၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနှင့်အတူ (၄၉)တံဆိပ်တုံးအတုပြဿနာ အဖြေရှာ

Type

ဆောင်းပါး

======

 

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနှင့်အတူ (၄၉)တံဆိပ်တုံးအတုပြဿနာ အဖြေရှာ

============================================================

 

မောင်စာဂ

 

၂၀၂၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြီးစီးခဲ့သည်။ ထူးထူး ခြားခြား ပြဿနာတစ်ခုနှင့် ကြုံတွေ့ခဲ့ရသည်။ ယင်းသည် ကား မဲဆန္ဒရှင်များက ဆန္ဒမဲလက်မှတ်ပေါ်တွင် အမှန် (√ ) အမှတ်အသားပါသည့်တံဆိပ်တုံးကိုနှိပ်၍ ဆန္ဒပြုရာ၌ တံဆိပ်တုံးအတုများ ထွက်ပေါ်လာခြင်းပင်ဖြစ်သည်။ ယင်းပြဿနာအပေါ် မည်သို့အဖြေရှာခဲ့သနည်း။ ဆက်လက်၍ မည်သို့အဖြေရှာပါမည်နည်း။ တွေ့ကြုံခဲ့ရ သည့်ဖြစ်စဉ်အပေါ် အခြေခံ၍ မျှဝေပါရစေ။

 

ပါလီမန်ခေတ် ရွေးကောက်ပွဲများ

 

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲများ ကျင်းပခဲ့သည်။ ပထမအကြိမ် ပါလီမန်အထွေထွေ ရွေးကောက်ပွဲကို ၁၉၅၁ ခုနှစ် ဇွန်လ ၁၂ ရက်နေ့မှ ၁၉၅၂ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့အထိ သုံးကြိမ်ခွဲ၍ လည်း ကောင်း၊ ဒုတိယအကြိမ် ၁၉၅၆ ခုနှစ် ဧပြီလ ၂၇ ရက်နေ့ တွင် လည်းကောင်း၊ တတိယအကြိမ် ၁၉၆၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင်လည်းကောင်း ကျင်းပခဲ့ သည်။ ပြည်သူ့လွှတ်တော်နှင့် လူမျိုးစုလွှတ်တော်အမတ် နေရာများအတွက် လျှို့ဝှက်စွာဆန္ဒမဲပေး၍ ရွေးကောက် တင်မြှောက်ကြသည်။

 

ဆန္ဒမဲပေးပုံစနစ်မှာ ကိုယ်စားလှယ်လောင်းတစ်ဦးလျှင် မဲပုံးတစ်ပုံးစီကို လုံခြုံသောအခန်းငယ်တစ်ခုတွင်ထားရှိပြီး မဲပြားဖြင့် မဲပေးရသောစနစ်ဖြစ်သည်။ သတ်မှတ်ထားသော နေရာများသို့ မဲပုံးများစုံလင်စွာရောက်ရှိမှ ရွေးကောက်ပွဲ တာဝန်ခံအရာရှိက ကြီးကြပ်၍ မဲရေတွက်သော စနစ်ဖြစ်သည်။

လမ်းတွင်မဲပုံးဖောက်ကာ မဲခိုးခြင်းများရှိခဲ့ ကြောင်း စွပ်စွဲခြင်းများရှိခဲ့သည့်အတွက် သစ်သားဖြင့် ပြုလုပ်ထားသော မဲပုံးအစား သံမဏိဖြင့်ပြုလုပ်ထားသော မဲပုံးများကို အစားထိုးခဲ့သည်။ သို့သော်လည်း မဲခိုးသည်ဆို သော စွပ်စွဲချက်များကား ရှိနေ တွေ့နေဆဲ ဖြစ်သည်။

 

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ် ရွေးကောက်ပွဲများ

 

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်တွင် ၁၉၇၄ ခုနှစ် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲများကျင်းပခဲ့ သည်။ ပထမအကြိမ် ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ ကောင်စီအဆင့်ဆင့် ရွေးချယ်တင်မြှောက်ပွဲကို ၇-၁၂-၁၉၇၃ ရက်နေ့တွင် လည်းကောင်း၊ ဒုတိယအကြိမ် ရွေးချယ်တင်မြှောက်ပွဲကို ၁၉-၈-၁၉၇၇ ရက်နေ့တွင် လည်းကောင်း၊ တတိယအကြိမ် ရွေးချယ်တင်မြှောက်ပွဲကို ၂၀-၃-၁၉၈၁ ရက်နေ့တွင်လည်းကောင်း၊ စတုတ္ထအကြိမ် ရွေးချယ်တင်မြှောက်ပွဲကို ၂၂-၃-၁၉၈၅ ရက်နေ့တွင် လည်းကောင်း ကျင်းပခဲ့သည်။

 

ပြည်သူ့လွှတ်တော်တစ်ရပ်အတွက်သာ ရွေးချယ် တင်မြှောက်ခြင်းဖြစ်သည်။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် ပါတီတစ်ခုတည်းသာ ထားရှိသည်။ ယင်းပါတီက ရွေးချယ် သော ကိုယ်စားလှယ်လောင်းတစ်ဦးတည်းကိုသာ မဲဆန္ဒရှင် များက လျှို့ဝှက်ဆန္ဒမဲပေး၍ ရွေးချယ်သည်။ ထောက်ခံ မဲပုံးနှင့် ကန့်ကွက်မဲပုံးနှစ်ပုံးကို လျှို့ဝှက်အခန်းတွင်ထား ရှိသည်။ မဲဆန္ဒရှင်က ထောက်ခံလျှင် ထောက်ခံသည့် မဲပုံး၊ ကန့်ကွက်လျှင် ကန့်ကွက်မဲပုံးအတွင်း မဲလက်မှတ်ကို ထည့်ရသည်။ ဆန္ဒမဲပေးသည့်ဦးရေ၏ ထက်ဝက်ကျော်က ထောက်ခံလျှင် ရွေးကောက်တင်မြှောက်ခံရသည်။

 

တစ်ပါတီထဲမှကိုယ်စားလှယ်တစ်ဦးကိုသာ ဆန္ဒမဲပေး၍ ရွေးချယ်ရသဖြင့် ပြဿနာများ မရှိခဲ့ပါ။

 

၁၉၉၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ

 

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့သည် ၁၉၈၉ ခုနှစ် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေနှင့် နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များအရ ၁၉၉၀ ပြည့်နှစ် မေလ ၂၇ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ ကျင်းပခဲ့သည်။ ပြည်သူ့လွှတ်တော်အတွက် ရွေးကောက်တင်မြှောက်ရန်ဖြစ်သည်။ နိုင်ငံရေးပါတီ ၉၀ ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့သည်။

ဆန္ဒမဲပေးပုံနည်းစနစ်မှာ မဲဆန္ဒရှင်သည် ဆန္ဒမဲ လက်မှတ်ကို ရရှိသည့်အခါ လျှို့ဝှက်ဆန္ဒပြုရန် သတ်မှတ် ထားသောနေရာတွင် ဆန္ဒမဲလက်မှတ်၌ မိမိမဲပေးလိုသော လွှတ်တော်ကိုယ်စားလှယ်လောင်း၏အမည်နှင့် သင်္ကေတ အမှတ်အသား၏တည့်တည့်ရှိသော စက်ဝိုင်းအတွင်း၌ ကြက်ခြေ အမှတ်အသား (X) ကို ရေးမှတ်ရသည်။ ထို့နောက် မိမိဆန္ဒပြုထားသည်ကို သူတစ်ပါးမမြင်နိုင်စေ ရန် ဆန္ဒမဲလက်မှတ်ကိုခေါက်၍ မဲပုံးအတွင်းသို့ ထည့်ရ သည်။ လွှတ်တော်ကိုယ်စားလှယ်လောင်းအားလုံး အတွက် မဲပုံးတစ်ပုံးသာထားရှိသည်။ အားလုံးမြင်တွေ့နိုင် သည့်နေရာတွင် မဲပုံးကိုထားရှိသည်။

 

ဒီမိုကရေစီခေတ် ရွေးကောက်ပွဲ

 

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ မြန်မာနိုင်ငံကို စစ်မှန်၍စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံတော် အဖြစ် တည်ဆောက်ရန် ဦးတည်ထားသည်။ ပထမအကြိမ် ပါတီစုံအထွေထွေရွေးကောက်ပွဲကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် လည်းကောင်း၊ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကို ဧပြီလ ၁ ရက်နေ့တွင် လည်း ကောင်း၊ ဒုတိယအကြိမ် ပါတီစုံအထွေထွေရွေးကောက်ပွဲ ကို ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် လည်းကောင်း၊ ၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကို ဧပြီလ ၁ ရက် နေ့တွင် လည်းကောင်း၊ ၂၀၁၈ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲကို နိုဝင်ဘာလ ၃ ရက်နေ့တွင် လည်း ကောင်း၊ တတိယအကြိမ် ပါတီစုံအထွေထွေရွေးကောက်ပွဲ ကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက် နေ့တွင်လည်းကောင်း ကျင်းပခဲ့သည်။

ဆန္ဒမဲပေးပုံစနစ်မှာ ၂၀၁၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲနှင့် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲများ တွင် ကိုယ်စားလှယ်လောင်း၏ အမည်နှင့်တည့်တည့်တွင် ရှိသော လေးထောင့်ကွက်အတွင်း၌ ဘောပင်ဖြင့် အမှန် အမှတ်အသား ( √ ) ခြစ်၍ ဆန္ဒပြုရသည်။ ထိုသို့ဆန္ဒပြုရာ၌ မဲဆန္ဒရှင်အချို့က အမှန်အမှတ်အသား (√ ) ကို ထင်ထင် ရှားရှား သို့မဟုတ် ပီပီပြင်ပြင်ရေးခြစ်ဆန္ဒပြုနိုင်ခြင်း မရှိသဖြင့် ပယ်မဲများအဖြစ် သတ်မှတ်ခံခဲ့ရသည်များ ကြုံတွေ့ခဲ့ရသည်။

 

ယင်းဖြစ်စဉ်ကြောင့် နိုင်ငံတကာတွင် ဆန္ဒမဲလက်မှတ် ပေါ်၌ ဆန္ဒပြုသည့်နည်းလမ်းများကို လေ့လာစိစစ်ခဲ့သည်။ ယင်းနည်းလမ်းများထဲမှ အမှန်အမှတ်အသား ( √ ) ပါသော တံဆိပ်တုံးကို ကိုယ်စားလှယ်လောင်းအမည်နှင့်တည့် တည့်ရှိသော လေးထောင့်ကွက်အတွင်း၌ ထုနှိပ်၍ ဆန္ဒပြု ခြင်းက သင့်တော်မည်ဟုသုံးသပ်ကာ ယင်းနည်းလမ်းကို ကျင့်သုံးရန် နည်းဥပဒေတွင် ပြင်ဆင်သတ်မှတ်ခဲ့သည်။ ပို၍ထင်ရှားစေရန် UEC ဆိုသည့် စာသားထည့်သွင်းခဲ့သည်။ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင်လည်းကောင်း၊ ၂၀၁၇ ခုနှစ်နှင့် ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲများတွင် လည်းကောင်း ယင်းကဲ့သို့တံဆိပ်တုံးနှိပ်၍ ဆန္ဒပြုခြင်း အတွက် အငြင်းပွားဖွယ် ပြဿနာတစ်စုံတစ်ရာမတွေ့ရှိခဲ့ ရပါ။ ပယ်မဲများအဖြစ် သတ်မှတ်ခံရခြင်းများသည်လည်း နည်းပါးလာခဲ့သည်။

 

၂၀၂၀ ရွေးကောက်ပွဲနှင့် တံဆိပ်တုံးအတုပြဿနာ

 

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲ ပေးရာ၌ တံဆိပ်တုံးအတုများ ထွက်ပေါ်လာခဲ့သည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကအသုံးပြုသည့် အမှန်အမှတ်အသား (√ ) ပါသော တံဆိပ်တုံးတွင် UEC ဟူသော စာသားပါရှိသည်။ ယခုတွေ့ရှိရသော တံဆိပ်တုံး အတုတွင် UEC ဟူသော စာသားမပါရှိပါ။ တွေ့ရှိရပုံမှာ ဆန္ဒမဲလက်မှတ်ပေါ်တွင် မဲဆန္ဒရှင်အချို့ ဆန္ဒပြုမည့် တံဆိပ်တုံးကို ကြည့်ရှုသည်။ UEC စာသားမပါသည်ကို တွေ့ရှိရ၍ တာဝန်ရှိ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင် သို့မဟုတ် မဲရုံမှူးထံ အသိပေးအကြောင်းကြားသည်။

 

ထိုအချိန်တွင် ယင်းတံဆိပ်တုံးအတုဖြင့် ဆန္ဒပြုပြီးသွား သည့် ဆန္ဒမဲလက်မှတ် ဘယ်နှစောင်ရှိသွားသည်ကို မသိရှိရပါ။ အချို့နေရာတွင် ၃ စောင်၊ ၄ စောင်၊ ၅ စောင်၊ ၁၀ စောင် စသည်ဖြင့် ဆန္ဒပြုပြီးသည့်အခါ သိရှိရသည်။ ထိုအခါများတွင် ယင်းဆန္ဒမဲလက်မှတ်များကို အသုံးမပြု တော့ဘဲ ထည့်ပြီးမဲပုံးကို ချိတ်ပိတ်သိမ်းဆည်းခဲ့သည်။ ဆန္ဒပြုပြီး မဲဆန္ဒရှင်များကို ပြန်လည်ခေါ်ယူ၍ တံဆိပ်တုံး အစစ်ဖြင့် ပြန်၍ ဆန္ဒပြုစေသည်။ အချို့နေရာများတွင် တံဆိပ်တုံးအတုတွေ့ရှိသည့်အချိန်၌ ဆန္ဒပြုပြီးသည့် မဲဆန္ဒရှင်ဦးရေ သုံးလေးငါးရာထိ ရှိသွားသည်။ တံဆိပ်တုံး အတုဖြင့် မဲဆန္ဒရှင် မည်မျှဆန္ဒပြုသွားခဲ့သည်ကို ပြန်လည် စစ်ဆေး၍ မရနိုင်တော့ပါ။

 

ဤကဲ့သို့ တံဆိပ်တုံးအတုတွေ ထွက်ပေါ်လာသည်မှာ တစ်နေရာတည်းတွင်မဟုတ်၊ နေရာတော်တော်များများနှင့် မြို့နယ်တော်တော်များများတွင် တွေ့ရှိလာရသည်။ မဲဆန္ဒရှင်များ စိုးရိမ်လာကြသည်။ မိမိတို့ဆန္ဒပြုခဲ့သည့် တံဆိပ်တုံးသည် အတုများဖြစ်နေမလား၊ ပယ်မဲများဖြစ် သွားမလား ပူပန်မှုတွေဖြစ်လာသည်။ တံဆိပ်တုံးအတုဖြင့် မဲဆန္ဒရှင်မည်၍မည်မျှ ဆန္ဒမဲပေးပြီး ဖြစ်သွားသည်ကို မသိနိုင်ဖြစ်ရသည်။ ထို့ကြောင့် ပြည်ထောင်စုရွေးကောက်

ပွဲကော်မရှင်က မဲဆန္ဒရှင်များသည် မိမိတို့ဆန္ဒအရ မိမိတို့ကြိုက်နှစ်သက်ရာ ကိုယ်စားလှယ်လောင်းကို ရွေးချယ်ကာ တံဆိပ်တုံးနှိပ်၍ ဆန္ဒပြုပြီး မဲပေးခဲ့ကြသဖြင့် မည်သည့်လွှတ်တော်ကိုယ်စားလှယ်ကိုပဲဖြစ်ဖြစ်၊

မည်သည့်တံဆိပ်တုံးနှင့်ဆန္ဒပြုစေကာမူ ခိုင်လုံမဲအဖြစ် သတ်မှတ်ရန် ကြိုတင်၍ပင် ထုတ်ပြန်အသိပေးခဲ့သည်။

 

တံဆိပ်တုံးအတု ပေါ်ပေါက်ခဲ့သည့်ဖြစ်စဉ်

 

တံဆိပ်တုံးအတု နေရာတော်တော်များများတွင် ပေါ်ပေါက်ခဲ့သည်။ ချောင်းဦးမြို့နယ် ငါးလုံးတင်ကျေးရွာ အုပ်စုတွင် ကြိုတင်မဲကောက်ယူစဉ် မဲရုံကိုယ်စားလှယ် တစ်ဦးထံမှလည်းကောင်း၊ ရေတာရှည်မြို့ အမှတ် ၂ ရပ်ကွက်တွင် ကြိုတင်မဲကောက်ယူစဉ် မဲရုံကိုယ်စားလှယ် တစ်ဦးထံမှ လည်းကောင်း၊ ပုသိမ်မြို့ အမှတ် ၄ ရပ်ကွက် တွင် ကြိုတင်ဆန္ဒမဲရယူစဉ်၌လည်းကောင်း UEC အမှတ် အသားမပါသည့် တံဆိပ်တုံးများ တွေ့ရှိသိမ်းဆည်းရမိခဲ့ သည်။ လှည်းကူးမြို့ မြို့မရပ်ကွက်၌ ကြိုတင်မဲကောက်ယူ နေစဉ် မဲရုံကိုယ်စားလှယ်တစ်ဦးက UEC အမှတ် တံဆိပ်မပါသော တံဆိပ်တုံးကို ဒုတိယမဲရုံးမှူးသို့ ပေးအပ် ခဲ့သည့်ဖြစ်စဉ်များလည်း ပေါ်ပေါက်ခဲ့သည်။

 

ထို့ပြင် မြို့သစ်မြို့နယ် တလင်းကုန်းကျေးရွာ မဲရုံ အမှတ် ၂ တွင် မဲဆန္ဒရှင်တစ်ဦးထံမှ လည်းကောင်း၊ စဉ့်ကူးမြို့နယ် မဲရုံအမှတ် ၃ တွင် မဲဆန္ဒရှင်တစ်ဦးထံမှ လည်းကောင်း၊ ရေးမြို့နယ် အစင်ကျေးရွာအုပ်စု မဲရုံ အမှတ် ၆ တွင် မဲရုံကိုယ်စားလှယ်တစ်ဦးထံမှ လည်းကောင်း၊ မိုင်းယောင်းမြို့နယ် ဟောင်ကြန့်ကျေးရွာအုပ်စု မဲရုံ အမှတ် ၃ တွင် မဲဆန္ဒရှင်တစ်ဦးထံမှလည်းကောင်း UEC အမှတ်အသားမပါသော တံဆိပ်တုံးများ တွေ့ရှိသိမ်းဆည်း ရမိခဲ့သည်။

 

ကြိုတင်ကြံရွယ်ခြင်း

 

ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် တံဆိပ်တုံးအတုများကို တစ်နေရာတည်းမဟုတ် နေရာဒေသအနှံ့အပြားတွင် ပေါ်ပေါက်တွေ့ရှိခဲ့ခြင်းသည် တမင်ကြိုတင်ကြံရွယ်၍ လုပ်ဆောင်ခဲ့လေသလား စဉ်းစားတွေးတောဖွယ် ဖြစ်ရ သည်။ ကြိုတင်ဆန္ဒမဲရယူစဉ်အချိန်ကတည်းက ဤဖြစ်စဉ် ကို စတင်သိရှိလိုက်ရသည့်အတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြိုတင်တားဆီးကာကွယ်မှု များ ပြုလုပ်နိုင်ခဲ့သည်။ မဲရုံများတွင် UEC တံဆိပ်အမှတ် အသားပါသော တံဆိပ်တုံးကို ကြိုးဖြင့်သေချာစွာ ချည်နှောင်ထားသည်။ ၁၅ မိနစ် ၁ ကြိမ် တာဝန်ကျမဲရုံမှူး များက စစ်ဆေးသည်။ ယင်းသို့ဖြင့် တံဆိပ်တုံးအတု အန္တရာယ်ကို ကြိုတင်ကာကွယ်နိုင်ခဲ့သည်။

 

အဖြေရှာရမည့်ပြဿနာ

၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကျင်းပပြီးစီးခဲ့ပြီ။

 

ရွေးကောက်ပွဲတွင်တွေ့ကြုံရသည်များကို ပြောကြဆိုကြ၊ ဝေဖန်သုံးသပ်နေကြသည်။ သို့ရာတွင် ဤကဲ့သို့ အမှန် တကယ်ဖြစ်ပေါ်ခဲ့သော တံဆိပ်တုံးအတု ပြဿနာအပေါ် ပြောဆို၊ ဝေဖန်မှုများ ထွက်ပေါ်မလာကြ။ အဖြေမဖော် ထုတ်ကြ။ ဆိတ်ငြိမ်နေကြသည်။ မည်သို့ပင်ဖြစ်စေ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ဤတံဆိပ် တုံးအတုပြဿနာရပ်အပေါ် အဖြေရှာရပါတော့မည်။

 

နောင်ရွေးကောက်ပွဲများတွင် ဆန္ဒမဲလက်မှတ်များပေါ်၌ မဲဆန္ဒရှင်များက ဆန္ဒပြုသည့်အခါ ဤကဲ့သို့ တံဆိပ်တုံးနှိပ် ၍ ဆန္ဒပြုမည်လား သို့မဟုတ် ဆန္ဒပြုပုံနည်းစနစ်ကို

မည်ကဲ့သို့အသုံးပြုမည်နည်းဆိုသည်ကို မဖြစ်မနေ စဉ်းစား သုံးသပ် အဖြေရှာရမည် ဖြစ်ကြောင်းပါဗျာ။

ရွေးကောက်ပွဲများတွင် ဥပဒေနှင့်အညီ နည်းလမ်း တကျ မှန်ကန်စွာ ဆန္ဒပြုမဲပေးနိုင်ကြပါစေ၊

ရာဇဝတ်မှုမကင်းသော မသမာသည့်နည်းများ အသုံးပြုခြင်းမှ ကာကွယ်နိုင်ကြပါစေ၊

ဆန္ဒမဲလက်မှတ်တွင် အတုအပမပြုနိုင်သည့် နည်းလမ်းကောင်းများဖြင့် ဆန္ဒပြုမဲပေးနိုင်ကြ ပါစေ။