
မိမိတို့နိုင်ငံအနေဖြင့် ပြည်ပကြွေးမြီရယူမှုကို လျှော့ချနိုင်စေရန် ပြည်တွင်းထုတ်ကုန်
တိုးတက်အောင် ဆောင်ရွက်ပြီး တိုင်းပြည်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားရမည်
နေပြည်တော် စက်တင်ဘာ ၂၂
အမျိုးသားစီမံကိန်းကော်မရှင်အစည်းအဝေး အမှတ်စဉ် (၁/၂၀၂၁) ကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ အမျိုးသားစီမံကိန်း ကော်မရှင်ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ အမျိုးသားစီမံကိန်းကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်း ဦး၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဦးဝဏ္ဏမောင်လွင်၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဦးချစ်နိုင်၊ ဦးဝင်းရှိန်၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးအောင်နိုင်ဦး၊ ဦးကိုကိုလှိုင်၊ ဒေါက်တာ ဒေါ်သီတာဦး၊ ဦးမောင်မောင်အုန်း၊ ဦးကိုကို၊ ဦးလှမိုး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဦးခင်မောင်ရီ၊ ဦးအောင်သန်းဦး၊ ဒေါက်တာ ချာလီသန်း၊ ဦးခင်ရီ၊ ဒေါက်တာ ပွင့်ဆန်း၊ ဒေါက်တာ မျိုးသိန်းကျော်၊ ဒေါက်တာသက်ခိုင်ဝင်း၊ ဦးမင်းသိန်းဇံ၊
ဦးရွှေလေး၊ ဒေါက်တာသက်သက်ခိုင်၊ ဒေါက်တာ ဌေးအောင်၊ ဦးစောထွန်းအောင်မြင့်နှင့် ပြည်ထောင်စု စာရင်းစစ်ချုပ် ဒေါက်တာကံဇော်တို့ တက်ရောက် ကြပြီး ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ မြန်မာ နိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ များက Video Conferencing စနစ်ဖြင့် ချိတ်ဆက် တက်ရောက်ကြသည်။
ဆွေးနွေးညှိနှိုင်းအတည်ပြု
ဦးစွာ အမျိုးသားစီမံကိန်းကော်မရှင်ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က အဖွင့်အမှာစကား ပြောကြားရာတွင် အမျိုးသား စီမံကိန်းကော်မရှင်အစည်းအဝေး အမှတ်စဉ် (၁/၂၀၂၁)တွင် ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာနှစ်၊ (၆) လ အမျိုးသားစီမံကိန်းဥပဒေကို ပြဋ္ဌာန်းနိုင်ရေးအတွက် ဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ် ချုပ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး၊ ပြည်နယ်များမှ ဝန်ကြီးချုပ်များနှင့် ဆွေးနွေးညှိနှိုင်း အတည်ပြုကြရမည်ဖြစ်ကြောင်း။
ယခင်က ဘဏ္ဍာရေးနှစ်ကို အောက်တိုဘာလမှ စက်တင်ဘာလထိ သတ်မှတ်ဆောင်ရွက်ခဲ့သော် လည်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်ကို ဧပြီလမှ မတ်လအထိ ပြောင်းလဲ သတ်မှတ်ဆောင်ရွက်မည်ဖြစ်သည့်အတွက် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ ခုနှစ်၊ မတ်လထိ ကြားကာလ(၆)လ အမျိုးသား စီမံကိန်းဥပဒေကို ပြဋ္ဌာန်းနိုင်ရန် ရေးဆွဲဆောင်ရွက် ရခြင်း ဖြစ်ပါကြောင်း။
အထူးအလေးထားဆောင်ရွက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် နိုင်ငံတော် ၏ တာဝန်အရပ်ရပ်ကို စတင်တာဝန်ယူခဲ့ရခြင်းဖြစ်ပြီး ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉)ရပ်တို့ကို မူဝါဒအဖြစ်ချမှတ်၍ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ တစ်ဖက်တွင်လည်း ကိုဗစ်-၁၉ ရောဂါကြောင့် ကျဆင်းနေသည့် နိုင်ငံတော်၏ စီးပွားရေးအခြေ အနေကို ပြန်လည်ဦးမော့ပြီး သွက်လက်မြန်ဆန်လာ စေရေးအတွက် အတတ်နိုင်ဆုံး အထူးအလေးထားဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် ဆက်လက် ဆောင်ရွက်ရန် လုပ်ငန်းများစွာ ကျန်ရှိသေးသည်ကို ပြောကြားလိုကြောင်း။
ချိတ်ဆက်အကောင်အထည်ဖော်
မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများသည် ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသည့် ဖွံ့ဖြိုးမှု ပန်းတိုင်များ (Sustainable Development Goals-SDGs) 2015-2030 ကို အကောင်အထည်ဖော် ဆောင်ရွက်ရန် အတည်ပြုခဲ့ကြကြောင်း၊ SDGs ရည်မှန်းချက်များ ပြည့်မီရေးအတွက် ဆောင်ရွက် ရမည့်ကိစ္စရပ်များကိုလည်း ကဏ္ဍအလိုက်နှင့် ဒေသ အလိုက် စီမံကိန်းများတွင် ချိတ်ဆက်၍ အကောင် အထည် ဖော်နိုင်ရေးကို ဆောင်ရွက်သွားကြရန်လို ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် SDGs အကောင် အထည်ဖော်ဆောင်ရွက်မှုနှင့်ပတ်သက်သည့် အစီရင် ခံစာကို ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေးဌာနသို့ အချိန်မီပေးပို့ခဲ့သည်ကို သိရကြောင်း၊ ထို့အပြင် ဖွံ့ဖြိုး မှုအနည်းဆုံးနိုင်ငံ (LDC) အဖြစ်မှ လွတ်မြောက်ရေး အတွက် နိုင်ငံတော်က ဆောင်ရွက်ရမယ့် ကိစ္စရပ်များ ကိုလည်း ဆောင်ရွက်ခဲ့သကဲ့သို့ LDC နိုင်ငံအဖြစ်မှ လွတ်မြောက်ရေးအတွက် သတ်မှတ်ထားသည့် စံနှုန်း များ ဆက်လက်ပြည့်မီရေးကိုလည်း စီမံကိန်းများ၊ လုပ်ငန်းစဉ်များနှင့် ချိတ်ဆက်အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် လိုအပ်သည်ဟု မှာကြား လိုကြောင်း။
မိမိတို့ အစိုးရအဖွဲ့အနေဖြင့်လည်း ပြည်သူ အားလုံး၏ စားဝတ်နေမှုဖူလုံရေး၊ ကျေးလက်ဒေသ နှင့် မြို့ပြဖွံ့ဖြိုးမှု ကွာဟချက်ကျဉ်းမြောင်းရေးနှင့် ဆင်းရဲမှုလျှော့ချနိုင်ရေးတို့ကို ဦးစားပေးဆောင်ရွက် လျက်ရှိရာ သက်ဆိုင်ရာ ကဏ္ဍအလိုက်၊ ဒေသအလိုက် တာဝန်ယူဆောင်ရွက်နေကြသည့် ပြည်ထောင်စု ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များအနေဖြင့် အချိတ်အဆက်မိမိ ပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ မိမိတို့ ချမှတ်ထားသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက်များကို ကြည့်မည်ဆိုပါက တိုင်းပြည် သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံပေါများရေး ကို ရှေးရှု ဆောင်ရွက်ထားသည်ကိုလည်း တွေ့ရှိနိုင် မည်ဖြစ်ကြောင်း။
အထောက်အကူပြုရန် ရည်ရွယ်
မိမိတို့နိုင်ငံ၏ စီးပွားရေးအခြေအနေကို ပြန်လည် သုံးသပ်ရမည်ဆိုပါက ၂၀၂၀ ပြည့်နှစ်၊ မတ်လတွင် စတင်ဖြစ်ပွားခဲ့သည့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကြောင့် ခရီးသွားလုပ်ငန်းအပါအဝင် ဝန်ဆောင်မှု လုပ်ငန်းများ၊ အသေးစား၊ အလတ်စားလုပ်ငန်းများနှင့် အချို့သော ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရပ်ဆိုင်း ခြင်း၊ လုပ်ငန်းစွမ်းဆောင်ရည်ကျဆင်းခြင်း ဖြစ်ပေါ်ခဲ့ သည့်အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ တတိယ (၃) လပတ်မှစတင်ကာ နိုင်ငံ၏စီးပွားရေးကျဆင်းမှု ဖြစ်ပေါ်လာခဲ့ပြီး ယခု ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပထမ(၆)လပတ်အထိ စီးပွားရေးအခြေအနေ ဆက်လက်ကျဆင်းလျက်ရှိသည်ကို သုံးသပ် ပြောကြားလိုကြောင်း၊ ယခု(၆)လ အမျိုးသားစီမံကိန်း သည် နိုင်ငံ၏ စီးပွားရေးနှင့် လူမှုရေးလုပ်ငန်းများ ပြန်လည်ရှင်သန်ပြီး ပြည်သူတို့၏ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးကို အထောက်အကူပြုရန် ရည်ရွယ်ပါ ကြောင်း၊ ထို့ကြောင့် ယခု (၆)လ စီမံကိန်းကာလတွင် ကဏ္ဍအလိုက်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် လျာထားခဲ့သည့် ရည်မှန်းချက်များပြည့်မီရေးကို အထူးကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းလို ပြီး ထိုသို့ဆောင်ရွက်မှသာလျှင် ကာလတိုအတွင်း လျင်မြန်ထိရောက်သည့်ရလဒ် (Quick Win) ကို ရရှိမည်ဖြစ်ကြောင်း။
စီမံချက်ချဆောင်ရွက်
မိမိတို့နိုင်ငံသည် လယ်ယာစိုက်ပျိုးရေးကို အခြေခံသည့်နိုင်ငံဖြစ်ပြီး ကျေးလက်နေပြည်သူများ သည် စိုက်ပျိုးမွေးမြူရေးကို အသက်မွေးဝမ်းကျောင်း လုပ်ငန်းအဖြစ် လုပ်ကိုင်ကြသူများဖြစ်ကြကြောင်း၊ ၎င်းတို့ဝင်ငွေရရှိရေးအတွက် အထောက်အကူဖြစ်စေ ရန် လိုအပ်သည့် သွင်းအားစုများ လုံလောက်စွာရရှိ ရေးနှင့် စိုက်ပျိုးစရိတ်ချေးငွေများ ရရှိရေးတို့ကို အလေးထားဆောင်ရွက်ပေးကြရန် မှာကြားလိုပါ ကြောင်း၊ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် နိုင်ငံ တစ်ခုသည် စိုက်ပျိုးရေလုံလောက်မှု၊ ဓာတ်မြေဩဇာ နှင့် အထွက်ကောင်းသည့် မျိုးများရရှိနိုင်မှု၊ တိရစ္ဆာန် အစားအစာရရှိမှု၊ပိုးသတ်ဆေးများ၊ ကာကွယ်ကုသ ဆေးများ မဖြစ်မနေလိုအပ်ချက်ရှိသည်ကို နားလည် ပြီး လိုအပ်ချက်များ ပြည့်စုံစေရေးအတွက် စီမံချက်ချ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ထို့အပြင် ရာသီ ဥတုနှင့် လိုက်လျောညီထွေမှု ရှိသည့် ဈေးကွက်ဝင် သီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ ခေတ်မီ ကောင်းမွန်သည့် စိုက်ပျိုးရေးနည်းစနစ်များနှင့် နည်းပညာများ၊ စက်ယန္တရားများ၊ သီးနှံပိုးမွှား အန္တရာယ်ကာကွယ်ရေးအစီအစဉ်များ၊ အဆင့်မြင့် လယ်ယာ အကောင်အထည်ဖော်နိုင်ရန်အတွက် ကြိုးပမ်းကြရမည်ဖြစ်ပါကြောင်း၊ ထိုသို့လုပ်ဆောင် နိုင်ရေးအတွက်လည်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အင်ဂျင်နီယာပညာရှင်များ၊ ကျွမ်းကျင်သူများကို လည်း အဆက်မပြတ် မွေးထုတ်ပေးနိုင်ရမည်ဖြစ် ကြောင်း၊ တစ်ဖက်တွင်လည်း စားနပ်ရိက္ခာဘေးကင်း မှုအတွက် ပိုးသတ်ဆေးအလွန်အကျွံသုံးစွဲမှု မရှိစေ ရေးနှင့် အော်ဂဲနစ်စိုက်ပျိုးမွေးမြူရေး ဖြစ်ထွန်းစေရေး ကို နိုင်ငံတကာစံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ရန် လိုပါကြောင်း။
ပြည်ပကို ပိုမိုတင်ပို့ရောင်းချ
မွေးမြူရေးကဏ္ဍတွင်လည်း မွေးမြူရေးဇုန်များ ဖော်ထုတ်ပေးခြင်း၊ မြစ်၊ ချောင်း၊ အင်း၊ အိုင်၊ ဆည် များအတွင်း ငါးသားပေါက်များ စိုက်ထည့်ခြင်း၊ တစ်နိုင်တစ်ပိုင် မွေးမြူရေးလုပ်ငန်းများအတွက် မျိုးကောင်းမျိုးသန့်များ ဖြန့်ဖြူးပေးခြင်း၊ ခေတ်နှင့် လျော်ညီသည့် မွေးမြူရေးစနစ်များဖြစ်စေရေး ကူညီ ပေးခြင်းနှင့် တိရစ္ဆာန်ရောဂါကာကွယ်ကုသရေး လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း စသည်ဖြင့် မွေးမြူ ရေးထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ပြီး ပြည်ပ ကို ပိုမိုတင်ပို့ရောင်းချခြင်းဖြင့် နိုင်ငံတော်ဝင်ငွေ တိုးတက်ရရှိနိုင်မည်ဖြစ်ပါကြောင်း။
စီးပွားရေးတိုးတက်အောင် ဆောင်ရွက်ရာတွင် ဆောင်ရွက်နိုင်သည့် အခြေအနေတူညီနိုင်မည် မဟုတ်ကြောင်း၊ အချို့ တိုင်းဒေသကြီးနှင့် ပြည်နယ် များအနေဖြင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍ အားသာ ချက်များရှိနိုင်ပြီး အချို့သည် စက်မှုကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍတို့တွင် အားသာချက်ရှိနိုင်ပါ ကြောင်း၊ မိမိတို့ရရှိဆောင်ရွက်နိုင်သည့် အားသာချက် အခြေအနေများအပေါ် အခွင့်အလမ်းအဖြစ် အသုံးချ ပြီး မိမိတို့ဒေသ၏ စီးပွားရေးကို တိုးတက်လာအောင် ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။
ဝင်ငွေများတိုးတက် ရရှိစေမည်
ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ် များအနေဖြင့် မိမိတို့ဒေသအလိုက် အားသာချက် ရှိသည့် ထုတ်ကုန်များကို ကျေးရွာတစ်ရွာ ထုတ်ကုန် တစ်မျိုး (One Village One Product- OVOP) ထုတ်လုပ်နိုင်ရန် ကြိုးစားကြရန်လိုအပ်ပြီး မိမိတို့ ဒေသရှိ အသေးစား၊ အလတ်စားလုပ်ငန်းများနှင့် တစ်နိုင်တစ်ပိုင် မိသားစုလုပ်ငန်းများရှင်သန်ဖွံ့ဖြိုးအောင် အားပေးမြှင့်တင်ခြင်းဖြင့် ဝင်ငွေများတိုးတက် ရရှိစေမည် ဖြစ်ပါကြောင်း။
ပြည်ပတွင် သွားရောက်လုပ်ကိုင်ရာမှ ကိုဗစ်-၁၉ ရောဂါကြောင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ လာသည့် မိမိတို့ပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးဖော်ဆောင်ပေးပြီး ဝင်ငွေ ရရှိရေး ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ပေးခြင်းကြောင့် တိုင်းပြည်၏ လုပ်သား အရင်းအမြစ်များ ပြည်ပသို့ရောက်ရှိခြင်း လျော့နည်း သွားမည်ဖြစ်သကဲ့သို့ ပြည်တွင်းရှိ လုပ်ငန်းများကို လည်း အထောက်အကူရရှိစေမည် ဖြစ်ပါကြောင်း၊ ထို့အပြင် ကိုဗစ်-၁၉ ရောဂါကြောင့် ပိတ်ထားရသည့် စက်ရုံ၊ အလုပ်ရုံများ ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် စက်ရုံများ စွမ်းအားပြည့်လည်ပတ်နိုင်ရေးတို့ကို ကြိုးပမ်းဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။
ပြည်ပမှ တင်သွင်းနေရ
ပြည်ပမှ သွင်းကုန်များ တင်သွင်းရခြင်းကြောင့် နိုင်ငံခြားငွေများကို အမြောက်အမြားသုံးစွဲနေရ သဖြင့် ပြည်ပသွင်းကုန် အစားထိုးနိုင်ရေးအတွက် ပြည်တွင်းထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေး အားပေးဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ မိမိတို့ နိုင်ငံသည် ၂၀၁၀ -၂၀၁၁ ခုနှစ်တွင် ဝါစိုက်ပျိုးမှု ဧက ၈ သိန်းကျော်အထိ ရှိခဲ့ကြောင်း၊ ဝါအထွက်နှုန်း မကောင်းခြင်းသည် စီးပွားရေးအရတွက်ခြေမကိုက် မှုကို ဖြစ်ပေါ်စေပြီး ဝါစိုက်ပျိုးမှုမှတစ်ဆင့် ပြည်တွင်း ချည်ထည်ထုတ်လုပ်မှု supply chain ကို လျော့သွား ကြောင်း၊ မြေယာမူဝါဒနှင့်အညီ ဝါစိုက်ဧက ၈ သိန်း ပြည့်မီအောင်စိုက်ပျိုးပြီး ဝါအထွက်နှုန်း တစ်ဧက လျှင် ပိဿာ ၈၀၀ မှ ပိဿာ ၁၀၀၀ အထိရရှိအောင် ကြိုးစားဆောင်ရွက်နိုင်မည်ဆိုပါက ဝါကိုအခြေခံ သည့် ပြည်တွင်းချည်ထည်စက်မှုလုပ်ငန်းများစွာကို ဖွံ့ဖြိုးစေမည်ဖြစ်ပြီး ဝါနှင့်ဝါထွက်ပို့ကုန်များက လည်း ဝင်ငွေများစွာရရှိစေမည်ဖြစ်ကြောင်း၊ အလား တူ စားသုံးဆီနှင့် လောင်စာဆီ မလုံလောက်မှုများ ကြောင့် တန်ချိန်များစွာကို ဒေါ်လာသန်းပေါင်းများစွာ သုံးစွဲတင်သွင်းနေရသကဲ့သို့ စိုက်ပျိုးရေးအတွက် လိုအပ်သည့် ဓာတ်မြေဩဇာလိုအပ်ချက်များကို လည်း ပြည်ပမှ တင်သွင်းနေရပါကြောင်း၊ မိမိတို့တွင် ရေ၊ မြေ သဘာဝ အရင်းအမြစ်ကောင်းများစွာရှိပြီး သဘာဝဓာတ်ငွေ့ ထိုက်သင့်သလောက်ထွက်ရှိ ကြောင်း၊ ထို့ကြောင့် ဆီအုန်း၊ ပန်းနှမ်း၊ နေကြာ၊ ပဲပုပ်၊ ပြောင်း၊ မြေပဲ၊ နှမ်း စသည့် ထုတ်ကုန်များမှ ပြည်တွင်းဆီဖူလုံရေး အပြည့်အဝဆောင်ရွက်နိုင် ပါကြောင်း၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးအတွက် သဘာဝဓာတ်ငွေ့ကို များစွာကျခံသုံးစွဲနေရပြီး ဒီဇယ် ဆီများကို ပို့ဆောင်ရေးနှင့် စက်မှုလုပ်ငန်းများတွင် များစွာသုံးစွဲနေရပါကြောင်း၊ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ဖြစ်သည့် ရေအားနှင့် ဆိုလာလျှပ်စစ်မီး လုပ်ငန်းများမှ အဓိကထား ဆောင်ရွက်ခြင်းဖြင့် သဘာဝဓာတ်ငွေ့ကို ဓာတ်မြေဩဇာထုတ်လုပ်ရေး နှင့် စက်မှုလုပ်ငန်းများတွင် ပိုမိုအသုံးချနိုင်ပါကြောင်း၊ စိုက်ပျိုးရေးထုတ်ကုန်များမှ တိရစ္ဆာန်အစာများ ပြည်တွင်းတွင် အဆင့်မြှင့်တင်ထုတ်လုပ်ခြင်းဖြင့် ပြည်ပမှ သွင်းကုန်များကို လျှော့ချနိုင်ရန် ကြိုးစားရ မည်ဖြစ်ကြောင်း၊ ချက်ပြုတ်ရေးတွင် သုံးစွဲနေသည့် ထင်း၊ မီးသွေးသုံးစွဲမှုကို လျှော့ချရမည်ဖြစ်ပြီး လျှပ်စစ်မော်တော်ကားထုတ်လုပ်သုံးစွဲခြင်း၊ လျှပ်စစ် ရထားလမ်းများ တိုးချဲ့ခြင်းများဖြင့် လောင်စာကုန်ကျ မှုကို လျှော့ချရမည်ဖြစ်ကြောင်း၊ သဘာဝပတ်ဝန်း ကျင် ညစ်ညမ်းမှုကို လျော့ကျစေပြီး သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းမှုကို အထောက်အကူပြုရမည်ဖြစ်ပြီး ထိုသို့လုပ်ငန်းများလုပ်ဆောင်ရေးအတွက် ပြည်တွင်း ပြည်ပရင်းနှီးမြှုပ်နှံသူများကိုလည်း ဖိတ်ခေါ်ပါ ကြောင်း၊ တစ်ဖက်တွင်လည်း ပြည်ပပို့ကုန်များ တိုးတက်တင်ပို့နိုင်ရေးအတွက် တန်ဖိုးမြှင့်ထုတ်ကုန် များ (Value Added Products) ထုတ်လုပ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားခြင်းဖြင့် ကုန်သွယ်မှုလိုငွေ (Trade Deficit) ကို လျှော့ချနိုင်မည် ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံသည် စိုက်ပျိုးမွေးမြူရေးကို အဓိက လုပ်ဆောင်ခြင်းဖြစ်သည့်အတွက် ၎င်းအရင်းအမြစ် များအပေါ်တွင် အခြေခံသည့် စက်မှုလုပ်ငန်းများ မလွဲမသွေလုပ်ဆောင်ရန် လိုအပ်မည်ဖြစ်ပြီး အထက်ပါလုပ်ငန်း ၂ ခုကို အဓိက မြှင့်တင်ပေးမည် ဆိုပါက တိုင်းပြည်၏စီးပွားရေး မလွဲမသွေ ဦးမော့ လာမည်ဖြစ်ကြောင်း။
အချိန်နှင့်တစ်ပြေးညီဆောင်ရွက်
လာမည့်(၆)လတာ စီမံကိန်းကာလသည် ပွင့်လင်းရာသီဖြစ်သည့်အတွက် စက်မှုကဏ္ဍ၊ ဆောက်လုပ်မှုကဏ္ဍ၊ လျှပ်စစ်ဓာတ်အားကဏ္ဍများ အနေဖြင့် စီမံကိန်းရည်မှန်းချက်ပါ တည်ဆောက်ဆဲ လုပ်ငန်းများ ပြီးပြတ်စေရေးနှင့် လုပ်ငန်းစီမံကိန်း သစ်များကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရန် လိုအပ်ပါကြောင်း၊ အဆိုပါလုပ်ငန်းများကို နိုင်ငံတော် ဘဏ္ဍာငွေဖြင့်သာမက ချေးငွေများဖြင့်ပါ အကောင် အထည်ဖော်ဆောင်ရွက်ခြင်း ဖြစ်သောကြောင့် အလေအလွင့်မရှိဘဲ ထိရောက်စွာဖြင့် သတ်မှတ်ချိန် အတွင်း ပြီးစီးအောင် ဆောင်ရွက်ကြရန် ပြောကြား လိုပါကြောင်း၊ ယခု (၆) လ စီမံကိန်းကာလတွင် တည်ဆောက်ရေးနှင့် ပစ္စည်းဝယ်ယူရေးလုပ်ငန်း များကို မဖြစ်မနေ လိုအပ်မှသာလျှင် ဆောင်ရွက် ကြပြီး ဘဏ္ဍာငွေ ခြိုးခြံချွေတာရေးကို အလေးထား ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ ထို့အပြင် အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု (Public-Private-Partnership) လုပ်ငန်းအစီအစဉ်များကို ထုတ်ပြန်ထားသော စည်းမျဉ်းစည်းကမ်း၊ ဥပဒေ၊ နည်းဥပဒေနှင့်အညီ ဆောင်ရွက်မည်ဆိုပါက နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုမည် ဖြစ်ပါကြောင်း။
ကျေးလက်နှင့်မြို့ပြ ကွာခြားမှုလျှော့ချရေး အတွက် ကျေးလက်စီးပွားရေးမြှင့်တင်ရမည်ဖြစ် ကြောင်း၊ ကျေးလက်နေပြည်သူများ၏ လူနေမှုဘဝ မြင့်မားတိုးတက်ရေးအတွက် ကျေးရွာများ မီးရရှိ ရေး၊ သောက်သုံးရေရရှိရေး၊ ကျေးရွာကုန်ထုတ်လမ်း များ ဖောက်လုပ်ရေးတို့သည် အရေးကြီးပြီး မီးရရှိ ရေးအတွက် နေရောင်ခြည်သုံးစွမ်းအင်ဆိုလာ သုံးစွဲ နိုင်ရေး တိုးမြှင့်ဆောင်ရွက်သွားစေလိုကြောင်း၊ ကျေးလက်စီးပွားရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက် ရေးအတွက် ပြည်သူများ တိုက်ရိုက်ပါဝင်သည့် သမဝါယမစနစ်နှင့် ထိရောက်စွာ လုပ်ဆောင်ရမည် ဖြစ်ကြောင်း။
ပူးပေါင်းကြိုးပမ်း ဆောင်ရွက်
လူမှုရေးကဏ္ဍများဖြစ်သည့် ပညာရေး၊ ကျန်းမာ ရေး၊ လူမှုရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးလုပ်ငန်းများတွင်လည်း အရည်အသွေး ပြည့်ဝသည့် ဝန်ဆောင်မှုများပေးနိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းရမည်ဖြစ်ပါကြောင်း၊ ပညာရေး ကဏ္ဍမှာ ဘာသာရပ်ဆိုင်ရာ အသိပညာရှင်များ၊ အတတ်ပညာရှင်များ မွေးထုတ်နိုင်ရေးအတွက် ဆရာ၊ ဆရာမများ အရည်အသွေး ပြည့်ဝစေရေးနှင့် အရည်အသွေးပြည့်ဝသည့် ပညာရေးစနစ် တိုးတက် ဖြစ်ပေါ်ရေးကိုလည်း ကြိုးပမ်းရမည်ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါအတွက် ကာကွယ်ကုသရေးနှင့် ဆေးဝါးထုတ်လုပ်နိုင်ရေးအတွက် သုတေသန လုပ်ငန်းများကို ကျန်းမာရေးဝန်ကြီးဌာနနှင့် ဆက်စပ်နှီးနွှယ်ရာဌာနများ ပူးပေါင်းကြိုးပမ်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ကျန်းမာသန်စွမ်းမှ အလုပ်လုပ်နိုင်မည်ဖြစ်သည့်အတွက် ကိုယ်ခန္ဓာ ကျန်းမာကြံ့ခိုင်ရေးအတွက် မြန်မာ့အားကစား အပါအဝင် အားကစားကို စိတ်ဝင်စားသည့် အလေ့ အကျင့်ကောင်းများ ဖြစ်ပေါ်ရေးကို အားပေးမြှင့်တင် ပေးကြရန် မှာကြားလိုပါကြောင်း။
မြန်မာနိုင်ငံသည် အခြားနိုင်ငံများနည်းတူ ရာသီ ဥတုပြောင်းလဲမှုကြောင့် သဘာဝဘေးအန္တရာယ် ကျရောက်မှုများဖြစ်သည့် ရေကြီးရေလျှံမှု၊ မိုးခေါင် မှုဒဏ်ကို ခံစားရသောကြောင့် ကြိုတင်ကာကွယ် ပြင်ဆင်ရေးလုပ်ငန်း၊ အချိန်နှင့်တစ်ပြေးညီ ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများကို အစီအမံချမှတ် ဆောင်ရွက်ရန်လိုပါကြောင်း၊ ရာသီဥတုပြောင်းလဲ မှုကို ကာကွယ်ရန်အတွက် ပတ်ဝန်းကျင်ထိန်းသိမ်း ရေးလုပ်ငန်းများ ဥပမာအားဖြင့်- ကြိုးဝိုင်းသစ်တော များ၊ သဘာဝသစ်တောများ ထိန်းသိမ်းခြင်းကို အလေးပေးဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ မိမိတို့ တက်ညီလက်ညီနှင့် ကြိုးစားအားထုတ်လုပ်ဆောင် မည်ဆိုပါက အာဆီယံတွင် အလယ်အလတ်အဆင့်ရှိ နိုင်ငံအဖြစ် ၅ နှစ်အတွင်း ရောက်နိုင်မည်ဖြစ်ပြီး ၁၀ နှစ်အတွင်းတွင် အာဆီယံထိပ်တန်းနိုင်ငံအဖြစ် ရောက်နိုင်မည်ဟု အပြည့်အဝယုံကြည်ပါကြောင်း၊ တိုင်းပြည်၏အားသည် ပြည်တွင်းမှာသာရှိပြီး လူသားအရင်းအမြစ်များ၊ စုစည်းညီညွတ်သည့် စိတ်ဓာတ်များ၊ မြေပေါ်၊ မြေအောက် သယံဇာတ များကို ပေါင်းစည်းအသုံးပြုနိုင်မည်ဆိုပါက မဖြစ် နိုင်စရာအကြောင်း မရှိကြောင်း။
ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်
ယခု (၆) လ စီမံကိန်းကာလတွင် ကဏ္ဍအလိုက် နှင့် ဒေသအလိုက်ချမှတ်ထားသည့် စီမံကိန်း၏ မူလရည်မှန်းချက်များကို အနီးစပ်ဆုံးအကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် အားလုံးက ဝိုင်းဝန်းကြိုးပမ်းရမည်ဖြစ်ပါကြောင်း၊ အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်နေသည့် လုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ ရင်းနှီးမြှုပ်နှံ မှုလုပ်ငန်းများ တိုးတက်စီးဝင်စေရေး၊ ပြည်တွင်းကုန် ထုတ်လုပ်မှုများ တိုးမြှင့်ထုတ်လုပ်နိုင်ရေး၊ ပို့ကုန်တိုးတက်တင်ပို့နိုင်ရေးနှင့် ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုးတိုးတက်လာစေရေးတို့ကိုလည်း အထူးဂရုပြု၍ ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ ရည်မှန်းချက်နှင့် အကောင်အထည် ဖော်ဆောင်ရွက်မှုများ ကွာဟချက် ကြီးမားမှုမရှိစေ ရေးအတွက် အားလုံးက အလေးထားဆောင်ရွက် ကြရန်လိုပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက် (၉) ရပ်တို့နှင့်အညီ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ အောက်တိုဘာလမှ မတ်လထိ (၆) လ အတွင်း စီမံကိန်းပါရည်မှန်းချက်များ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် တက်ညီလက်ညီ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် သွားရန် တိုက်တွန်းပြောကြားလိုကြောင်း ပြောကြား သည်။
ပူးပေါင်းညှိနှိုင်းဆောင်ရွက်
ထို့နောက် အမျိုးသားစီမံကိန်းကော်မရှင် ဒုတိယ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက စီမံကိန်းကာလသည် ကိုဗစ်-၁၉ ရောဂါ ကြောင့် ထိခိုက်မှုများရှိခဲ့သည့် ကာလဖြစ်သည့် အတွက် ဝန်ကြီးဌာနအလိုက်၊ ဒေသအလိုက် အကောင်အထည်ဖော်ရန် ရေးဆွဲထားသည့် စီမံကိန်း လုပ်ငန်းများ အောင်မြင်မှုရရှိရန် ဆောင်ရွက်မည့် အခြေအနေများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ မှ ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည် ချက် (၉)ချက်တို့နှင့်အညီ စီမံကိန်းလုပ်ငန်းများနှင့် ရည်မှန်းချက်များ ရေးဆွဲဆောင်ရွက်ခဲ့မှုအခြေအနေ များ၊ စီမံကိန်းကာလ (၆)လအတွင်း နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး တည်ငြိမ်မှုရရှိရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် မျှော်မှန်း ရေးဆွဲထားရှိမှု အခြေအနေများ၊ ကိုဗစ်-၁၉ ရောဂါ ကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေးလုပ်ငန်းများ ပြန်လည်ဦးမော့လာစေရန် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ရမည့်အခြေအနေများ၊ နိုင်ငံတော် ဘဏ္ဍာငွေ၊ ချေးငွေ၊ ထောက်ပံ့ငွေဖြင့် ဆောင်ရွက် ရသည့်အတွက် အလေအလွင့်မရှိစေရေး ဆောင်ရွက် ရမည့် အခြေအနေများ၊ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်မှုကို မှတ်တမ်းထားရှိရေးနှင့် လုပ်ငန်း ပြီးစီးပါက အကျိုးပြုမှု လေ့လာမှတ်တမ်းထားရှိရေး၊ လုပ်ငန်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ တွေ့ကြုံ ရသည့် အခက်အခဲများကို ဖော်ထုတ်သင်ခန်းစာ ရယူရေး၊ စီမံကိန်းများ ရည်မှန်းချက်များ အောင်မြင် ရေးအတွက် ပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားမည့် အခြေအနေများနှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြား သည်။
ယင်းနောက် အမျိုးသားစီမံကိန်းကော်မရှင် အတွင်းရေးမှူး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (၆)လ အမျိုးသားစီမံကိန်း (အဆိုပြု မူကြမ်း) ရေးဆွဲဆောင်ရွက်ထားရှိမှုနှင့် နိုင်ငံတော်၏ ပြည်ပချေးငွေဆိုင်ရာ သုံးသပ်ချက်နှင့် အခွန်ကောက် မှုဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်တို့က သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများအနေဖြင့် ကဏ္ဍ အလိုက် စီမံကိန်းများ ရေးဆွဲဆောင်ရွက်ထားရှိမှုနှင့် အကောင်အထည်ဖော် ဆောင်ရွက်မှုလုပ်ငန်းစဉ် များကို ရှင်းလင်းတင်ပြကြသည်။
အလေးထားကြပ်မတ်
ယင်းနောက် အမျိုးသားစီမံကိန်းကော်မရှင် ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆွေးနွေးတင်ပြချက်များနှင့် စပ်လျဉ်း၍ သဘာဝပတ်ဝန်းကျင်၊ သယံဇာတများ သဘာ၀ဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေး၊ မသမာမှုများကြောင့် ပျက်စီးဆုံးရှုံးမှုမဖြစ်စေရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသည့် အဖွဲ့အစည်းများအနေဖြင့် ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း၊ ပြည်တွင်းသုံး သစ်ထုတ်လုပ်မှုအတွက် သတ်မှတ်ချက်နှင့်ကိုက်ညီသည့် သက်တမ်းရှိ သစ်များကို စည်းမျဉ်းစည်းကမ်းများနှင့် ထုတ်လုပ် ရန်လိုကြောင်း၊ သစ်ခိုးမှုနှင့် တရားမဝင်သစ်စက်များ ပပျောက်စေရေးကို သက်ဆိုင်ရာဝန်ကြီးဌာနများက အလေးထားကြပ်မတ် ဆောင်ရွက်သွားရန်လို ကြောင်း။
အခွန်ကိစ္စနှင့်စပ်လျဉ်း၍ အစိုးရတစ်ရပ် သည် အခွန်ပေါ်တွင် ရပ်တည်ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံ ဖြစ်သည့်အတွက် အခွန်တိုးမြှင့် ကောက်ခံခြင်းထက် အခွန်ထမ်းပြည်သူများ တိုးတက်လာရေးအတွက် ကြိုးစားဆောင်ရွက်သွားရန်လိုကြောင်း၊ ကိုဗစ်-၁၉ ရောဂါကာလဖြစ်သည့်အတွက် အခွန်ငွေရရှိမှု လျော့နည်းပြီး အခွန်လျှော့ချပေးရမှုများလည်းရှိ ကြောင်း၊ အခွန်ကောက်ခံမှုမရရှိစေရန်နှင့် အခွန် ပေးဆောင်မှုမပြုလုပ်စေရန် CDM ပြုလုပ်သည့် ဝန်ထမ်းများက နိုင်ငံရေးအရ ဆောင်ရွက်လျက် ရှိကြောင်း၊ သို့ဖြစ်၍ ယင်းကို ဖော်ထုတ်သွားရမည် ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းသည် ပါတီနိုင်ငံရေး ကင်းရှင်းရန်လိုပြီး အစိုးရ၏လုပ်ငန်းများ အောင်မြင် အောင် ထမ်းဆောင်ရန်လိုကြောင်း၊ ထို့ပြင် စာရင်း ဇယားများ လိမ်လည်ပြီး အခွန်ပေးဆောင်ရန် ရှောင်ရှားမှုများ ပြုလုပ်သည်ကိုလည်းတွေ့ရကြောင်း၊ မိမိတို့နိုင်ငံတွင် အခွန်ပေးဆောင်မှုမရှိသူများ များပြားလျက်ရှိကြောင်း၊ အခွန်ကောက်ခံမှုနှင့် စပ်လျဉ်း၍ နည်းပညာတိုးတက်အောင် ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ အခွန်အပြည့်အဝ ရရှိရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ အနေ ဖြင့် ဟန်ချက်ညီညီ ဆောင်ရွက်သွားရန်လိုကြောင်း။
ချေးငွေနှင့်စပ်လျဉ်း၍ နိုင်ငံတော်တွင် ဝင်ငွေ မရရှိဘဲ ဆောင်ရွက်ရသည့် လုပ်ငန်းများကြောင့် ချေးငွေများပြားလာကြောင်း၊ စီးပွားရေးလုပ်ငန်းများ မအောင်မြင်ရခြင်း၏ နောက်ဆက်တွဲသည် ကြွေးမြီ များပြားလာခြင်းဖြစ်ကြောင်း၊ အချို့နိုင်ငံများတွင် လည်း ကြွေးမြီများရှိကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ပြည်ပကြွေးမြီရယူမှုကို လျှော့ချနိုင်စေရန် ပြည်တွင်း ထုတ်ကုန်တိုးတက်အောင် ဆောင်ရွက်ပြီး တိုင်းပြည် ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း၊ ချေးငွေဖြင့် ဆောင်ရွက်ရသည့် လုပ်ငန်းများကို စီးပွားရေးအရ တွက်ခြေကိုက်စေရန်၊ အကျိုးရှိရှိ အသုံးချသွားရန်လိုကြောင်း။
နည်းပညာမြှင့်တင်ပေး
ပြည်ပချေးငွေဖြင့် ဆောင်ရွက်သည့် လုပ်ငန်း များ ရပ်ဆိုင်းထားသည့်အတွက် တိုင်းပြည်အတွက် များစွာနစ်နာမှုများရှိကြောင်း၊ သို့ဖြစ်၍ မိမိတို့ အနေဖြင့် ဆောင်ရွက်သင့်သည့်လုပ်ငန်းများကို ဆက်လက်လည်ပတ်နိုင်စေရန် ဆောင်ရွက်လျက် ရှိကြောင်း၊ ထို့ပြင် ဝန်ကြီးဌာနများအနေဖြင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ စက်ရုံ၊ အလုပ်ရုံများကို ကုန်ထုတ်စွမ်းအား မြင့်မားလာ စေရန်အတွက် နည်းပညာမြှင့်တင်ပေးသွားရမည် ဖြစ်ကြောင်း၊ ချေးငွေဖြင့် ဆောင်ရွက်ရသည့် တိုင်းပြည်၏ အခြေခံကုန်ထုတ်လုပ်မှု မြှင့်တင်သည့် လုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်သွားရန် လိုကြောင်း၊ သို့ဖြစ်၍ သက်ဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့် လုပ်ငန်းကဏ္ဍအလိုက် စနစ်တကျ စိစစ် ဆောင်ရွက်သွားရန် လိုကြောင်း။
အဓိကထား ထုတ်လုပ်
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် မြေပေါ်မြေအောက်သယံဇာတ ထုတ်ကုန်အပေါ် မှီခိုသည့် စီးပွားရေးလုပ်ငန်းများကို လျှော့ချသွား ရမည်ဖြစ်ကြောင်း၊ အဓိကအနေဖြင့် သစ်ထုတ်လုပ် မှုနှင့် ကျောက်မျက်ရတနာထုတ်လုပ်မှုကို ရှောင်ရှား ရမည်ဖြစ်ကြောင်း၊ စက်ရုံ၊ အလုပ်ရုံများအတွက် ရေနံနှင့် သဘာဝဓာတ်ငွေ့ကို ထုတ်လုပ်သင့်သည့် ပမာဏကိုသာ ထုတ်လုပ်သွားရန်လိုကြောင်း၊ စွမ်းအင်ရရှိရေးအတွက် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ကိုသာ အဓိကထား ထုတ်လုပ်သွားရမည်ဖြစ်ကြောင်း၊ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးနှင့် သာယာ၀ပြောရေး အတွက် ဆောင်ရွက်ရာတွင် ရှိရင်းစွဲအခြေခံများကို အသုံးချဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ စီမံကိန်း များရေးဆွဲရာတွင် ဖြစ်နိုင်သည့် အခြေအနေများ အပေါ်မူတည်၍ မျှော်မှန်းချက်များကို ရည်ရွယ်ရေးဆွဲ ခြင်းဖြစ်ကြောင်း၊ ထိုသို့ရေးဆွဲရာတွင် နိုင်ငံနှင့်လူမျိုး တို့၏ National Characteristics နှင့် ပကတိအခြေ အနေများကိုက်ညီရန်လိုအပ်ကြောင်း၊ အကောင် အထည် ဖော်ရာတွင်လည်း သတ်မှတ်သည့် ပန်းတိုင်
ရောက်ရှိအောင် ရှိရင်းစွဲ အရင်းအမြစ်များကို အပြည့် အဝအသုံးချ၍ ပြည်သူကိုနေရာပေးကာ ကြိုးပမ်း ဆောင်ရွက်သွားရန်လိုကြောင်း ပြန်လည်ဆွေးနွေး ပြောကြားသည်။
ဟန်ချက်ညီညီပေါင်းစပ်
အမျိုးသားစီမံကိန်းကော်မရှင်ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိဂုံး ချုပ် အမှာစကားပြောကြားရာတွင် ယခုရေးဆွဲထား သည့် (၆)လ အမျိုးသားစီမံကိန်းသည် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည်ချက် (၉) ရပ်တို့ကို အခြေခံပြီး ချိတ်ဆက် ရေးဆွဲထားသည်ကို တွေ့ရကြောင်း၊ နောင်လာမည့် ဘဏ္ဍာရေးနှစ်သစ်ကာလမတိုင်မီ ပေါင်းကူးသဖွယ် ဆောင်ရွက်သင့် ဆောင်ရွက်ထိုက်သည့် လုပ်ငန်း စီမံကိန်းများ လျာထားကြောင်းကိုလည်း တွေ့ရ ကြောင်း၊ ကိုဗစ်-၁၉ ကြောင့် ယိုင်နဲ့နေသည့် စီးပွား ရေးကို လက်တွေ့ကျကျ ပြန်လည်ဦးမော့လာစေရန် လမ်းကြောင်းမှန်ပေါ်တင်ပေးသည့် စီမံကိန်းများ ဖြစ်ကြောင်း၊ ရေးဆွဲပြီးဖြစ်သည့် စီမံကိန်းများကို လည်း အတည်ပြုပြဋ္ဌာန်းပြီးသည်နှင့် ပြည့်မီအောင် အကောင်အထည်ဖော်ဆောင်ရွက်ရန်နှင့် အမျိုးသား စီမံကိန်းနှင့် ဒေသန္တရစီမံကိန်းများ အကောင်အထည် ဖော်စဉ် ဝန်ကြီးဌာနများနှင့် ဒေသန္တရအစိုးရအဖွဲ့ များက အချိတ်အဆက်မိမိ ဟန်ချက်ညီညီ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ထိုသို့ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် စီမံကိန်း ဆောင်ရွက်နိုင်မှုကို ထိခိုက်ပြီး အချိန်ကြန့်ကြာစေ နိုင်သည့် မြေပြင်အခြေအနေနှင့် အကြောင်းရင်းများ တွေ့ကြုံလာပါကလည်း အချိန်မီ ပြင်ဆင်ဆောင်ရွက် ရေး ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားလိုကြောင်း။
ထိရောက်အကျိုးရှိစွာသုံးစွဲ
စီမံကိန်းအကောင်အထည်ဖော်ရာတွင် ငွေကြေး သုံးစွဲမှုများကို နိုင်ငံတော်၏ ဘဏ္ဍာရေးစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ စနစ်တကျသုံးစွဲရန်၊ လုပ်ဆောင်မှုတိုင်းကို စနစ်တကျမှတ်တမ်းထားရှိရန် လိုအပ်သကဲ့သို့ စာရင်းစစ်ဆေးခံနိုင်ရေးအတွက် လည်း ပြင်ဆင်ဆောင်ရွက်ထားရမည်ဖြစ်ကြောင်း၊ ထို့ပြင် သွင်းအားစုများကိုလည်း အလေအလွင့် နည်းပါးစွာဖြင့် ထိရောက်အကျိုးရှိစွာ သုံးစွဲသွားရ မည်ဖြစ်ကြောင်း၊ စီမံကိန်းများ အကောင်အထည် ဖော် ဆောင်ရွက်မှုအခြေအနေကိုလည်း မျက်ခြည် မပြတ် စောင့်ကြည့်သုံးသပ် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း။
စီမံကိန်းတွင် လျာထားသည့်အတိုင်း ကဏ္ဍနှင့် ဒေသအလိုက် လျာထားချက်များနှင့် ပို့ကုန်လျာထား ချက် ပြည့်မီရေး၊ ရင်းနှီးမြှုပ်နှံမှုများ စီးဝင်စေရေး အတွက် အစွမ်းကုန် တက်ညီလက်ညီ ဆောင်ရွက်ရ မည်ဖြစ်ကြောင်း၊ အလုပ်အကိုင်အခွင့်အလမ်းသစ် များ ဖန်တီးနိုင်မည့် လုပ်ငန်းများကိုလည်း အားပေး မြှင့်တင်သွားရန်လိုကြောင်း၊ အဓိကအနေဖြင့် စိစိစစ်စစ် ခြိုးခြံချွေတာသုံးစွဲသွားရန် လိုအပ်မည် ဖြစ်ပြီး ရငွေနှင့် အသုံးစရိတ်ကို စိစိစစ်စစ် သုံးစွဲ ပါက စီမံကိန်းလုပ်ငန်းများ အောင်မြင်ရန် အခွင့် အလမ်း ရရှိမည်ဖြစ်ကြောင်း။
ပြည်သူများ၏ အခြေခံလိုအပ်ချက်များကို ဖြည့်တင်းပေးနိုင်ရေးအတွက် ဆောင်ရွက်ရာတွင် နိုင်ငံတော်နှင့်ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုကို အားပေးမြှင့်တင်သွားရမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉နှင့် အကြောင်းအမျိုးမျိုးကြောင့် ကျဆင်းနေသည့် စီးပွားရေး၊ လူမှုရေးအခြေအနေများ ပြန်လည်နာလန် ထူနိုင်ရေးအတွက် ဝိုင်းဝန်းသုံးသပ်ပြီး အားသွန် ကြိုးပမ်း ဆောင်ရွက်သွားရန်နှင့် လုပ်ငန်းအကောင် အထည်ဖော် ဆောင်ရွက်နေစဉ်တွင် နိုင်ငံတော်က ပံ့ပိုးရမည့်ကိစ္စရပ်များ လိုအပ်ချက်များရှိပါက အချိန် နှင့်တစ်ပြေးညီ တင်ပြကြ ရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
သတင်းစဉ်