(၁၉) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် မြန်မာအသင်း ရှုံးပွဲကြုံတွေ့

 

ရန်ကုန်   စက်တင်ဘာ  ၂၁


(၁၉) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုဒုတိယ နေ့ကို စက်တင်ဘာ ၂၁ ရက်က တရုတ်နိုင်ငံ၌ ဆက်လက်ကျင်းပရာ မြန်မာအသင်း သည် အိမ်ရှင်တရုတ်အသင်းကို လေးဂိုးပြတ် အရေးနိမ့်ခဲ့သည်။


မြန်မာအသင်းသည် ပထမပိုင်းတွင် ပေးလိုက်ရသည့်ဂိုးများဖြင့် အရေးနိမ့်ခဲ့ရပြီး  အိမ်ရှင်တရုတ်အသင်းမှာမူ  နှစ်ပွဲဆက်  ဂိုးပြတ် အနိုင်ရလဒ်နှင့်အတူ နောက်တစ်ဆင့် တက်ရောက်ရန် သေချာသွားခဲ့သည်။


မြန်မာအသင်းသည်     ပွဲထွက်လူ စာရင်းကို အပြောင်းအလဲအချို့ ပြုလုပ် ခဲ့ပြီး  ပြည့်ဖြိုးသူ (ဂိုး)၊ သက်ဟိန်းစိုး၊  ဟိန်းဇေယျာလင်း၊     လတ်ဝေဘုန်း၊    ကောင်းထက်ပိုင်၊ နေမိုးနိုင်၊ ဝေလင်း အောင်၊     ဇော်ဝင်းသိန်း၊      ဥက္ကာနိုင်၊ ခွန်ဇေယျာဟိန်း၊  ထက်ဖြိုးဝေ တို့ဖြင့်     ပွဲထွက်ခဲ့သည်။   တရုတ်အသင်းအတွက်   အနိုင်ဂိုးများကို   ၁၅၊  ၁၉   မိနစ်တွင် တန်လောင်၊ ၂၂ မိနစ်တွင် ဇီဝမ်နှင့် ၄၄ မိနစ်တွင် ဝေကျီဒီတို့က သွင်းယူခဲ့သည်။ ဒုတိယပိုင်းတွင် နှစ်သင်းစလုံး  ဂိုးထပ် မသွင်းနိုင်သဖြင့်  ပထမပိုင်းရလဒ်အတိုင်း ပြီးဆုံးခဲ့ခြင်းဖြစ်သည်။


အုပ်စု (က) အခြားပွဲတွင် အိန္ဒိယ အသင်းက     ဘင်္ဂလားဒေ့ရှ်အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့်       အနိုင်ရခဲ့သည်။ နှစ်ပွဲစီ ကစားအပြီးတွင် အိမ်ရှင်တရုတ် အသင်းက   နှစ်ပွဲနိုင်   ခြောက်မှတ်ဖြင့် နောက်တစ်ဆင့်    တက်ရောက်သွားပြီး မြန်မာအသင်းနှင့်    အိန္ဒိယအသင်းက သုံးမှတ်စီရရှိထားကာ   ဘင်္ဂလားဒေ့ရှ် အသင်းမှာမူ    နှစ်ပွဲစလုံး   အရေးနိမ့်ပြီး အမှတ် မရသေးပေ။ မြန်မာအသင်းသည် အုပ်စုနောက်ဆုံးပွဲအဖြစ် စက်တင်ဘာ ၂၄ ရက်တွင် အိန္ဒိယအသင်းနှင့် ကစားရ မည်ဖြစ်သည်။    


ရဲရင့်လွင်
ဓာတ်ပုံ - MFF