
၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် KG မှ Grade 10 အထိ အောင်စာရင်း များကို မြို့နယ်အသီးသီးရှိ အခြေခံပညာကျောင်းများတွင် သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံး၏ ကြီးကြပ်မှုဖြင့် ဧပြီ ၂၄ ရက်က ထုတ်ပြန်ကြေညာသည်။
တနင်္သာရီ
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများတွင် ကျောင်းတွင်းစစ်စာမေးပွဲများမှ အတန်းလိုက် စာမေးပွဲ အောင်စာရင်းများကို သက်ဆိုင်ရာ ကျောင်းများအလိုက် အောင်စာရင်း ထုတ်ပြန်၍ ကျောင်း၏ကြော်ငြာသင်ပုန်းတွင် ကပ်ထားကြေညာပေး ထားရာ ကျောင်းသားမိဘများ၊ ကျောင်းသူ ကျောင်းသားများ လာရောက် ကြည့်ရှုလျက်ရှိသည်။
စာမေးပွဲအောင်စာရင်းများ ကြေညာရာတွင် ၂၀၂၁-၂၀၂၂ ပညာ သင်နှစ် သင်ရိုးသစ် KG တန်းမှစ၍ Grade-10 အထိ အတန်းလိုက် အောင်စာရင်းများကို ဧပြီ ၂၄ ရက်မှ ၂၆ ရက်အထိ သုံးရက်ကြာ ကပ်ထား ကြေညာပေးမည်ဖြစ်ကြောင်းနှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းသူ ကျောင်းသားများ ကျောင်းအပ်ခြင်းကို မေ ၂၅ ရက်မှစတင်၍ လက်ခံသွားမည်ဖြစ်ကြောင်း တနင်္သာရီမြို့နယ် ပညာရေးမှူးရုံးမှ သိရ သည်။
နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)
မင်္ဂလာတောင်ညွန့်
ရန်ကုန်အရှေ့ပိုင်းခရိုင် မင်္ဂလာတောင်ညွန့်မြို့နယ်တွင် အောင်စာရင်း များကို ကျောင်းအလိုက် ထုတ်ပြန်ကြေညာရာ အထက်တန်းကျောင်း ခြောက်ကျောင်း၊ အလယ်တန်းကျောင်း နှစ်ကျောင်း၊ မူလတန်းလွန် ကျောင်း ငါးကျောင်း၊ မူလတန်းကျောင်း ၁၇ ကျောင်း၊ ဘုန်းတော်ကြီးသင် ကျောင်း တစ်ကျောင်း စုစုပေါင်း ၃၁ ကျောင်း၌ KG မှ Grade 10 အထိ ကျောင်းသား ကျောင်းသူ ၁၅၉၈ ဦး ဖြေဆိုသည့်အနက် အောင်မြင်သူ ၁၅၉၈ ဦး ရှိသည့်အတွက် ၁၀၀ ရာခိုင်နှုန်း အောင်မြင်ကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ တာဝန်ရှိသူများထံမှ သိရသည်။
အောင်စာရင်းများ ထုတ်ပြန်ကြေညာရာတွင် ကျောင်းများအလိုက် ဝင်ရောက်ဖြေဆိုခဲ့သည့် ကျောင်းသား ကျောင်းသူများနှင့် မိဘများက ယနေ့နံနက်ပိုင်းအချိန်မှစတင်ကာ လာရောက်ကြည့်ရှုလျက်ရှိပြီး အဆင်ပြေချောမွေ့စွာ ကြည့်ရှုနိုင်ရေးအတွက် ဆရာ ဆရာမများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ပေးနေကြောင်း သိရသည်။ ကျော်သူဟိန်း