစီမံဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။
အထက(၁)လသာ ကျောင်းအုပ်ကြီးကလည်း “အထက(၁) လသာမှာ မနေ့ကအထိ ကျောင်းအပ် ထားတဲ့ ကျောင်းသား ကျောင်းသူ ၈၃၀ ရှိပြီး ဒီနေ့ ကျောင်းတက်တာ ၇၉၆ ယောက် ရှိပါတယ်။ ကျောင်း မတက်သေးတာ အနည်းအကျဉ်းပဲ ရှိပါတယ်။ မနှစ်ကထက်စာရင် ကျောင်းသားဦးရေ သုံးချိုးနှစ်ချိုး တက်ရောက်ပြီဖြစ်ပါတယ်။ နောက်ပြီး ကျောင်းသား ဟောင်းတွေဖြစ်တဲ့အတွက် လာအပ်ကြမယ်လို့ မျှော်လင့်ပါတယ်။ မနှစ်ကမတက်တဲ့ ကျောင်းသား တွေကိုလည်း ဒီနှစ်လာအပ်တဲ့အခါ မတက်ဖြစ်တဲ့ ကျောင်းသားအချင်းချင်း ပြန်ထားပေးပါတယ်။ အဲဒီလို စီစဉ်ထားပေးပါတယ်။ လေးထပ်ကျောင်း ဆောင်ကြီးရယ်၊ စာကြည့်တိုက်ရယ်ကို ကျောင်းသား ဟောင်းကြီးတွေက ဦးဆောင်ဆောက်လုပ်ပေးထား တာပါ။
စာကြည့်တိုက်က နိုင်ငံတကာအဆင့်မီ e-Library ဖြစ်ပါတယ်။ နောက်ပြီး ကျောင်းသား ဟောင်းကြီးတွေက တစ်လတစ်ခါ ကျန်းမာရေး စစ်ဆေးမှုတွေ လုပ်ပေးပါတယ်။ ပညာရေးက လူတစ်ဦး၊ နိုင်ငံတစ်ခုသာမကဘဲနဲ့ ကမ္ဘာ့အပြောင်း အလဲနဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်ဖို့ အဓိက အခန်းကဏ္ဍ က ပါဝင်နေတာ တွေ့ရမှာဖြစ်ပါတယ်။ အဲဒီအတွက် ကျောင်းသားတွေကို ကျောင်းပုံမှန်တက်ပြီး ပညာ တတ်ဖြစ်ဖို့၊ ပညာသင်ကြားဖို့၊ ဆရာကြီးတို့က ကျောင်းတက်ကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။ အခုလက်ရှိ လသာမြို့နယ်မှာ ကျောင်းသား ကျောင်းသူ ၂၀၀၀ ကျော်အပ်ထားပြီး ဖြစ်ပါတယ်။ မကြာခင်အတွင်းမှာ ကျောင်းသား ကျောင်းသူတွေကို ၅ နှစ်ကနေ ၁၂ နှစ်၊ ၁၂ နှစ်ကနေ ၁၅ နှစ်၊ ၁၅ နှစ်ကနေ ၁၈ နှစ် သုံးပိုင်းခွဲပြီး ကိုဗစ်ကာကွယ်ဆေး ထိုးပေးတော့မှာ ဖြစ်ပါတယ်။ အဲဒီလို ဆေးထိုးပေးတဲ့အခါ မိဘဆန္ဒ ရှိမှ ထိုးပေးမှာပါ။ ဆေးမထိုးလည်း ကျောင်းတက်လို့ ရပါတယ်” ဟု ပြောသည်။
ကျောင်းဖွင့်ရာသီတွင် ကျောင်းသား ကျောင်းသူ များ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရန် သက်ဆိုင်ရာကျောင်းများအလိုက် စာသင်ခန်းများနှင့် ကျောင်းဝန်းကျင်သန့်ရှင်းရေးကိုလည်း အလေးထား ဆောင်ရွက်ထားရှိသည်။ ကိုဗစ်-၁၉ ကာကွယ်ရေး အနေဖြင့် Mask ၊ Face Shield များ ပေးဝေထားပြီး သတိပေးစာ၊ ကြေညာချက်၊ ဗီနိုင်းများ ချိတ်ထားခြင်း၊ စာသင်ချိန်အတွင်း လိုက်နာရမည့်အချက်များ ချိတ်ဆွဲထားခြင်း၊ လက်ဆေးဘေစင်များနှင့် အမှိုက် ပုံးများ စနစ်တကျထားရှိပေးထားခြင်းတို့ကို ဆောင်ရွက် ပေးထားသည်ကို တွေ့ရသည်။
သင်္ဃန်းကျွန်း မြို့နယ်ပညာရေးမှူး ဦးသိန်းထွန်း က “အခု ကိုဗစ်စည်းမျဉ်း၊ စည်းကမ်းနဲ့အညီ ကလေး တွေ ပညာသင်ကြားနိုင်ဖို့အတွက် စာသင်ခန်းမှာ ခုံစီတာကအစ ၅ ပေ ၆ ပေခြားပြီးစီပါတယ်။ ကိုဗစ် က လျော့သွားတာမှန်တယ်။ ပျောက်သွားတာ မဟုတ်တော့ ခု ကိုဗစ်စည်းကမ်းနဲ့အညီ ပြင်ဆင် ဆောင်ရွက်ထားတယ်။ ကိုဗစ်နဲ့ပတ်သက်ပြီး စီစဉ် ထားတာက မတော်တဆများ ကလေးတွေ နေထိုင် မကောင်းဖြစ်တယ်ဆိုရင် သီးသန့်အခန်း၊ ဆေးပေး ခန်းလိုမျိုး ကျောင်းဝင်းမှာ ပြင်ဆင်ထားတယ်။ ကလေးက အကယ်၍များ သတ်မှတ်အပူချိန်ထက် များနေမယ်ဆိုရင် ကလေးကိုခေါ်မယ်၊ ဆေးတိုက် မယ်၊ လိုအပ်ရင် ကျန်းမာရေးဌာနနဲ့ချိတ်ဆက်ပြီး ဆက်လက်ဆောင်ရွက်မယ်။ ခုက ကလေးတွေအတွက် ပညာရေးရော၊ ကျန်းမာရေးရော၊ လုံခြုံရေးရော အစစ အရာရာ ဂရုစိုက်ဆောင်ရွက်ရပါတယ် ” ဟု ဆိုသည်။
အထက(၁)လသာ ကျောင်းသားတစ်ဦးက “နွေရာသီကျောင်းပိတ်ထားပြီး အခု ကျောင်းပြန် ဖွင့်တော့ စာသင်ရတာ၊ သူငယ်ချင်းတွေနဲ့ ပြန်တွေ့ ရတာ ပျော်ရွှင်မိပါတယ်။ အဲဒီလိုအပျော်က ကျွန်တော့်အတွက် ဘာနဲ့မှနှိုင်းဆလို့မရပါဘူး။ Grade-9 မှာ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီ၊ သမိုင်း၊ သိပ္ပံအပြင် ပန်းချီ၊ ဂီတ၊ စိုက်ပျိုးရေးတွေ တွဲဖက်သင်ရပါတယ်။
ဒီနေ့ ကျောင်းစဖွင့်တဲ့ရက်မှာ ကျောင်းသားအားလုံး ပျော်ရွှင်စွာ ကျောင်းတက် နေတာ တွေ့ရတဲ့အတွက် အတိုင်းမသိ ကြည်နူး ဝမ်းသာမိပါတယ်။ ဆရာ၊ ဆရာမတွေရဲ့ သွန်သင် ဆုံးမမှုတွေနဲ့အတူ ကျောင်းသား ကျောင်းသူတွေက ဆက်လက်ပညာကြိုးစားသင့်ပါတယ်လို့ ပြောကြား ချင်ပါတယ်။ သားရဲ့ အနာဂတ်ရည်မှန်းချက်ကတော့ မြန်မာလူမျိုးဖြစ်တဲ့အတွက် မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းတဲ့ မြန်မာဗိသုကာပညာရှင်တစ်ယောက် ဖြစ်ချင်ပါတယ်။ အခြေအနေအရပ်ရပ်ကြောင့် ကျောင်းလာမတက်သေးတဲ့ သူငယ်ချင်းတွေကိုလည်း ကျောင်းလာတက်စေချင်ပါတယ်။ ကျောင်းမတက်ရင် ပညာသင်ခွင့်၊ အခွင့်အရေးတွေ ဆုံးရှုံးမှာဖြစ်ပြီး မိမိရဲ့ဘဝတက်လမ်းတွေ၊ ပျော်ရွှင်မှုတွေလည်း ဆုံးရှုံးမှာပါ။ ဒါကြောင့် သူငယ်ချင်းတွေ ကျောင်း လာတက်ကြဖို့ ပြောချင်ပါတယ်” ဟု ဆိုသည်။
အထက(၂)လသာ ဆရာမတစ်ဦးက ယခုပညာသင် နှစ်တွင် ကျောင်းလာရောက်အပ်နှံသည့် ကျောင်းသား ဦးရေ ပိုများလာသည်ကို တွေ့ရသည့်အတွက် ဝမ်းသာကြောင်း၊ ယနေ့အထိ ကျောင်းအပ်လက်ခံနေ ကြောင်း၊ လာအပ်သူများလည်းရှိကြောင်း ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်ပေါင်း ၄၄ မြို့နယ် အတွင်း၌ ပညာရေးတက္ကသိုလ်လေ့ကျင့်ရေး အထက် တန်းကျောင်း လေးကျောင်းအပါအဝင် အခြေခံပညာ ကျောင်း ၂၇၅၉ ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ၂၂၉ ကျောင်း၊ ကိုယ်ပိုင်ကျောင်း ၂၁၉ ကျောင်း စုစုပေါင်း ၃၂၀၇ ကျောင်း ရှိကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်ပေါင်း ၄၅ မြို့နယ် တွင် ၃၇ မြို့နယ်၌ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများ ဖွင့်လှစ်ထားရှိပြီး မူလတန်းအဆင့် ၁၃၃ ကျောင်း၊ မူလွန်အဆင့် ၈၈ ကျောင်း၊ အလယ် တန်းအဆင့် ကိုးကျောင်းရှိပြီး ယနေ့တွင် စတင် ဖွင့်လှစ်သင်ကြားနေကြောင်း သိရသည်။
သတင်း - ချိုကြီး၊ ဓာတ်ပုံ - ကိုကိုဇော်