
၁။ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (Mini Budget) (အောက်တိုဘာလ မှ မတ်လ အထိ) မြန်မာနိုင်ငံ၏ ပြည်ပ ကုန်သွယ်မှု (ယာယီစာရင်းအရ) ပြည်ပပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၈၂၇၉ သန်း၊ ပြည်ပ သွင်းကုန်တန်ဖိုး အမေရိကန် ဒေါ်လာ ၇၉၅၅ သန်း ဆောင်ရွက်နိုင်ခဲ့၍ ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာ ၁၆၂၃၄ သန်းဖြစ်ပြီး ပို့ကုန်က သွင်းကုန်ထက် ပိုမိုသဖြင့် ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ ၃၂၄ သန်း ရရှိခဲ့ပါသည်။
၂။ ပြီးခဲ့သည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် (အောက်တိုဘာလမှ မတ်လအထိ) ကာလတူနှင့် နှိုင်းယှဉ်က ပို့ကုန်တွင် အမေရိကန် ဒေါ်လာ ၉၈ သန်းကျော်နှင့် သွင်းကုန်တွင် အမေရိကန်ဒေါ်လာ ၁၆၄ သန်း ပိုမို ပြီး ကာလတူထက် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၂၆၃ သန်း ပိုမိုဆောင်ရွက်နိုင်ခဲ့ပါသည်။
၃။ ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာနှစ် Mini Budget ၌ ပင်လယ်ရေကြောင်းကုန်သွယ်မှုတွင် လယ်ယာထွက် ဆန်၊ ဆန်ကွဲ၊ ပြောင်း၊ ပဲမျိုးစုံ ၊ ရေထွက် ငါး၊ ပုစွန်နှင့် အခြားရေထွက်များ ၊ တိရစ္ဆာန်ထွက်ပစ္စည်းများ၊ စက်မှုကုန်ချောပစ္စည်း (ချုပ်ပြီးအထည်) တို့ ပိုမိုတင်ပို့နိုင်ခဲ့သဖြင့် ပင်လယ်ရေကြောင်း ပို့ကုန်တန်ဖိုးမှာ ယခင်နှစ် ကာလတူထက် အမေရိကန်ဒေါ်လာ သန်း ၁၆၀၀ ကျော် ပိုမိုခဲ့ပါသည်။ နယ်စပ်ကုန်သွယ်မှုတွင် မြန်မာ-တရုတ်နယ်စပ်စခန်းများ ပြန်လည်ဖွင့်လှစ်ပြီး တစ်ဖက်နိုင်ငံနှင့် ကုန်သွယ်မှု မျှတစေရေး ဆောင်ရွက်နေသည့်ကာလတွင် ပို့ကုန်လျော့နည်းခဲ့မှုအား ကာမိစေပြီး Mini Budget ကာလ ပင်လယ် ရေကြောင်းနှင့် နယ်စပ်စုစုပေါင်း ပို့ကုန်တင်ပို့မှုတွင် ကာလတူထက် ဒေါ်လာသန်း ၁၀၀ ခန့် ပိုမို ဆောင်ရွက်နိုင်ခဲ့ပါသည်။
၄။ သွင်းကုန်တွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွင်း နိုင်ငံတော်၏ နိုင်ငံခြားငွေ လိုအပ်ချက်ကို လျှော့ချနိုင် ရန် အရေးကြီးကုန်စည်မဟုတ်သည့် မော်တော်ယာဉ်ကဲ့သို့ ပစ္စည်းများအား တင်သွင်းမှု စိစစ်ကန့်သတ် ခြင်း၊ စားအုန်းဆီအား ပြည်တွင်း ဈေးကွက်စားသုံးမှုလိုအပ်ချက်နှင့်အညီ စိစစ်တင်သွင်းမှုပြုခြင်း ကြောင့် ယခင်နှစ်များထက် တန်ချိန်လျှော့ချတင်သွင်းနိုင်ခြင်း၊ ပြည်တွင်းထုတ်လုပ်နိုင်မည့် အစားထိုး ကုန်စည်များအား ပြည်ပမှ တင်သွင်းမှု စိစစ်လျှော့ချခြင်းတို့ ဆောင်ရွက်ခဲ့ရာ မရှိမဖြစ် လိုအပ်သည့် စက်သုံးဆီ၊ စားအုန်းဆီတို့တင်သွင်းမှုတွင် ကမ္ဘာ့ပေါက်ဈေးကြီးမြင့်လာ၍ တန်ဖိုးမြင့်တက်မှုရှိသော်လည်း စုစုပေါင်းသွင်းကုန်မှာ ကာလတူထက် အမေရိကန်ဒေါ်လာ ၁၆၄ သန်းသာ ပိုမိုမှုရှိပြီး မူလလျာထားချက်၏ ၁၀ ရာခိုင်နှုန်း လျှော့ချဆောင်ရွက်နိုင်ခဲ့ပါသည်။
၅။ သို့ဖြစ်၍ ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ် Mini Budget တွင် စီမံကိန်းဥပဒေပါ ပို့ကုန်လျာထားချက် အမေရိကန်ဒေါ်လာ ၈၂၀၀ သန်း၏ ၁၀၁ ရာခိုင်နှုန်း၊ သွင်းကုန်လျာထားချက် အမေရိကန်ဒေါ်လာ ၈၈၀၀ သန်း၏ ၉၀ ရာခိုင်နှုန်း ဆောင်ရွက်နိုင်ခဲ့ပြီး ကုန်သွယ်မှု ပမာဏ လျာထားချက် အမေရိကန်ဒေါ်လာ ၁၇၀၀၀ သန်း၏ ၉၅ ရာခိုင်နှုန်းကျော် ဆောင်ရွက်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု အခြေအနေအား သတင်းဖော်ပြအပ်ပါသည်။