၂၀၁၉ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆုနှင့်အမျိုးသားစာပေဆုများ ချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

၂၀၁၉ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆုနှင့်အမျိုးသားစာပေဆုများ ချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

=================================================

 

ရန်ကုန် ဒီဇင်ဘာ ၁၅

 

၂၀၁၉ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆုနှင့် အမျိုးသားစာပေဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) မင်္ဂလာခန်းမ၌ ကိုဗစ်-၁၉ ကာကွယ်တားဆီးရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ဗီဒီယိုဖြင့် မိန့်ခွန်းပြောကြား သည်။

 

အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ် များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အမျိုးသားစာပေတစ်သက်တာဆုရ ဆရာကြီးများ၊ စာပေဆုရွေးချယ်ရေးကော်မတီဝင်များ၊ စာပေဆုလက်ခံ ရယူကြမည့် စာပေပညာရှင်များ၊ စာရေးဆရာ၊ ဆရာမကြီးများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အခမ်းအနားမစတင်မီ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ၂၀၁၉ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာ စာပေဆုရရှိသူများ၏ မှတ်တမ်းဓာတ်ပုံများ၊ ၂၀၁၉ ခုနှစ်အတွက် အမျိုးသားစာပေဆု ရရှိသူ များ၏ မှတ်တမ်းဓာတ်ပုံများနှင့် စာအုပ်များ၊ ၂၀၀၁ ခုနှစ်မှ ၂၀၁၉ ခုနှစ် အထိ အမျိုးသားစာပေ တစ်သက်တာစာပေဆုရရှိသူများ၏ ဓာတ်ပုံ များ၊ ၂၀၀၁ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ အမျိုးသားစာပေဆုရစာအုပ်များ ခင်းကျင်းပြသထားမှုကို လှည့်လည်ကြည့်ရှုကြသည်။

 

ရှေးဦးစွာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က အမျိုးသားစာပေ တစ်သက်တာဆုနှင့် အမျိုးသားစာပေဆုချီးမြှင့်ပွဲအခမ်းအနားတွင် ဗီဒီယိုဖြင့် မိန့်ခွန်းပြောကြားသည်။ (နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းကို စာမျက်နှာ-၃ တွင် ဖော်ပြထားပါသည်။)

P ရှေ့ဖုံးမှ

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က အမှာစကား ပြောကြားရာတွင် မိမိတို့ မြန်မာနိုင်ငံ သည် စာပေကို မြတ်နိုးတန်ဖိုးထား သော နိုင်ငံဖြစ်သည့်အလျောက် စာဆိုတော်ကြီးများကို အလေးအမြတ် ပြုသည့် အစဉ်အလာသည် ရှေးယခင် ကတည်းက ရှိခဲ့ပါကြောင်း၊ ၁၉၄၄ ခုနှစ် မြန်မာသက္ကရာဇ် ၁၃၀၆ ခုနှစ် တွင် မြန်မာစာပေ ပညာရှင်များနှင့် စာရေးဆရာ၊ ဆရာမကြီးများသည် နိုင်ငံတွင် နှစ်စဉ်စာဆိုတော်နေ့ အခမ်း အနားများ ကျင်းပသွားရန် ဆုံးဖြတ်ခဲ့ ကြပါကြောင်း၊ အဲဒီနှစ်မှ စတင်ကာ နတ်တော်လဆန်း (၁)ရက်နေ့ကို စာဆိုတော်နေ့အဖြစ် သတ်မှတ်ပြီး စာပေဆိုင်ရာပွဲလမ်း အခမ်းအနားမျိုးစုံ ဆင်ယင်ကျင်းပခဲ့ကြပါကြောင်း၊ ထို အခမ်းအနားများထဲတွင် သက်ကြီး ဝါကြီး စာရေးဆရာကြီးများကို ငယ်ရွယ်သူ စာပေသမားများက ကန်တော့သည့်ပွဲများ၊ စာအုပ်စာပေ ပြပွဲ၊ စာပေပြိုင်ပွဲများ၊ စာပေဟောပြော ပွဲ၊ စာပေဆွေးနွေးပွဲများ၊ စာဆိုတော် ကြီးများကို ဂုဏ်ပြုပြီး စာရေးဆရာ ဆရာမများကိုယ်တိုင် ပါဝင်သရုပ် ဆောင်သည့် ပြဇာတ်များ ကပြကြခြင်း များ၊ စာဆိုတော်နေ့အထိမ်းအမှတ် မဂ္ဂဇင်း၊ စာစောင်ထုတ်ဝေကြခြင်းများ စသဖြင့် ပါဝင်ပါကြောင်း။

အဆင့်အမြင့်ဆုံး စာပေဆု

စာပေဆု ချီးမြှင့်ခြင်းများသည် လည်း မြန်မာနိုင်ငံတွင် ယခင်အစဉ် အဆက် ရှိခဲ့ပါကြောင်း၊ ယနေ့ ချီးမြှင့် မည့် အမျိုးသားစာပေဆုကတော့ အားလုံးသိကြသည့်အတိုင်း နိုင်ငံ တော်တွင် အဆင့်အမြင့်ဆုံး စာပေဆု ဖြစ်ပါကြောင်း၊ စာပေသမားများ သိကြသည့်အတိုင်း ဤဆုသည် ၁၉၄၈ ခုနှစ်မှ စတင်ပေါ်ပေါက်ခဲ့ပါကြောင်း၊ ၁၉၄၈ ခုနှစ် တစ်နှစ်တာအတွင်း ထွက်ရှိခဲ့သည့် လုံးချင်းဝတ္ထုများထဲမှ အကောင်းဆုံးအဖြစ် ရွေးချယ်ခဲ့သည့် ဆရာမင်းအောင်၏ မိုးအောက်မြေပြင် ဝတ္ထုကို “စာပေဗိမာန် ကာလပေါ်ဝတ္ထု ဆု”အမည်ဖြင့် ချီးမြှင့်ခဲ့ပါကြောင်း၊ နောက်ပိုင်းတွင် ဆုအမည်ကို ယနေ့ အခေါ်အဝေါ်အနေဖြင့် “အမျိုးသား စာပေဆု”အဖြစ် သတ်မှတ်ခဲ့ပြီး ဆု အမျိုးအစား အရေအတွက်ကလည်း တိုးတက်လာသည့်အတွက် ယခုအခါ တွင် စာပေကဏ္ဍ ၁၈ မျိုးအတွက် ဆုများ သတ်မှတ်ထားရှိပြီး ဖြစ်ပါ ကြောင်း၊ ဤကဏ္ဍ သို့မဟုတ် ဘာသာ ရပ် ၁၈ မျိုးရှိသည့်အထဲမှ ယခုနှစ်တွင် ၁၀ မျိုးအတွက် ချီးမြှင့်နိုင်မည် ဖြစ်ပါ ကြောင်း။

ဆုချီးမြှင့်ငွေကိုလည်း ၁၉၄၈ ခုနှစ် တွင် တစ်ထောင်ကျပ်ချီးမြှင့်ခဲ့ရာမှ နောက်ပိုင်းတွင် ကာလအလျောက် တိုးမြှင့်ခဲ့ပြီး ယခုအခါတွင် ငွေကျပ် ၂၅ သိန်းအထိ တိုးတက်ချီးမြှင့်နိုင်ခဲ့ပြီ ဖြစ်ပါကြောင်း။

ကျပ်သိန်း ၅၀ ချီးမြှင့်

ဘာသာရပ်အလိုက် အမျိုးသား စာပေဆုများအပြင် တစ်သက်တာလုံး စာပေဖန်တီးပြုစုသည့်အလုပ်ကို စွဲမြဲ စွာဆောင်ရွက်ခဲ့သော ပုဂ္ဂိုလ်ကြီးများ ကို လေးစားဂုဏ်ပြုသောအားဖြင့် အမျိုးသားစာပေ တစ်သက်တာဆုကို လည်း ၂၀၀၁ ခုနှစ်မှစပြီး ချီးမြှင့်ခဲ့သည် မှာ ယခုနှစ်အတွက် ဆရာကြီး နှစ်ဦး နှင့်ပါဆိုလျှင် ဆရာကြီး၊ ဆရာမကြီး ၃၁ ဦးကို ချီးမြှင့်နိုင်ပြီဖြစ်ပါကြောင်း၊ တစ်သက်တာစာပေဆုကို ကျပ် သိန်း ၅၀ ချီးမြှင့်မည် ဖြစ်ပါကြောင်း။

အမျိုးသားစာပေဆုချီးမြှင့်ပွဲ အခမ်း အနားများကို ဆု၏ ဂုဏ်အဆင့် အတန်းနှင့်လျော်ညီစွာ ခမ်းနား သိုက်မြိုက်စွာ ကျင်းပနိုင်ရန် နှစ်စဉ် စီစဉ် ဆောင်ရွက်ခဲ့ကြပါကြောင်း၊ စာပေပညာရှင်ကြီးများ၊ စာရေးဆရာ ဆရာမကြီးများ၏ ဂုဏ်ရည်ကို လေးစားသတ်မှတ်သည့်အနေဖြင့် နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတ စသည့် အကြီးအကဲပုဂ္ဂိုလ်များ ကိုယ်တိုင်လည်း တက်ရောက်ချီးမြှင့် ပေးခဲ့ကြပါကြောင်း။

သို့သော် ယခုနှစ်တွင် တစ်ကမ္ဘာလုံး ကြုံတွေ့နေရသည့် ကိုဗစ်-၁၉ ကပ် ရောဂါ အန္တရာယ်ကြောင့် စည်ကား သိုက်မြိုက်သည့် ပွဲလမ်းအခမ်းအနား များ ကျင်းပဖို့ရာ အင်မတန်ခက်ခဲ လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံမှာရော၊ နိုင်ငံတကာမှာပါ ကြီးကျယ်စည်ကား စွာ ကျင်းပဖို့ ရည်ရွယ်ထားကြသည့် နေ့ကြီးရက်ကြီး ပွဲလမ်းအခမ်းအနား ကြီးများကို ဖျက်သိမ်းခြင်း၊ ရွှေ့ဆိုင်း ခြင်း၊ အကျဉ်းရုံးပြုလုပ်ကာ စတိ သဘောလောက်သာ အထိမ်းအမှတ်ပြု ခြင်းများ လုပ်နေကြရပါကြောင်း။

ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် အမျိုးသား စာပေဆု ချီးမြှင့်ပွဲအခမ်းအနားကို တစ်နှစ်ထက်တစ်နှစ် ပိုပြီးခမ်းနား ပြည့်စုံစွာ ကျင်းပလိုသည့် ဆန္ဒရှိပါ ကြောင်း၊ ဤအခမ်းအနားသည် ဆုရပုဂ္ဂိုလ်ကြီးများအတွက်သာမက ဤဆုချီးမြှင့်ပွဲကို စီစဉ်ကျင်းပခွင့်ရ သည့် မိမိတို့ဝန်ကြီးဌာနအတွက်ပါ ဂုဏ်ယူစရာ၊ အလေးအမြတ်ပြုစရာဟု ခံယူပါကြောင်း၊ ထို့ကြောင့် ယခုနှစ် တွင်လည်း တတ်နိုင်သမျှ အပြည့်စုံဆုံး ကျင်းပနိုင်ရန် ရည်ရွယ်ခဲ့ပါကြောင်း။

သို့သော် ကိုဗစ်-၁၉ ကပ်ရောဂါ ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ၊ ညွှန်ကြားချက်များကို လေးစား လိုက်နာရမှာဖြစ်သလို အခမ်းအနား တက်ရောက်ကြမည့် စာပေပညာရှင် ကြီးများ၊ အထူးသဖြင့် အသက်အရွယ် ကြီးရင့်သော ဆရာကြီး၊ ဆရာမကြီး များ၏ ကျန်းမာရေးသည်လည်း အလွန်အရေးကြီးသည့်အတွက် မိမိတို့ အနေဖြင့် ယနေ့ပွဲကို ဖြစ်နိုင်သမျှ အတိုင်းအတာအထိ တင့်တယ်ခမ်းနား မှုလည်းရှိစေ၊ ဘေးအန္တရာယ်လည်း ကင်းစေဆိုသည့် ပုံသဏ္ဌာန်မျိုးဖြင့် ကျင်းပပြုလုပ်ရခြင်း ဖြစ်ပါကြောင်း၊ တကယ်တော့ ယနေ့ အခမ်းအနား ကျင်းပရာမှာသာ မဟုတ်ဘဲ ဆုစိစစ် ရွေးချယ်ရေးကော်မတီ၏ လုပ်ငန်း များ စတင်ဆောင်ရွက်စဉ်ကတည်းက ကိုဗစ်-၁၉ ၏ အကန့်အသတ်များ ရှိနေခဲ့တာဖြစ်၍ ကော်မတီအနေဖြင့် အစည်းအဝေးများ ဖြစ်မြောက်ရန် ယခင်နှစ်များကထက် ပိုပြီးအားထုတ် ဆောင်ရွက်ခဲ့ရပါကြောင်း၊ ယနေ့မှာ လည်း ဆုရွေးချယ်ရေး ကော်မတီဝင် များထဲမှာရော၊ စာပေဆုရပုဂ္ဂိုလ်ကြီး များထဲမှာပါ ကျန်းမာရေးနှင့် ခရီး သွားလာရေးဆိုင်ရာ အခြေအနေများ ကြောင့် အခမ်းအနား တက်ရောက်ရန် အခက်အခဲကြုံတွေ့နေရတာ ရှိပါ ကြောင်း၊ ဆုရပုဂ္ဂိုလ်ကြီးများထဲမှ ဘာသာပြန်(ရသ)ဆု ရရှိသည့် ဆရာ စိန်ဝင်းစိန်သည် စာအုပ်ထုတ်ဝေပြီး နောက် ကွယ်လွန်သွားခဲ့သည့်အတွက် အထူးဝမ်းနည်းရပါသည်ဟု မှတ်တမ်း တင်အပ်ပါကြောင်း။

မည်သို့ပင်ဖြစ်စေ ယခုအခြေအနေ များကြားကပဲ ၁၃၈၂ ခုနှစ် နတ်တော် လဆန်း (၁)ရက် စာဆိုတော်နေ့ (၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁၅ ရက် ) တွင် အစဉ်အလာမပျက် ကျင်းပနိုင်ခဲ့ သည့် ၂၀၁၉ ခုနှစ်အတွက် အမျိုးသား စာပေဆုချီးမြှင့်ပွဲ အခမ်းအနားကို တော့ သက်ဆိုင်သူများအားလုံး အမှတ်တရ ဖြစ်ကြလိမ့်မည်ဟု ယုံကြည်ပါကြောင်း။

ယနေ့ အမျိုးသားစာပေ တစ်သက် တာဆုရရှိကြသည့် ဆရာကြီး ဦးအံ့ မောင်နှင့် ဆရာကြီး ဦးညွန့်မောင် (မောင်မောင်ညွန့်-မန်းတက္ကသိုလ်)တို့နှင့်တကွ ဘာသာရပ် ၁၀ မျိုးတွင် အမျိုးသားစာပေဆု အသီးသီးရရှိကြ သည့် ဆရာ၊ ဆရာမကြီး ၁၀ ဦးတို့ အတွက် ဝမ်းမြောက်ဂုဏ်ယူပါ ကြောင်းနှင့် သက်ရှည်ကျန်းမာပြီး နိုင်ငံ့အကျိုး၊ မြန်မာစာပေ အကျိုး အတွက် ပီပြင်ပြောင်မြောက်သည့် စာကောင်းပေမွန်များ ဆက်လက် ဖန်တီးရေးသားနိုင်ကြပါစေဟု ဆုမွန် ကောင်း တောင်းအပ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ၂၀၁၉ ခုနှစ် အတွက် အမျိုးသား စာပေတစ်သက် တာဆုရရှိကြသည့် စာပေပညာရှင် ဆရာကြီး ဦးညွန့်မောင် (မောင်မောင် ညွန့်-မန်းတက္ကသိုလ်)နှင့် စာရေးဆရာ ကြီး ဦးအံ့မောင် (အံ့မောင်) (ကိုယ်စား) ဦးသောင်းဌေးတို့ကို ဆုများ ပေးအပ် ချီးမြှင့်သည်။

ပေးအပ်ချီးမြှင့်

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ငါးဖမ်း သမားစာအုပ်ဖြင့် အမျိုးသားစာပေ ဝတ္ထုရှည်ဆုရ မိုးကျော်ဇင် (ကိုယ်စား) မင်းဝေဟင်၊ လမ်းဆုံးတော့ရွာမဂ္ဂဇင်း ဝတ္ထုရှည်များစာအုပ်ဖြင့် အမျိုးသား စာပေ ဝတ္ထုတိုဆုရ နတ်မောက် အနီချို၊ ခရုပစ်လောင်ချာစာအုပ်ဖြင့် အမျိုး သားစာပေ ကဗျာဆုရ   ပန်ဒိုရာ၊ နှင်းတောင်တန်းကပန်းဥယျာဉ်စာအုပ် ဖြင့် အမျိုးသားစာပေ စာပဒေသာ ဆုရ  ဉာဏ်ဝေ(မြစ်သာမြေ)တို့ကို ဆုများ ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသ ကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင် ထွန်း၊ ရန်ကုန်တိုင်းဒေသကြီး ရခိုင် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်တို့က ဂျဝါဟာလား နေရူး၏ လျှပ်တစ်ပြက် ကမ္ဘာ့သမိုင်း စာအုပ်ဖြင့် အမျိုးသားစာပေ ဘာသာ ပြန်(သုတ)ဆုရ ဘိုးလှိုင်၊ ဝါဆောက ရုပ်သေးဆရာလေးစာအုပ်ဖြင့် အမျိုး သားစာပေ ဘာသာပြန်(ရသ)ဆုရ စိန်ဝင်းစိန်(ကိုယ်စား) ဇနီးဖြစ်သူ ဒေါ်တိုးတိုးဝင်း၊ ၂၀ ရာစု မြန်မာကဗျာ များ ပြောင်းလဲဖြစ်တည်လာပုံစာအုပ် ဖြင့် အမျိုးသားစာပေ သုတပဒေသာ (ဝိဇ္ဇာ)ဆုရ ဒေါက်တာဇော်နိုင် (ကိုယ်စား) ဦးဝင်းချို၊ ကင်ဆာရောဂါ နှင့် မြန်မာ့အစားအစာ စာအုပ်ဖြင့် အမျိုးသားစာပေ သုတပဒေသာ(အသုံး ချသိပ္ပံ)ဆုရ ဒေါက်တာလှကြည် (အာဟာရ ဆရာဝန်ကြီး)၊ မြန်မာ့နိုင်ငံ ခြား ဆက်ဆံရေးများ စာအုပ်ဖြင့် အမျိုးသားစာပေ နိုင်ငံရေးစာပေဆုရ ဆင်ဖြူကျွန်းသန်းထွန်းနှင့် ဘုရားသခင် နဲ့ ကြွေအန်ကစားသူများ အက်ဆေး စုစည်းမှုစာအုပ်ဖြင့် အမျိုးသားစာပေ ရသစာတမ်း(အက်ဆေး)ဆုရ မောင်ခိုင် လတ်တို့ကို ဆုများ ပေးအပ်ချီးမြှင့်ကြ သည်။ P စာမျက်နှာ ၄ မှ

ယင်းနောက် စာပေဆုရရှိသူများ ကိုယ်စား ၂၀၁၉ ခုနှစ်အတွက် အမျိုး သားစာပေ တစ်သက်တာစာပေဆုရရှိ သည့် စာပေပညာရှင်ဆရာကြီး     ဦးညွန့်မောင် (မောင်မောင်ညွန့်-မန်း တက္ကသိုလ်)က ကျေးဇူးတင်စကား ပြောကြားရာတွင် ယခုနှစ် စာပေဆုနှင်း သဘင်အခမ်းအနားတွင် ဆုရရှိသူများ အားလုံး၏ကိုယ်စား ကျေးဇူးတင် စကား ပြောကြားခွင့်ရသည့်အတွက် ဝမ်းမြောက်မိပါကြောင်း။

ပီတိဖြစ်ရ

မိမိကိုယ်တိုင် လေ့လာအားထုတ် ဖွဲ့ဆိုရေးသားခဲ့သည့် လက်ရာများကို ဆုချီးမြှင့်ခံကြရသူများ အားလုံးလည်း မိမိနည်းတူ ဝမ်းမြောက်ဂုဏ်ယူနေကြ မည်ဟု မျှော်လင့်သကဲ့သို့ တက်ရောက် လာကြသူများကလည်း မုဒိတာပွားကြ လိမ့်မည်ဟု ယုံကြည်မိပါကြောင်း။

မိမိအနေဖြင့် စာပေများများ ရေးခဲ့ သည့်သူ မဟုတ်ပါကြောင်း၊ အဲဒီလို စာများများမရေးဘဲ ယခုလို တစ်သက် တာစာပေဆု ချီးမြှင့်ခြင်းခံရသည့် အတွက် ကိုယ့်ကိုယ်ကိုယ် မယုံကြည် နိုင်လောက်အောင်ဖြစ်ပြီး အတိုင်းမသိ ဝမ်းသာကြည်နူးမိပါကြောင်း။

မိမိ အခု အသက် ၉၁ နှစ်အရွယ် ဆည်းဆာချိန်မှာ ဘဝတစ်လျှောက်လုံး မိမိဝါသနာနှင့် မိမိကျွမ်းကျင်ရာ ဘာသာရပ်ကို တစိုက်မတ်မတ် ကြိုးစား အားထုတ်သည်ကို နိုင်ငံတော်က အသိ အမှတ်ပြုသည့်အတွက် ပီတိဖြစ်ရပါ ကြောင်း။

စာရေးသူဘဝ စတင်ခဲ့

စာနယ်ဇင်းများထဲတွင် မိမိက စာ စတင်ရေးခဲ့သည်မှာ ၁၉၆၆ ခုနှစ် လောက်က ဖြစ်ပါကြောင်း၊ လုပ်သား ပြည်သူ့နေ့စဉ်သတင်းစာတွင် ဆရာ မောင်သိဒ္ဓိ၏ “ဖြင့်” သုံးမျိုး ဆောင်းပါး ပါလာသည့်အခါ နှစ်မျိုးက လွဲမှားနေ သည့်အတွက် မိမိ၏ဆရာက မင်း အဲဒီ “ဖြင့်” သုံးမျိုးကို အမှန်ဖြစ်အောင် ဖြေရှင်းချက် ဆောင်းပါးရေးပါလားလို့ တိုက်တွန်းခြင်းကြောင့် “အမှန်ဖြစ်စေ ချင်သော ‘ဖြင့်’ နှစ်မျိုး”ခေါင်းစဉ်ဖြင့် လုပ်သားပြည်သူ့ နေ့စဉ်သတင်းစာ တွင် ရေးထည့်လိုက်သည်မှစပြီး မိမိ၏ စာရေးသူဘဝ စတင်ခဲ့ခြင်းဖြစ်ပါ ကြောင်း၊ အဲဒီအချိန်မှစပြီး ယခုအချိန် အထိ စာပေဘဝခရီးတစ်လျှောက် စာရေးခြင်း၊ သုတေသနပြုခြင်းနှင့် အထူးသဖြင့် မြန်မာ့ရှေးဟောင်းကျမ်း စာပေများကို အထူးလေ့လာစုဆောင်း ပြီး ရေးသားခဲ့ပါကြောင်း၊ ရေးသားခဲ့ သည့် စာမူများထဲတွင် ပခုက္ကူ ဦးအုံးဖေ ကျမ်းစာမူဆု လေးကြိမ်၊ ထွန်းဖောင်ဒေး ရှင်းစာပေဆု  တစ်ကြိမ် ရရှိခဲ့ပါကြောင်း၊ အခုအထိလည်း အကြောင်းသင့်လျှင် သင့်သလို စာပေများ ရေးသားလျက် ရှိပါကြောင်း။

မတက်ရောက်နိုင်ခဲ့

ယခုနှစ် မိမိနှင့်အတူ တစ်သက်တာ စာပေဆုရရှိသည့် စာရေးဆရာကြီး ဦးအံ့မောင်မှာ မုံရွာတွင် နေထိုင်သဖြင့် အခမ်းအနားတက်ရန် ကြိုးစားပြီးမှ မတက်ရောက်နိုင်ခဲ့ပါကြောင်း၊ ယခု နှစ် တစ်သက်တာစာပေဆုရ ပညာရှင် နှစ်ဦးတွင် တစ်ဦးက ရသစာပေများ ကို တစ်ဘဝလုံးရေးသားခဲ့သူဖြစ်ပြီး တစ်ဦးကတော့ သုတစာပေများကို ရေးသားခဲ့သူ ဖြစ်သည့်အတွက် ထူးခြား သည်ဟုလည်း ဆိုနိုင်ပါကြောင်း။

မြန်မာစာပေ ဖွံ့ဖြိုးတိုးတက်ရေး တွင် သုတ၊ ရသနှစ်ဖြာ အရေးကြီး သည့်အတွက် ယင်းကဏ္ဍနှစ်ခုစလုံးကို ဖွံ့ဖြိုးရန် ဆောင်ရွက်ရမည်ဖြစ်ပါ ကြောင်း၊ မိမိတို့ တာဝန်များကို လက်ဆင့်ကမ်းယူမည့် မျိုးဆက်သစ် များကိုလည်း လှိုက်လှဲစွာ ကြိုဆိုပါ ကြောင်း။

အထူးသဖြင့် မျိုးဆက်သစ်များ အတွက် မေတ္တာရပ်ခံချင်သည်မှာ မိမိတို့နိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ် များ မတိမ်ကော မပပျောက်စေရန် အတွက် ရှေးဟောင်းစာပေများကို ဖတ်ရှုကြပါ၊ လေ့လာသုတေသန ပြုကြပါ၊ စာအုပ်စာပေအဖြစ် ထုတ်ဝေ ကြပါဟု အကြံပြုချင်ပါကြောင်း။

များများဖတ်စေချင်

 

ရှေးဟောင်းစာပေများကို ရေးသား ရန်အတွက်ကတော့ ရှေးကထွက်ရှိ ခဲ့ပြီးဖြစ်သည့် ရှေးဟောင်းစာပေများ ဖြစ်သော ပုဂံဝန်ထောက်မင်း ဦးတင် ၏ “မြန်မာမင်း အုပ်ချုပ်ပုံ” စာတမ်း၊ ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ “သခင်ဋီကာ” ၊ “မှာတော်ပုံ” ဝတ္ထု စသည့် ဂန္ထဝင်စာပေများကို များများ ဖတ်စေချင်ပါကြောင်း၊ ဖတ်ပြီးသည့် အထဲမှ ကောင်းနိုးရာရာ ဗဟုသုတ တွေ့လျှင် ကိုယ့်မှတ်စုစာအုပ်ထဲမှာ တစ်ခါတည်း ကူးယူထားစေချင်ပါ ကြောင်း၊ ထိုမှ စာအုပ်စာပေများ ထုတ်ဝေရန် တစ်ဆင့်တက်ပြီး ဆက်လက် ကြိုးစားကြစေချင်ပါ ကြောင်း။

 

P စာမျက်နှာ ၅ မှ

လက်ရှိစာပေလောက အခြေအနေ ကို မိမိမြင်သလောက် ပြောရမည်ဆို လျှင် ငယ်စဉ် နဂါးနီခေတ်ကလို စာကောင်းပေမွန်များ အထွက်နည်း လာသည်ဟု မြင်မိပါကြောင်း၊ စာပေ အရည်အသွေးလည်း ကျလာသည်ဟု မြင်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် စာပေလောကကို မြှင့်တင်ပေးချင် သည်ဆိုလျှင် နှစ်စဉ်ကဗျာစာပေပြိုင်ပွဲ၊ ဝတ္ထုတိုရှည်ပြိုင်ပွဲ၊ ကျမ်းစာပေပြိုင်ပွဲ များကို ကျင်းပပေးပြီး ယခုထက် ထိုက်ထိုက်တန်တန် ဆုချီးမြှင့်သင့်ပါ ကြောင်း၊ စာမူသာရှိပြီး စာအုပ်မထုတ် ဝေနိုင်သည့် စာမူမျိုးကိုလည်း ထုတ်ဝေနိုင်အောင် ကူညီပေးသင့် သည်ဟု ကြုံကြိုက်တုန်း အကြံပြုချင် ပါကြောင်း။

ဝမ်းသာကြည်နူးရ

နိုင်ငံတော်၌ စာကြည့်တိုက်များ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကြိုးကြိုး စားစား ဆောင်ရွက်နေကြသည်ကို တွေ့မြင်ရသည်မှာ စာကြည့်တိုက် ပညာရှင်တစ်ဦးအနေဖြင့် ဝမ်းသာ ကြည်နူးရပါကြောင်း၊ ဆက်လက်ပြီး စာကြည့်တိုက်ပညာရှင်များ၊ စာပေ ချစ်မြတ်နိုးသူများ၊ ပုဂ္ဂလိက စေတနာ ရှင်များ ပါဝင်ပြီး နိုင်ငံတွင် စာဖတ်သူ များ တိုးပွားအောင် လုပ်ဆောင်နိုင်ကြ ပါစေဟု ဆန္ဒပြုပါကြောင်း။

ယခုနှစ် အမျိုးသားစာပေဆုရရှိ သူများ၏ လက်ရာများကို ပြန်ကြည့် လျှင် အတိတ်ကာလကို ဖော်ထုတ် တင်ပြသည့် စာအုပ်များပါသလို ပစ္စုပ္ပန် ကာလ၏ သရုပ်မှန် အတွေးအမြင်များ ကို ဖော်ကျူးသည့်စာအုပ်များလည်း ပါဝင်ပါကြောင်း၊ အနာဂတ်ကို မျှော်မှန်းဆင်ခြင်သည့် စာအုပ်များ လည်း ပါသည့်အတွက် ဆုရရှိသူ အားလုံးသည် ထိုက်တန်စွာ ဆုချီးမြှင့် ခံရသူများဖြစ်ကြောင်း ဂုဏ်ယူစွာ ဖော်ပြလိုပါကြောင်း။

စာပေရန်ပုံငွေတစ်ရပ်ထူထောင်

ဖြည့်စွက်ပြောချင်သည်မှာ အိုမင်း မစွမ်းဖြစ်နေသည့် စာပေအနုပညာ ရှင်များ၊ သက်ကြီးစာရေးဆရာကြီးများ ကို ထောက်ပံ့ရန် စာပေရန်ပုံငွေတစ်ရပ် ထူထောင်ပြီး အိုမင်းမစွမ်းရှိသူ၊ ရောဂါ ဝေဒနာခံစားနေရသူ စာပေသမား စာရေးဆရာများကို ထိုက်ထိုက် တန်တန် ထောက်ပံ့ကူညီပေးနိုင်မည် ဆိုလျှင် လူသာဓုခေါ်၊ နတ်သာဓုခေါ် လိမ့်မည်ဟု အကြံပြုလိုပါကြောင်း။

စာပေနှင့် စာနယ်ဇင်းဆိုင်ရာ အဖွဲ့ အစည်းအသီးသီးသည် ညီညွတ်စွာ ဖြင့် နိုင်ငံတော်နှင့်ပူးပေါင်းပြီး မြန်မာ စာပေအဆင့်အတန်း မြင့်မားရေးကို ဆောင်ရွက်ကြသလို ချို့တဲ့သက်ကြီးစာပေပညာရှင်ကြီးများ၏ ဘဝ နောင်ရေး စိတ်အေးချမ်းသာဖြစ်သည် ကိုလည်း မြင်လိုလှပါကြောင်း ပြောကြားသည်။

ထို့နောက် စာပေဆုရရှိသူများ ကိုယ်စား အမျိုးသားစာပေ ဝတ္ထုတို ဆုရ ဆရာမကြီး နတ်မောက် အနီချိုက ကျေးဇူးတင်စကားပြောကြားရာတွင် ယခုလို နိုင်ငံတော်၏ အထင်ကရပွဲတွေ ထဲမှ စာပေအနုပညာပွဲတစ်ခုဖြစ်သည့် အမျိုးသားစာပေဆုနှင်းသဘင်ပွဲတွင် စာပေဆုရရှိသူများကိုယ်စား ကျေးဇူးတင်စကားပြောခွင့်ရသည့်အတွက် အထူးပင် ကျေးဇူးတင်ဝမ်းမြောက် ကြောင်း ဂုဏ်ပြုစကားဆိုချင်ပါ ကြောင်း။

လွတ်လပ်ရေးရပြီး ၁၉၄၈ ခုနှစ် ကတည်းက စာပေဗိမာန်က စတင် ချီးမြှင့်ခဲ့သည့် ဝတ္ထုရှည်ဆုပေးပွဲက စမည်ဆိုလျှင် ဒီနှစ်ဆုပေးပွဲသည် စာပေအနုပညာရှင်များကို ဂုဏ်ပြု ချီးမြှင့်သည့် (၇၂)ကြိမ်မြောက်ပွဲ ဖြစ်ပါကြောင်း၊ ၂၀၁၉ ခုနှစ်အတွင်း ထုတ်ဝေခဲ့သည့် စာအုပ်များထဲမှ ဆန်ခါတင်ရွေးချယ်ပြီး အသင့်တော် ဆုံး သတ်မှတ်ဆုပေးတာဖြစ်၍ ဆုရသူ တစ်ဦးအနေဖြင့် လေးလေးစားစား တန်ဖိုးထား ဂုဏ်ယူမိပါကြောင်း၊ မိမိနည်းတူ ဆုလက်ခံရရှိသူအပေါင်း ကလည်း ဂုဏ်ယူဝမ်းသာနေကြမည် ဖြစ်ပါကြောင်း။

အမျိုးသမီးများ၏ လှုပ်ရှားမှုပိုင်း

တကယ်တော့ စာပေပညာရှင်များ ထဲတွင် အစဉ်အဆက် ဆုရလာခဲ့သည့် စာရင်းဇယားကို ကြည့်မည်ဆိုလျှင် မိမိတို့အမျိုးသမီးများက လူနည်းစုသာ ဖြစ်ပါကြောင်း၊ ဒီလူနည်းစုကလည်း ကဗျာနှင့် ဝတ္ထုတို၊ ဝတ္ထုရှည်ရေးသား တာမှာ ပိုပြီးမွေ့လျော်သည့်သူတွေ ဖြစ်နေကြပါကြောင်း၊ သမိုင်း၊ မြန်မာ့ ယဉ်ကျေးမှုအနုပညာဆိုင်ရာ စာပေ နှင့် သုတေသနလုပ်ငန်း၊ အသုံးချသိပ္ပံ၊ ဘာသာပြန်ကဏ္ဍ၊ နိုင်ငံရေးစာပေများ တွင် မိမိတို့ အမျိုးသမီးများ၏ လှုပ်ရှား မှုပိုင်း၊ ရေးသားသည့်အပိုင်းသည် သိပ် ကို အားနည်းနေပါသေးကြောင်း၊ တစ်ယောက်ကောင်း၊ နှစ်ယောက် ကောင်းလောက်သာရှိတယ်လို့ ဆိုနိုင် ပါကြောင်း၊ စစ်မဖြစ်ခင်နှင့် စစ်ပြီး ခေတ်ကာလကို ကြည့်မည်ဆိုလျှင် ဒေါ်ဒဂုန်ခင်ခင်လေးတို့လို ပုဂ္ဂိုလ်မျိုး တွေ၊ ကိုယ်တိုင် အင်မတန်ထက်မြက် ထွန်းတောက်ရုံသာမက အမျိုးသမီး ကဏ္ဍကြီးတစ်ခုလုံးကို မြှင့်တင်ပေးဖို့ အတွက် ယုဝတီဂျာနယ်ကို ထူထောင် ခဲ့ပြီး အမျိုးသမီးများ၏ စာပေမျိုးစေ့ ကို ချပေးခဲ့သည့်သူ၊ ဒါ့အပြင် အမျိုး သမီးများအတွက် ထောင့်စုံအောင် ရေးသားပြီး နည်းပေးလမ်းပြလုပ်ပေးသည့်ပုဂ္ဂိုလ်မျိုးတွေ ရှိခဲ့ပါကြောင်း၊ ထို့ပြင် ဒေါ်ခင်မျိုးချစ်တို့လို အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာစလုံးကို ကောင်း ကောင်းမွန်မွန် ကျေကျေလည်လည် ရေးသားပြီး နိုင်ငံခြားစာပေမှာပါ ပေါက်ရောက်သည့် အမျိုးသမီးများ ရှိခဲ့ပါကြောင်း၊ နောက် လူထုဒေါ်အမာ တို့လို သတင်းစာလောကရော၊ အတ္ထုပ္ပတ္တိစာပေရေးသားရာမှာပါ လှလှပပ၊ ကျစ်ကျစ်လျစ်လျစ်ဖြင့် စွဲလမ်းစရာဖြစ်‌အောင် ရေးသားထား တဲ့ပုဂ္ဂိုလ်မျိုးတွေရှိပါကြောင်း၊ နောက် ဒေါ်စောမုံညင်းတို့လို မြန်မာမှုအနု ပညာနှင့်ပတ်သက်လို့ ထဲထဲဝင်ဝင် ရေးသားထားတဲ့ ပညာရှင်များရှိပါ ကြောင်း၊ ဒေါ်ကြန်တို့လို သမိုင်းအခြေခံ သည့်၊ သမိုင်းကြောင်းနောက်ခံနှင့်၊ သမိုင်းနှင့်ပတ်သက်သည့် သုတေသန လုပ်ငန်းတွေရော၊ သမိုင်းကြောင်းကို ရော သေသေချာချာ ကျစ်ကျစ် လျစ်လျစ် ရေးသားနိုင်သည့် ပညာရှင် မျိုးတွေရှိပါကြောင်း၊ အဲဒီလိုနေရာမျိုး တွေကို မိမိတို့လူငယ်တွေထဲက အများကြီး အစားဝင်နိုင်အောင် ကြိုးစားကြစေချင်ပါကြောင်း။

တိုးပွားနေတာကို တွေ့ရ

နောက်တစ်ခါ တိုင်းရင်းမေခေတ်ဟု ပြောရလောက်အောင် စစ်ပြီးခေတ်၏ နောက်ပိုင်းမှာဆိုလျှင် သမီးပျိုရှိသည့် မိဘတိုင်းမှန်သမျှသည် တိုင်းရင်းမေ ကို ဝယ်ပြီး တစ်ခါတည်း သမီးများကို ပေးပြီးဖတ်ကြသည်အထိ အောင်မြင် ကျော်ကြားခဲ့သည့် ဂျာနယ်ခေတ်၊ အမျိုးသမီးများ၏ လုပ်အားသက်သက် ဖြင့် ဖွဲ့စည်းအုပ်ချုပ် စီမံရေးသား ထုတ်ဝေသည့်၊ ထွန်းပေါက်ခဲ့သည့် ခေတ်လည်း ရှိခဲ့ဖူးပါကြောင်း၊ ယခု ခေတ်တွင်တော့ အဲဒီလောက်အထိ ထွန်းပေါက်နိုင်သည့်သူမရှိသည်မှာ ခေတ်အခြေအနေကြောင့်ရော၊ တခြား အကြောင်းရင်းမျိုးစုံကြောင့်လို့ပဲ ပြော ရမည်ဖြစ်ပါကြောင်း၊ ဒါပေမယ့် ဒီကြားထဲကပဲ ကြည့်မည်ဆိုလျှင် အမျိုးသမီးစာရေးသူ၏ အင်အားများ က လျော့ပါးမသွားဘဲ တိုးပွားနေတာ ကို တွေ့ရပါကြောင်း၊ အဲဒီတိုးပွားနေ သည့် အမျိုးသမီးစာရေးသူများကို အမျိုးသားလောကကလည်း၊ အမျိုး သားစာပေ ပညာရှင်များကလည်း တစ်ခါမျှ ခွဲခြားပြီး ဆက်ဆံဖူးတာမရှိ ပါကြောင်း၊

 

P စာမျက်နှာ ၆ မှ

မိမိတို့၏ မြန်မာစာပေလောကကို ကြည့်မည်ဆိုလျှင် အမျိုးသားနှင့်အမျိုး သမီးသည် တန်းခွဲတာမျိုး၊ နှိမ်ချပြီး ဆက်ဆံတာမျိုး တစ်ခါမျှ မရှိခဲ့ဖူးပါ ကြောင်း၊ အဲဒီလို ပံ့ပိုးမည့်သူများ၊ ကူညီမည့်သူများရှိနေချိန်တွင် ယခင် ပညာရှင်တွေကို မမီရင်တောင်မှ ယိုးစွဲ နီးပါးလောက် မလိုက်နိုင်ရင်တော့ မိမိတို့အမျိုးသမီးစာပေပညာရှင်များ ညံ့နေသေးသည်ဟု ဆိုရမှာဖြစ်ပါ ကြောင်း။

အခုခေတ်လိုမျိုး အမျိုးသားစာပေ ဆုမှာရော ကလောင်သစ်များကို မြေတောင်မြှောက်ပေးနေသည့် စာပေ ဗိမာန်စာမူဆုတွေမှာပါ ဆုအမျိုးမျိုး ထပ်တိုး၊ ဆုငွေများလည်း တိုးပြီး ချီးမြှင့်သည်မှာ အားတက်စရာဖြစ်ပါ ကြောင်း၊ ထုတ်ဝေသည့် စာပေများ တွင်လည်း ဟိုတစ်ခေတ်ကတော့ ချစ်တီးခေါင်း သန်းရှာသလိုမျိုးရမယ် ရှာပြီး ဟိုစာကြောင်းပယ်၊ ဒီစာပိုဒ် ဖြုတ်၊ မကျေနပ်ရင် ငွေမင်ပိတ်၊ သဘောမကျရင် စာတစ်ပိုဒ်လုံး မဂ္ဂဇင်းက အဆုတ်ခံရ၊ စာအုပ်အပိတ် ခံရအဖြစ်မျိုးတွေနဲ့ တိုးတက်တဲ့ စာပေ ကင်ပေတိုင်လို့ ခေါ်တဲ့ စာပေစိစစ်ရေး လည်း မရှိတော့ပါကြောင်း၊ စာပေ လွတ်လပ်ခွင့်များ အများကြီးရလာ သည့်အတွက် ဘက်စုံနယ်စုံ နယ်နိမိတ် ကျယ်ကျယ်ဝန်းဝန်း အကြောင်းအရာ စုံ စာတွေထွက်လာတာ တွေ့ရပါ ကြောင်း၊ အဲဒီလိုနေရာများတွင် အမျိုး သား ပညာရှင်တွေက ခြေလှမ်းကျဲကြီး များဖြင့် တစ်ရှိန်ထိုး ချီတက်နေကြ သလိုဖြစ်နေပါကြောင်း၊ မိမိတို့က အမျိုးသားပညာရှင်များ ထိုက်ထိုက် တန်တန်နှင့် ဆုယူသွားသည့် အဲဒီလို နယ်ပယ်မျိုးတွေကိုလည်း မိမိတို့အမျိုး သမီးများအနေဖြင့် တည့်တည့်မကြည့် ရဲလျှင်တောင် နည်းနည်းလေး မျက်စောင်းလေးထိုးပြီး အားကျဖို့ သင့်ပြီလို့ ထင်ပါကြောင်း၊ ကဗျာလေး တွေ၊ ဝတ္ထုတိုရှည်လေးတွေ ရေးတဲ့ ခွင်လောက်နဲ့ ကျေနပ်နေဖို့ မသင့်ပါ ကြောင်း။

တစ်ခါ ဒီနှစ်ဆုချီးမြှင့်ခံရတဲ့သူတွေထဲမှာ ထူးထူးခြားခြား တော်တဲ့လူငယ် လေးတွေ ဆုရွေးချယ်ခံရသည့်အထဲ မှာ ပါလာတာကိုလည်း ဝမ်းသာမိပါ ကြောင်း၊ အထူးသဖြင့် ဝတ္ထု ရှည်ဆုနှင့် စာပဒေသာဆုရသည့် စာအုပ်များကို ဖတ်မိသူမှန်သမျှ ချီးကျူးပြီး အမှတ် တရပြောကြတာမို့ ရေးသားသည့် လူငယ်တွေကိုယ်စား ပီတိဖြာမိပါ ကြောင်း၊ ဒီလို စာကောင်းစာမွန်များကို ရွေးချယ်ဆုပေးနိုင်သည့် ခေတ်နဲ့ အခြေအနေ အရပ်ရပ်အတွက်လည်း ကျေးဇူးတင်မိပါကြောင်း။

 

ဆုရသူအားလုံးလိုလိုဆီက တူညီ သည့် စကားသံများကို ကြားရပါ ကြောင်း၊ ဆရာ ဆင်ဖြူကျွန်း သန်းထွန်း ပြောသလို တစ်ခုခုကို‌ မျှော်လင့်ပြီး ရေးသည့် စာမဟုတ်ပေမယ့် အသိ အမှတ်ပြုခံရတော့ စာဆက်ရေးဖို့ အင်အားဖြစ်တယ်ဆိုတာ မှန်သော သစ္စာစကား ဖြစ်ပါကြောင်း၊ ဆရာဘိုးလှိုင် ပြောသလို ကိုယ်ကျိုး စီးပွား၊ ထင်ပေါ်ကျော်စောလိုမှုအတွက် ထက် အများဖတ်သင့်လို့ ဖတ်စေချင် သည့် စာမျိုးကိုရေးတာပါဆိုသည့် စေတနာက အဓိကဖြစ်ပါကြောင်း၊ နာဂ တိုင်းရင်းသားတွေရဲ့ဒေသ၊ လူနေမှု ဘဝအကြောင်းရေးသားပြီး စာပဒေသာ ဆုရသည့် ဆရာဉာဏ်ဝေ(မြစ်သာမြေ) စကားထဲကလို နိုင်ငံတော်ကပေး သည့်ဆုသည် ဆုယူသည့်သူ တစ်ယောက်တည်းအတွက် မဟုတ် ပါကြောင်း၊ အားလုံးအတွက် ဂုဏ်ပြု တယ်လို့ခံယူပါတယ်ဆိုတာလေးကို ကိုးကားရင်း ဆုရရှိသူအားလုံး ကိုယ်စား နိုင်ငံတော်သမ္မတကြီးနှင့် တကွ ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ အမျိုးသားစာပေဆုစိစစ်ရွေးချယ်ရေးကော်မတီအဖွဲ့များနှင့် ကြွရောက်လာသည့် ဧည့်သည် တော်အပေါင်းကို ကျေးဇူးအထူးတင် ရှိပါကြောင်း ပြောကြားရင်း နိဂုံးချုပ် အပ်ပါကြောင်း ပြောကြားသည်။

အခမ်းအနား အပြီးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးများသည် အမျိုးသားစာပေ တစ်သက်တာဆုနှင့် အမျိုးသားစာပေ ဆုရ စာပေပညာရှင်ကြီးများနှင့်အတူ စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက် ကြသည်။

 

အသိအမှတ်ပြု

 

ပြန်ကြားရေးဝန်ကြီးဌာန အမျိုး သားစာပေဆု စိစစ်ရွေးချယ်ရေး ကော်မတီသည်  ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် မြန်မာစာပေ အကျိုးကို ထူးချွန်ပြောင်မြောက်စွာ  တစ်သက်တာလုံး  အားထုတ်ရေးသား ပြုစုခဲ့သော  ဆောင်ရွက်ချက်များကို  နိုင်ငံတော်က အသိအမှတ်ပြုသော အားဖြင့် စာပေပညာရှင်၊ အသိပညာ ရှင်၊ အတတ်ပညာရှင်များနှင့် ပုံနှိပ်ရေး နှင့် စာအုပ်ထုတ်ဝေရေးလောကမှ အတွေ့အကြုံရှိသူများ  ပါဝင်သော ပုဂ္ဂိုလ်  ၅၄  ဦးဖြင့် ဖွဲ့စည်းကာ သက်ဆိုင်ရာ ဘာသာရပ်အလိုက်    ပဏာမအဆင့်၊ ဆန်ခါတင်အဆင့်၊ အတည်ပြုအဆင့်ဟူသော အဆင့် သုံးဆင့် ဖြင့် အမျိုးသားစာပေဆုများကို စနစ်တကျ စိစစ်ရွေးချယ်ခဲ့ကြကြောင်း သိရသည်။

 

ယခုနှစ်တွင် အမျိုးသားစာပေ တစ်သက်တာဆုကို တစ်ဦးလျှင် ငွေကျပ်သိန်း ၅၀၊ အမျိုးသားစာပေ ဆုများကို    တစ်ဆုလျှင်  ငွေကျပ်  ၂၅  သိန်း ချီးမြှင့်ခဲ့ကြောင်း သိရသည်။

 

အမျိုးသားစာပေ တစ်သက်တာဆု များကို ၂၀၀၁ ခုနှစ်မှ စတင်ချီးမြှင့်ခဲ့ရာ ယခုနှစ်အတွက် စာပေပညာရှင်နှစ်ဦး အပါအဝင် စာပေပညာရှင် ၃၁ ဦးကို ချီးမြှင့်နိုင်ခဲ့ပြီဖြစ်သည်။

 

သတင်းစဉ်