၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနှင့်အတူ (၃၄) လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦး၏အခွင့်အရေးနှင့် ဆောင်ရန်၊ ရှောင်ရန်များ

Type

ဆောင်းပါး

=====

 

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနှင့်အတူ (၃၄)

လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦး၏အခွင့်အရေးနှင့် ဆောင်ရန်၊ ရှောင်ရန်များ

 

==================================================================

 

မောင်စာဂ

======

 

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံအထွေထွေရွေးကောက်ပွဲအတွက် လွှတ်တော် ကိုယ်စားလှယ်လောင်းများ အမည်စာရင်း တင်သွင်းရမည့် နောက်ဆုံးနေ့ရက်သည် ပြည့်မြောက်သွား ပြီဖြစ်သည်။ အမည်စာရင်းတင်သွင်းမှုအခြေအနေကို လေ့လာကြည့်ရာ လွှတ်တော်မဲဆန္ဒနယ်အသီးသီးတွင် နိုင်ငံရေးပါတီပေါင်း ၉၃ ခုက ကိုယ်စားလှယ်လောင်း ၆၇၄၂ ဦး၊ တစ်သီးပုဂ္ဂလ အမည်စာရင်းတင်သွင်းသူ ၂၈၁ ဦး စုစုပေါင်း ၇၀၂၃ ဦး အမည်စာရင်းတင်သွင်းထားသည်။

သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက အမည်စာရင်းတင်သွင်းလာမှုအပေါ် ရွေးကောက်ပွဲ ဥပဒေများနှင့်အညီ စိစစ်မှုများ ပြုလုပ်ကြမည်။ ပြီးလျှင် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်း များကို သတ်မှတ်ထားသော ပုံစံ(၁၀) ဖြင့် အတည်ပြု ကြေညာသွားမည်။ ပုံစံ(၁၀) ဖြင့် အတည်ပြုကြေညာ ချက်တွင်ပါရှိသော လွှတ်တော်ကိုယ်စားလှယ်လောင်း များသည် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးခြင်း လုပ်ငန်းမှစတင်၍ ရွေးကောက်ပွဲပြီးစီးသည်အထိ မိမိတို့ဆောင်ရွက်ရန်ရှိသည်များကို ဆက်လက်လှုပ်ရှားဆောင် ရွက်ကြရတော့မည်ဖြစ်သည်။ ဤတွင်ကိုယ်စားလှယ်လောင်း တစ်ဦး မည်သည့်အခွင့်အရေးများရှိသနည်း။ မည်သည် ကိုဆောင်၍ မည်သည်ကိုရှောင်ရမည်နည်း။ ရွေးကောက်ပွဲ ဥပဒေများတွင် မည်သို့ပြဋ္ဌာန်းထားသနည်း။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က မည်သို့ ညွှန်ကြားထားသနည်း။ အရေးပါသည့်အချက်အလက်အနှစ်ချုပ်ကို ကောက်နုတ် ဖော်ပြပါရစေ။

 

အခွင့်အရေးများ

- အတည်ပြုပြီး မဲစာရင်းတစ်စုံကို အခမဲ့ကူးယူခွင့်ရှိ သည်၊

- မိမိကိုယ်တိုင်ဖြစ်စေ၊ အခြားသူတစ်ဦးဦးကိုဖြစ်စေ မိမိ၏ရွေးကောက်ပွဲကိုယ်စားလှယ်အဖြစ် ခန့်ထား ခွင့်ရှိသည်၊

- မဲရုံအသီးသီး၌ မိမိ၏ကိုယ်စားဆောင်ရွက်ရန် မဲရုံ ကိုယ်စားလှယ်တစ်ဦးနှင့် အကူကိုယ်စားလှယ် တစ်ဦး ခန့်ထားခွင့်ရှိသည်၊

- လွှတ်တော်ရွေးကောက်ပွဲဥပဒေများ၊ နည်းဥပဒေ များ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ သတ်မှတ်ကာလအတွင်း မဲဆွယ်စည်းရုံးဟောပြော ခွင့်နှင့် ရေးသားပုံနှိပ်ထုတ်ဝေစည်းရုံးခွင့်ရှိသည်၊

- မဲဆွယ်စည်းရုံးရာတွင် သတ်မှတ်ထားသည့်အတိုင်း ငွေကျပ် သိန်းတစ်ရာအထိ သုံးစွဲခွင့်ရှိသည်။

တိုင်းရင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ်လောင်းအတွက် ငွေကျပ် သိန်းတစ်ရာ့ငါးဆယ် အထိ သုံးစွဲခွင့်ရှိသည်။

- ကြိုတင်ဆန္ဒမဲပေးခြင်း၊ မဲရုံတွင် ဆန္ဒမဲပေးခြင်း၊ ဆန္ဒမဲလက်မှတ်များကို ရေတွက်ခြင်း စသည့် လုပ်ငန်းစဉ်အားလုံး ကြည့်ရှုခွင့်ရှိသည်၊

- ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများနှင့်စပ်လျဉ်း၍ သတ်မှတ်ထားချက်များနှင့်အညီ တိုင်တန်း လျှောက်ထားခွင့်ရှိသည်၊

- ရွေးကောက်တင်မြှောက်ခံရသူအား ကန့်ကွက် လိုလျှင် သတ်မှတ်ထားချက်များနှင့်အညီ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ ကန့်ကွက်လွှာ တင်သွင်းနိုင်ခွင့်ရှိသည်။

 

ဆောင်ရန်အချက်များ

- လွှတ်တော်ကိုယ်စားလှယ်လောင်း အတည်ပြုပြီး သည့်အခါ ကိုယ်စားလှယ်လောင်း စိစစ်ရေး ကတ်ပြားကို သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲမှ ထုတ်ယူရပါမည်။

- မဲဆွယ်စည်းရုံးခြင်း အသုံးစရိတ်ငွေများနှင့် စပ်လျဉ်း၍ ငွေစာရင်းစာအုပ် စနစ်တကျထားရှိပြီး မှန်ကန်စွာ ရေးသွင်းရပါမည်။

- ရွေးကောက်ပွဲပြီးစီးသည့်အခါ ရွေးကောက်ပွဲ ကုန်ကျငွေစာရင်းကို ပုံစံ (၂၀) ဖြင့် ရေးသွင်း၍ ရွေးကောက်တင်မြှောက်ခံရသည့် ကိုယ်စားလှယ် ၏အမည်ကို ကြေညာသည့်နေ့မှစ၍ ရက်ပေါင်း ၃၀ တွင်း သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲသို့

တင်သွင်းရပါမည်။

- ရွေးကောက်ပွဲကျင်းပပြုလုပ်ပြီးနောက် ဆန္ဒမဲများ စာရင်းဖြည့်သွင်းသည့် လွှတ်တော်အလိုက် သတ် မှတ်ထားသည့် မဲစာရင်းပုံစံများတွင် မိမိနှင့် သက်ဆိုင်သည့် မဲစာရင်းရေတွက်မှု ပုံစံများ၌ လက်မှတ်ရေးထိုးရပါမည်။

- နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးကို ထိပါးစေမည့် အန္တရာယ်ကြုံလာပါက သက်ဆိုင်ရာအုပ်ချုပ်ရေးနှင့် လုံခြုံရေးအဖွဲ့များက တည်ဆဲဥပဒေများနှင့်အညီ စီမံဆောင်ရွက်ခြင်းကို လိုက်နာဆောင်ရွက်ရပါမည်။

- နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများ အတွက် ကျင့်ဝတ်ကို လေးစားလိုက်နာရပါမည်။

 

ရှောင်ရန်အချက်များ

- လူမျိုးရေး၊ ဘာသာရေး၊ လူတစ်ဦးချင်း သို့မဟုတ် လူအများနှင့်ပတ်သက်၍ ပဋိပက္ခဖြစ်ပေါ်စေနိုင် သည့် ရေးသားဟောပြောမှု၊ စည်းရုံးလှုံ့ဆော်မှုများ မပြုရပါ။

- ပြိုင်ဘက်ပါတီများနှင့် ကိုယ်စားလှယ်လောင်းများ ၏ ဂုဏ်သိက္ခာညှိုးနွမ်းစေသော ပုဂ္ဂိုလ်ရေး

တိုက်ခိုက်မှု၊ အကြမ်းဖက်မှု၊ အမုန်းပွားမှုများကို ဖြစ်ပေါ်စေသည့် အပြောအဆို အပြုအမူ အသွင် အပြင်များ ပြုမူဆောင်ရွက်ခြင်း မပြုရပါ။

- ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးစားမပြု ရပါ။

- ငြိမ်းချမ်းစွာပညာသင်ကြားရေးကို ထိခိုက်ပျက်ပြား စေရန် သွေးထိုးလှုံ့ဆော် ဟောပြောခြင်း၊ ရေးသား ပုံနှိပ်ထုတ်ဝေခြင်း မပြုရပါ။

- လွှတ်တော်ရွေးကောက်ပွဲဥပဒေများ၏ အခန်း (၁၃) ပါ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုတစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ခြင်း မပြုရပါ။

- လွှတ်တော်ရွေးကောက်ပွဲဥပဒေများ၏ အခန်း (၁၄)ပါ တရားမဲ့ပြုကျင့်မှုတစ်ရပ်ရပ်ကို ဖောက်ဖျက် ကျူးလွန်ခြင်း မပြုရပါ။

အထူးသတိပြုလိုက်နာရန်အချက်

ယခုကျင်းပမည့် အထွေထွေရွေးကောက်ပွဲသည် ကိုဗစ် -

၁၉ရောဂါ ကျရောက်နေသည့် အချိန်ကာလအတွင်း ကျင်းပမည့် ရွေးကောက်ပွဲဖြစ်သည်။ သို့ဖြစ်ပါ၍

လွှတ်တော်ကိုယ်စားလှယ်လောင်းများသည် မဲဆွယ်စည်းရုံး ခြင်းမှအစပြု၍ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများဆောင် ရွက်ကြရာ၌ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီက ချမှတ်ထား သော မူဝါဒများ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန က အခါအားလျော်စွာ ထုတ်ပြန်ထားသည့် ထုတ်ပြန် ချက်များ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဤကိစ္စအတွက်ထုတ်ပြန်မည့် ညွှန်ကြားချက်များ၊ လမ်းညွှန်ချက်များကိုလည်း အထူးသတိပြု၍ လိုက်နာကြ ရန် လိုအပ်မည်ဖြစ်သည်။

 

မြင့်မြတ်သောပြိုင်ပွဲ

ရွေးကောက်ပွဲတစ်ခုတွင် မဲဆန္ဒနယ်တစ်နယ်၌ ပါဝင် ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦး ချင်းစီသည် ပြိုင်ပွဲတစ်ခုတွင် ပါဝင်ယှဉ်ပြိုင်ရပါတော့မည်။ သာမန် ရိုးရိုးပြိုင်ပွဲမျိုးမဟုတ်၊ ပြည်သူ့ဆန္ဒကိုအဆုံး အဖြတ်ခံယူရမည့် မြင့်မြတ်သော ပြိုင်ပွဲတစ်ခုပင်ဖြစ်သည်။ မဲဆန္ဒရှင်ပြည်သူများ၏ ဆန္ဒမဲကို အများဆုံးရရှိအောင် ကြိုးစားကြရမည်။ မိမိနှင့်ယှဉ်ပြိုင်သူ ကိုယ်စား လှယ်လောင်းသည် အနည်းဆုံး ၂ ဦးမှ အများဆုံး ၁၀ ဦး၊ ၁၅ ဦး စသည်ဖြင့် ဖြစ်နိုင်သည်။ ပြိုင်ပွဲ၏ရလဒ်မှာ ရွေးကောက်ခံရခြင်းနှင့် ရွေးကောက်မခံရခြင်းသာရှိမည်။ ပါဝင်ယှဉ်ပြိုင်သူတစ်ဦးချင်းစီသည် ပြည်သူကိုကိုယ်စားပြု သည့် ပြည်သူ့ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံရလို သူများသာ ဖြစ်ကြသည်။

 

တရားသဖြင့်အနိုင်ယူခြင်းဖြစ်ပါစေ

ရွေးကောက်ပွဲတစ်ခုတွင် ပါဝင်ယှဉ်ပြိုင်ကြရာ၌ မိမိ အနိုင်ရရှိရေးအတွက် ဥပဒေနှင့်အညီ သတ်မှတ်ပြဋ္ဌာန်း ထားသည့် မူဘောင်အတွင်းမှ နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားကြရသည်။ မဲဆန္ဒရှင်များအား ဟောကြ၊ ပြောကြ၊ စည်းရုံးကြရသည်။ မိမိ၏သဘောထား၊ ယုံကြည်ချက်၊ ခံယူချက်များ၊ မဲဆန္ဒရှင်ပြည်သူများအပေါ် မိမိတို့ထား ရှိသည့် စေတနာ၊ မေတ္တာများကို ထုတ်ဖော်ကြရသည်။ ပါတီကိုယ်စားပြုဖြစ်လျှင် မိမိပါတီ၏ မူဝါဒသဘောထား လမ်းစဉ်တို့ကို ရှင်းပြကြရသည်။ ဤသို့စည်းရုံးဟောပြော ကြရာတွင် တရားသောနည်းလမ်းများဖြင့် တရားသော လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းကြသူများရှိသကဲ့သို့ လုပ်နည်းလုပ်ဟန်လွဲမှားမှုများ၊ ဥပဒေပြဋ္ဌာန်းချက်များ နှင့်မညီမှုများ၊ မမှန်မကန်လုပ်ဆောင်ချက်များလည်း ရှိနိုင်သည်။ ရှိတတ်သည်။ တရားသောနည်းလမ်းများဖြင့် သာ တရားသောလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းကာ စစ်မှန်သည့် ပြည်သူ့ကိုယ်စားလှယ်အဖြစ် ဂုဏ်ယူနိုင်ကြ ပါမည်။

 

လွတ်လပ်၍ တရားမျှတသောရွေးကောက်ပွဲ

ဒီမိုကရေစီစနစ်တွင် ရွေးကောက်ပွဲများရှိနေမည်။ နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်း များရှိနေမည်။ ပြည်သူတို့က မိမိကြိုက်နှစ်သက်သူကို ဆန္ဒမဲပေး၍ ရွေးကောက်တင်မြှောက်ကြရသည်။

ရွေးကောက်ပွဲများကိုကြီးကြပ်၍ ကျင်းပပေးသည့် ရွေးကောက်ပွဲကော်မရှင်နှင့် အဆင့်ဆင့်သော ကော်မရှင် အဖွဲ့ခွဲများက ဥပဒေနှင့်အညီ သမာသမတ်ကျစွာ၊ တရား မျှတမှန်ကန်စွာ ကျင်းပပေးဖို့လိုအပ်သည်။ ပါဝင်ယှဉ်ပြိုင် သူ လွှတ်တော်ကိုယ်စားလှယ်လောင်းအသီးသီးကလည်း သတ်မှတ်ချက်များနှင့်အညီ တရားသဖြင့် ယှဉ်ပြိုင်ကြရန် လိုအပ်သည်။

မဲဆန္ဒရှင်ပြည်သူများသည်လည်း လွတ်လပ်စွာနှင့် လျှို့ဝှက်စွာ မိမိကြိုက်နှစ်သက်သူကို ဆန္ဒမဲပေး၍ ရွေးကောက်တင်မြှောက်နိုင်သည့် အခွင့်အရေးများ ရရှိကြရန်လိုအပ်သည်။ မဲဆန္ဒရှင်များ၏ ဆန္ဒမဲပေးမှုရလဒ် အစစ်အမှန်ကို ဖော်ထုတ်ကြေညာပေးဖို့ လိုအပ်သည်။ ပွင့်လင်းမြင်သာမှု၊ ပြည်သူအများ ယုံကြည်လက်ခံနိုင်မှု ရှိစေရမည်။ သို့မှသာ လွတ်လပ်မျှတသော၊ ပွင့်လင်းမြင်သာ သော၊ အများယုံကြည်လက်ခံနိုင်သော ရွေးကောက်ပွဲ အဖြစ် တွေ့နိုင်၊ မြင်နိုင်၊ ခံစားသွားနိုင်ကြပေလိမ့်မည်ဟု ယုံကြည်မိကြောင်းပါ။

m လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများ ဖြစ်ထွန်းပေါ်ပေါက်နိုင်ပါစေ၊

m ဥပဒေနှင့်အညီ တရားသဖြင့် မှန်မှန်ကန်ကန် ပါဝင်ယှဉ်ပြိုင်နိုင်ကြပါစေ၊

m ဆောင်သင့်သည်ကိုဆောင်၍ ရှောင်သင့်သည်ကို ရှောင်ပြီး မိမိတို့၏အခွင့်အရေးကို မှန်ကန်စွာ အသုံးပြုနိုင်ကြပါ‌စေ။ ။