၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် စစ်ဆေးတွေ့ရှိချက်အစီရင်ခံစာ အချိန်မီတင်ပြနိုင်ရေးနှင့် စစ်ဆေးရမည့်အဖွဲ့အစည်းများ၏ တာဝန်ခံမှု၊ တာဝန်ယူမှုဖြင့် လိုက်နာဆောင်ရွက်နိုင်စေရေး ဆွေးနွေး

နေပြည်တော်   ဒီဇင်ဘာ  ၂


ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်(တာဝန်ခံ) ညွှန်ကြားရေးမှူးများ၏   ဇွန်လမှ  နိုဝင်ဘာလအထိ  လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲ     (၂/၂၀၂၁) ကို          ဒီဇင်ဘာ ၁ ရက်နှင့်  ၂ ရက်တို့တွင်  ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး(နေပြည်တော်)   စုပေါင်းခန်းမ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးစည်းမျဉ်းများနှင့်အညီ    ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။


ဆွေးနွေးပွဲ ပထမနေ့တွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာ ကံဇော်က  ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးသည်  ပြည်ထောင်စုစာရင်း စစ်ချုပ် ဥပဒေပုဒ်မ-၁၁ (က၊ ခ) အရ ဘဏ္ဍာရေးစာရင်းစစ်ဆေးခြင်း ဖြစ်သည့် နိုင်ငံတော်၏ အရအသုံးခန့်မှန်းခြေငွေစာရင်း အကောင်အထည် ဖော် ဆောင်ရွက်မှုစစ်ဆေးခြင်းကို  အဓိကထား  စစ်ဆေးလျက်ရှိသည့် အပြင် ဥပဒေပုဒ်မ-၁၁(ဂ၊ ဃ၊ င) အရ   အစိုးရဌာနအဖွဲ့အစည်းများ၏  ဖွဲ့စည်းပုံနှင့်  ဖွဲ့စည်းပုံအင်အားတို့သည်  လုပ်ငန်းတာဝန်နှင့် လျော်ကန် မျှတမှု၊ ဝန်ထမ်းခန့်ထားမှုသည်  ခွင့်ပြုအင်အားအတွင်း ရှိ/မရှိ၊ ပုဒ်မ-၁၁(စ) အရ   တည်ဆဲဘဏ္ဍာရေးစည်းမျဉ်းအရ  သတ်မှတ်ထားသည့် စာရင်းထားသိုပုံနည်းစနစ်နှင့်အညီ ကျင့်သုံးခြင်း ရှိ/ မရှိ စသည့်  ဥပဒေ ပုဒ်မ-၁၁(က မှ ရ)အထိ   ပြဋ္ဌာန်းချက် ၂၇ ချက်နှင့်အညီ    စစ်ဆေး ဆောင်ရွက်လျက်ရှိပြီး တိုင်းဒေသကြီး/ ပြည်နယ်စာရင်းစစ်ချုပ်ရုံးများ သည်လည်း ပုဒ်မ-၂၅(က မှ ဋ) ပါ ပြဋ္ဌာန်းချက်များနှင့်အညီ စစ်ဆေး ဆောင်ရွက်လျက်ရှိပါကြောင်း။ 


နိုင်ငံတော်၏  ရရန်ရှိများ နစ်နာမှုမရှိစေရေးနှင့်  ဘဏ္ဍာငွေများ လေလွင့်ဆုံးရှုံးမှုမရှိစေရေးတို့အတွက် မသမာမှုများ၊ အလွဲသုံးစားမှုများ၊ စည်းမျဉ်းမကျနမှုများ၊ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ရာ တွင် စီမံခန့်ခွဲမှုအားနည်းခြင်းကြောင့် အချိန်မီမပြီးစီးမှုများနှင့် လုပ်ငန်း ပြန်လည်အပ်နှံမှုများကို နိုင်ငံတကာစာရင်းစစ်စံများနှင့်အညီ  စစ်ဆေး ဖော်ထုတ်ခြင်းကို ဆောင်ရွက်လျက်ရှိပါကြောင်း။


ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏  ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် စစ်ဆေးတွေ့ရှိချက်များကို    အစီရင်ခံစာထုတ်ပြန်တင်ပြရမည်ဖြစ်၍ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး(ရုံးချုပ်)၏ စစ်ဆေးတွေ့ရှိချက်များကို အတွဲ(၁) အနေဖြင့်လည်းကောင်း၊  တိုင်းဒေသကြီး/ ပြည်နယ်ရုံးများ၏ စစ်ဆေးတွေ့ရှိချက်များကို   သက်ဆိုင်ရာအစီရင်ခံစာများ  ပူးတွဲ၍ အတွဲ(၂) အနေဖြင့်လည်းကောင်း တင်ပြသွားမည်ဖြစ်သဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာများကို   အချိန်မီ တင်ပြရန်လိုအပ်ပါကြောင်း၊ အစီရင်ခံစာရေးသားရာတွင် စစ်ဆေးရမည့် အဖွဲ့အစည်းများက တာဝန်ယူမှု၊  တာဝန်ခံမှုဖြင့်   လိုက်နာဆောင်ရွက် နိုင်စေရေးအတွက်     စစ်ဆေးတွေ့ရှိချက်များကို        ခိုင်လုံသည့် အထောက်အထားများဖြင့်  သက်ဆိုင်ရာတာဝန်ရှိသူအား ဖော်ထုတ်၍ ရှင်းလင်းတိကျစွာ ရေးသားတင်ပြရန် လိုအပ်ကြောင်း ပြောကြားသည်။


ယင်းနောက် တက်ရောက်လာကြသော ရခိုင်ပြည်နယ်၊ ရန်ကုန် တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊   ကရင်ပြည်နယ်၊   တနင်္သာရီတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ တာဝန်ခံညွှန်ကြားရေးမှူးများက စစ်ဆေး ရေးလုပ်ငန်းများ  ဆောင်ရွက်ပြီးစီးမှုနှင့်  ဆောင်ရွက်ရန်ကျန်ရှိသည့် လုပ်ငန်းများ၊  ဝန်ထမ်းအင်အားအခြေအနေများ၊  ကြုံတွေ့နေရသည့် အခက်အခဲများနှင့်  ဆက်လက်ဆောင်ရွက်မည့်  အစီအစဉ်များကို တင်ပြဆွေးနွေးကြသည်။ 
ယနေ့တွင် ဆွေးနွေးပွဲ    ဒုတိယနေ့ကို  ဆက်လက်ကျင်းပရာ ချင်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးနှင့်    မွန်ပြည်နယ်၊     မြန်မာနိုင်ငံ   စာရင်းကောင်စီနှင့် နေပြည်တော်စာရင်းစစ်ရုံးတို့က တင်ပြဆွေးနွေးကြသည်။ 


ထို့နောက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး(ရုံးချုပ်)ရှိ စစ်ဆေးရေး ဌာနခွဲညွှန်ကြားရေးမှူးများက စစ်ဆေးရေးဆိုင်ရာများကို တင်ပြကြပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်များ (စစ်ဆေးရေး) နှင့် ညွှန်ကြားရေးမှူး ချုပ်(စစ်ဆေးရေး) တို့က စစ်ဆေးရေးလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များအပေါ် ရှင်းလင်းဆွေးနွေးကြသည်။ 
ယင်းနောက် ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံ/သုတေသန)က စီမံနှင့်ဝန်ထမ်းရေးရာ  ကိစ္စရပ်များ၊  ဒုတိယအမြဲတမ်းအတွင်းဝန်က e-Government နှင့် IT ဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း၊ အမြဲတမ်း အတွင်းဝန်က  စစ်ဆေးရေးနှင့်   စီမံခန့်ခွဲရေးဆိုင်ရာကိစ္စရပ်များကို လည်းကောင်း  ရှင်းလင်းဆွေးနွေးကြပြီး ပြည်ထောင်စုစာရင်းစစ်ချုပ်က လိုအပ်သည်များကို   ဖြည့်စွက်ဆွေးနွေး  ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။        

                                                      
    သတင်းစဉ်