၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေပြဋ္ဌာန်း

 

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေ
(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ်၊  ၅  /၂၀၂၂)
    ၁၃၈၃ ခုနှစ်၊  တပေါင်းလပြည့်ကျော်   ၁၃  ရက်
(၂ဝ၂၂  ခုနှစ်၊ မတ်လ  ၂၉  ရက်)

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
အပိုင်း ၁
အမည်နှင့် စတင်အကျိုးသက်ရောက်သည့်နေ့ရက်
၁။    (က)    ဤဥပဒေကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေဟု ခေါ်တွင်စေရမည်။
    ( ခ )    ဤဥပဒေသည် ၂၀၂၂ -၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ စတင်အကျိုးသက်ရောက် စေရမည်။
အပိုင်း ၂
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၊ ပြည်ထောင်စုလွှတ်တော်ရုံး၊ ပြည်သူ့လွှတ်တော်ရုံး၊ အမျိုးသားလွှတ်တော်ရုံး၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊
 ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ဦးစီးဌာနများ
အခန်း(၁)
ရငွေများနှင့် သုံးငွေများ
၂။    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံး၊  ပြည်ထောင်စုလွှတ်တော်ရုံး၊   ပြည်သူ့လွှတ်တော်ရုံး၊ အမျိုးသားလွှတ်တော်ရုံး၊    ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ နိုင်ငံတော်ဖွဲ့စည်းပုံ   အခြေခံဥပဒေဆိုင်ရာခုံရုံး၊    ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး၊    ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊  ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ဦးစီး ဌာနများသည် ပြည်ထောင်စု၏ ဘဏ္ဍာရန်ပုံငွေအစီအစဉ်ဖြင့် လုပ်ငန်း များကို ဆောင်ရွက်ကြရမည်။ ထိုသို့ ဆောင်ရွက်၍ရသောရငွေများကို ပြည်ထောင်စု၏ ဘဏ္ဍာရန်ပုံငွေသို့ ပေးသွင်း၍ ထုတ်ပေးရန်ရှိသော သုံးငွေများကို ပြည်ထောင်စု၏ ဘဏ္ဍာရန်ပုံငွေမှ ထုတ်ယူသုံးစွဲရမည်။
၃။    (က)    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊  ပြည်ထောင်စု အစိုးရအဖွဲ့ရုံး၊  ပြည်ထောင်စုလွှတ်တော်ရုံး၊   ပြည်သူ့ လွှတ်တော်ရုံး၊ အမျိုးသားလွှတ်တော်ရုံး၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံး၊  နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံး၊     ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး၊     ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊   ပြည်ထောင်စုဝန်ကြီး ဌာနများနှင့် ဦးစီးဌာနများ၏ ရငွေနှင့်သုံးငွေအတွက် တာဝန်ပေးအပ်ခြင်းခံရသည့် ပုဂ္ဂိုလ်အသီးသီးသည် ဇယား (၁)၊ (၂)၊ (၃)နှင့် (၄)တို့တွင် မိမိနှင့်ယှဉ်တွဲဖော်ပြ ထားသည့်ရငွေတို့ကို စီမံကြီးကြပ်ကောက်ခံခြင်းနှင့် သုံးငွေတို့ကို စီမံခန့်ခွဲခြင်းပြုရမည်။
    (ခ)    ပုဒ်မခွဲ(က)ပါ တာဝန်ခံရသည့် ပုဂ္ဂိုလ်အသီးသီးသည် မိမိအား အပ်နှင်းထားသော  လုပ်ပိုင်ခွင့်များကို   မိမိ လက်အောက်ရှိ လုပ်ငန်းဆိုင်ရာ ပုဂ္ဂိုလ်အသီးသီးအား လွှဲအပ်ဆောင်ရွက်စေနိုင်သည်။
    (ဂ)    ရငွေများကို   စီမံကြီးကြပ်ကောက်ခံရာတွင်   လည်း ကောင်း၊ သုံးငွေများကို စီမံခန့်ခွဲရာတွင် လည်းကောင်း ဤဥပဒေပါ ပြဋ္ဌာန်းချက်များ၊ သက်ဆိုင်ရာဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့် ကြော်ငြာစာများ၊  အမိန့်များ၊  ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်။
၄။    (က)    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး၊ ပြည်ထောင်စုလွှတ်တော်ရုံး၊  ပြည်သူ့ လွှတ်တော်ရုံး၊ အမျိုးသားလွှတ်တော်ရုံး၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံး၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး၊    ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့၊ ပြည်ထောင်စုဝန်ကြီးဌာန များနှင့် ဦးစီးဌာနများသည် ရငွေများကို စီမံကြီးကြပ် ကောက်ခံရာတွင် ဤဥပဒေအရ လျာထားသော ရငွေတို့ ထက်   တိုး၍ ဖြစ်စေ၊ လျော့၍ဖြစ်စေ ရသောရငွေများနှင့် စပ်လျဉ်း၍   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့ တင်ပြသော ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် ပြုပြင် ပြီး ခန့်မှန်းခြေငွေစာရင်းများတွင် ထည့်သွင်းဖော်ပြ ရမည်။ ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်းများ တင်ပြချိန် နောက်ပိုင်းမှ ဖြစ်ပေါ်သောပြောင်းလဲခြင်းများကို အမှန် စာရင်းများတွင် ထည့်သွင်းဖော်ပြရမည်။
    (ခ)    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး၊  ပြည်ထောင်စုလွှတ်တော်ရုံး၊  ပြည်သူ့ လွှတ်တော်ရုံး၊ အမျိုးသားလွှတ်တော်ရုံး၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံး၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော် မရှင်ရုံး၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့၊ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ဦးစီး ဌာနများသည် သုံးငွေများကို စီမံခန့်ခွဲရာတွင် ဤဥပဒေ အရ ခွင့်ပြုထားသော  သုံးငွေများအတွင်း ငွေစာရင်း ခေါင်းစဉ် လွှဲပြောင်းသုံးစွဲသည့်  အသုံးစရိတ်များနှင့် စပ်လျဉ်း၍လည်းကောင်း၊ ပုဒ်မ ၁၁ အရ ပြည်ထောင်စု အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် သုံးစွဲသည့်အသုံးစရိတ် များနှင့်   စပ်လျဉ်း၍လည်းကောင်း   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီသို့ တင်ပြသော  ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်း များတွင် ထည့်သွင်းဖော်ပြရမည်။ ပြုပြင်ပြီးခန့်မှန်းခြေ ငွေစာရင်းများ တင်ပြချိန်နောက်ပိုင်းမှ ဖြစ်ပေါ်သော ပြောင်းလဲခြင်းများကို အမှန်စာရင်းများတွင် ထည့်သွင်း ဖော်ပြရမည်။
    (ဂ)    ပြည်ထောင်စုအစိုးရအဖွဲ့သည် ဤဥပဒေ၏ ပုဒ်မ ၁၁ အရ ပိုမိုသုံးစွဲရန် ခွင့်ပြုသည့်ကိစ္စရပ်များကို ကိစ္စတစ်ရပ် ချင်း အကျိုးအကြောင်းဖော်ပြချက်များနှင့်အတူ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီသို့   တင်ပြအတည်ပြုချက် ရယူရမည်။
၅။    ပြည်ထောင်စုအစိုးရအဖွဲ့သည် ဘဏ္ဍာရေးဆိုင်ရာကော်မရှင်နှင့် ညှိနှိုင်းရရှိသည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များ ၏   အရအသုံးခန့်မှန်းခြေငွေစာရင်းများအရ   လိုအပ်သည့်ငွေကို ပြည်ထောင်စု၏   ဘဏ္ဍာရန်ပုံငွေမှ   သင့်တင့်လျောက်ပတ်စွာ ဖြည့်ဆည်းပေးခြင်း၊ အထူးကိစ္စအဖြစ် ထောက်ပံ့ခြင်း၊ လိုအပ်သည့် ချေးငွေများထုတ်ချေးခြင်းတို့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အတည်ပြုချက်ဖြင့် ခွင့်ပြုနိုင်သည်။
အခန်း(၂)
ငွေချေးယူခြင်း
၆။    ပြည်ထောင်စုအစိုးရအဖွဲ့သည်  လုပ်ငန်းစီမံချက်များအတွက် ဖြစ်စေ၊ ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေငွေစာရင်းပါ  အသုံး စရိတ်များအတွက်ဖြစ်စေ၊ ပြည်ထောင်စုက တာဝန်ယူရသော ချေးငွေ စာချုပ်များ သို့မဟုတ် အာမခံစာချုပ်များ ထုတ်ပေးခြင်းဖြင့် လည်း ကောင်း၊ အခြားနည်းလမ်းများဖြင့်လည်းကောင်း ပြည်တွင်းမှဖြစ်စေ၊ ပြည်ပမှဖြစ်စေ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အတည်ပြု ချက်ဖြင့် ငွေချေးယူနိုင်သည်။ ထိုသို့ ချေးငွေရယူသည့်အခါ သင့်သည် ထင်မြင်သည့် အတိုးနှုန်းများ သတ်မှတ်နိုင်သည်။ ပြန်ဆပ်ရန်၊ ပြန်ရွေး ရန် သို့မဟုတ် အခြားနည်းစီမံရန် စည်းကမ်းချက်များကိုလည်း ပြုလုပ်နိုင်သည်။ သို့ရာတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ငွေချေးယူ ခြင်းအတွက် အတိုးနှုန်းနှင့် လိုအပ်သော စည်းကမ်းချက်များကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ညှိနှိုင်းပြီးမှ သတ်မှတ်နိုင်သည်။
၇။    ပြည်ထောင်စုအစိုးရအဖွဲ့က   ယခင်ဘဏ္ဍာရေးနှစ်အတွင်း လိုအပ်ငွေများ ဖြည့်တင်းရန် အာမခံစာချုပ်များ ရောင်းချခြင်းဖြင့် ရယူခဲ့သည့် ချေးငွေများနှင့် စပ်လျဉ်း၍ အချိန်ကျရောက်သောအခါ ပေးဆပ်ခြင်းကို အာမခံစာချုပ်အသစ်များဖြင့် လဲလှယ်နိုင်သည်။
၈။    ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စား   စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနက ဘဏ္ဍာရေးနှစ်အတွင်း လိုအပ်ငွေများ ဖြည့်တင်းရန် အစိုးရငွေချေးသက်သေခံလက်မှတ်များ ဝယ်ယူခြင်းနှင့် ရောင်းချခြင်း ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ တာဝန်ပေးအပ်နိုင်သည်။
၉။    ပြည်ထောင်စုအစိုးရအဖွဲ့သည်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အတည်ပြုချက်ဖြင့် လုပ်ငန်းစီမံချက်တစ်ရပ်ရပ်အတွက်  ပြည်ထောင်စုအဆင့် ဌာန၊ အဖွဲ့အစည်းအတွက်သော်လည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် ဌာန၊ အဖွဲ့အစည်းအတွက် သော်လည်းကောင်း ပြည်ပမှ ငွေချေးယူနိုင်သည်။ ပြည်ပမှရရှိသော ချေးငွေများကို နိုင်ငံတော်နှင့် အကျိုးတူဆောင်ရွက်နေသော လုပ်ငန်း များသို့ သင့်လျော်သော စည်းကမ်းချက်များသတ်မှတ်၍ ပြန်လည်ထုတ်ချေးခွင့်ပြုနိုင်သည်။
၁၀။    (က)    ပြည်ထောင်စုအစိုးရအဖွဲ့သည်  ဤအခန်းပါ ကိစ္စရပ်များ အားလုံးကိုဖြစ်စေ၊ အချို့ကို ဖြစ်စေဆောင်ရွက်နိုင်ရန် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန  ပြည်ထောင်စု ဝန်ကြီးအား လုပ်ပိုင်ခွင့်အပ်နှင်းနိုင်သည်။
    (ခ)    ပြည်သူ့ကြွေးမြီစီမံခန့်ခွဲမှုဥပဒေအခန်း (၁၀)နှင့်အညီ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန   ပြည်ထောင်စု ဝန်ကြီးသည်  ဤအခန်းပါ   ငွေချေးယူသောကိစ္စများ အတွက် နိုင်ငံတော်ကိုယ်စား အာမခံချက်ပေးနိုင်သည်။
၁၁။    ဇယား (၁)၊ (၃)နှင့် (၇)တို့တွင် ဖော်ပြလျာထားသော ရငွေများ အနက် ချေးငွေစာချုပ် ချုပ်ဆိုပြီးသည့်  ပြည်ပချေးယူရငွေသည် လျာထားသည်ထက် ပိုမိုရရှိလျှင် ယင်းသို့   ပိုမိုရရှိသော ငွေများဖြင့် ဆက်နွှယ်ထားသည့် လုပ်ငန်းအသုံးစရိတ်များကြောင့် ဇယား(၂)၊ (၄)နှင့် (၈)တို့တွင် ဖော်ပြခွင့်ပြုထားသော သုံးငွေများထက် ပိုမိုသုံးစွဲရန် လိုအပ်ပါက ပြည်ထောင်စုအစိုးရအဖွဲ့က စိစစ်သုံးသပ်၍ ငွေစာရင်း ခေါင်းစဉ် လွှဲပြောင်းသုံးစွဲခြင်းဖြင့်ဖြစ်စေ၊ ပုဒ်မ ၂၆ ပါ ပြဋ္ဌာန်းချက် များနှင့်အညီ အရေးပေါ်ရန်ပုံငွေမှဖြစ်စေ ခွင့်ပြုနိုင်သည်။ ယင်းသို့ ခွင့်ပြုခဲ့သည့်  သုံးငွေများကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်းများတွင် ထည့်သွင်းဖော်ပြရမည်။ ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းများ တင်ပြချိန်နောက်ပိုင်းမှ ခွင့်ပြုခဲ့သည့် သုံးငွေများကို အမှန်စာရင်းများတွင် ထည့်သွင်းဖော်ပြရမည်။
၁၂။    ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့ တွင် ကုန်ဆုံးသည့် ဘဏ္ဍာရေးနှစ်အတွင်း ဤအခန်းအရ  ငွေချေး စာချုပ်များချုပ်ဆိုပြီးနောက်  အမှန်တကယ်ချေးယူရရှိသည့်   ငွေ စုစုပေါင်းသည်  ကျပ်သန်းပေါင်းကိုးဆယ့်နှစ်သိန်းထက်  မပိုစေရ။ ယင်းတွင် ဘဏ္ဍာရေးနှစ်အတွင်း  ပြည်ပချေးငွေ၌   အမှန်တကယ် ထုတ်ယူသုံးစွဲငွေနှင့် ပြည်တွင်းချေးငွေ၌ အသားတင်ဖြည့်ဆည်းငွေတို့ အကျုံးဝင်သည်။
အခန်း(၃)
ပြည်ပအကူအညီရယူခြင်း
၁၃။    ပြည်ထောင်စုအစိုးရအဖွဲ့သည် လုပ်ငန်းစီမံချက်တစ်ရပ်ရပ် အတွက် ပြည်ထောင်စုအဆင့် ဌာန၊ အဖွဲ့အစည်းအတွက်သော် လည်း ကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်ဌာန၊ အဖွဲ့အစည်း အတွက်သော်လည်းကောင်း ပြည်ပအကူအညီကို ငွေသား၊ ပစ္စည်း၊ ဆောင်ရွက်ပေးမှု တို့ဖြင့် ရယူခွင့်ပြုနိုင်သည်။
၁၄။    ဇယား(၁)၊ (၃)နှင့် (၇)တို့တွင် ဖော်ပြလျာထားသော ရငွေများ အနက် ပြည်ပအကူအညီ ရငွေသည် လျာထားသည်ထက် ပိုမိုရရှိလျှင် ယင်းသို့ ပိုမိုရရှိသောငွေများဖြင့် ဆက်နွှယ်ထားသည့် လုပ်ငန်းအသုံး စရိတ်များကြောင့် ဇယား(၂) ၊ (၄) နှင့် (၈)တို့တွင် ဖော်ပြခွင့်ပြုသော သုံးငွေများထက် ပိုမိုသုံးစွဲရန် လိုအပ်ပါက ပြည်ထောင်စုအစိုးရအဖွဲ့က စိစစ်သုံးသပ်၍ ငွေစာရင်းခေါင်းစဉ် လွှဲပြောင်း သုံးစွဲခြင်းနည်းလမ်း၊  ပုဒ်မ ၂၆ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ အရေးပေါ်ရန်ပုံငွေမှ ခွင့်ပြုသည့် နည်းလမ်းတို့ဖြင့် ခွင့်ပြုနိုင်သည်။                    
ယင်းသို့ခွင့်ပြုသည့် သုံးငွေများကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းများတွင် ထည့်သွင်းဖော်ပြရမည်။ ပြုပြင်ပြီးခန့်မှန်းခြေ ငွေစာရင်းများ တင်ပြချိန်နောက်ပိုင်းမှ ခွင့်ပြုခဲ့ သည့် သုံးငွေများကို  အမှန်စာရင်းများတွင် ထည့်သွင်းဖော်ပြရမည်။
     အခန်း(၄)
ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေအစီအစဉ်ပြင်ပမှ ဆောင်ရွက်သော
ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ဦးစီးဌာနများ
၁၅။    လူမှုဖူလုံရေးအဖွဲ့သည် မိမိ၏ လူမှုဖူလုံရေးရန်ပုံငွေနှင့် အလုပ် တွင် ထိခိုက်မှုအကျိုးခံစားခွင့် ရန်ပုံငွေတို့အပေါ်ရပ်တည်၍ လုပ်ငန်း များကို မိမိ၏ ဘဏ္ဍာငွေအစီအစဉ်ဖြင့် ဆောင်ရွက်ရမည်။
၁၆။    (က)    လူမှုဖူလုံရေးအဖွဲ့၏ ရငွေနှင့် သုံးငွေအတွက် တာဝန် ပေးအပ်ခြင်းခံရသည့် ပုဂ္ဂိုလ် အသီးသီးသည် ဇယား(၅)နှင့် (၆)တို့တွင် မိမိနှင့် ယှဉ်တွဲဖော်ပြထားသည့် ရငွေ တို့ကို စီမံကြီးကြပ်ကောက်ခံခြင်းနှင့် သုံးငွေတို့ကို စီမံ ခန့်ခွဲခြင်းပြုရမည်။
    ( ခ )    ပုဒ်မခွဲ(က)ပါ တာဝန်ခံရသည့် ပုဂ္ဂိုလ်အသီးသီးသည် မိမိအားအပ်နှင်းထားသော  လုပ်ပိုင်ခွင့်များကို  မိမိ လက်အောက်ရှိ လုပ်ငန်းဆိုင်ရာ ပုဂ္ဂိုလ်အသီးသီးအား လွှဲအပ်ဆောင်ရွက်စေနိုင်သည်။
    ( ဂ )    ရငွေများကို စီမံကြီးကြပ်ကောက်ခံရာတွင် လည်းကောင်း၊ သုံးငွေများကို စီမံခန့်ခွဲရာတွင် လည်းကောင်း  ဤ ဥပဒေပါ ပြဋ္ဌာန်းချက်များ၊ သက်ဆိုင်ရာဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့် ကြော်ငြာစာများ၊ အမိန့်များ၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်။
၁၇။    (က)    ပြည်ထောင်စုအစိုးရအဖွဲ့သည်  လူမှုဖူလုံရေးအဖွဲ့၏ ဇယား(၅)နှင့် (၆)တို့တွင် ဖော်ပြထားသောငွေများကို  လုပ်ငန်းအရ  လိုအပ်လျှင်  ပြောင်းလဲပေးနိုင်သည်။ ပြည်ထောင်စု အစိုးရအဖွဲ့သည် ဤပုဒ်မပါ ကိစ္စရပ်များ ကို ဆောင်ရွက်နိုင်ရန် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာနသို့ တာဝန်လွှဲအပ်ဆောင်ရွက်စေနိုင်သည်။ ထိုသို့ ငွေများပြောင်းလဲခြင်းများနှင့် စပ်လျဉ်း၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီသို့ တင်ပြသော ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်း များတွင်လည်းကောင်း၊ ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်း များ တင်ပြချိန်နောက်ပိုင်းမှဖြစ်ပေါ်သော ပြောင်းလဲ ခြင်းများကို   အမှန်စာရင်းများတွင်  လည်းကောင်း ထည့်သွင်းဖော်ပြရမည်။
    ( ခ )    ပြည်ထောင်စုအစိုးရအဖွဲ့သည် လူမှုဖူလုံရေးအဖွဲ့အား လုပ်ငန်းလုပ်ကိုင်ရန်သော် လည်းကောင်း၊ ရင်းနှီးမြှုပ်နှံ ရန်သော်လည်းကောင်း လိုအပ်သည့်ငွေကို ထောက်ပံ့ ငွေဖြင့် ဖြစ်စေ၊ ချေးငွေဖြင့်ဖြစ်စေ   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏   အတည်ပြုချက်ဖြင့်   ရယူ ဆောင်ရွက်ခွင့်ပြုနိုင်သည်။
၁၈။    ပြည်ထောင်စုအစိုးရအဖွဲ့သည်  လူမှုဖူလုံရေးအဖွဲ့က   လူမှု ဖူလုံရေးရန်ပုံငွေနှင့် အလုပ်တွင် ထိခိုက်မှု အကျိုးခံစားခွင့်ရန်ပုံငွေတို့ဖြင့် ရပ်တည်ပြီး ယင်းရန်ပုံငွေမှ အကျိုးခံစားခွင့်များပေးရာတွင် လုံလောက်မှုမရှိ၍ တောင်းခံလာပါက ပြည်ထောင်စု၏ဘဏ္ဍာရန်ပုံငွေ မှ ထည့်ဝင်ခြင်း၊ ထောက်ပံ့ခြင်းနှင့် လိုအပ်သည့်ချေးငွေများ ထုတ်ချေး ခြင်း၊ လူမှုဖူလုံရေး အိမ်ရာစီမံကိန်းအတွက် ပြည်ထောင်စု၏ ဘဏ္ဍာ ရန်ပုံငွေမှ ထောက်ပံ့ပေးခြင်းတို့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၏ အတည်ပြုချက်ဖြင့် ခွင့်ပြုနိုင်သည်။
အပိုင်း ၃
နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ
အခန်း(၁)
ရငွေများနှင့် သုံးငွေများ
၁၉။    နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများသည် ပြည်ထောင်စု၏ ဘဏ္ဍာရန်ပုံငွေအစီအစဉ်ဖြင့် လုပ်ငန်းများကို ဆောင်ရွက်ကြရမည်။ ထိုသို့ ဆောင်ရွက်၍ရသောရငွေများကို ပြည်ထောင်စု၏ ဘဏ္ဍာရန်ပုံ ငွေသို့ပေးသွင်း၍ ထုတ်ပေးရန်ရှိသောသုံးငွေများကို ပြည်ထောင်စု ၏ ဘဏ္ဍာရန်ပုံငွေမှ ထုတ်ယူသုံးစွဲရမည်။ 
၂၀။    (က)    ဇယား(၇)နှင့် (၈)တို့တွင် ဖော်ပြထားသည့် ရငွေများနှင့် သုံးငွေများသည်  နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်း များက  စီမံကိန်းရည်မှန်းချက်များအရ    ထမြောက် အောင်မြင်စွာအကောင်အထည်ဖော်နိုင်ရန်   ရည်မှန်း ထားသောငွေများ ဖြစ်သည်။
    ( ခ )    နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ၏ ရငွေနှင့် သုံးငွေအတွက် တာဝန်ပေးအပ်ခြင်းခံရသည့်   ပုဂ္ဂိုလ် အသီးသီးသည် ဇယား(၇)နှင့် (၈)တို့တွင် မိမိနှင့် ယှဉ်တွဲ ဖော်ပြထားသည့် ရငွေတို့ကို စီမံကြီးကြပ်ကောက်ခံခြင်း နှင့် သုံးငွေတို့ကို စီမံခန့်ခွဲခြင်းပြုရမည်။
    ( ဂ )    ပုဒ်မခွဲ(ခ)ပါ တာဝန်ခံရသည့်  ပုဂ္ဂိုလ်အသီးသီးသည် မိမိအား အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို  မိမိ လက်အောက်ရှိ လုပ်ငန်းဆိုင်ရာ ပုဂ္ဂိုလ်အသီးသီးအား လွှဲအပ်ဆောင်ရွက်စေနိုင်သည်။
    (ဃ)    ရငွေများကို  စီမံကြီးကြပ်ကောက်ခံရာတွင်   လည်း ကောင်း၊ သုံးငွေများကို စီမံခန့်ခွဲရာတွင် လည်းကောင်း ဤဥပဒေပါ ပြဋ္ဌာန်းချက်များ၊ သက်ဆိုင်ရာဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့် ကြော်ငြာစာများ၊ အမိန့်များ၊ ညွှန်ကြားချက်များ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်။ 
အခန်း(၂)
ပြည်ထောင်စုအစိုးရအဖွဲ့၏ လုပ်ပိုင်ခွင့်
၂၁။    (က)    ပြည်ထောင်စုအစိုးရအဖွဲ့သည်   စီးပွားရေးဆန်ဆန် ဆောင်ရွက်ရမည့် နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်း များအား သတ်မှတ်ပေးရမည်။
    ( ခ )    ပြည်ထောင်စုအစိုးရအဖွဲ့သည် နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ၏ ဇယား(၇) တွင် ဖော်ပြထားသော ရငွေများတိုးခြင်း၊ လျော့ခြင်းများကို  လုပ်ငန်းအရ လိုအပ်လျှင်  ပြောင်းလဲပေးနိုင်သည်။  ပြည်ထောင်စု အစိုးရအဖွဲ့သည် ဤပုဒ်မပါ ကိစ္စရပ်များကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနသို့  တာဝန်လွှဲအပ်ဆောင်ရွက် စေနိုင်သည်။ 
    ( ဂ )    ပြည်ထောင်စုအစိုးရအဖွဲ့သည် နိုင်ငံတော်ပိုင်စီးပွားရေး အဖွဲ့အစည်းများ၏ ဇယား (၈) အရ  ခွင့်ပြုထားသော သုံးငွေများကို လုပ်ငန်းအရ လိုအပ်လျှင် စိစစ်သုံးသပ်၍ ပြောင်းလဲပေးနိုင်သည်။ ပြည်ထောင်စုအစိုးရအဖွဲ့သည် သုံးငွေများကို အောက်ပါအတိုင်း​ ပြောင်းလဲပေးခြင်းနှင့် စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနသို့ တာဝန်လွှဲအပ် ဆောင်ရွက်စေနိုင်သည်–
        (၁)    အဖွဲ့အစည်းတစ်ခု၏ သာမန်သုံးငွေ၊ ငွေလုံးငွေရင်း သုံးငွေနှင့် ကြွေးမြီသုံးငွေများ ပြောင်းလဲသုံးစွဲ ခြင်း၊
        (၂)    သာမန်သုံးငွေ၊ ငွေလုံးငွေရင်းသုံးငွေနှင့် ကြွေးမြီ သုံးငွေများကို အဖွဲ့အစည်းတစ်ခုမှ အခြားအဖွဲ့ အစည်းတစ်ခုသို့ ပြောင်းလဲသုံးစွဲခြင်း၊
    (ဃ)    ထိုသို့ ရငွေများနှင့် သုံးငွေများ ပြောင်းလဲခြင်းများနှင့်စပ်လျဉ်း၍   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့ တင်ပြသော ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် ပြုပြင် ပြီး   ခန့်မှန်းခြေငွေစာရင်းများတွင်  လည်းကောင်း၊  ပြုပြင်ပြီး   ခန့်မှန်းခြေငွေစာရင်းများ   တင်ပြချိန် နောက်ပိုင်းမှဖြစ်ပေါ်သော   ပြောင်းလဲခြင်းများနှင့် စပ်လျဉ်း၍   အမှန်စာရင်းများတွင်   လည်းကောင်း ထည့်သွင်းဖော်ပြရမည်။
    ( င )    ပြည်ထောင်စုအစိုးရအဖွဲ့သည် နိုင်ငံတော်ပိုင်စီးပွားရေး အဖွဲ့အစည်းများက နိုင်ငံတော်သို့ ထည့်ဝင်ရမည့်ငွေကို သတ်မှတ်ပေးရမည်။
အခန်း(၃)
နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ၏ ဘဏ္ဍာရေးဆိုင်ရာလုပ်ပိုင်ခွင့်
၂၂။    (က)    နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများသည် ဇယား (၇) နှင့် (၈) တို့တွင် ဖော်ပြထားသော  သက်ဆိုင်ရာ တာဝန်ခံပုဂ္ဂိုလ်၏  ကြီးကြပ်ကွပ်ကဲမှုဖြင့်   မိမိတို့၏ လုပ်ငန်းများကို စီမံခန့်ခွဲရမည်။ 
    ( ခ )    နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများသည် လုပ်ငန်း လိုအပ်ချက်အရ ဇယား (၇)တွင် ဖော်ပြထားသော ရငွေများတိုးခြင်း၊ လျော့ခြင်းနှင့်စပ်လျဉ်း၍သော် လည်း ကောင်း၊ ဇယား(၈)အရ  ခွင့်ပြုထားသောအဖွဲ့အစည်း တစ်ခု၏  သာမန်သုံးငွေ၊   ငွေလုံးငွေရင်းသုံးငွေနှင့် ကြွေးမြီသုံးငွေများ ပြောင်းလဲသုံးစွဲခြင်းနှင့်စပ်လျဉ်း၍သော်လည်းကောင်း၊  သာမန်သုံးငွေ၊  ငွေလုံးငွေရင်း သုံးငွေနှင့် ကြွေးမြီသုံးငွေများကို အဖွဲ့အစည်းတစ်ခုမှ အခြားအဖွဲ့အစည်းတစ်ခုသို့ ပြောင်းလဲ သုံးစွဲခြင်းနှင့်စပ်လျဉ်း၍သော်လည်းကောင်း ပြည်ထောင်စုအစိုးရ အဖွဲ့၏ ခွင့်ပြုချက်ဖြင့် ဖြစ်စေ၊ ပြည်ထောင်စုအစိုးရ အဖွဲ့၏ တာဝန်လွှဲအပ်ချက်အရ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန၏  ခွင့်ပြုချက်ဖြင့်ဖြစ်စေ  ပြောင်းလဲနိုင် သည်။ ထိုသို့ ရငွေများနှင့် သုံးငွေများ ပြောင်းလဲခြင်းများ နှင့်စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့ တင်ပြသော ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် ပြုပြင် ပြီး ခန့်မှန်းခြေငွေစာရင်းများတွင်လည်းကောင်း၊ ပြုပြင် ပြီး ခန့်မှန်းခြေငွေစာရင်းများ တင်ပြချိန်နောက်ပိုင်းမှ ဖြစ်ပေါ်သော ပြောင်းလဲခြင်းများနှင့်စပ်လျဉ်း၍ အမှန် စာရင်းများတွင်လည်းကောင်း ထည့်သွင်းဖော်ပြရမည်။
အခန်း(၄)
ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေအစီအစဉ်ပြင်ပမှ ဆောင်ရွက်သော
နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ
၂၃။    (က)    ပြည်ထောင်စုအစိုးရအဖွဲ့သည် ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေအစီအစဉ်ပြင်ပမှ ဆောင်ရွက်သော နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများအား သတ်မှတ်ပေးရမည်။ ထိုသို့ သတ်မှတ်ပေးခြင်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့ အကျိုးအကြောင်း ဖော်ပြချက်နှင့်အတူ အစီရင်ခံရမည်။
    ( ခ )    ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေအစီအစဉ်ပြင်ပမှ ဆောင် ရွက်သော နိုင်ငံတော်ပိုင်စီးပွားရေး အဖွဲ့အစည်းများသည် စီးပွားရေးဆန်ဆန်   ဆောင်ရွက်နိုင်ရေးနှင့် မိမိတို့၏ ငွေကြေးအင်အားအပေါ်  မိမိတို့ရပ်တည် ဆောင်ရွက်ကြ ရမည်။
    ( ဂ )    ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေအစီအစဉ်ပြင်ပမှ ဆောင် ရွက်သော နိုင်ငံတော်ပိုင်စီးပွားရေး အဖွဲ့အစည်းများ၏ စုစုပေါင်းငွေအဝင်နှင့် အထွက်ကို စာရင်းပြုစုရန်အလို့ငှာ ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေငွေစာရင်းတွင် ဖော်ပြရမည်။ 
၂၄။    (က)    ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေအစီအစဉ်ပြင်ပမှ ဆောင် ရွက်သော နိုင်ငံတော်ပိုင်စီးပွားရေး အဖွဲ့အစည်းများ၏ ရငွေနှင့် သုံးငွေအတွက် တာဝန်ပေးအပ်ခြင်းခံရသည့် ပုဂ္ဂိုလ်အသီးသီးသည် ဇယား(၉)နှင့် (၁၀)တို့တွင် မိမိနှင့် ယှဉ်တွဲဖော်ပြထားသည့်  ရငွေတို့ကို   စီမံကြီးကြပ် ကောက်ခံခြင်းနှင့် သုံးငွေတို့ကို စီမံခန့်ခွဲခြင်းပြုရမည်။
    ( ခ )    ပုဒ်မခွဲ(က)ပါ တာဝန်ခံရသည့် ပုဂ္ဂိုလ်အသီးသီးသည် မိမိအား အပ်နှင်းထားသော  လုပ်ပိုင်ခွင့်များကို   မိမိ လက်အောက်ရှိ လုပ်ငန်းဆိုင်ရာ ပုဂ္ဂိုလ်အသီးသီးအား လွှဲအပ်ဆောင်ရွက်စေနိုင်သည်။
    ( ဂ )    ရငွေများကို  စီမံကြီးကြပ်ကောက်ခံရာတွင်   လည်း ကောင်း၊ သုံးငွေများကို စီမံခန့်ခွဲရာတွင် လည်းကောင်း သက်ဆိုင်ရာ ဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်း များ၊ စည်းကမ်းများ၊ အမိန့်ကြော်ငြာစာများ၊ အမိန့်များ၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်။
    (ဃ)    ပြည်ထောင်စုအစိုးရအဖွဲ့သည် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေအစီအစဉ်ပြင်ပမှ ဆောင်ရွက်သော နိုင်ငံတော် ပိုင် စီးပွားရေးအဖွဲ့အစည်းများက နိုင်ငံတော်သို့ ထည့်ဝင် ရမည့်ငွေကို သတ်မှတ်ပေးရမည်။  
၂၅။    (က)    ပြည်ထောင်စုအစိုးရအဖွဲ့သည် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေအစီအစဉ်ပြင်ပမှ ဆောင်ရွက်သော နိုင်ငံတော် ပိုင် စီးပွားရေးအဖွဲ့အစည်းများ၏ ဇယား (၉) နှင့် (၁၀) တို့တွင် ဖော်ပြထားသော ရငွေများနှင့် သုံးငွေများကို လုပ်ငန်းအရ  လိုအပ်လျှင်   ပြောင်းလဲပေးနိုင်သည်။  ပြည်ထောင်စုအစိုးရအဖွဲ့သည် ဤပုဒ်မပါ ကိစ္စရပ်များ ကို ဆောင်ရွက်နိုင်ရန် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာနသို့  တာဝန်လွှဲအပ်ဆောင်ရွက်စေနိုင်သည်။ ထိုသို့ ရငွေများနှင့် သုံးငွေများ ပြောင်းလဲခြင်းများနှင့်စပ်လျဉ်း ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့ တင်ပြသော ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် ပြုပြင်ပြီး ခန့်မှန်းခြေ ငွေစာရင်းများတွင်လည်းကောင်း၊ ပြုပြင်ပြီးခန့်မှန်းခြေ ငွေစာရင်းများ တင်ပြချိန်နောက်ပိုင်းမှ  ဖြစ်ပေါ်သော ပြောင်းလဲခြင်းများနှင့်စပ်လျဉ်း၍ အမှန်စာရင်းများတွင် လည်းကောင်း ထည့်သွင်းဖော်ပြရမည်။
(ဆက်လက်ဖော်ပြပါမည်)