၂၀၂၁ ခုနှစ်တွင် ပြည်သူ့ဝန်ထမ်းကောင်း ဆုတံဆိပ်ရရှိသည့် ဝန်ထမ်းများအားနိုင်ငံတော်မှချီးမြှင့်ငွေ ပေးအပ်ပွဲ အခမ်းအနားကျင်းပ

ရန်ကုန်   ဇွန်   ၂၉ 


၂၀၂၁ ခုနှစ်တွင်  ပြည်သူ့ဝန်ထမ်းကောင်း ဆုတံဆိပ် ရရှိခဲ့ကြသော ရန်ကုန်မြို့တော်  စည်ပင်သာယာရေး ကော်မတီမှ အရာထမ်း၊ အမှုထမ်းများကို နိုင်ငံတော် က ချီးမြှင့်ငွေ  ပေးအပ်ပွဲအခမ်းအနားကို  ယနေ့ နံနက် ၉ နာရီခွဲက  ရန်ကုန်မြို့တော်ခန်းမ  ပထမထပ် ရှိ အစည်းအဝေး ခန်းမကြီး၌ ကျင်းပသည်။ 


ရှေးဦးစွာ   ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးက ပြည်သူ့ ဝန်ထမ်းကောင်းဆုတံဆိပ်ချီးမြှင့်ခြင်းခံရသူ ဝန်ထမ်း များအနေဖြင့်  တစ်ဆက်တည်း စုစုပေါင်းလုပ်သက် (၂၆) နှစ်အတွင်း ပြစ်မှုပြစ်ဒဏ် ကင်းရှင်းကြသူများ ဖြစ်ကြပြီး ဝန်ထမ်းလုပ်သက်တစ်လျှောက် တာဝန် ကျေကျေဖြင့် အပြစ်မရှိ  ထမ်းဆောင်ခဲ့ကြ၍  ပြည်သူ့ ဝန်ထမ်းကောင်းဆုတံဆိပ် ချီးမြှင့်ခံရသည့် အတွက် ဂုဏ်ယူပါကြောင်း၊   ပြည်သူ့ဝန်ထမ်းကောင်းဆုတံဆိပ်ရသည့်  အရာထမ်း၊  အမှုထမ်းများအနေဖြင့် ဝန်ထမ်းကောင်းဆိုသည့် အစဉ်အလာကို  ဆက်လက် ထိန်းသိမ်းပေးကြစေလိုကြောင်းနှင့်  နိုင်ငံတော်နှင့် ကော်မတီအတွက်  ဆက်လက်ပြီး ကိုယ်စွမ်း၊ ဉာဏ် စွမ်းရှိသမျှ   ကြိုးစားတာဝန်ထမ်းဆောင်ကြပါရန် မှာကြားလိုကြောင်း ပြောကြားသည်။


ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတွင်  ယခုနှစ်အတွက်   ပြည်သူ့ဝန်ထမ်းကောင်း ဆုတံဆိပ်ချီးမြှင့်ခြင်းခံရသူ   အငြိမ်းစား အမှုထမ်း (၁) ဦး၊ တာဝန်ထမ်းဆောင်ဆဲ  အရာထမ်း ၇၁ ဦးနှင့် အမှုထမ်း ၇၈ ဦး စုစုပေါင်း ၁၅၀ ရှိပြီး ပြည်သူ့ ဝန်ထမ်းကောင်း ဆုတံဆိပ်အတွက်   နိုင်ငံတော်ကဂုဏ်ပြုမှတ်တမ်းလွှာနှင့်   ချီးမြှင့်ငွေကျပ်တစ်သိန်း ငါးသောင်းစီ ချီးမြှင့်ခဲ့ကြောင်း သိရသည်။


ဆက်လက်၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန် )၊  ဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်)၊ အတွင်းရေးမှူးနှင့် ကော်မတီ ဝင်များက        ပြည်သူ့ဝန်ထမ်းကောင်းဆုတံဆိပ် အတွက် နိုင်ငံတော်က ချီးမြှင့်ငွေများကို ဝန်ထမ်းများ ကိုယ်စား   သက်ဆိုင်ရာ   ဌာနမှူးများထံ   ပေးအပ် ခဲ့သည်။


ရန်ကုန်မြို့တော်    စည်ပင်သာယာရေးကော်မတီ တွင် ၂၀၀၀ ပြည့်နှစ်မှ ၂၀၂၁ ခုနှစ်အထိ  ပြည်သူ့ ဝန်ထမ်းကောင်း ဆုတံဆိပ်ရရှိခဲ့သည့် ဝန်ထမ်း ၂၂၈၀ ရှိပြီ ဖြစ်သည်။ 


ထို့နောက် ပြည်သူ့ဝန်ထမ်းကောင်းဆုတံဆိပ်   အတွက် နိုင်ငံတော်ကချီးမြှင့်ငွေရရှိသည့်  ဝန်ထမ်း များကိုယ်စား ပြည်သူ့ဆက်ဆံရေးနှင့်ပြန်ကြားရေးဦးစီးဌာန ဒုတိယဌာနမှူး ဦးစောလှဦးက ကျေးဇူးတင် စကားပြောကြားခဲ့ကြောင်း သိရသည်။  

 

သတင်းစဉ်