၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် တည်ဆောက်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

 

လွိုင်ကော်      နိုဝင်ဘာ  ၃


ကယားပြည်နယ်ဝန်ကြီးချုပ်  ဦးဇော်မျိုးတင်သည်  ယနေ့တွင်  ပြည်နယ်မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီး ဌာနမှ လွိုင်ကော်မြို့၌ တည်ဆောက်လျက်ရှိသည့် လေးခန်းတွဲ သုံးထပ် ဝန်ထမ်းအိမ်ရာများ၊   ပြည်နယ် စည်ပင်သာယာရေးအဖွဲ့၏ မြေထိန်းနံရံလုပ်ငန်း ဆောင်ရွက်နေမှုများကို  သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။ 

 


ထို့ပြင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ပြည်နယ် ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် တည်ဆောက် ရေးလုပ်ငန်းများ      ဆောင်ရွက်နေမှုအခြေအနေများ ရှင်းလင်းတင်ပြခြင်းအခမ်းအနားကို  ပြည်နယ်မြို့ပြ နှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် တည်ဆောက်ရေး လုပ်ငန်းများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 


အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်ကပြည်နယ် အတွင်း တည်ဆောက်လျက်ရှိသည့်  အဆောက်အဦ၊ လမ်း၊ တံတားများ အရည်အသွေး ကောင်းမွန်စေရန် နှင့် သတ်မှတ်စံနှုန်းများ ပြည့်မီအောင်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ သတ်မှတ်ကာလအတွင်း လုပ်ငန်း များ ပြီးစီးနိုင်ရေးအတွက် အရည်အသွေး စိစစ်အကဲ ဖြတ်အဖွဲ့နှင့် တာဝန်ရှိသူများက စနစ်တကျကြပ်မတ် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။ 

 


ထို့နောက်   ပြည်နယ်မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန  ညွှန်ကြားရေးမှူး  ဦးကျော်ဆန်းဝင်းက တည်ဆောက်ရေးလုပ်ငန်းများ  ဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြပြီး     တက်ရောက်လာကြသော ဌာနဆိုင်ရာများက လုပ်ငန်းဆောင်ရွက်နေမှုများ၊ တည်ဆောက်ရေး ကုမ္ပဏီများက လုပ်ငန်းလိုအပ် ချက်များကို ဆွေးနွေးတင်ပြကြသည်။

 


ယင်းနောက်     ပြည်နယ်အစိုးရအဖွဲ့ဝင်များက တည်ဆောက်ရေးလုပ်ငန်းနှင့်စပ်လျဉ်း၍    လိုအပ် သည်များကို    ဖြည့်စွက်ဆွေးနွေးကြပြီး   ပြည်နယ် ဝန်ကြီးချုပ်က တင်ပြဆွေးနွေးမှုများအပေါ် ညှိနှိုင်း ဆောင်ရွက်ပေးသည်။               

သတင်းစဉ်