နေပြည်တော် ဖေဖော်ဝါရီ ၂၀
အလုပ်သမားဝန်ကြီးဌာန လူမှု ဖူလုံရေးအဖွဲ့၏ အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့ အစည်းအဝေး (၁/၂၀၂၄)ကို ယနေ့မွန်းလွဲပိုင်း က အဆိုပါဝန်ကြီးဌာန စုဝေး ခန်းမ၌ ကျင်းပရာ အမျိုးသား အဆင့် လူမှုဖူလုံရေးအဖွဲ့ဥက္ကဋ္ဌ အလုပ်သမား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြား ရေးမှူးချုပ်များနှင့် အမျိုးသား အဆင့် လူမှုဖူလုံရေးအဖွဲ့ဝင် အစိုးရ ကိုယ်စားလှယ်များ တက်ရောက်ကြပြီး အလုပ်ရှင်၊ အလုပ်သမားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက Online ဖြင့် တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက လူမှုဖူလုံရေး စီမံကိန်းအပေါ် အလုပ်ရှင်၊ အလုပ်သမားများ အားကိုးယုံကြည်မှု ပိုမိုရရှိစေရန် နှင့် ပိုမိုကောင်းမွန်သည့် လူမှုရေး ရလဒ်များ ပေါ်ထွန်းစေရန် မျှော်မှန်းကာ လက်ရှိတွင် လူမှုဖူ လုံရေးစီမံကိန်း အကျုံးဝင်မြို့နယ် ၁၂၂ မြို့နယ်ရှိ အလုပ်ဌာနများမှ လူမှုဖူလုံရေးအကျုံးဝင် အာမခံ အလုပ်သမား ၁ ဒသမ ၂၄ သန်း အတွက် ကျန်းမာရေးစောင့်ရှောက် မှုပေးခြင်းနှင့် ငွေကြေးအကျိုး ခံစားခွင့်များ ခွင့်ပြုထုတ်ပေး လျက်ရှိကြောင်း၊ လက်ရှိတွင် လူမှုဖူလုံရေး အဖွဲ့အနေဖြင့် နိုင်ငံတကာ လူမှုဖူလုံရေးအဖွဲ့ (International Social Security Association- ISSA)၊ အာဆီယံ လူမှုဖူလုံရေးအသင်း (ASEAN Social Security Association-ASSA) တို့၌ အဖွဲ့ဝင်အဖြစ် ဝင်ရောက်ပြီး နိုင်ငံတကာအဆင့်မီ ထိရောက်ကောင်းမွန်သည့် လူမှု ဖူလုံရေးလုပ်ငန်း ဆောင်ရွက်မှု များပေးနိုင်ရေး ပူးပေါင်းဆောင် ရွက်လျက်ရှိကြောင်း။
အာမခံအလုပ်သမားများအား ပိုမိုထိရောက် ကောင်းမွန်ပြီး အလွယ်တကူ လက်လှမ်းမီသည့် ကျန်းမာရေးဝန်ဆောင်မှုများ ရရှိ နိုင်ရန်အတွက် နိုင်ငံတကာ၌ လူမှုကျန်းမာရေး အာမခံစနစ် (Social Health Insurance) အရ ဆောင်ရွက်နေသည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းစဉ်များ ကို လေ့လာကာ Provider Purchaser Split (PPS) စနစ်အရ ပုဂ္ဂလိကဆေးခန်း၊ ဆေးရုံများနှင့် စာချုပ်ချုပ်ဆို၍ Capitation Payment ဖြင့် ဆေးခန်း ၂၁ ခန်း၊ Fee for Service Payment ဖြင့် ဆေးခန်း ၄၀ တို့ကို ဖွင့်လှစ်ဆောင် ရွက်ပေးလျက်ရှိရာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှ ၂၀၂၄ ခုနှစ် ဇန်နဝါရီ အထိ လူမှုဖူလုံရေးအဖွဲ့မှ အာမခံ အလုပ်သမားလူနာ ၂ ဒသမ ၈၁ သန်းကျော်ကို ကောင်းမွန်သည့် ကျန်းမာရေး စောင့်ရှောက်မှုများ ပေးနိုင်ခဲ့ကြောင်း။
ထို့ပြင် လူမှုဖူလုံရေးအဖွဲ့၌ အကျုံးဝင် အာမခံအလုပ်သမား ဦးရေ၏ ၅၀ ရာခိုင်နှုန်း ကျော်ခန့် သည် အမျိုးသမီးအာမခံ အလုပ်သမားများ ဖြစ်သည့် အတွက် အမျိုးသမီးများ၏ ဘဝ တစ်သက်တာအတွင်း တွေ့ကြုံရ သည့် အရေးကြီးကိစ္စဖြစ်သော မီးဖွားခြင်းဆိုင်ရာ ဝန်ဆောင်မှု အကျိုးခံစားခွင့်များကို ခွင့်ပြုပေး နိုင်ရန် ဆေးဖိုးပြန်အမ်းမှုဆိုင်ရာညွှန်ကြားချက်များ ထုတ်ပြန်၍ ဆေးဖိုးကုန်ကျမှုများ ပြန်လည် ပေးအမ်းလျက်ရှိရာ ၂၀၂၂ ခုနှစ် ဧပြီမှ ၂၀၂၄ ခုနှစ် ဇန်နဝါရီအထိ အာမခံအမျိုးသမီးအလုပ်သမား ၁၇၄၁၃ ဦးအတွက် ငွေကျပ်သန်း ၂၁၈၆ ဒသမ ၆၄၉ ကို ခွင့်ပြုထုတ် ပေးနိုင်ခဲ့ပြီး ဖြစ်သည့်အပြင် မြို့နယ် လူမှုဖူလုံရေးရုံးများသို့ ဥပဒေအရ အာမခံအလုပ်သမား များက တင်ပြလာသည့် အကျိုး ခံစားခွင့်အမှုတွဲများကို အချိန်နှင့် တစ်ပြေးညီ ခွင့်ပြုထုတ်ပေးလျက် ရှိရာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှ ၂၀၂၄ ခုနှစ် ဇန်နဝါရီအထိ ငွေကျပ် သန်းပေါင်း ၆၂၅၉၄ ဒသမ ၅၃၁ ကို ခွင့်ပြုထုတ်ပေးခဲ့ပြီး ဖြစ် ကြောင်း။
လူမှုဖူလုံရေးအဖွဲ့မှ မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ၏ လူမှုကာကွယ်စောင့်ရှောက်မှုများ နှင့်စပ်လျဉ်း၍ မလေးရှားနိုင်ငံ လူမှုဖူလုံရေးအဖွဲ့(PERKESO) နှင့် ပူးပေါင်းဆောင်ရွက်ရေး နားလည် မှု စာချွန်လွှာ MOC လက်မှတ် ရေးထိုးပြီး မလေးရှားနိုင်ငံရောက် အာမခံထားသူ မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏ လုပ်ငန်းခွင် ထိခိုက်မှုဆိုင်ရာ လူမှုဖူလုံရေး အကျိုးခံစားခွင့်များ မှန်ကန် မြန်ဆန်စွာရရှိစေရေး ပူးပေါင်း ဆောင်ရွက် လျက်ရှိကြောင်းနှင့် မြန်မာရွှေ့ပြောင်း အလုပ်သမား အများဆုံးသွားရောက် အလုပ်လုပ် ကိုင်လျက်ရှိသည့် ထိုင်းနိုင်ငံ လူမှု ဖူလုံရေးအဖွဲ့ (Social Security Organization) နှင့် အာမခံထားသူ မြန်မာရွှေ့ပြောင်း အလုပ်သမား များ၏ လူမှုဖူလုံရေး အကျိုး ခံစားခွင့်များ အပြည့်အဝရရှိစေရန် အတွက် ဆက်လက်ညှိနှိုင်းဆောင် ရွက်လျက်ရှိကြောင်း ပြောကြား သည်။
ဆက်လက်၍ လူမှုဖူလုံရေး အဖွဲ့ ညွှန်ကြားရေးမှူးချုပ်က ယခင် (၁/၂၀၂၃) အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် အကောင် အထည်ဖော် ပြီးစီးမှုနှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်း တင်ပြပြီး အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့ အဖွဲ့ဝင်များက သုံးသပ်ဆွေးနွေးကြသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးက လူမှုဖူလုံရေးအဖွဲ့ အနေဖြင့် အာမခံအလုပ်သမားများ အတွက် ယခုထက်ပိုမိုကောင်းမွန် သော ဝန်ဆောင်မှုများကို ဆောင် ရွက်ပေးနိုင်စေရန်နှင့် လက်ရှိ အကျုံးဝင်လွှမ်းခြုံမှုမှသည် တစ် မျိုးသားလုံး အကျုံးဝင်လွှမ်းခြုံနိုင် သည့် စီမံကိန်းဖြစ်စေရန်အတွက် အခြားအိမ်နီးချင်းနိုင်ငံများတွင် ကျင့်သုံးနေသည့် လူမှုဖူလုံရေး စနစ်များနှင့် နှိုင်းယှဉ်လေ့လာ သုံးသပ်မှုများပြုလုပ်ပြီး လိုအပ် သည့် ပြုပြင်ပြောင်းလဲမှုများ ဆက်လက် ဆောင်ရွက်သွားကြ ရန် တိုက်တွန်းပြောကြားခဲ့ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်