၁၉-၅-၂၀၂၂ ရက်နေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့နှင့် သတင်းမီဒီယာများပြုလုပ်သည့် (၁၄)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှတ်တမ်း

 

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၄)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ၂၀၂၂ ခုနှစ် မေ ၁၉ ရက် မွန်းလွဲ ၁ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး စုပေါင်းအစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။  အဆိုပါ   သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့  အဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်   ဦးခင်မောင်ဦးနှင့်   ဌာနဆိုင်ရာမှ တာဝန်ရှိသူများ က သတင်းမီဒီယာများ၏ သိရှိလိုသည့်မေးမြန်းမှုများကို ပြန်လည် ဖြေကြားသည်။

 


(ယမန်နေ့မှ အဆက်) 


မြန်မာသံတော်ဆင့်သတင်းဌာနမှ အယ်ဒီတာချုပ် ဦးကိုကိုကြီးက ပြန်ကြားရေးဝန်ကြီးဌာနမှ ပြည်သူများသတင်းမှန်သိရှိနိုင်ရန် MRTV Mobile application ကိုလွှင့်တင်ခဲ့ကြောင်း၊ သို့သော် အမေရိကန်နိုင်ငံ က ကုမ္ပဏီများ၊  ပြည်တွင်း/ ပြည်ပ အဖျက်သမားများ   ပူးပေါင်းပြီး နည်းပညာအသာစီးရယူ၍   website  ကို နည်းမျိုးစုံဖြင့် Media နှောင့်ယှက်မှုအမျိုးမျိုး ပြုလုပ်ခဲ့ကြောင်း၊  ပြည်သူများ  သတင်းမှန် သိရှိနိုင်ရန်အတွက် မိမိတို့၏ မိတ်ဆွေနိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံ၊ ရုရှားနိုင်ငံ   အကူအညီများဖြင့် သတင်းမှန်များ လွှင့်တင်နိုင်ရန် စီစဉ် ဆောင်ရွက်မှု ရှိ/မရှိ  သိလိုပါကြောင်း၊ မေးခွန်း နံပါတ်(၂)အနေဖြင့် စက်သုံးဆီဈေးနှုန်း မြင့်တက်နေသည့် ကိစ္စဖြစ်ပါကြောင်း၊ စက်သုံးဆီ ဈေးနှုန်းမြင့်တက်သည့်အတွက် ကုန်ဈေးနှုန်းများ လိုက်ပါမြင့်တက်ပါ ကြောင်း၊ ဗဟိုဘဏ်မှ ဒေါ်လာများ ရောင်းချနေသော်လည်း ကုမ္ပဏီ များက ဈေးမချဘဲ ဆက်လက်ရောင်းချနေသည်ကို တွေ့ရပါကြောင်း၊ ၂၀၂၂ ခုနှစ် မေ ၁၇ ရက်က အောက်တိန်းတစ်လီတာကို ၁၉၅၀ ကျပ် ရှိခဲ့ရာမှ မေ ၁၉  ရက်တွင် အောက်တိန်း တစ်လီတာကို ၂၂၅၀ ကျပ် အထိ  ဈေးနှုန်းမြင့်တက်သွားကြောင်း၊   နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် စက်သုံးဆီဈေးနှုန်းတည်ငြိမ်ရေးအတွက် မည်သို့ ဆောင်ရွက်ထားသည်ကို သိရှိလိုကြောင်း မေးမြန်းသည်။
    MRTV မှ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က  MRTV App သည်  ၂၀၂၂ ခုနှစ် မေ  ၄ ရက်က ဖွင့်ပွဲလုပ်ခဲ့ကြောင်း၊ ဖွင့်ပွဲလုပ်သည့်အချိန် ကတည်းကပင် တိုက်ခိုက်မှုများရှိခဲ့ကြောင်း၊ မိမိတို့ဘက်က ပြင်ဆင် မှုများ ပြုလုပ်ထားသည့်အတွက် နောက်တစ်ရက်အကြာတွင် ဖြုတ်ချ ခံခဲ့ရပါကြောင်း၊  MRTV  App  ကို  တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ လတ်တလောတွင် MRTV App ကရပ်နေသော်လည်း မူလ MRTV ၏ Website ရှိပါကြောင်း၊ အခြား Social Media များတွင်လည်း မိမိတို့ App ရှိကြောင်း၊ ထို့ကြောင့် MRTV ၏ထုတ်လွှင့်မှုသည် မူလ Media အပြင် အခြား Online Media များတွင် လွှင့်ဆဲဖြစ်ကြောင်း၊ ထို့ကြောင့် MRTV အနေဖြင့် ရသည့်နည်းလမ်းမျိုးစုံဖြင့် ပြည်သူများ၏ သတင်း သိရှိပိုင်ခွင့်ကို ဆက်လက်ကြိုးစား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

 


နိုင်ငံတော်အရန်ဆီ သိုလှောင်ထား


ဆက်လက်၍ ဗိုလ်ချုပ် ဇော်မင်းထွန်းက စက်သုံးဆီနှင့် ပတ်သက် ပြီး နိုင်ငံတော် အစိုးရအနေဖြင့် supply chain တစ်ခုလုံးကို စနစ် တကျ  ကြီးကြပ်ဆောင်ရွက်လျက်ရှိပါကြောင်း၊  စွမ်းအင်လုံခြုံရေး အထောက်အကူပြုစေရန်အတွက် နိုင်ငံတော် အရန်ဆီသိုလှောင်ထားပါ ကြောင်း၊ နိုင်ငံတော်တွင် စက်သုံးဆီ လိုအပ်ချက်ကို ပုံမှန်ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်းနှင့်      နိုင်ငံတော်အတွက် လုံလောက်သည့်   စက်သုံးဆီပမာဏတစ်ရပ်ရှိသည်ဟု     ပြောလို ကြောင်း၊ ဈေးနှုန်းနှင့် ပတ်သက်ပြီး စီးပွား/ကူးသန်း ဒုတိယဝန်ကြီး ဥက္ကဋ္ဌ၊ အဖွဲ့ဝင် ၁၀ ဦးပါဝင်သည့် စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူး ခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီကို  ဖွဲ့စည်းထားပါကြောင်း၊ စက်သုံးဆီ အမျိုးအစားအလိုက် ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်စေရန် ရန်ကုန်/ မန္တလေး လက်ကားဈေးနှုန်းနှင့်   ပြည်နယ်နှင့် တိုင်းဒေသကြီးမြို့နယ်များအလိုက် လက်လီဈေးနှုန်းများ သတ်မှတ်ပြီး ကြီးကြပ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရေနံနှင့်ပတ်သက်၍ ကမ္ဘာ့ ရေနံဈေးနှုန်း ကြီးမြင့်လာသည့်အတွက်ကြောင့် အတိုင်းအတာတစ်ခု အထိ ကြီးမြင့်နေမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် စွမ်းအင်လုံခြုံရေး နှင့် ပတ်သက်ပြီး အရန်ဆီများ  ထားရှိနိုင်ရေး၊  ဖြစ်သင့်ဖြစ်ထိုက် သည့်ဈေးနှုန်းများ ဖြစ်စေရေးအတွက် လက်လီ/လက်ကား ဈေးနှုန်းများ သတ်မှတ်ပြီး     ထိန်းချုပ်ဆောင်ရွက်လျက်ရှိကြောင်း၊   တင်သွင်း/ သိုလှောင်/ ဖြန့်ဖြူးရေးလုပ်ငန်းကို  ကြီးကြပ်ရေးကော်မတီဖွဲ့စည်း ဆောင်ရွက်လျက်ရှိကြောင်း ဖြေကြားသည်။

 


Gerenal Life သတင်းဌာနမှ အယ်ဒီတာ ဦးအောင်ထူးထက်က ကျောင်းပညာရေးနှင့် ပတ်သက်ပြီး မြေပြင်တွင် မိမိတို့သတင်းထောက် များသည်   သွားလာနေသည့်အတွက်  အရပ်စကားအရပြောရမည် ဆိုပါက အမေအာဏာရမှ ငါတို့သားသမီးများကို ကျောင်းထားမည် ဆိုခြင်းမျိုး၊   စစ်ကောင်စီလက်အောက်တွင်   ငါတို့သားသမီးများ စာမသင်ဘူးဆိုခြင်းမျိုးရှိနေပါကြောင်း၊ မိမိတို့သည် မွေးကတည်းက ပင် နိုင်ငံတော်၏ နိုင်ငံသားဖြစ်သည့်အတွက် ထိုအချိန်က မည်သည့် အစိုးရပင်ဖြစ်လင့်ကစား ကလေးများနှင့်  ပတ်သက်ပြီး တာဝန်ရှိပါ ကြောင်း၊ မကြာမီအချိန်တွင် ကျောင်းများ ပြန်ပြီးလက်ခံမည်ဖြစ် ကြောင်း၊  ကျောင်းလက်ခံသည့် အချိန်တွင် သက်ဆိုင်ရာဒေသအလိုက် အစွဲဖြင့် မိမိတို့ ယခုအစိုးရ လက်ထက်တွင် မထားဘူး၊ မိမိတို့မျှော်မှန်း သည့် အစိုးရလက်ထက်ရလာလျှင် ကျောင်းထားမည်ဆိုပါက လက်ရှိ အစိုးရအနေဖြင့် ကလေးများ၏ အနာဂတ်လူသားအရင်းအမြစ်နှင့် ပတ်သက်ပြီး ယိုဖိတ်သွားခြင်းကို မိဘများနှင့် ထိန်းညှိဆောင်ရွက် ဆွေးနွေးခြင်း၊ မလိုက်နာပါက အရေးယူခြင်းမျိုး စသည့်လုပ်ငန်းစဉ်နှင့် ပတ်သက်ပြီး မည်သို့စီစဉ်ထားသည်ကို သိလိုကြောင်း မေးမြန်းသည်။ 

 


ဗိုလ်ချုပ် ဇော်မင်းထွန်းက မိမိတို့အနေဖြင့် အသိပညာပေးခြင်းနှင့် သတိပေးခြင်းမျိုးကိုသာ လုပ်နိုင်ကြောင်း၊ ပညာရေး မည်မျှအရေးကြီး ကြောင်း၊ ပညာရေးနှင့် ပတ်သက်ပြီး မည်သို့ရှိကြောင်း၊ သို့သော်လည်း ၎င်းတို့က ထိုသို့ပြောနေသော်လည်း ၎င်းတို့ သားသမီးကို ကျောင်းထားခြင်းမျိုးရှိပါကြောင်း၊ သတိပေးလိုသည်မှာ ထိုသို့ဆက်လုပ်နေပါ က နားရွက်အကိုက်ခံရသည့် မိဘမျိုးဖြစ်မည်ဖြစ်ကြောင်း၊ မိဘက မဆုံးမသဖြင့် သူခိုးဖြစ်သွားသည့်ပုံပြင်ကို ကြားဖူးကြမည်ဖြစ်ကြောင်း၊ ငယ်ငယ်ကသူခိုးဖြစ်သွားသည်ကို  မဆုံးမသဖြင့်  ဓားပြဖြစ်သွား ကြောင်း၊ ကြီးလာသည့်အခါ လူသတ်မိပြီး ခေါင်းဖြတ်သတ်ခံရခါနီး အချိန်တွင် အမေကို မည်သို့မှာလိုသနည်းဟုဆိုသည့်အခါတွင် အမေ ကို အနားခေါ်ပြီး နားရွက်ကို ကိုက်ဖြတ်လိုက်ကြောင်း၊ အမေမဆုံးမခဲ့၍ မိမိ အသတ်ခံရပြီဟုပြောခံရသည့် မိဘမျိုးဖြစ်မည်ဟု ပြောလိုကြောင်း၊ မိမိအနေဖြင့် ထိုသို့ ထိအောင်ပြောမှသာလျှင် နားထဲရောက်မည်ဖြစ် သောကြောင့် နားထဲရောက်အောင် ပို့ပေးခြင်းဖြစ်ကြောင်း၊ ထိုသို့ဆက် လုပ်နေပါက နားရွက်ကိုက်ဖြတ်ခံရသည့် မိဘမျိုးဖြစ်ပြီး ကိုက်ဖြတ်ခံရ မှသာ နောင်တရမည်ဟု မိမိအသိပညာပေးလိုပါကြောင်း ပြန်လည် ဖြေကြားသည်။
    ဆက်လက်၍ General Life သတင်းဌာနမှ ဦးအောင်ထူးထက်က ဒုတိယမေးခွန်းအနေဖြင့်  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက ဆောင်ရွက်နေသည့် စီမံချက်နှင့်ပတ်သက်၍ လက်ရှိ အချိန်အထိ ဆောင်ရွက်ပြီးစီးသည့် ရာခိုင်နှုန်းကိန်းဂဏန်းကို ဖြေပေး ၍ရပါက ဖြေပေးစေလိုကြောင်း မေးမြန်းသည်။

 


သုံးသန်းကျော် ပြီးစီး


လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိ သူတစ်ဦးက  ပန်းခင်းစီမံချက်ကို  ၂၀၂၁  ခုနှစ်  မေ ၃ ရက်မှစပြီး ဆောင်ရွက်ခဲ့ပါကြောင်း၊ အိမ်ထောင်စု လူဦးရေစာရင်း၊ နိုင်ငံသားကတ် ကိုင်ဆောင်ခွင့်တစ်မျိုးမျိုး ထုတ်ပေးခြင်းများ ဆောင်ရွက်ပါကြောင်း၊ သက်ဆိုင်ရာအဖွဲ့အစည်း၊ ငြိမ်းချမ်းရေးအဖွဲ့အစည်း၊ လုံခြုံရေး အဖွဲ့ အစည်း၊ သတင်းမီဒီယာအဖွဲ့အစည်း၊ အုပ်ချုပ်ရေးအဖွဲ့အစည်း၊ ရပ်မိ ရပ်ဖများနှင့် မိမိတို့ဌာန ပူးပေါင်းဆောင်ရွက်ပါကြောင်း၊ လက်ရှိ အခြေအနေမှာ လျာထားချက်၏ ၉၀ ရာခိုင်နှုန်းကျော် ပြီးစီးပြီဖြစ် ကြောင်း၊ အရေအတွက်အားဖြင့် သုံးသန်းကျော် ပြီးစီးပြီဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

 


    တဲ့ပြောသတင်းဌာနမှ    အယ်ဒီတာချုပ်  ဦးဇော်မင်းဦးက သမ္မတကြီး ဦးသိန်းစိန် လက်ထက်တွင် ဖွဲ့စည်းထားသည့် စည်ပင် သာယာရေးကော်မတီသည် နည်းဥပဒေ၊ ဥပဒေများထွက်ထားပြီးဖြစ် ကြောင်း၊ မြို့နယ်အထောက်အကူပြုကော်မတီ၊ ရပ်/ကျေး အထောက် အကူပြုကော်မတီကို   လက်ရှိ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ  ဥက္ကဋ္ဌ က ပြည်သူလူထုပူးပေါင်းပါဝင်မှု ပိုမိုအားကောင်းစေရန်ဆိုသည့် အကြောင်းတရားပေါ်တွင်    ပေါ်ပေါက်လာပါကြောင်း၊   ပဲခူးတိုင်း ဒေသကြီးကဲ့သို့သောနေရာမျိုးတွင်  စည်ပင်သာယာရေးကော်မတီရှိပါ ကြောင်း၊ ယခင်က စည်ပင်သာယာရေးကော်မတီသည် အရပ်သားများ ဖြင့် သီးခြားဖွဲ့စည်းထားသည့်  အဖွဲ့အစည်းဖြစ်ကြောင်း၊ ထိုအဖွဲ့ အစည်းများသည် စည်ပင်သာယာရေးလုပ်ငန်းစဉ်များကို ကြီးကြပ် ဆောင်ရွက်သည့်အခါတွင်      အောင်မြင်ဖြစ်ထွန်းခဲ့ပါကြောင်း၊ အထောက်အကူပြုကော်မတီသည်လည်း မြို့နယ်၊ ရပ်/ကျေးများတွင် ပိုမို အားကောင်းလာခဲ့ပါကြောင်း၊ အများအားဖြင့် ဖွဲ့စည်းထားသည်ကို မတွေ့ရပါကြောင်း၊  နောင်တစ်ချိန်တွင်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရက “ငါ့မြင်း ငါစိုင်း” ပြီး  လုပ်သွားသည်ဆိုခြင်းမျိုးကို နဂိုက ပြောလိုသည့်မီဒီယာများ ရှိခဲ့ပါကြောင်း၊ ယင်းသို့ ဖြစ်ပေါ်လာ မည်ကို စိုးရိမ်သောကြောင့် မိမိကို ကရင်ပြည်နယ်တွင်ရှိသည့် မြို့မိ မြို့ဖများက ယခုမေးခွန်းကို မေးစေလိုသည့်အတွက် မိမိက မီဒီယာ အနေဖြင့် မေးမြန်းရခြင်းဖြစ်ကြောင်း မေးမြန်းသည်။ 

 


    ဗိုလ်ချုပ် ဇော်မင်းထွန်းက ယခင်က ဖွဲ့စည်းထားခြင်းရှိပါကြောင်း၊ ယခုအချိန်တွင် မိမိအနေဖြင့် ဖွဲ့စည်းထားခြင်း ရှိ/မရှိ မသိပါကြောင်း၊ ထိုကိစ္စကိုမှတ်သားပြီး တင်ပြပေးမည်ဟုသာ ဖြေကြားလိုကြောင်း ပြောကြားသည်။ 

 


    ဆက်လက်၍ တဲ့ပြောသတင်းဌာနမှအယ်ဒီတာချုပ် ဦးဇော်မင်းဦး က  မိမိသည် အသက် ၅၀ ကျော်ပြီဖြစ်ကြောင်း၊ ဗိုလ်ချုပ်ကြီး နေဝင်း လက်ထက်ကတည်းက မွေးခဲ့ကြောင်း၊ မိမိသည် တိုင်းရင်းသားဒေသ တွင် မွေးခဲ့သည့်အတွက် စစ်၏ အနိဋ္ဌာရုံကို အနှစ် ၅၀ လုံးခံခဲ့ရကြောင်း၊ မိမိတွေ့ရသည်မှာ မည်သည့်တိုင်းရင်းသားလက်နက်ကိုင်မှ  ရဟန်း သံဃာ၊ သင်းအုပ်ဆရာများသတ်သည်ကို မတွေ့ရကြောင်း၊ ယခုအခါ ရဟန်းသံဃာများ သတ်ခြင်းကို  မမြင်ရက်အောင်ပင် တွေ့နေရပါ ကြောင်း၊ ဝမ်းနည်းစရာကောင်းသည်မှာ ဒေါ်ဇင်မာအောင် အမေရိကန် နှင့် အာဆီယံတွေ့ဆုံပွဲတွင်  ရခိုင်တိုင်းရင်းသားများ၏ သဘောထား မည်သို့ရှိသည်ကို မပြောကြောင်း၊ NUG ၏ ဝန်ကြီးတစ်ယောက်အနေဖြင့် ၎င်းပြောသည်က OIC ၏ ပိုက်ဆံကိုမျှော်ပြီး ပြောခြင်းလည်း ဖြစ်နိုင် ကြောင်း၊ NUG ၏ သဘောထားကို ဖော်ပြခြင်းလည်းဖြစ်ကြောင်း၊ ၎င်းက ရခိုင်ပြည်နယ်တွင် တိုင်းရင်းသား လူမျိုးစု ၉ စု၊ တိုင်းရင်းသား ၁၃၅ မျိုးတွင် မပါဝင်သည့် လူမျိုးစုကို နယ်မြေခွဲပေးမည် ဆိုသည့် ကိစ္စကို ပြောခဲ့ကြောင်း။

 


ယမန်နေ့က  ထပ်ပြီး  သတင်းတက်လာကြောင်း၊  NUG နှင့် AA ဆွေးနွေးသည့်အခါတွင် ရခိုင်နိုင်ငံတော်ကို ထူထောင်ခွင့်ပြုသည်ဟု ၎င်းကပြောကြောင်း၊ မိမိပြောလိုသည်မှာ မြန်မာနိုင်ငံတွင် အကြွေး များ တင်နေကြောင်း၊ NUG အစိုးရကဆပ်မည်ဟု မိမိကြားလိုကြောင်း၊ နိုင်ငံတကာကိုဆပ်ရမည့် ကြွေးမြီများကို NUG အစိုးရက ဆပ်ပါမည် ဟု  မိမိတို့ကြားလိုကြောင်း၊  မေးခွန်းမမေးမီ  အာဖဂန်နစ္စတန်ကို ကြည့်စေလိုကြောင်း၊ အာဖဂန်နစ္စတန်သည် တစ်ချိန်က ဗုဒ္ဓဘာသာ နိုင်ငံဖြစ်ကြောင်း၊ ဤကိစ္စကို မိမိအား ဆရာတော်တစ်ပါးက သတင်း ပါးသည့်အတွက် ပြောကြားရခြင်းဖြစ်ကြောင်း၊  ဒေါ်ဇင်မာအောင် ပြောသည့်ပုံစံသည် ရခိုင်ပြည်နယ် မည်သို့ဖြစ်သွား မည်လဲ၊ AA အနေဖြင့် လက်ခံတွေ့ဆုံမည်ဆိုပါက ထွန်းမြတ်နိုင်က ၎င်း၏ ရခိုင်ပြည်ကြီးကို အာဖဂန်နစ္စတန်ကဲ့သို့လုပ်လို၍လားဟု ၎င်းကို မေးခွန်းထုတ်ရမည်ဖြစ်ကြောင်း၊ ၎င်းကိုယ်တိုင်    သတင်းစာ ရှင်းလင်းပွဲကို     ကြည့်နေမည်ဆိုပါက  ၎င်းကိုယ်တိုင်  ဖြေကြား၍ရပါ ကြောင်း၊ ငြိမ်းချမ်းရေးတွင် KNU လည်း NCA    လက်မှတ်ထိုးထား ပါကြောင်း၊   ဖဒိုစောတာနီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရက NCA ပျက်သွားပြီဟု  ဆိုပါကြောင်း၊ NCA လက်မှတ် စတင် ရေးထိုးစဉ်က မိမိသတင်းထောက်ဘဝဖြင့်   လိုက်လာခဲ့ပါကြောင်း၊   တပ်မတော်က  အာဏာသိမ်းလျှင် NCA ပျက်စီးသည်ဆိုသည့်အချက်ကို မတွေ့ခဲ့ရပါကြောင်း၊ ၎င်းပြောသည့် စကားအပေါ်တွင်  ငြိမ်းချမ်းရေး အတွက် ဝမ်းနည်းမိပါကြောင်း။

 


မိမိတို့ ကရင်ပြည်နယ်တွင် တံတားအတော်များများ မိုင်းခွဲခံနေရ ကြောင်း၊ မြန်မာတစ်နိုင်ငံလုံးတွင် ကျောင်းအတော်များများ မီးရှို့ ဖျက်ဆီးခံနေရပါကြောင်း၊ ထိုအရာများသည် ပြည်သူ့၏  ဘဏ္ဍာ၊ ပြည်သူ့၏ အသက်သွေးချွေးများဖြစ်ကြောင်း၊ ယနေ့မြှောက်ပေးနေ သည့် OIC နိုင်ငံများက တစ်ချိန်မြန်မာနိုင်ငံ၏ ပြန်လည်တည်ဆောက် ရေးတွင် ၎င်းတို့က တစ်ခုမျှလုပ်ပေးမည် မဟုတ်ပါကြောင်း၊ မည်သည့် အစိုးရတက်တက် ပြည်သူ့အခွန်ဘဏ္ဍာဖြင့် ပြုလုပ်ရမည်ဖြစ်ကြောင်း၊ မိမိ  မေတ္တာရပ်ခံတောင်းဆိုလိုသည်မှာ   မြန်မာနိုင်ငံတွင်ရှိသော ဘာသာရေး ခေါင်းဆောင်များကို ဖြစ်ကြောင်း၊ သတင်းစာရှင်းလင်းပွဲ တွင် မိမိမေးခွန်းထုတ်လိုသည်မှာ NCA  အပေါ် တိုင်းရင်းသားလက်နက် ကိုင်အားလုံး   ပါဝင်လာရန်အတွက်  ဘာသာရေးခေါင်းဆောင်များ အနေဖြင့် မြန်မာနိုင်ငံမပြိုကွဲရေးအတွက် ပါဝင်ပေးရန်ဆန္ဒရှိပါသလား ဟု TV  Channel ပေါ်မှ  တောင်းဆိုလိုကြောင်း၊  မြန်မာနိုင်ငံကို ကောင်းစားစေလိုသည်၊   အလုံးစုံ   ငြိမ်းချမ်းစေလိုသည်ဆိုပါက ဘာသာရေးခေါင်းဆောင်များအနေဖြင့် NCA လမ်းကြောင်းပေါ်သို့ တိုင်းရင်းသားလက်နက်ကိုင်အားလုံးကို ဆွဲခေါ်ပေးရန် တာဝန်ယူပေး စေလိုပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရအနေဖြင့် ဘာသာရေး ခေါင်းဆောင်များ   ပါဝင်လာပါက လက်ခံပေးမည့်အစီအစဉ် ရှိ/မရှိနှင့် သွားရေးလာရေးမှစ၍ အစစအရာရာကို စီစဉ်ဆောင်ရွက်ပေး ရန် အစီအစဉ်ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းသည်။

 


လက်တွဲလုပ်ဆောင်ရန် အသင့်ရှိ


ဗိုလ်ချုပ် ဇော်မင်းထွန်းက မိမိတို့၏ ငြိမ်းချမ်းရေးနှင့် ပတ်သက် သည့် မူဝါဒမှာ  နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်တိုင်လည်း ပြောပြီးဖြစ် ကြောင်း၊ အကျိုးတော်ဆောင်အဖွဲ့များနှင့် ပတ်သက်လာပြီး မြန်မာနိုင်ငံ၏ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ပေးမည့် မည်သည့်ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းမဆို လက်တွဲလုပ်ဆောင်ရန် အသင့်ရှိသည်ဟု  တိတိလင်းလင်း  ပြောပြီးဖြစ်ကြောင်း၊  မိမိတို့၏ မူဝါဒ၊ ရပ်တည်ချက်သည်  ထိုအတိုင်းသာဖြစ်ကြောင်း  ပြန်လည် ဖြေကြားသည်။

 


    နိုင်ငံ့အကျိုးပြုသတင်းမီဒီယာမှ အယ်ဒီတာ ကိုခန့်က လက်ရှိတွင် ပြည်သူအများ   လတ်တလောတွေ့ကြုံနေရသည့်   အခက်အခဲမှာ စားဝတ်နေရေးအပြင် မီတာခများ ပိုမိုကောက်ခံနေသည့်ကိစ္စဖြစ် ကြောင်း၊ လျှပ်စစ်မီးသည် ယခင်ကဲ့သို့ နေ့စဉ်အချိန်တိုင်း မဟုတ်ဘဲ လေးနာရီခြားသာ အသုံးပြုနေရသော်လည်း မီတာခွန်မှာ ယခင်က ထက် ပိုမိုကောက်ခံနေခြင်းကို ကြုံတွေ့နေရကြောင်း၊ လျှပ်စစ်မီတာရုံး မှ တချို့ဝန်ထမ်းများသည် “နိုင်ငံရေးအခက် ဝန်ထမ်းများအချက်” ဆိုသလို မီတာဆောင်ရန် နောက်ကျလျှင် ဒဏ်ကြေး၊ မီတာစာရွက်များ ပျောက်လျှင် ဒဏ်ကြေး၊ မီတာခမှန်မှန်ဆောင်သော်လည်း ယခင်က ထက် ပိုမိုကောက်ခံခြင်း စသည်တို့ဖြစ်ပေါ်လျက်ရှိကြောင်း၊ ယင်းဖြစ် စဉ်များသည် တစ်မြို့နယ်တည်း၌ ဖြစ်ပေါ်နေခြင်းမဟုတ်ဘဲ တစ်နိုင်ငံ လုံး၌ ဖြစ်ပေါ်နေကြောင်း၊ ယင်းဖြစ်စဉ်များ ထပ်မံမဖြစ်ပေါ်စေရေး သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ပြည်သူများကို မည်သို့ပြန်လည် ဖြေရှင်းပေးမည်ကို သိလိုပါကြောင်း မေးမြန်းသည်။

 


လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ  တာဝန်ရှိသူတစ်ဦးက လျှပ်စစ် မီတာခပိုမိုနေသည့်ကိစ္စနှင့် ပတ်သက်၍ လျှပ်စစ်မီးအသုံးပြုသူများအနေဖြင့် မီတာ Bill နှင့်အတူ သက်ဆိုင်ရာမြို့နယ်ရုံးများကို သွားရောက် တင်ပြမည်ဆိုလျှင် သက်ဆိုင်ရာမြို့နယ်ရုံးများက သွားရောက်စစ်ဆေး ပြီး ပိုမိုကောက်ခံထားသည်ဆိုပါက မိမိတို့ ပြန်လည်စိစစ်ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ တချို့မီတာများကို စက်နှင့်ဖတ်ပြီး တချို့ကို လူနှင့် ဖတ်ရှုရသည့်အခါ မိမိတို့အနေဖြင့် အနည်းအများချို့ယွင်းချက် ရှိနိုင်ကြောင်း၊  လျှပ်စစ်မီးအသုံးပြုသူများအနေဖြင့်  သက်ဆိုင်ရာ မြို့နယ်ရုံးများသို့ ဆက်သွယ်ဆောင်ရွက်ပါက မိမိတို့အနေဖြင့် လိုက်လံ ဖြေရှင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြန်လည်ဖြေကြားသည်။

 


    နိုင်ငံ့အကျိုးပြုသတင်းမီဒီယာမှ အယ်ဒီတာ ကိုခန့်က ပြည်ထဲရေး ဝန်ကြီးဌာနအနေဖြင့် အကြမ်းဖက်ရန်လှုံ့ဆော်သူများ၊ အကြမ်းဖက်သူ များနှင့် အကြမ်းဖက်သောင်းကျန်းသူများ၏ သတင်းများကို ပြည်သူ များက လျှို့ဝှက်စွာ သတင်းပေးလိုကြသော်လည်း လျှို့ဝှက်သတင်းပေး သူများကို အကာအကွယ်မပေးသည့်အပြင် တချို့နေရာများ၌ သတင်း မှန်ပေးသူများပါ အကြမ်းဖက်သမားများ၏ သတ်ဖြတ်ခံနေရကြောင်း၊ ထို့ပြင် အာမခံဆိုသည့်အချက်ကိုအသုံးပြုပြီး အကြမ်းဖက်သမားများကို အာမခံဖြင့်ပြန်လည်လွတ်ပေးနေသည်ကို   တွေ့ရှိရကြောင်း၊ တချို့ နေရာများ၌ လာဘ်ငွေများရယူပြီး မနက်ဖမ်း ညနေပြန်လွှတ်ပေးနေ သည်ကို  တွေ့ရှိရပါကြောင်း၊  ယင်းကဲ့သို့  သတင်းပေးများ အသက် အန္တရာယ်လုံခြုံမှုမရှိသည့်အပြင်       အကြမ်းဖက်လှုံ့ဆော်သူများ၊  ပြည်ဖျက်အကြမ်းဖက်သမားများကို ဖမ်းဆီးရန် နှောင့်နှေးသော်လည်း မျိုးချစ်သတင်းပေးများကိုမူ တချို့သော အကြောင်းအရာများကြောင့် ၎င်းတို့ အသုံးပြုသည့် Wave Pay , Kpay နှင့် ဖုန်းများကို စစ်ဆေးရန် ဟုဆိုကာ ပိတ်ပင်ခြင်းများကို အချိန်နှင့်တစ်ပြေးညီ လုပ်ဆောင်နေကြ ကြောင်း၊ ထို့ကြောင့် ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် မျိုးချစ်သတင်း ပေးများ၏  အသက်အိုးအိမ်စည်းစိမ်ကို   ကာကွယ်ပေးရန် အစီအစဉ် ရှိ/မရှိ  သိလိုပါကြောင်း မေးမြန်းသည်။ 
ဗိုလ်ချုပ် ဇော်မင်းထွန်းက ယင်းသို့သောကိစ္စရပ်များရှိပါက တိကျ စွာ တိုင်ကြားရန် ပြောလိုကြောင်း ပြန်လည်ဖြေကြားသည်။

 


ဥပဒေအရ အရေးယူဆောင်ရွက်


ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက သတင်းပေးသူကို ကာကွယ်မပေးနိုင်ဘူးလားဆိုသည့် ကိစ္စနှင့်ပတ်သက်၍ သတင်းပေး သူများရော၊ ကျန်သည့် ဥပဒေဘောင်အတွင်း၌ နေထိုင်သည့်လူများကိုပါ မိမိတို့အနေဖြင့် အစွမ်းကုန် ကာကွယ်ပေးနေပါကြောင်း၊ သတင်းပေး သည့်သူများကိုလည်း လျှို့ဝှက်ထားပါကြောင်း၊ မည်သူက သတင်းပေး ဟူ၍ ထုတ်ဖော်ပြောကြားခြင်း မရှိပါကြောင်း၊ အကြမ်းဖက်မှုသည် အာမခံရသည့်အမှု  မဟုတ်ပါကြောင်း၊  ထို့ကြောင့်  အာမခံမပေးပါ ကြောင်း၊ ဖမ်းဆီးရမိသည့် အရေးယူမှုများကိုလည်း အခါအားလျော်စွာ သတင်းထုတ်ပြန်ပေးလျက်ရှိပါကြောင်း၊ တချို့က  အကြမ်းဖက်မှုကို Kpay , Wave Pay များဖြင့်  ငွေကြေးထောက်ပံ့မှုများ  ရှိပါကြောင်း၊ အကြမ်းဖက်မှုကို  ငွေကြေးထောက်ပံ့ခြင်းသည်လည်း  အကြမ်းဖက်မှု ကျူးလွန်ခြင်းသာဖြစ်ပါကြောင်း၊ ယင်းတို့ကို စိစစ်တွေ့ရှိပါကလည်း မိမိတို့အနေဖြင့်  အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ  အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း ပြန်လည်ဖြေကြားသည်။

 


    နိုင်ငံ့သစ္စာအွန်လိုင်းအေဂျင်စီမှ            သတင်းထောက် ဦးအောင်ကျော်ဦး က ပြီးခဲ့သည့်  (၁၃) ကြိမ်မြောက်   သတင်းစာ ရှင်းလင်းပွဲတွင် မိမိနှင့်အတူ မိမိ၏တပည့် ကျော်ဖြိုးလှိုင် တက်ရောက် ခဲ့ကြောင်း၊ ယခုမိမိတပည့်ကို KNU က နေအိမ်ထဲအထိ သေနတ်သမား ခုနစ်ယောက်နှင့် လုပ်ကြံခဲ့ရာ သေနတ်ဒဏ်ရာ နှစ်ချက်ရခဲ့ကြောင်း၊ လာရောက်လုပ်ကြံသည့်သူများအထဲတွင်          သေနတ်အရှည်  တစ်ယောက်မျှမပါကြောင်း၊ သေနတ်အတိုများနှင့်ဖြစ်ကြောင်း၊ ၎င်း၏ မိခင်နှင့်  ညီမလေးသည် ရရှိသည့်ဒဏ်ရာနှင့်ပင် ထိုနေရာမှာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ မိမိအဓိကမေးလိုသည်မှာ ပစ်ခတ်မှုဖြစ်ပြီး ၄၅ မိနစ်ခန့်အကြာတွင် ရဲများရောက်လာကြကြောင်း၊ ထိုသို့လာရောက် ပစ်ခတ်သည့် KNU များအထဲတွင် အချင်းချင်းပြန်လည်ပစ်ခတ်မိ၍ သေဆုံးသွားသူရှိကြောင်း၊ ထိုအလောင်းကို ၎င်းတို့၏ ဆိုင်ကယ်နှင့် ပြန်သယ်ယူသွားကြကြောင်း၊   ရဲများရောက်ရှိလာသည့်   အချိန်တွင် KNU များသည် လယ်ကွင်းထဲ၌သာ  ရှိပါသေးကြောင်း၊ ရဲများလိုက် လျှင် မီသေးပါကြောင်း၊ အဘယ်ကြောင့်ဆိုသော် KNU များက ၎င်းတို့ လူ၏အလောင်းကို   ဆိုင်ကယ်ပေါ်မှာ  တင်လိုက်၊  ပြုတ်ကျလိုက်၊ ဆိုင်ကယ်မောင်းလိုက်  ပြုတ်ကျလိုက်နှင့်   ခရီးမတွင်ပါကြောင်း၊ သို့သော် နောက်ကလိုက်၍ ဖမ်းဆီးခြင်း၊ သုတ်သင်ရှင်းလင်းခြင်းမရှိခဲ့ ကြောင်း၊ မည်သည့်အတွက်ကြောင့် လိုက်လံဖမ်းဆီးခြင်း မပြုလုပ် သလဲဟုမေးရာတွင် အထက်အမိန့်မရခြင်းကြောင့်ဟု ပြောပါကြောင်း၊ မိမိတို့အနေဖြင့် မည်သူ့ကိုအားကိုးရမည်လဲ၊ အထက်မိန့်စောင့်နေသည် ဆိုသည့် သူများကလည်း အမှန်တကယ်ပဲ အထက်အမိန့်ကိုစောင့်ခြင်း ဖြစ်ပါသလား၊ ကြောက်၍ မလိုက်ခြင်းလား၊ အားမနာတမ်းပြောရလျှင် ဖရဲသီးများလားဟူ၍ပင်  ဝေခွဲ၍မရကြောင်း၊  အချိန်လွန်မှ  ၎င်းတို့ နောက်ကလိုက်သည့်အခါတွင်  KNU  များက  စစ်တောင်းမြစ်ကို ကျော်သွားခဲ့ပြီဖြစ်ကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်၍ ဗိုလ်ချုပ်တို့အနေ နှင့် မည်သို့စစ်ဆေးအရေးမှုများ ပြုလုပ်သွားမည်ကို သိလိုကြောင်း၊ ထိုအဖြစ်အပျက်သည်  ပဲခူးတိုင်းဒေသကြီး  ကျောက်တံခါးမြို့နယ်တောင်ခင်းကျေးရွာအုပ်စု   ၂၀၂၂  ခုနှစ်  မေ ၅ ရက်  နေ့လယ် ၂ နာရီ ကျော်တွင် ဖြစ်ပွားခဲ့ကြောင်း၊ ခေတ်အဆက်ဆက် အမြစ်ပြတ်အောင် မတိုက်ခဲ့သည်  KNU  ကို ယခု  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက်တွင် အမြစ်ပြတ်ချေမှုန်းရန်   ရှိ/  မရှိ  သိလိုကြောင်း မေးမြန်းသည်။ 

 


ဗိုလ်ချုပ် ဇော်မင်းထွန်းက ဤဖြစ်စဉ်ကို မိမိတို့ဆီကို ပေးခဲ့စေလို ကြောင်း၊  ငြိမ်းချမ်းရေးနှင့်  ပတ်သက်၍  မိမိတို့လည်း   ပြောပြီးဖြစ် ကြောင်း၊  ပြည်သူများ၏   အသက်အိုးအိမ်စည်းစိမ်နှင့်   လမ်းပန်း ဆက်သွယ်မှု  လုံခြုံချောမွေ့စေရေးများကို ထိခိုက်လာလျှင် မိမိတို့က လက်တုံ့ပြန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုကိစ္စနှင့််ပတ်သက်၍ ဖြစ်ပျက်နေသည့် အခြေအနေများကိုလည်း သိပြီးဖြစ်လိမ့်မည်ဖြစ် ကြောင်း၊ တချို့နေရာများတွင် သောင်းကျန်းသူများ၊ တချို့ EAO အဖွဲ့ များအနေနှင့် အတွင်းထဲအထိ PDF များနှင့် ပေါင်း၍ စိမ့်ဝင်လာခြင်း များရှိကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင် အချို့မှာ လည်း  အားနည်းချက်များ    ရှိလိမ့်မည်ဖြစ်ကြောင်း၊  ထိုသို့သော အားနည်းချက်များရှိမည်ဆိုလျှင်လည်း   မိမိတို့ကိုပြော၍ရကြောင်း၊ ထောက်ပြနိုင်ကြောင်း၊ ငြိမ်းချမ်းရေး ဖိတ်ခေါ်သည့်အခါတွင် တချို့ သော EAO များသည်  လာခြင်း၊  မလာခြင်းနှင့်ပတ်သက်၍ ပြောရုံ သာမကဘဲ လက်နက်ကိုင်ပဋိပက္ခ ပိုမိုဖြစ်ပွားရေးနှင့် ပတ်သက်ပြီး ပြောဆိုနေသည်များရှိကြောင်း၊   မိမိအနေနှင့်  ပြောလိုသည်မှာ လက်နက်ကိုင်ပဋိပက္ခများ ပိုမိုဖြစ်ပွားရေးနှင့် ပတ်သက်၍ ပြောနေ သည့် အကျိုးဆက်ကို   ၎င်းတို့သာခံစားရလိမ့်မည်ဟု  ပြန်လည် ဖြေကြားသည်။

 


နိုင်ငံ့သစ္စာအွန်လိုင်းအေဂျင်စီမှ သတင်းထောက် ဦးအောင်ကျော်ဦး က တောခိုသွားသည့်  PDF များအထဲတွင် အကြမ်းဖက်လုပ်ရပ်များ မလုပ်ဘဲ၊ ပြစ်မှုမကျူးလွန်ထားသူဆိုလျှင် နွေးထွေးစွာပြန်လက်ခံမည် ဟုသိရကြောင်း၊ ဗိုလ်ချုပ်လည်း ပြောခဲ့ဖူးကြောင်း၊ လက်ရှိမန္တလေး၌ လက်ခံနေသည်ကိုလည်းသိကြောင်း၊ မိမိမေးလိုသည်မှာ PDF လည်း မလုပ်၊ တောလည်းမခိုဘဲ၊ တပ်မတော်က အာဏာထိန်းပြီး နောက်ပိုင်း မြို့နယ်များတွင် စီတန်းဆန္ဒပြခြင်းများလုပ်ခဲ့ကြကြောင်း၊ ထိုသို့ဆန္ဒပြ ပြီးနောက်ပိုင်း အဖမ်းခံရမည်စိုးသဖြင့် ထွက်ပြေးတိမ်းရှောင်နေသည့် သူများလည်း ယခုအချိန်အထိ ရှိနေကြောင်း၊ ထိုထွက်ပြေးတိမ်းရှောင် နေသည့် ပုဂ္ဂိုလ်များကိုလည်း သက်ဆိုင်ရာ ရဲစခန်းများ၊ မြို့နယ်ရဲစခန်း များက ၅၀၅ နှင့် အမှုဖွင့်ထားသည်များလည်းရှိကြောင်း၊ အကယ်၍ ၎င်းတို့ပြန်လာလျှင် အမှုမှကင်းလွတ်ခွင့်ပြုမည်လား၊  အမှုအတိုင်း ဆက်လက် ရင်ဆိုင်ရမည်လား သိလိုကြောင်း မေးမြန်းသည်။

 


ဗိုလ်ချုပ် ဇော်မင်းထွန်းက ယင်းအမှုနှင့်် ပတ်သက်၍ ၅၀၅ နှင့် အမှုဖွင့်ထားသည်ဆိုလျှင် သက်ဆိုင်ရာကို လျှောက်ထားရမည်ဖြစ် ကြောင်း၊ ထိုသို့လျှောက်ထားပြီးသည့်အခါတွင်  မိမိတို့က ပြန်လည် စိစစ်ပေးမည်ဖြစ်ကြောင်း၊ ယခုလည်း လျှောက်ထားနေသည့်သူများရှိ ကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်၍ အမှုပြန်လည်ပိတ်သိမ်းပေးသည်များ လည်းရှိကြောင်း၊ လုပ်ငန်းအသေးစိတ်ကို ပြည်ထဲရေးဝန်ကြီးဌာနက ပို၍ အသေးစိတ်ဖြေကြားပေးလိမ့်မည်ဟု ပြောကြားသည်။

 


ဥပဒေနှင့်အညီ ဆောင်ရွက်ပေးမည်


    ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက အစောပိုင်းကာလ များတွင်   ဆန္ဒပြသူများအထဲတွင် ပါခဲ့သည်ဆို၍ အချို့သူများက စိုးရိမ်စိတ်နှင့်ကြောက်ပြီး  ထွက်ပြေးတိမ်းရှောင်နေသူများလည်းရှိ ကြောင်း၊ ၎င်းထွက်ပြေးတိမ်းရှောင်သူများနှင့် ပတ်သက်၍ လူသတ်မှု၊  လုယက်မှု၊ မီးရှို့မှု၊ မိုင်းဖောက်ခွဲမှု၊ လုံခြုံရေးတပ်ဖွဲ့ဝင်များကို ရည်ရွယ် ချက်ရှိရှိနှင့် တိုက်ခိုက်မှု၊ ပြည်သူ့ဝန်ထမ်းများနှင့် ပြည်သူအချို့အား အုပ်စုဖွဲ့၍ ကိုယ်ထိလက်ရောက်တိုက်ခိုက်မှု၊ အစိုးရပိုင်အဆောက်အဦ များနှင့် ပုဂ္ဂလိကပိုင်အဆောက်အဦများ ဖျက်ဆီးမှု၊ CDM လှုပ်ရှားမှု တွင် ငွေကြေးအရဖြစ်စေ၊ နက်ရှိုင်းစွာ ကာယကံမြောက် ပါဝင်သူများမှ အပ စိုးရိမ်စိတ်ကြောင့် တိမ်းရှောင်နေသူများအနေနှင့် ဥပဒေဘောင် အတွင်း ပြန်လည်ဝင်ရောက်မည်ဆိုလျှင် ရေးဖွင့်ထားသည့်ဥပဒေကို ဥပဒေနှင့်အညီ ပိတ်သိမ်းခြင်း၊ ရုပ်သိမ်းခြင်းများ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်းကို   နိုင်ငံပိုင်သတင်းစာများနှင့် မြန်မာ့ရုပ်မြင်သံကြား၊ မြဝတီရုပ်မြင်သံကြားတို့မှ  ၂၀၂၁  ခုနှစ်   ဩဂုတ်  ၄  မှ  ၈  ရက်အထိ  အသိပေးထုတ်ပြန်ပြီးဖြစ်ကြောင်း၊ ထိုသို့ထုတ်ပြန်သည့်အချိန်တွင် မိမိတို့ဆီသို့    သတင်းပို့ရန်အတွက်   သတင်းစာများတွင်လည်း ဖုန်းနံပါတ်များထည့်သွင်း၍   ထုတ်ပြန်ပေးခဲ့ကြောင်း၊   လာရောက် သတင်းပို့လျှင်လည်း   မိမိတို့   သက်ဆိုင်ရာရဲစခန်းများက   မည်သို့ ဆောင်ရွက်ပေးရမည်ဆိုသည်ကိုလည်း သက်ဆိုင်ရာအောက်ခြေအထိ တစ်နိုင်ငံလုံးကိုလည်း ညွှန်ကြားပေးပြီးဖြစ်ကြောင်း၊ ညွှန်ကြားချက် အတိုင်း ရဲစခန်းများကလည်း ဆောင်ရွက်ပေးနေပါကြောင်း၊ ထိုကဲ့သို့ သတင်းပို့ရန်လာသည့်အခါတွင် လတ်တလော ၎င်းတို့ကို ခံဝန်များပေး ထားကြောင်း၊ ထို့နောက် ၎င်းတို့အပေါ်တွင် စွဲဆိုထားသည့် ပြစ်မှု ရှိ/မရှိ စိစစ်ပါကြောင်း၊ အကယ်၍ပြစ်မှုရှိလျှင် အမှု၏ အတိုင်းအတာ ကိုစိစစ်ပြီး အဆင့်ဆင့်တင်ပြကာ ဥပဒေနှင့်အညီ ရုပ်သိမ်း၍ရမည် ဆိုလျှင် ဆောင်ရွက်ပေးပါကြောင်း ပြန်လည်ဖြေကြားသည်။


(ဆက်လက်ဖော်ပြပါမည်)