
နေပြည်တော် နိုဝင်ဘာ ၃၀
၂၀၂၂-၂၀၂၃ ခုနှစ် ငါးမဖမ်းရရာသီ၊ ငါးမဖမ်းရဧရိယာ သတ်မှတ်ခြင်းနှင့် ပင်လယ်ငါးလုပ်ငန်းဆိုင်ရာအစည်း အဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင် စု ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး၊ တိုင်းဒေသကြီး ပြည်နယ်အစိုးရအဖွဲ့ များမှ ကိုယ်စားလှယ်များ၊ ဆက်စပ်ဝန်ကြီးဌာနများ၊ တပ်မတော် (ရေ) နှင့် မြန်မာနိုင်ငံ ရေကြောင်း ရဲတပ်ဖွဲ့တို့မှ တာဝန်ရှိသူများ၊ ငါးလုပ်ငန်းဆိုင်ရာ အကြံပေးပုဂ္ဂိုလ်များနှင့် ပညာရှင်များ၊ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ တိုင်းဒေသ ကြီး၊ ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှူးများ၊ ငါးလုပ်ငန်းအဖွဲ့ချုပ်များနှင့် ငါးလုပ်ငန်းအသင်းအဖွဲ့ များမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးက ယနေ့အစည်းအဝေးတွင် သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှ တာဝန်ရှိသူများ၊ ပညာရှင်များ၏ ဆွေးနွေးတင်ပြချက်များနှင့် သုတေသနရလဒ်တွေ့ရှိ ချက်များကို နှိုင်းယှဉ်သုံးသပ်ပြီး ၂၀၂၂−၂၀၂၃ ခုနှစ် အတွက် ငါးမဖမ်းရရာသီနှင့် ငါးမဖမ်းရဧရိယာ သတ်မှတ်ခြင်းကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အလားတူ ငါးမဖမ်းရရာသီအတွင်း ကြီးကြပ်စစ်ဆေးမည့် ကြီးကြပ်စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းနိုင်ရေး ဝိုင်းဝန်း ဆွေးနွေးကြစေလိုကြောင်း၊ လက်ရှိတွင် တနင်္သာရီတိုင်းဒေသကြီး ရေလုပ်ငန်းရှင် များက ၎င်းတို့၏ ရေထွက်ပစ္စည်းများ ပြည်ပတင်ပို့မှု အပေါ်မှ ၀ ဒသမ ၅ ရာခိုင်နှုန်းကို သုတေသနရန်ပုံငွေ အဖြစ်ထည့်ဝင်ပြီး ငါးလုပ်ငန်းဦးစီးဌာန၊ မွေးမြူရေး သုတေသနဦးစီးဌာနနှင့် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်း၍ တနင်္သာရီတိုင်းဒေသကြီး အတွင်း ငါးလုပ်ငန်း ဖွံ့ဖြိုးရေးသုတေသနလုပ်ငန်းနှင့် ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်းကို အထောက်အကူပြု မည့် သုတေသနလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ငါးသယံဇာတအရင်းအမြစ်ကို ဖမ်းဆီးထုတ်ယူခြင်း အပြင် မွေးမြူထုတ်လုပ်မှု ဖွံ့ဖြိုးလာရေးအတွက် ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ပင်လယ်ပြင်ပိုင်ဆိုင်သော နိုင်ငံများအနေဖြင့် မိမိနိုင်ငံ၏ရေပြင်အတွင်းရှိ ငါးသယံဇာတအရင်း အမြစ်များ ရေရှည်တည်တံ့စေရန်နှင့် စဉ်ဆက်မပြတ် ဖမ်းဆီးထုတ်လုပ်နိုင်ရန် သုတေသနနှင့် လက်တွေ့ နယ်ပယ်များ၏ တွေ့ရှိချက်များကို အခြေခံကာ အားလုံးပူးပေါင်းပါဝင်သော စီမံခန့်ခွဲမှုများ ဆောင်ရွက်လျက်ရှိသည်။ သတင်းစဉ်