
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၄)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ၂၀၂၂ ခုနှစ် မေ ၁၉ ရက် မွန်းလွဲ ၁ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး စုပေါင်းအစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။ အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ အဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးနှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ က သတင်းမီဒီယာများ၏ သိရှိလိုသည့်မေးမြန်းမှုများကို ပြန်လည် ဖြေကြားသည်။
(ယမန်နေ့မှ အဆက်)
သူရိယနေဝန်း သတင်းဌာနမှ အယ်ဒီတာချုပ်ဦးမိုးဟိန်းက မိမိ မေးမြန်းလိုသည်မှာ NUG အကြမ်းဖက်နိုင်ငံခြားရေးဝန်ကြီး ဇင်မာ အောင်နှင့် ဒုတိယဝန်ကြီး မိုးဇော်ဦးတို့သည် ဝါရှင်တန်ဒီစီကို မေ ၁၂ ရက် ၁၃ ရက်တွင်ကျင်းပသည့် US-Asean Summit အပြီး နောက် တစ်ရက် မေ ၁၄ ရက်တွင် မလေးရှား နိုင်ငံခြားရေးဝန်ကြီး Abdullah နှင့် တွေ့ဆုံဆွေးနွေးပြီး တရားဝင်သတင်းထုတ်ပြန်ထားသည်ကို တွေ့ရကြောင်း၊ ဇင်မာအောင်တို့ကို အမေရိကန်အစိုးရက ခိုးလမ်းက သွင်းပေးပြီး ညီလာခံအပြီး အာဆီယံနိုင်ငံခြားရေးဝန်ကြီးနှင့် ပေးတွေ့သည့်လုပ်ရပ်၊ အမေရိကန်၏လုပ်ရပ်သည် နိုင်ငံကြီးသား ပီသမှုမရှိသည့်လုပ်ရပ်ဖြစ်သကဲ့သို့ မလေးရှားနိုင်ငံသည်လည်း အာဆီယံအဖွဲ့ဝင်တစ်နိုင်ငံဖြစ်ပြီး မိမိတို့မြန်မာနိုင်ငံနှင့် ဒေသတွင်း နိုင်ငံလည်းဖြစ်သကဲ့သို့ သမိုင်းအစဉ်အလာလည်းရှိသည့် နိုင်ငံ တစ်ခုက မြန်မာနိုင်ငံ၏နောက်ကျောကို ဓားနှင့်ထိုးသည့် မြန်မာ နိုင်ငံ၏ ဂုဏ်သိက္ခာနှင့် ပြည်သူ ၅၄ သန်း၏ဂုဏ်သိက္ခာကို စော်ကား မော်ကားလုပ်ပြီး ဇင်မာအောင်က အကြမ်းဖက် NUG အစိုးရကိုတွေ့ဆုံ သည့်လုပ်ရပ်သည် ပြင်းပြင်းထန်ထန်တုံ့ပြန်မှသာ နိုင်ငံ၏ဂုဏ်သိက္ခာ နှင့် မိမိတို့သမိုင်းရှိတော့မည်ဖြစ်သည့်အတွက် မလေးရှားနိုင်ငံ၏ လုပ်ရပ်၊ ဇင်မာအောင်တို့ NUG အကြမ်းဖက်ကို တွေ့ဆုံသည့်လုပ်ရပ် အပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေဖြင့် မည်သို့ ပြင်းပြင်းထန်ထန်တုံ့ပြန်ရန် အစီအစဉ်ရှိပါသလဲဆိုသည်ကို သိလို ကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ် ဇော်မင်းထွန်းက ယင်းကိစ္စနှင့်ပတ်သက်ပြီး အပိုင်းနှစ် ပိုင်းခွဲခြား ဖြေကြားလိုကြောင်း၊ အတွေ့အကြုံနှင့် လက်ရှိဖြစ်နေသည် များကို သုံးသပ်ပေးသွားသည်ကို ကျေးဇူးတင်သည်ဟု ပြောလို ကြောင်း၊ ကိုမိုးဟိန်းအနေဖြင့် ကိုယ်တိုင်လည်း ၁၉၈၈ အရေးအခင်း တွင် ကျောင်းသားခေါင်းဆောင်လုပ်ခဲ့သကဲ့သို့ ကိုယ်တိုင်လည်းတောထဲ ကိုရောက်ဖူးကြောင်း၊ ကိုယ်တိုင်လည်း ပြည်ပတွင်နေထိုင်ခဲ့ပြီးဖြစ်၍ ဤသို့သော အရေးလှုပ်ရှားသူဖြစ်၍ တစ်ယောက်အကြောင်းတစ်ယောက်သိသူများဖြစ်သဖြင့် အတွေ့အကြုံနှင့်ယှဉ်၍ပြောဆိုသွား သည်ကိုတွေ့ရကြောင်း၊ မိမိအနေဖြင့် မကြာသေးခင်ရက်ပိုင်းအတွင်း က ပြည်ပတွင်ရှိနေသည့် Facebook ပေါ်က ဆယ်လီတစ်ယောက် သည် ၎င်းကိုယ်တိုင် NUG ၏ ငွေတိုက်စာချုပ်များကို မရောင်းတော့ ဟူ၍ တင်ထားသည်ကိုတွေ့ရှိကြောင်း၊ NUG က ဝန်ကြီးများကို ပြောသည့်အခါတွင်လည်း ၎င်းတို့သည် သဘောထားတစ်ခုတည်း ဖြစ်သည်ဟူ၍ တွေ့ရှိရကြောင်း၊ မိမိတို့တွေ့ရသည်ဆိုသည်မှာ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် သုံးသပ်သူများရေးထားသည်များ ကိုတွေ့ရကြောင်း၊ မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး ၎င်းတို့သည် ကြိုတင် စီမံချက်ချထားပြီးဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအတွင်းတွင် စစ်ကိုင်း၊ မကွေး၊ ချင်းတို့တွင် လက်နက်ကိုင်ပဋိပက္ခများဖြစ်နေကြောင်း၊ လက်နက်ကိုင်ပဋိပက္ခဖြစ်သည့်နောက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင် ဘက်မှရော အကြမ်းဖက်ဘက်ကရော ဆုံးရှုံးမှုများဖြစ်ပွားကြောင်း၊ ထိုဆုံးရှုံးခြင်းသည် မြန်မာနိုင်ငံသားများဆုံးရှုံးခြင်းသာ ဖြစ်ကြောင်း၊ ယင်းဆုံးရှုံးမှုသည် မိမိတို့နိုင်ငံကိုသာ ထိခိုက်ခြင်းဖြစ်ကြောင်း၊ ပြည်ပြေးများခိုလှုံနေသည့်နိုင်ငံကို ထိခိုက်ခြင်းမဟုတ်သကဲ့သို့ ပြည်ပြေးများကိုလည်း ထိခိုက်ခြင်းမဟုတ်ကြောင်း၊ ထို့အတူ အပြင်မှ လှုံ့ဆော်နေသည့်သူများကိုလည်း ထိခိုက်ခြင်းမဟုတ်ဆိုသည်ကို ပြည်သူများအနေဖြင့် အသိသတိရှိစေရန်ပြောလိုကြောင်း။
အဆိုပါဖြစ်စဉ်များသည် ယင်းခရီးစဉ်နှင့် တိုက်ဆိုင်နေ သည်ဟုလည်း မြင်မိကြောင်း၊ ဇင်မာအောင်တို့ အမေရိကန်ရောက်ပြီး မကြာခင် ယင်း Facebook ဆယ်လီ၏ဖြစ်စဉ် ပေါ်လာသည်ကို တွေ့ရကြောင်း၊ အနုပညာဆန်ဆန်ပြောရလျှင် မာမာအေးဆိုထားသည့် အချစ်သေလို့ ဝင်စားသည်ဆိုသည့် သီချင်းကိုပမာပြုပြောလိုကြောင်း၊ အချစ်သေသွားမှဆိုဖြစ်သည့် သီချင်းလို၊ လူသေတာမဟုတ်ဘဲ အချစ်ကကြေကွဲသွားမှ ပွင့်ထွက်လာသည့်သံစဉ်များ၊ တစ်နည်း အားဖြင့် အစစ်အမှန်ရင်ဖွင့်သံများဟုသာမှတ်ယူကြောင်း၊ မိမိတို့ ပြည်တွင်းထဲတွင်ရှိနေသည့် တိုင်းရင်းသားလုပ်သားပြည်သူများ၊ လူငယ်လူရွယ်များအနေဖြင့် ၎င်းတို့၏ တက်ကြွမှုကိုအသုံးချခံဖြစ် နေသည်ကို သတိပြုရန်လိုကြောင်း၊ မိဘပြည်သူများအနေဖြင့်လည်း အဆိုပါကိစ္စများကို သတိပြုရန်လိုကြောင်း၊ ထို့အတူ တာဝန်ရှိသူ များအနေဖြင့် သတိပေးရန်လိုအပ်ကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်ပြီး အကြမ်းဖက် NUG အဖွဲ့က အမေရိကန်နှင့် မလေးရှားတွင် တွေ့ဆုံခဲ့ သည်ဟုသိရကြောင်း၊ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက အကြမ်းဖက် အဖွဲ့ဖြစ်သည့် NUG ကိုယ်စားလှယ်နှင့်တွေ့ဆုံခြင်းသည် အကြမ်းဖက် အားပေးရာရောက်ကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံအစိုးရ၏ ကြိုးပမ်းမှု များကို အဟန့်အတားဖြစ်စေပြီး နိုင်ငံတကာအကြမ်းဖက်မှု တိုက်ဖျက်ရေးသဘောတူညီချက်များကို ချိုးဖောက်ရာရောက်ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် ပြင်းထန်စွာကန့်ကွက်သည့် အကြောင်းအား မလေးရှားအစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်အမတ်များ အနေဖြင့် နောက်နောင်အလားတူထိတွေ့မှု ဆက်ဆံမပြုလုပ်ရေး မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနသို့ ကန့်ကွက်စာပေးပို့ခဲ့ကြောင်း၊ ရန်ကုန်မြို့ရှိ မလေးရှားသံရုံးမှ သံရုံးယာယီတာဝန်ခံကိုလည်း နိုင်ငံခြားရေးဝန်ကြီးဌာနကိုခေါ်ယူ၍ ကန့်ကွက်ပြောဆိုမှုများ ပြုလုပ် ခဲ့ပါကြောင်း။
အဆိုပါဆွေးနွေးပွဲများနှင့် ပတ်သက်၍ မလေးရှားနိုင်ငံခြားရေး ဝန်ကြီးဆိုသူက တွေ့ဆုံရာတွင် ဘာတောင်းခဲ့သလဲဆိုလျှင် ၎င်းတို့ နိုင်ငံတွင် မြန်မာဒုက္ခသည်ပေါင်း နှစ်သိန်းခွဲရှိကြောင်း၊ ဘင်္ဂလီ ဒုက္ခသည်ပေါင်း တစ်သိန်းကျော်နီးပါးရှိကြောင်း၊ အဆိုပါဒုက္ခသည် များအတွက် ထောက်ပံ့မှုများလုပ်ပေးရန်လိုအပ်ကြောင်း၊ အဆိုပါ ကိစ္စနှင့်ပတ်သက်၍ပြောရလျှင် မျောက်ပြဆန်တောင်းအဆင့်ကျော် သွားပြီး မျောက်ကနေသည်ကို ကမ္ဘာကိုလှည့်ပြရောင်းနေသဖြင့် မျောက်က လည်ရောင်းအဆင့်ဟုသာ မြင်ကြောင်း၊ မိမိတို့နိုင်ငံသည် အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခုဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် ပြည်သူလူထုလိုလားတောင်းတသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အာမ ခံထားကြောင်း၊ ပြည်သူလူထုလိုလားသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ် ကိုအခြေခံသည့် ပြည်ထောင်စုစနစ်ကို အာမခံပြီးဖြစ်ကြောင်း၊ ထိုအတိုင်းသာ ဆက်လက်လျှောက်လှမ်းမည်ဖြစ်ကြောင်း၊ ထိုသို့ လျှောက်လှမ်းရာတွင် ၎င်းတို့၏ လိုအင်ဆန္ဒများ၊ နိုင်ငံရေးအတ္တများ ကြောင့်ဖြစ်ပေါ်လာသည်များကို အသုံးချပြီး ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ဆုံးရှုံးခြင်းများ၊ နိုင်ငံတော်ကို နိုင်ငံတကာ၌ သိက္ခာကျစေမည့်လုပ်ရပ်များ လုပ်ဆောင်နေမှုနှင့်ပတ်သက်ပြီး ပြည်သူလူထုတစ်ရပ်လုံးမှလည်း အကြမ်းဖက်သမားများကို ဝိုင်းဝန်း ဆန့်ကျင်ကြရန်ပြောကြားလိုကြောင်း၊ အဆိုပါကိစ္စနှင့်ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့်လည်း ပြင်းပြင်းထန်ထန်တုံ့ပြန် ထားကြောင်း၊ မိမိတို့နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကို ရှေးရှုပြီး နိုင်ငံခြားရေးမူဝါဒနှင့်အညီ လိုအပ်သည့်ဆောင်ရွက်မှုများ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။
ကန့်ကွက်လွှာ ငါးကြိမ်ပေးပို့ခဲ့
အဆိုပါကိစ္စနှင့်ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက မလေးရှားနိုင်ငံခြားရေးဝန်ကြီး၏ ပြောဆိုမှု များနှင့်ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနမှ စုစုပေါင်းကန့်ကွက် လွှာ ငါးကြိမ်ပေးပို့ခဲ့ကြောင်း၊ ယခုနှစ်ဖေဖော်ဝါရီလအတွင်းက ကမ္ဘော ဒီးယားနိုင်ငံ ဖနောင်ပင်မြို့၌ကျင်းပသည့် နိုင်ငံခြားရေးဝန်ကြီး သီးသန့်အစည်းအဝေးတွင် မလေးရှားနိုင်ငံခြားရေးဝန်ကြီးကအာဆီယံ အလှည့်ကျဥက္ကဋ္ဌအာဆီယံဆိုင်ရာ မြန်မာဆိုင်ရာအထူးကိုယ်စားလှယ် ကို အကြမ်းဖက်အဖွဲ့အစည်းဖြစ်သည့် NUG နှင့် NUCC တို့နှင့်တွေ့ဆုံ ဖို့ဆိုပြီး အဆိုပြုခဲ့သည့်ကိစ္စတစ်ခုရှိကြောင်း၊ ယင်းကိစ္စနှင့် ပတ်သက်၍ မိမိတို့ကန့်ကွက်ခဲ့ကြောင်း၊ ယင်းအစည်းအဝေးမတိုင် မီတွင် မလေးရှားဝန်ကြီးက အကြမ်းဖက်အဖွဲ့အစည်းဖြစ်သည့် NUG နှင့် NUCC မှ ကိုယ်စားလှယ်များနှင့် အွန်လိုင်းမှပြုလုပ်ခဲ့သည့် ကိစ္စ များနှင့်ပတ်သက်ပြီး သိရှိရသည့်အချိန်တွင်လည်း မိမိတို့ ကန့်ကွက်ခဲ့ကြောင်း၊ မလေးရှားသတင်းများတွင်ဖော်ပြသည့် NUG နှင့် အလွတ်သဘောတွေ့ဆုံရန် အာဆီယံအစည်းအဝေးများတွင် မလေးရှားနိုင်ငံခြားရေးဝန်ကြီးက အဆိုပြုမည်ဆိုတုန်းကလည်း ထပ်မံကန့်ကွက်ခဲ့ပါကြောင်း၊ နောက်ဆုံး ၂၀၂၂ ခုနှစ် မေ ၁၄ ရက်တွင် ဝါရှင်တန်၌ ပြုလုပ်သည့်တွေ့ဆုံမှုအပြီးတွင် ကန့်ကွက်ခဲ့ကြောင်း၊ ရန်ကုန်မြို့တွင်ရှိသည့် သံရုံးယာယီတာဝန်ခံကိုလည်း နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာနကိုခေါ်ပြီး ကန့်ကွက်၍ NUG ၏ ဆောင်ရွက် ထားသည့် အကြမ်းဖက်မှုနှင့်ပတ်သက်သည့် အထောက်အထား များကိုလည်း လက်ရောက်ပေးခဲ့ကြောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် နှစ်နိုင်ငံဆက်ဆံရေး၊ နိုင်ငံတကာကျင့်ဝတ်များနှင့်အညီ မူဘောင်အတွင်းမှ နိုင်ငံတကာသံတမန်ဆက်ဆံရေး သဘောတူညီ ချက်(၁၉၆၁ ဗီယင်နာကွန်ဗင်းရှင်း)မူဘောင်အတွင်းမှနေပြီး နိုင်ငံခြား ရေးဝန်ကြီးဌာနအနေဖြင့် အစဉ်ကန့်ကွက်ထောက်ပြလျက်ရှိကြောင်း ဖြင့် ဖြည့်စွက်ဖြေကြားသည်။
အဆာဟိရှင်ဘွန်းသတင်းဌာနမှ ဌာနေသတင်းထောက် ဒေါက်တာ ဇော်သန်းက မကြာမီ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း EAOs များနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်မည်ဖြစ်ကြောင်း၊ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေးအတွက်ရည်ရွယ်ပြီး မည်သည့် အရေးကြီးသည့် အကြောင်းအချက်များကို ဆွေးနွေးလာနိုင်သည်ကို သိလိုကြောင်းနှင့် မကြာခင်က UK နိုင်ငံမှ သံအမတ်ကြီးအဆင့်က သံရုံးယာယီတာဝန်ခံအဆင့်ကိုလျှော့ချပြီး မြန်မာနိုင်ငံနှင့် Diplo- matic Relation အဆင့်ကို လျှော့ချခဲ့ကြောင်း၊ ဩစတြေးလျနိုင်ငံမှ လည်း ထိုသို့ပြုမူဆောင်ရွက်မည်ဟု ပြောဆိုမည်ဟုကြားသိရ ကြောင်း၊ အဆိုပါကိစ္စနှင့်ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာန အနေဖြင့် မည်သို့တုံ့ပြန်ဆောင်ရွက်မည်ကို သိလိုကြောင်းမေးမြန်း သည်။
ဗိုလ်ချုပ် ဇော်မင်းထွန်းက ငြိမ်းချမ်းရေးဆွေးနွေးမှုများနှင့် ပတ်သက်ပြီး မေ ၂၀ ရက်တွင် စတင်ဆွေးနွေးမည်ဖြစ်ကြောင်း၊ တစ်ဖွဲ့ချင်းဆွေးနွေးမည်ဖြစ်ကြောင်း၊ ပထမဆုံးဆွေးနွေးမည့်အဖွဲ့မှာ RCSS/SSA အဖွဲ့ဖြစ်ကြောင်း၊ ယနေ့ နေပြည်တော်သို့ရောက်ရှိနေပြီ ဖြစ်ကြောင်း၊ တစ်ဖွဲ့ချင်းစီဆွေးနွေးမည်ဖြစ်သည်ကို ယခင်ကတည်းက ပြောပြီးဖြစ်ကြောင်း၊ ယင်းသို့ဆွေးနွေးပြီး အဆိုပါအဖွဲ့သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များနှင့် ထပ်မံဆွေးနွေးမည် ဖြစ်ကြောင်း၊ လိုအပ်ပါက ထပ်မံဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ အလားတူနောက်ထပ်တစ်ဖွဲ့နှင့် သုံးရက်အကြာတွင် ထပ်မံ တွေ့ဆုံရန် ရှိကြောင်း၊ သုံးရက်ခန့်ခြားပြီး နောက်ထပ်အဖွဲ့များနှင့် တွေ့ဆုံ ဆွေးနွေးမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ထိုသို့တွေ့ဆုံရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ကပြောပြီးဖြစ်ကြောင်း၊ ဆွေးနွေးရာတွင် ပုံစံ လေးမျိုးနှင့် ဆွေးနွေးသွား မည်ဖြစ်ကြောင်း၊ ပထမတစ်ချက်အနေဖြင့် EAOs အဖွဲ့များ၏ လိုအင် ဆန္ဒများ၊ ဒုတိယအချက်မှာ ယင်းလိုအင်ဆန္ဒများအထဲမှ နိုင်ငံတော် အစိုးရ၏ လိုလားချက်များ၊ တတိယအချက်အနေဖြင့် အဆိုပါအချက် နှစ်ချက်ကြားတွင် ၎င်းတို့၏ လိုအင်ဆန္ဒနှင့် နိုင်ငံတော်အစိုးရ၏ လိုလားချက်များ၏ကြားထဲတွင် လက်ရှိလုပ်ဆောင်ပေးနိုင်သည့် အကြောင်းခြင်းအရာများ၊ နောက်ဆုံးအချက်မှာ နောင်အနာဂတ်တွင် လုပ်ဆောင်ပေးနိုင်သည့်အရာများ၊ ကြိုတင်စီမံပြီးမှတဖြည်းဖြည်း လုပ်ဆောင်သွားရမည့် အရာများနှင့်ပတ်သက်ပြီး မည်သို့ဆောင်ရွက် နိုင်မည်ကို အပိုင်းခွဲခြားပြီးဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ ယင်းကိစ္စ နှင့်ပတ်သက်ပြီး ထပ်မံပြောလိုသည်မှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေဖြင့် အာမခံ သည်မှာ ၎င်းဆွေးနွေးပွဲတွင် ရလဒ်တစ်ခုထွက်ပေါ်လာအောင် ဆွေးနွေးမည်ဟုပြောထားပြီးဖြစ်ကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် သတင်းစကားပါးလိုသည်မှာ ယင်းဆွေးနွေးပွဲသည် အဆုံးအဖြတ်ပေး နိုင်မည့်သူများ တိုက်ရိုက်တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း၊ ရိုးသား ပွင့်လင်းစွာဖြင့် ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး အဖြေတစ်ခု၊ ဆက်လက်လုပ်ဆောင်ရမည့်လုပ်ငန်း တစ်ခု ရလဒ်ကောင်းထွက်ပေါ်လာသည်အထိ ဆွေးနွေးနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း။
ဝိုင်းဝန်းကူညီ
ထို့ကြောင့် ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် ဆွေးနွေးပွဲများ နှင့်ပတ်သက်ပြီး မိမိတို့တတ်နိုင်သည့်ဘက်မှ ဝိုင်းဝန်းကူညီ ထောက်ပံ့အားပေးရန်ပြောလိုကြောင်း၊ သတင်းထောက်ကြီး မေးမြန်း သည့် အင်္ဂလန်သံအမတ်ကိစ္စနှင့်ပတ်သက်ပြီး မီဒီယာများကို ပြောပြီးဖြစ်ကြောင်း၊ အင်္ဂလန်သံအမတ်၏ခန့်အပ်လွှာကို မပေးဘဲနှင့်ထွက်ခွာခြင်းမျိုးရှိကြောင်း၊ သံရုံးယာယီတာဝန်ခံသဘောမျိုးနှင့် ဝင်လာမည့်ပုံစံမျိုးရှိကြောင်း၊ မိမိသိရသလောက်ပြောရလျှင် ထိုင်း နိုင်ငံမှ အင်္ဂလန်သို့ပြန်သွားသည်ဟု အခြားသောသတင်းများအရ သိရှိရကြောင်း၊ နိုင်ငံတကာဆက်ဆံရေးတွင် သံခင်းတမံခင်းနှင့် ပတ်သက်၍ သိမ်မွေ့နက်နဲပါကြောင်း၊ မိမိတို့အနေဖြင့် အမျိုးသားအကျိုးစီးပွားကိုရှေးရှုပြီး တုံ့ပြန်မှုများ၊ သတိပေးမှုများ ဆောင်ရွက် လျက်ရှိကြောင်း၊ နိုင်ငံတကာသံတမန်ရေးရာတွင် သံရုံးတစ်ရုံးမှ မြန်မာနိုင်ငံမှ ရုပ်သိမ်းသွားခြင်းမရှိသေးကြောင်း၊ ယင်းကိုလည်း ပြန်ကြည့်ရမည်ဖြစ်ကြောင်း၊ သံတမန်အဆင့်လျှော့ချသည်ဖြစ်စေ၊ သံတမန်အဆင့်မလျှော့ချဘူး ဖြစ်စေ၊ ပွင့်ပွင့်လင်းလင်းပြောရလျှင် ယင်းကိစ္စများသည် ၎င်းတို့နိုင်ငံများ၏ သဘောထားများသာဖြစ် ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် နိုင်ငံခြားရေးမူဝါဒနှင့်အညီ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ အမျိုးသားအကျိုးစီးပွားကိုကြည့်ပြီး တုံ့ပြန် သင့်သည်များကို တုံ့ပြန်သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြား သည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိ သူတစ်ဦးက UK သံအမတ်နှင့်ပတ်သက်ပြီး ၎င်းအနေဖြင့် သံအမတ် ခန့်အပ်လွှာကိုပေးရန်ငြင်းဆိုသည့်အတွက် ၎င်းကို ၎င်းနိုင်ငံ၌သာ စောင့်ရန်၊ သံတမန်၏ကျင့်ဝတ် လုပ်ထုံးလုပ်နည်းအရ ခန့်အပ်လွှာ ပေးရန် ရည်ရွယ်ပြီးလာခြင်းကို ဒီဘက်ကလည်း လက်ခံဖို့အတွက် လုပ်ထားသော်လည်း ပျက်ကွက်သည့်အတွက် မြန်မာနိုင်ငံဘက်မှလုပ်ထုံးလုပ်နည်းနှင့်အညီ ၎င်း၏နိုင်ငံတွင် ပြန်စောင့်ရန်ပြောသည့် အခါ ယင်းဘက်မှ သံရုံးယာယီတာဝန်ခံအနေဖြင့်သာ ထားလိုသည် ဆိုသဖြင့် နောက်အသစ်တစ်ယောက်ကိုသာ လက်ခံမည်ဆိုပြီး ဆုံးဖြတ် ထားပြီးဖြစ်ကြောင်း၊ ဩစတြေးလျနှင့်ပတ်သက်ပြီး ၎င်းတို့ သံအမတ် ကြီးသည် တာဝန်ထမ်းဆောင်ကာလပြီးဆုံးသည့်အတွက် ပြန်သွားပြီး သည့်အခါတွင် သံအမတ်ကြီးနေရာအား သံရုံးယာယီတာဝန်ခံအနေဖြင့် အစားထိုးခန့်မည်ဆိုပြီးဆောင်ရွက်ခဲ့ကြောင်း၊ ထို့ကြောင့် မိမိတို့ ဘက်မှလည်း သံတမန်ကျင့်ဝတ် လုပ်ထုံးလုပ်နည်းအရ အပြန်အလှန် တုံ့ပြန်သည့်အနေဖြင့် မိမိတို့ဘက်မှလည်း သံရုံးယာယီတာဝန်ခံ သာထားရန် ဆောင်ရွက်ထားပြီးဖြစ်ကြောင်း ဖြည့်စွက်ဖြေကြားသည်။
နေပြည်တော်အွန်လိုင်းသတင်းဌာနမှ အယ်ဒီတာ ဦးမင်းမောင်က မိမိတို့ မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာကိုအခြေခံပြီး အဓိကထားကိုးကွယ် သည့် နိုင်ငံဖြစ်ကြောင်း၊ ဗုဒ္ဓဘာသာကို မြန်မာတစ်နိုင်ငံလုံး၏ ဘာသာ အဖြစ် အသိအမှတ်ပြုပြီး တရားဝင်ကြေညာထားခြင်းရှိကြောင်း၊ ဗုဒ္ဓဘာသာကို အိမ်ရှင်နိုင်ငံအဖြစ် တရားဝင်ကြေညာထားသော်လည်း၊ အခြားဘာသာဝင်များလည်း လွတ်လပ်စွာကိုးကွယ်ပိုင်ခွင့်ပြုထား ကြောင်း၊ ဗုဒ္ဓဘာသာဝင်များသည် မည်သည့်ဘာသာဝင်များကိုမှ စော်ကားတိုက်ခိုက်ခြင်းမပြုခဲ့ကြောင်း၊ သို့သော် အခြားဘာသာဝင် များမှ ဗုဒ္ဓဘာသာကို စော်ကားတိုက်ခိုက်ခြင်းများကိုတွေ့ရှိရ ကြောင်း၊ ရဟန်းသံဃာတော်များ နေ့စဉ် သတ်ဖြတ်ခံနေရသည် ကိုလည်း တွေ့ရှိရကြောင်း၊ ဗုဒ္ဓဘာသာဝင်များသည် မည်သည့်ဘာသာ ဝင်များကိုမှ အကြမ်းဖက်ခဲ့ခြင်းမရှိခဲ့ကြောင်း၊ ဗုဒ္ဓဘာသာကို အကြမ်း ဖက်စော်ကားနေသည့် အဆိုပါပုဂ္ဂိုလ်များကို ပြတ်သားကြီးလေးသည့် ပြစ်ဒဏ်ချမှတ်ပေးရန် ရှိ/မရှိသိလိုကြောင်းနှင့် ယနေ့အချိန်ထိ သံဃာတော်အပါး မည်မျှလုပ်ကြံသတ်ဖြတ်ခံနေရသည်ကို သိလို ကြောင်းမေးမြန်းသည်။
ဗိုလ်ချုပ် ဇော်မင်းထွန်းက သတင်းထောက်ကြီး မေးမြန်းခဲ့ သည့်ကိစ္စမှာ အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း၊ ယင်း၏ ဆိုလိုချက်များကို မလွဲစေလိုကြောင်း၊ မိမိတို့နိုင်ငံတွင် ဗုဒ္ဓဘာသာကို အဓိကကိုးကွယ်ရာဘာသာအဖြစ် သတ်မှတ်ထားကြောင်း၊ အခြား ဘာသာများကိုလည်း မြန်မာနိုင်ငံတွင်တည်ရှိနေသည့် ဘာသာ များအဖြစ်အသိအမှတ်ပြုထားကြောင်း၊ မိမိတို့နိုင်ငံတွင် ဘာသာ ရေးနှင့်ပတ်သက်လျှင် လွတ်လပ်စွာကိုးကွယ်ပိုင်ခွင့်ရှိကြောင်း၊ မိမိ ပြောလိုသည်မှာ ကမ္ဘာ့ဒီမိုကရေစီ ဘိုးအေဟုပြောသည့်နိုင်ငံမှ ပုဂ္ဂိုလ် များကိုဖြစ်ကြောင်း၊ ၎င်းတို့နိုင်ငံတွင်ဗလီ မည်မျှရှိသည်နှင့် မြန်မာ နိုင်ငံတွင် ဗလီမည်မျှရှိသည်ကို နှိုင်းယှဉ်၍မေးလိုကြောင်း၊ ၎င်းတို့ ကြီးကြီးကျယ်ကျယ် ပြောနေခြင်းကြောင့် ယခုကဲ့သို့ပြောခြင်းဖြစ် ကြောင်း၊ အရေအတွက်ချင်းကိုပင် ယှဉ်၍ရသည်ဟု မိမိပြောလို ကြောင်း၊ သတင်းထောက်ကြီးမေးမြန်းသည့် မေးခွန်းမှာ ဗုဒ္ဓဘာသာ နှင့်ပတ်သက်သည့် မေးခွန်းဖြစ်ကြောင်း၊ ဘာသာရေးနှင့်ပတ်သက် ကြောင်း၊ ဘာသာရေးကိစ္စဆိုသည်မှာ အကဲဆတ်သည့်ကိစ္စဖြစ် ကြောင်း၊ မိမိလည်း မကြာခဏပြောခဲ့ကြောင်း၊ ဘာသာရေးတွင် ကပြားမရှိကြောင်း၊ လူမျိုးရေးတွင်ကပြားရှိကြောင်း၊ ဘက်တစ်ဖက် တည်းကိုသာရပ်တည်ရသည့် အခြေအနေမျိုးဖြစ်ကြောင်း၊ ဆိုလို သည်မှာ မိမိသည် ဗမာ-ကရင် ကပြားဖြစ်နိုင်ကြောင်း၊ သတင်း ထောက်ကြီးလည်း တရုတ်-ဗမာ ကပြားဖြစ်နိုင်ကြောင်း၊ နောက် တစ်ယောက်သည် ကုလား-ဗမာကပြားဖြစ်နိုင်ကြောင်း၊ ဘာသာရေး တွင် ဗုဒ္ဓဘာသာ ခရစ်ယာန်ကပြားဟုမရှိကြောင်း၊ မွတ်စလင်- ခရစ်စယာန်ကပြားဟုမရှိကြောင်း၊ ဘက်တစ်ဖက်တည်း ရပ်တည်ရ သည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဘာသာရေးကိစ္စသည် တော်တော်လေး အကဲဆတ်သည့် ကိစ္စဖြစ်ကြောင်း။
အစွန်းမရောက်အောင် နေထိုင်သင့်
မိမိအနေနှင့်ပြောလိုသည်မှာ ဘာသာရေးနှင့်ပတ်သက်လာလျှင် မိမိကိုယ်ကို အစွန်းရောက်သည်ဟု မထင်ရသော်လည်း အစွန်းရောက် အဖြစ်မျိုးမဖြစ်စေရန်နှင့် အခြားလူများကိုလည်း အစွန်းမရောက် အောင်နေထိုင်သင့်သည်ဟု ပြောလိုကြောင်း၊ ဗုဒ္ဓဘာသာဝင်ရဟန်း သံဃာများသတ်ဖြတ်ခံရသည့်အမှုအရေအတွက်ကို ပေးလိုက် မည်ဖြစ်ကြောင်း၊ တစ်မြို့ချင်းအလိုက် အရေအတွက်များနှင့် တိုင်း ဒေသကြီးအလိုက် အရေအတွက်များကိုလည်း ပြသပြီးဖြစ်ကြောင်း၊ မည်သည့်နေရာများ၌ ပို၍ဖြစ်ပွားသည်ကိုလည်း Highlight ထုတ်ပြီးဖြစ်ကြောင်း၊ မည်သူများကသတ်သွားသည်ကိုလည်း သိပြီးဖြစ်ကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်ပြီး စော်ကားသည့် အပြုအမူ များ၊ ဘာသာရေးစိတ်နာကြည်းစေသည့် အပြုအမူများကို အရေးယူ နိုင်ရန်အတွက် ရာဇသတ်ကြီးဥပဒေအခန်း(၁၅)ပုဒ်မ ၂၉၅ မှ ၂၉၈ အထိ ဘာသာသာသနာဆိုင်ရာပုဒ်မများကို ပြဋ္ဌာန်းထားသည်ကိုလည်း တွေ့ရမည်ဖြစ်ကြောင်း၊ ထိုဥပဒေများတွင်ပါဝင်သည့် ပြစ်မှုပြစ်ဒဏ် များကို လေ့လာကြည့်လျှင် ထိရောက်မှုရှိသည်ကို တွေ့ရမည်ဖြစ် ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ပုဒ်မ ၂၉၅ မှ ၂၉၈ အထိ ပြဋ္ဌာန်း ထားပြီးဖြစ်ကြောင်းနှင့် ဥပဒေပါပြဋ္ဌာန်းချက်များမှာ တည်ဆဲဖြစ်သည့် အတွက် လတ်တလောတွင် သီးသန့်ဥပဒေပြဋ္ဌာန်းရန်အစီအစဉ်မရှိကြောင်း၊ ဘာသာရေးနှင့် ပတ်သက်ပြီး စော်ကားမော်ကားလုပ်ခြင်း၊ ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်းများကို ထိရောက်စွာအရေးယူသွား မည်ဟုပြောလိုကြောင်း ပြန်လည်ဖြေကြားသည်။
နေပြည်တော် အွန်လိုင်းသတင်းဌာနမှ အယ်ဒီတာချုပ် ဦးမင်း မောင်က NCA လမ်းကြောင်းပေါ်တွင် EAO အဖွဲ့များနှင့် ဆွေးနွေးရန် နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်တိုင် ဖိတ်ခေါ်ထားသည့်အစီအစဉ်လည်း ရှိကြောင်း၊ ထိုအစီအစဉ်များမှ မည်သည့်အချိန်၊ မည်သည့်ရက်ခန့် တွင် အဖြေတစ်ခုထွက်လာမည်ကို ကြိုတင်ဖြေကြားပေး၍ရပါက ဖြေကြားပေးစေလိုကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ် ဇော်မင်းထွန်းက မည်သည့်အချိန်၊ မည်သည့်ရက် ဆိုသည်ကို ပြောပေးရန်ခက်ခဲကြောင်း၊ ဆွေးနွေးပွဲကို ၂၀၂၂ ခုနှစ် မေ ၂၀ ရက်တွင် စတင်မည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ယခုလ အတွင်း၌ပင် ငါးဖွဲ့၊ ခြောက်ဖွဲ့ခန့်ဆွေးနွေးပြီး ဖြစ်လိမ့်မည်ဖြစ်ကြောင်း၊ နောက်လများတွင်လည်း ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးဆွေးနွေးသည့်လုပ်ငန်းစဉ်သည်လည်း အားလုံးသိသည့် အတိုင်း ရှည်ကြာသည့်ခရီးဖြစ်ကြောင်း၊ သို့သော် ယခုအချိန်သည် အချိန်ကောင်းဖြစ်ကြောင်း၊ အချိန်ကောင်းဟုပြောရသည်မှာ အစိုးရ၊ တပ်မတော်နှင့်လွှတ်တော်သည် တစ်ခုတည်းဟုပြော၍ရသည့် အခြေအနေဖြစ်သောကြောင့်ဖြစ်ကြောင်း၊ ထို့ကြောင့် အချိန်ကုန်ကျမှု ကိုလျှော့ချနိုင်မည်ဖြစ်ကြောင်း၊ မိမိတို့တွင် စိတ်တစ်ခုသာရှိရန် အရေးကြီးကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်ပြောကြားခဲ့သကဲ့သို့ မိမိတို့ လွတ်လပ်ရေးရခဲ့သည်မှာ ၇၅ နှစ်ရှိပြီ ဖြစ်သော်လည်း ငြိမ်းချမ်းရေး ၏အရသာ၊ တိုင်းပြည်ဖွံ့ဖြိုးရေး၏အရသာ၊ ဒီမိုကရေစီ၏အရသာကို မိမိတို့တိုင်းရင်းသားပြည်သူများအားလုံး ပြည့်ပြည့်ဝဝမခံစားရသေး ကြောင်း၊ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခကြောင့်ဖြစ်ကြောင်း၊ ထို့ ကြောင့် မိမိတို့အနေဖြင့် အဓိကပြဿနာ၏အရင်းအမြစ်ကို ကိုင်တွယ် နေခြင်းဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူတစ်ရပ်လုံး ဝိုင်းဝန်းကူညီပေးကြရန်ပြောလိုကြောင်း၊ မည်သို့ပင်ဖြစ်စေ မိမိတို့ အနေဖြင့်ပြောနိုင်သည်မှာ တာဝန်ရှိသူများနှင့် အဆုံးအဖြတ်ပေးနိုင် သည့်သူများ တိုက်ရိုက်တွေ့ဆုံခြင်းဖြစ်ကြောင်း၊ တိုက်ရိုက်တွေ့ဆုံ ခြင်းဖြစ်သည့်အတွက် ယခင်ကထက် ပိုမိုမြန်ဆန်သွက်လက်လာနိုင် မည်ဟုပြောလိုကြောင်း ပြန်လည်ဖြေကြားသည်။
NHP သတင်းဌာနမှ အယ်ဒီတာချုပ် ဦးဝင်းဦးက မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်း၌ သံဃာတော်များအသတ်ခံရမှုအနေဖြင့် ၂၀၂၂ ခုနှစ် မေ ၁၈ ရက်အထိ သံဃာ ၄၇ ပါးရှိပြီဖြစ်ကြောင်း၊ အသတ်ခံရ သည့်သံဃာများတွင် ကျောင်းထိုင်ဆရာတော်ကြီးများ ပါဝင်ကြောင်း၊ အဆိုပါဒေသများ၌ ဗုဒ္ဓဘာသာဝင်အများဆုံး နေထိုင်ကြောင်း၊ ဗုဒ္ဓဘာသာတွင် မိရိုးဖလာနှင့် ကိုယ်တိုင်သက်ဝင်ယုံကြည်သည့် ဗုဒ္ဓ ဘာသာဝင်ဟူ၍ နှစ်မျိုးရှိကြောင်း၊ ထေရဝါဒနှင့်မဟာယနတွင် မိမိ အနေဖြင့် ထေရဝါဒအပိုင်းကိုပြောလိုကြောင်း၊ မိမိအနေဖြင့် အကြံပြု လိုသည်မှာ ကိုယ်တိုင်သက်ဝင်ယုံကြည်သည့် ဗုဒ္ဓဘာသာဝင်ဖြစ် လာစေရန် နိုင်ငံတော်အစိုးရက အဓိကလုပ်ဆောင်ပေးရန်လိုအပ် သည်ဟု အကြုံပြုလိုကြောင်း၊ အဆိုပါကိစ္စလုပ်ဆောင်ရန်အတွက် ပြန်ကြားရေးဝန်ကြီးဌာနတွင် အဓိကတာဝန်ရှိကြောင်း၊ NLD အစိုးရ လက်ထက်က ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့်သည် သတင်းစာ၏ရှေ့ဖုံး ထောင့်တွင် ပုံမှန်ဖော်ပြလျက်ရှိသည့် ဗုဒ္ဓဘာသာနှင့်ပတ်သက်သည့် ဘာသာရေး၊ ယဉ်ကျေးမှုအဆုံးအမ box များကို ဖြုတ်ချပစ်ရန် ဆုံးဖြတ်ခဲ့သည်ကိုတွေ့ရကြောင်း၊ မြန်မာလူငယ်များအနေဖြင့် ဘာသာရေး ယဉ်ကျေးမှုနှင့် တဖြည်းဖြည်းကင်းကွာလာသည်ကို တွေ့ရကြောင်း၊ ယခုအခါ ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ပြန်လည် ဖော်ပြလျက်ရှိသည်ကို တွေ့ရကြောင်း၊ ဘာသာရေးနှင့်ပတ်သက်ပြီး ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်၊ သံဃာ့ဂုဏ်တော်များကို ပါဠိ ဘာသာနှင့် မြန်မာဘာသာဖြင့်ပုံမှန်ဖော်ပြပြီး ဗုဒ္ဓဝင်အကျဉ်းကို နေ့စဉ် ရုပ်မြင်သံကြားနှင့် သတင်းစာများတွင် ကျယ်ကျယ်ပြန့်ပြန့်ဖော်ပြပေးနိုင်လျှင် ဘာသာတရား၏အနှစ်သာရကို သိရှိလာကြပြီး ယခုကဲ့သို့ ဖြစ်စဉ်မျိုးရှိလာနိုင်မည်မဟုတ်ဟု မိမိအနေဖြင့် ယုံကြည် ကြောင်း။
ထပ်မံအကြံပြုလိုသည့်ကိစ္စမှာ တစ်နိုင်ငံလုံးနှင့်ဆိုင်သည့် လျှပ်စစ်မီးကိစ္စဖြစ်ကြောင်း၊ ယခုအခါ လျှပ်စစ်မီး မကြာခဏပျက် နေကြောင်း၊ မိုးအကြိုကာလတွင် လေပြင်းတိုက်ခတ်မှုကြောင့် လျှပ်စစ်မီးပျက်နိုင်ကြောင်း၊ မိုးအကြိုကာလတွင် လျှပ်စစ်ဝန်ထမ်း များအနေဖြင့် ဓာတ်ကြိုးနှင့်မလွတ်သည့် သစ်ကိုင်းများကို ခုတ်ထွင် ရှင်းလင်းမှုများရှိကြောင်း၊ ထိုကဲ့သို့ရှင်းလင်းရာတွင် လျှပ်စစ်ဝန်ထမ်း များအနေဖြင့် တချို့အိမ်ရှင်များက မဟာဓာတ်အားလိုင်းကြိုးနှင့် မလွတ်သည့်သစ်ပင်များကို ခုတ်ခွင့်မပြုကြကြောင်း၊ ထိုကိစ္စနှင့် ပတ်သက်ပြီး နိုင်ငံတော်က အမြန်ဆုံးထိထိရောက်ရောက် ဆောင်ရွက် ပေးစေလိုကြောင်း၊ လျှပ်စစ်မီးမပြတ်တောက်ဘဲ ပုံမှန်ရရှိစေလို ကြောင်း၊ လျှပ်စစ်မီတာ ဈေးတက်သည့်ကိစ္စတွင် နေပြည်တော်ရှိ မိမိနေအိမ်တွင် မီတာ box အသစ် ပြောင်းလဲတပ်ဆင်ခြင်းကို ပြီးခဲ့ သည့် ဧပြီလကစတင်ခြင်းကြောင့် မီတာခ ၂၅၀၀ ကျပ်ခန့်ကွာ နေကြောင်း၊ တချို့အိမ်များတွင် ၆၀၀၀၀ ခန့်ကွာကြကြောင်း၊ မိုးတွင်း ကာလမရောက်မီ ဓာတ်ကြိုးနှင့်မလွတ်သည့် သစ်ပင်များကို ခုတ်လှဲ ခြင်းဖြင့် ပြည်သူများ လျှပ်စစ်မီး ပုံမှန်သုံးစွဲရမည်ဖြစ်ကြောင်း၊ အခန့် မသင့်လျှင် သစ်ပင်များလဲကျခြင်းကြောင့် transfomer များ ပျက်စီး ခြင်းများရှိကြောင်း၊ ထို့ကြောင့် ဓာတ်ကြိုးနှင့်မလွတ်သည့်သစ်ပင်များကို ရှင်းလင်းသင့်သည်ဟု အကြုံပြုလိုကြောင်း ပြောကြားသည်။
(ဆက်လက်ဖော်ပြပါမည်)