
နေပြည်တော် ဒီဇင်ဘာ ၂၁
အားကစားသည် နိုင်ငံတစ်နိုင်ငံ၏ ဂုဏ်သိက္ခာ၊ တစ်မျိုးသားလုံး၏ ကျန်းမာကြံ့ခိုင်မှုနှင့် စိတ်ဓာတ် ခိုင်မာမှုများကို ပြသခြင်းဖြစ် ပြီး ထူးချွန်ထက်မြက်သည့် အားကစားသမားကောင်းများစွာ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီနှင့် မြန်မာနိုင်ငံ အားကစားမီဒီယာများ အဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသော ၂၀၁၉ ခုနှစ်နှင့် ၂၀၂၁ ခုနှစ်တို့ အတွက် အကောင်းဆုံး အမျိုးသား၊ အမျိုးသမီး အားကစားသမား ဆုရရှိသူများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် အားကစား လေ့ကျင့်ရေးစခန်းရှိ Multipurpose Hall ၌ ကျင်းပ သည်။
အခမ်းအနားတွင် မြန်မာနိုင်ငံ အိုလံပစ် ကော်မတီဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲ၊ အခြားနိုင်ငံတကာ အားကစား ပြိုင်ပွဲများနှင့် (၁၁) ကြိမ်မြောက် အာဆီယံ မသန်စွမ်းသူများ အားကစား ပြိုင်ပွဲများတွင် နိုင်ငံတော်အတွက် ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်များကို ဆွတ်ခူးပေးခဲ့သည့် နိုင်ငံ့ဂုဏ် ဆောင် အားကစားသမားများနှင့် အားကစားနည်းအလိုက် အုပ်ချုပ် သူ၊ နည်းပြများကို နိုင်ငံတော်က ထိုက်ထိုက်တန်တန် ဂုဏ်ပြုဆု ချီးမြှင့်ခဲ့ပြီးဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ် မေလတွင် ကမ္ဘောဒီးယား နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည့် (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲတွင် ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်များကို ရရှိအောင် စွမ်းဆောင်ပေးနိုင်မည့် အားကစား သမားများကိုလည်း ထိုက်ထိုက် တန်တန် ဂုဏ်ပြုဆုများ ချီးမြှင့် ပေးနိုင်ရန် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း။
၁၉၉၄ ခုနှစ်မှစ၍ တစ်နှစ်တာ အကောင်းဆုံး အားကစားသမားဆုများပေးအပ်ခဲ့သည်ကို တွေ့ရှိရ ပြီး ၁၉၉၅ ခုနှစ်နောက်ပိုင်းတွင် ရပ်တန့်သွားခဲ့ပါကြောင်း၊ ၂၀၀၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ မြန်မာနိုင်ငံ အားကစား ကလောင်ရှင်များ အဖွဲ့ချုပ်က ပြန်လည်ပေးအပ် ခဲ့သည်ကို တွေ့ရှိရကြောင်း၊ ၂၀၁၇ ခုနှစ်၊ ၂၀၁၈ ခုနှစ်၊ ၂၀၁၉ ခုနှစ်နှင့် ၂၀၂၁ ခုနှစ်တို့အတွက် တစ်နှစ်တာ အကောင်းဆုံး အားကစားသမား ဆုများကို မြန်မာနိုင်ငံ အားကစားမီဒီယာ များ အဖွဲ့ချုပ်က ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း၊ မြန်မာ့အားကစား လောက ပိုမိုအောင်မြင်တိုးတက် စေရေးအတွက် မီဒီယာပိုင်း အနေဖြင့် ဆက်လက်ဝိုင်းဝန်း ကူညီ ဆောင်ရွက်ပေးစေလို ကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံ အားကစား မီဒီယာများအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဉာဏ်ထွန်းက ၂၀၁၉ ခုနှစ်နှင့် ၂၀၂၁ ခုနှစ်တို့အတွက် အကောင်းဆုံး အားကစားသမား ဆုများကို ရွေးချယ်ခဲ့မှု၊ မြန်မာနိုင်ငံ အားကစား မီဒီယာများအဖွဲ့ချုပ် ၏ လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ၂၀၁၉ ခုနှစ်နှင့် ၂၀၂၁ ခုနှစ် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲများတွင် အကောင်းဆုံး အားကစားသမား ဆုရရှိခဲ့သူများ၏ ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်ခဲ့မှုနှင့် အောင်မြင်မှု ဆုတံဆိပ်ရရှိအောင် စွမ်းဆောင် ခဲ့မှု ပုံရိပ်မှတ်တမ်း Video Clips များကို ပြသသည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးက ၂၀၁၉ ခုနှစ်နှင့် ၂၀၂၁ ခုနှစ်တို့အတွက် အကောင်းဆုံး အားကစားသမားဆု ရရှိခဲ့ကြ သည့် ဘိလိယက်နှင့်စနူကာ အားကစားနည်းမှ မောင်မောင် (ခေါ်) ဘုန်းမြင့်ကျော်နှင့် ဦးပေါက်စ၊ အားနစ် အားကစားနည်းမှ မအိန္ဒြေဖူး၊ ဗိုဗီနမ်အားကစား နည်းမှ မခိုင်ဝါဖူးနှင့် မမေဟန်နီ အောင်လွင်တို့ကို ဂုဏ်ပြု မှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေ ကျပ်သိန်း ၂၀ စီကို ပေးအပ် ချီးမြှင့်ပြီး ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က ၂၀၁၉ ခုနှစ်နှင့် ၂၀၂၁ ခုနှစ်တို့အတွက် ဆုတံဆိပ် များရရှိအောင် အကောင်းဆုံး စွမ်းဆောင်ပေးခဲ့သော မြန်မာ နိုင်ငံ ဘိလိယက်နှင့် စနူကာ အဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ သိုင်း အဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများ ကိုလည်းကောင်း၊ ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်းက ၂၀၁၉ ခုနှစ် နှင့် ၂၀၂၁ ခုနှစ်တို့အတွက် ဆုတံဆိပ်များ ရရှိအောင် အကောင်းဆုံး စွမ်းဆောင်ပေး ခဲ့သော အုပ်ချုပ်သူနှင့် နည်းပြများ ကို လည်းကောင်း ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့် ကြသည်။
ထို့နောက် ဆုရရှိသူများ ကိုယ်စား မြန်မာနိုင်ငံဘိလိယက် နှင့် စနူကာအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာ မင်းနိုင်က ကျေးဇူး တင်စကား ပြန်လည်ပြောကြားပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက် ကြသည်။
အဆိုပါ ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားသို့ ညွှန်ကြားရေးမှူး ချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်များ၊ မြန်မာနိုင်ငံအားကစား မီဒီယာများ အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ဆုရ အားကစားသမားများ၊ အုပ်ချုပ်သူ၊ နည်းပြများ၊ မြန်မာနိုင်ငံ ဘိလိယက် နှင့် စနူကာအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ သိုင်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရ သည်။
သတင်းစဉ်