
မန္တလေး
၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် မတ်လအတွင်းက ကျင်းပခဲ့သည့် အခြေခံပညာအဆင့် Grade 1 (ပထမတန်း)မှ Grade-10(နဝမတန်း)အထိ စာမေးပွဲအောင်စာရင်းများကို ယနေ့နံနက်ပိုင်းက မန္တလေးမြို့ ရှိ အခြေခံပညာကျောင်းများတွင် ထုတ်ပြန်ကြေညာပေးထားကြောင်း သိရသည်။
အဆိုပါအခြေခံပညာအဆင့် အောင်စာရင်းများအတွက် အရည်အချင်းစစ်စာမေးပွဲကို မတ်လ အတွင်းက ကျင်းပခဲ့ပြီး ယင်းတို့အနက် Grade-9 စာမေးပွဲအတွက် တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ကြီးကြပ်ပြုစု၍ မတ် ၁၇ ရက်မှ ၂၃ ရက်အထိ စစ်ဆေးရာ ယင်း Grade-9 စာမေးပွဲတွင် မန္တလေးတိုင်း ဒေသကြီးအတွင်းမှ ကျောင်းသား ကျောင်းသူဦးရေ ၃၀၀၀၀ ကျော် ဝင်ရောက်ဖြေဆိုခဲ့ကြောင်း တိုင်းဒေသကြီးပညာရေးမှူးရုံး စာရင်းများအရ သိရသည်။
လာမည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် အခြေခံပညာအဆင့် ကျောင်းသား ကျောင်းသူများအား မူလတန်းအဆင့် Grade-5 ကို သင်ရိုးသစ်အဖြစ်လည်းကောင်း၊ အလယ်တန်းအဆင့် Grade-8 ကို သင်ရိုးသစ်အဖြစ် လည်းကောင်း၊ အထက်တန်းအဆင့်တွင် Grade-11 ကို သင်ရိုးသစ်အဖြစ် လည်းကောင်း ပြောင်းလဲသင်ကြားပေးမည်ဖြစ်ပြီး လက်ရှိတွင် မူလတန်းအဆင့် Grade-5 ကို သင်ရိုးသစ်အဖြစ် ပြောင်းလဲသင်ကြားပေးနိုင်ရန် ဆရာ ဆရာမများအား ဗဟိုအဆင့်နည်းပြသင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရသည်။
မောင်အေးချမ်း
ကလိန်အောင်
တနင်္သာရီတိုင်းဒေသကြီး ကလိန်အောင်မြို့ရှိ (၂၀၂၁-၂၀၂၂) ပညာသင်နှစ်အတွင်း ဖွင့်လှစ် သင်ကြားလျက်ရှိသော အခြေခံပညာကျောင်း များတွင် ကျောင်းတွင်းစစ် စာမေးပွဲများမှ အတန်းလိုက် စာမေးပွဲအောင်စာရင်းများကို ယနေ့နံနက်ပိုင်းက သက်ဆိုင်ရာ ကျောင်းများ အလိုက် အောင်စာရင်းထုတ်ပြန်၍ ကျောင်း ၏ ကြော်ငြာသင်ပုန်းတွင် ကပ်ထားကြေညာ ပေးထားရာ ကျောင်းသားမိဘများ၊ ကျောင်းသား ကျောင်းသူများ လာရောက်ကြည့်ရှုကြသည်။
ယင်းသို့ စာမေးပွဲအောင်စာရင်းများ ကြေညာ ရာတွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် သင်ရိုးသစ် (KG)တန်းမှစ၍ (Grade-10)အတန်းအထိ (တက္ကသိုလ် ဝင်တန်း မပါ) အတန်းလိုက်အောင်စာရင်းများ ကို ဧပြီ ၂၄ ရက်မှ ၂၆ ရက်အထိ သုံးရက်အကြာ ကြေညာပေးထားမည်ဖြစ်ပြီး ၂၀၂၂ ခုနှစ် မေ ၂၅ ရက်မှစတင်၍ ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းသား ကျောင်းသူများကို ကျောင်းအပ်နှံမှု လက်ခံပေးမည်ဖြစ်ကြောင်း မြို့နယ်ပညာရေး မှူးရုံးမှ သိရသည်။
ခင်ခင်လဲ့(ပြန်/ဆက်)
သင်္ဃန်းကျွန်း
ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် သင်္ဃန်းကျွန်းမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အောင်စာရင်းများကို ယနေ့ နံနက်ပိုင်းက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအလိုက် မြို့နယ်ပညာရေးမှူးရုံး၏ ကြီးကြပ်မှုဖြင့် ထုတ်ပြန်ကြေညာကြောင်း သိရသည်။
သင်္ဃန်းကျွန်းမြို့နယ်တွင် အထက်တန်းကျောင်း ငါးကျောင်း၊ အထက်တန်းခွဲကျောင်း နှစ်ကျောင်း၊ အလယ်တန်းကျောင်း ငါးကျောင်း၊ မူလတန်းလွန်ကျောင်း ငါးကျောင်း၊ မူလတန်းကျောင်း ၃၀၊ ဘုန်းတော်ကြီးသင်ကျောင်း ခြောက်ကျောင်းနှင့် ကိုယ်ပိုင်အထက် တန်းကျောင်း ၁၃ ကျောင်း စုစုပေါင်း ၆၆ ကျောင်းရှိရာ ၂၀၂၁- ၂၀၂၂ ပညာသင်နှစ်တွင် စာမေးပွဲဝင်ရောက်ဖြေဆိုသူ KG၊ Grade-1၊ Grade-2၊ Grade-3၊ Grade-4၊ Grade-6၊ Grade-7၊ Grade-8 (သင်ရိုးဟောင်း) ၊ Grade-9(သင်ရိုးဟောင်း)၊ Grade ( 10) အထိ ကျောင်းသား ကျောင်းသူ ၇၉၈၉ ဦးရှိခဲ့ပြီး အောင်မြင်သူ ၇၉၈၉ ဦး ရှိခဲ့သည့်အတွက် ၁၀၀ ရာခိုင်နှုန်းအောင်မြင်ကြောင်း မြို့နယ်ပညာ ရေးမှူး ဦးသိန်းထွန်းထံမှ သိရသည်။
ထိုသို့ အောင်စာရင်းများ ထုတ်ပြန်ကြေညာရာ ကျောင်းများအလိုက် ဝင်ရောက်ဖြေဆိုခဲ့သည့် ကျောင်းသား ကျောင်းသူများနှင့် မိဘ ပြည်သူများက ယနေ့ နံနက်ပိုင်းက လာရောက်ကြည့်ရှုလျက်ရှိပြီး အဆင်ပြေချောမွေ့စွာ ကြည့်ရှုနိုင်ရေးအတွက် ဆရာ ဆရာမများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။
စန္ဒာမိုး
သုံးခွ
ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာ ကျောင်းသား ကျောင်းသူများ၏ အောင်စာရင်းများကို ဧပြီ ၂၄ ရက် နံနက် ၆ နာရီမှစတင်ကာ သက်ဆိုင်ရာကျောင်းများ အလိုက် ကြော်ငြာသင်ပုန်းများ၌ ကပ်ထားပေးရာ ကျောင်းသား ကျောင်းသူများ၊ မိဘအုပ်ထိန်းသူများ လာရောက်ကြည့်ရှုကြကြောင်း သိရသည်။ KG တန်းမှ(Grade-1)သို့ တက်ရောက်ခွင့်ရသူများ စာရင်း၊ (Grade-1)မှ သင်ရိုးသစ်(Grade-10)ထိ အောင်စာရင်းများ ထုတ်ပြန် ခဲ့ကြောင်း သိရသည်။ သုံးခွမြို့နယ်တွင် အခြေခံပညာသင်ကျောင်း၊ ၁၄၆ ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ငါးကျောင်း၊ သီလရှင်သင်ပညာရေးကျောင်း တစ်ကျောင်း စုစုပေါင်း ၁၅၂ ကျောင်း ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကျော်ဆန်း