နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၄)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ၂၀၂၂ ခုနှစ်၊ မေ ၁၉ ရက် မွန်းလွဲ ၁ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး စုပေါင်းအစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။ အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ အဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးနှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ က သတင်းမီဒီယာများ၏ သိရှိလိုသည့်မေးမြန်းမှုများကို ပြန်လည် ဖြေကြားသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲ များကို ယခုမေလကစပြီး တစ်လလျှင်နှစ်ကြိမ် ဆောင်ရွက်သွားရန် လျာထားကြောင်း မီဒီယာများကို အသိပေးလိုပါကြောင်း၊ ယခု သတင်းစာရှင်းလင်းပွဲတွင် (တစ်) လတ်တလော ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေး ကိစ္စရပ်များ၊ (နှစ်) ပညာရေးဆိုင်ရာဆောင်ရွက်ချက်များ၊ (သုံး) စီးပွားရေးဆိုင်ရာကိစ္စရပ်များ ဖြစ်ပါကြောင်း၊ (တစ်)မှ(သုံး)အထိ မိမိအနေဖြင့် ရှင်းလင်းပြောကြားသွားမည်ဖြစ်ပြီး ရွေးကောက်ပွဲ ကော်မရှင်အပိုင်းကို ဦးခင်မောင်ဦးက ရှင်းလင်းပြောကြားသွားမည် ဖြစ်ကြောင်း၊ ထို့နောက် မေး၊ ဖြေကဏ္ဍဖြစ်ပါကြောင်း၊ မေးခွန်းများ မေးသည့်အခါတွင် စနစ်တကျဖြစ်စေရေး အခမ်းအနားမှူးက မီဒီယာ အမည်အလိုက် ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း၊ ဖိတ်ခေါ်ခံရသည့် မီဒီယာများအနေဖြင့် မေးခွန်းနှစ်ခုစီ မေးမြန်းပေးရန်ဖြစ်ကြောင်း ပြောကြားသည်။
ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ
ပထမဦးဆုံးအနေဖြင့် လတ်တလော ဆောင်ရွက်နေသည့် ငြိမ်းချမ်း ရေးဆိုင်ရာကိစ္စရပ်များကို တင်ပြသွားမည်ဖြစ်ပါကြောင်း၊ ဒီမိုကရေစီ ထွန်းကားသည့် နိုင်ငံအများစုတွင် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခ ဆိုသည်မှာ မရှိသလောက်ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေးနှင့်ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းခြင်းမရှိဘဲ ပြည်သူလူထု၏ ဆန္ဒဖြစ် သည့် ပါတီစုံဒီမိုကရေစီစနစ်ကို ခိုင်မာတောင့်တင်းအောင် တည်ဆောက် နိုင်ရန်ဆိုသည့် စိန်ခေါ်မှုကြီးမားသည့်ကိစ္စရပ်ဖြစ်ပါကြောင်း၊ ထို စိန်ခေါ်မှုကြီးသည့်ကိစ္စကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ အနေဖြင့် နိုင်ငံတော်တာဝန်ယူနေသည့် ကာလတာအခိုက်အတန့် အတွင်းတွင် တိုင်းရင်းသားပြည်သူများ၏အကျိုးကို ရှေးရှုပြီး လက်တွေ့ကျကျ စိတ်စေတနာထား ဖော်ဆောင်နေပါကြောင်း၊ ထို့ကြောင့် ၂၀၂၂ ခုနှစ်၊ ဧပြီ ၂၂ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌအနေဖြင့် တိုင်းပြည်၏ ငြိမ်းချမ်းရေးနှင့်ပတ်သက် ပြီး တိုင်းရင်းသားပြည်သူများနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများကို မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့ပြီးဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး လက်တွေ့ကျကျ ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကိုယ်တိုင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး ကို တွေ့ဆုံဆွေးနွေးမှုပြုလုပ်မည်ဟု ပြောကြားခဲ့ပါကြောင်း၊ တိုင်းရင်း သား ပြည်သူအားလုံး ဒီမိုကရေစီအရေး၊ ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက် မှုအရသာကို ခံစားနိုင်ရန်အတွက် ရိုးသားပွင့်လင်းစွာ ဆွေးနွေးနိုင်ရန် ဖိတ်ခေါ်ခဲ့ခြင်းဖြစ်ပါကြောင်း။
ပြည်သူလူထုအကျိုးကိုရှေးရှုပြီး ငြိမ်းချမ်းရေးကို နှစ်နှစ်ကာကာ လိုလားသည့်စိတ်၊ ညီညွတ်စွာပူးပေါင်းဆောင်ရွက်လိုသည့်စိတ်များနှင့် ကြိုးစားဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့်ကိစ္စရပ်တွင် သဘောထားကြီးကြီးထားပြီး မိမိတို့၏ စိတ်ခံစားချက်၊ အတ္တကိုအခြေခံသည့် ထင်မြင်ယူဆချက်များကို ဘေးချိတ်ထားပြီး တစ်ဦးကိုတစ်ဦး၊ တစ်ဖွဲ့ကိုတစ်ဖွဲ့ နားလည်မှုရှိရှိ အပြုသဘောဖြင့် ထိတွေ့ဆက်ဆံကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပါ ကြောင်း၊ မိမိတို့အနေဖြင့် ယခင်အပတ် သတင်းစာရှင်းလင်းပွဲတွင် လည်း ပြောခဲ့ပြီးဖြစ်ပါကြောင်း၊ နိုင်ငံတော်အကြီးအကဲ ကိုယ်တိုင်က EAO အဖွဲ့များ တစ်ဖွဲ့ချင်းအလိုက် တိုက်ရိုက်တွေ့ဆုံဆွေးနွေးခြင်း ဆိုသည်မှာ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ရတောင့်ရခဲအခြေ အနေနှင့် အချိန်အခါဖြစ်ပါကြောင်း၊ အဓိကအဆုံးအဖြတ်ပေးနိုင်သူအချင်းချင်းရင်းနှီးပွင့်လင်းစွာတွေ့ဆုံနိုင်ရန် လမ်းဖွင့်ပေးခဲ့ခြင်း ဖြစ်ပါ ကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏ နိုင်ငံတော်နှင့် ပြည်သူလူထုအပေါ် ထားရှိသည့် စေတနာ၊ ငြိမ်းချမ်းရေးကိုလိုလားသည့် စစ်မှန်သည့် သဘောထားများကို ထင်ထင်ရှားရှား တွေ့မြင်နိုင်မည်ဖြစ်ကြောင်း။
ငြိမ်းချမ်းရေးကို မလိုလားသည့် အဖွဲ့အစည်းတချို့၊ လက်နက်ကိုင် တချို့နှင့် ခေါင်းဆောင်အမည်ခံ လူပုဂ္ဂိုလ်အချို့၏ အဖျက်သဘော ဆောင်ပြောဆိုမှု၊ လုပ်ဆောင်မှုများကို ဂရုပြုပြီး ငြိမ်းချမ်းရေးလမ်းစဉ် ကနေ သွေဖည်သွားလိမ့်မည်ဟု ထင်လျှင်မှားမည်ဖြစ်ပါကြောင်း၊ သတ္တိ ရှိစွာနှင့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးနှင့် ငြိမ်းချမ်း ရေးရအောင် ဆက်လုပ်သွားမည်ဖြစ်သည့်အတွက် ထပ်လောင်းပြောလို ပါကြောင်း၊ တစ်ချိန်သောကာလတွင် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်း သားပြည်သူအကျိုးအတွက် သဘောထားကြီးစွာ နားလည်ပေးခဲ့သည် ကို အမှတ်ရမိလိမ့်မည်ဟု ထင်ပါကြောင်း၊ လိုင်ဇာအဝင်မုခ်ဦးတွင် တပ်မတော်သားများရောက်ရှိနေသည့် မှတ်တမ်းဓာတ်ပုံကို သတိတရ နှင့် အမှတ်တရဖြစ်နေအောင် ပြလိုပါကြောင်း၊ ငြိမ်းချမ်းရေးဆွေးနွေးမှု အပေါ် လက်တွေ့မကျသည့် အကြောင်းပြချက်များ၊ ငြင်းဆန်ချက်များ၊ ကန့်လန့်တိုက်ခြင်းများ၊ ဖျက်လိုဖျက်ဆီး လုပ်လိုမှုများသည် ၎င်းတို့၏ ဒေသခံပြည်သူလူထု၊ ဒေသအကျိုးအပေါ် ရိုးသားဖြောင့်မတ်မှုနှင့် အမှန်ရှိလားဆိုသည်ကို စဉ်းစားစရာကောင်းမည်ဖြစ်ပါကြောင်း။
မိမိတို့ အစိုးရ၏ ငြိမ်းချမ်းရေးဆွေးနွေးရန် ကမ်းလှမ်းချက်အပေါ် လာရောက်ဆွေးနွေးမည့် အဖွဲ့များသည် NCA လက်မှတ်ရေးထိုးပြီး သည့် DKBA အဖွဲ့၊ KNU-KNLA/PC အဖွဲ့၊ ပအိုဝ်း PNLO အဖွဲ့၊ မွန် NMSP အဖွဲ့၊ ရခိုင် ALP အဖွဲ့၊ ရှမ်း RCSS(SSA) အဖွဲ့၊ လားဟူ LDU အဖွဲ့ စသည့်အဖွဲ့ ၇ ဖွဲ့၊ NCA မထိုးရသေးသည့် အဖွဲ့တွင် UWSA “ဝ” အဖွဲ့၊ NDAA မိုင်းလားအဖွဲ့၊ ရှမ်း SSPP (SSA)အဖွဲ့ စသည့် ၃ ဖွဲ့ ဖြစ်ပါကြောင်း၊ ထို EAO အဖွဲ့များ၏ ငြိမ်းချမ်းရေး၊ ပြည်သူလူထုအရေး နှင့် ဒေသအကျိုးအပေါ်ထားရှိသည့် စေတနာတရားကို မိမိတို့အစိုးရနှင့် ငြိမ်းချမ်းရေးကိုလိုလားသည့် ပြည်သူလူထုတစ်ရပ်လုံးက အသိအမှတ် ပြုလေးစားပါကြောင်းကို ဤနေရာမှ အသိပေးပြောကြားလိုပါကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်တိုင်က “မြန်မာနိုင်ငံရဲ့အရေးကို မြန်မာ နိုင်ငံသားတွေပဲ ဆုံးဖြတ်ဖို့ ဖြစ်ပါတယ်” “ပြည်ထောင်စုအတွင်းမှာ နေထိုင်ကြတဲ့ ပြည်ထောင်စုတိုင်းရင်းသားအားလုံး ပြည်ထောင်စု စိတ်ဓာတ်နဲ့လုပ်မယ်ဆိုရင် တိုင်းပြည်အတွက် ကျွန်တော်တို့ ရည်မှန်း ချက်ပန်းတိုင်ကို ဘယ်လိုပဲဖြစ်ဖြစ် အောင်မြင်မယ်ဆိုတဲ့အမြင်ရှိတယ် ဆိုလို့ရှိရင် ပြည်ထောင်စုစိတ်ဓာတ်နဲ့ လုပ်ကြမယ်ဆိုလို့ရှိရင် ဒီငြိမ်းချမ်းရေးဆွေးနွေးပွဲသည် မအောင်မြင်စရာအကြောင်းမရှိဘူးလို့” ပြောကြားခဲ့ပါကြောင်း၊ နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် ကောင်းမွန်သည့်ရလဒ်ထွက်ပေါ်လာသည်အထိ ဆွေးနွေးသွားမည်ဟု သန္နိဋ္ဌာန်ချထားပါကြောင်း၊ ပြည်သူလူထုတစ်ရပ်လုံးကလည်း ဝိုင်းဝန်း ကူညီသွားကြရန် မေတ္တာရပ်ခံလိုပါကြောင်း။
ဆွေးနွေးပွဲနှင့်ပတ်သက်ပြီး RCSS ၊ DKBA နှင့် KNU-KNLA(PC)အဖွဲ့ ၃ ဖွဲ့မှ ဥက္ကဋ္ဌ၊ ခေါင်းဆောင်အဆင့် တက်ရောက်မည်ဖြစ်ပါကြောင်း၊ NMPS ၊ ALP တို့မှ ဥက္ကဋ္ဌများ၏ ကျန်းမာရေးအခြေအနေအရ ဒုတိယ ဥက္ကဋ္ဌများ တက်ရောက်မည်ဖြစ်ပါကြောင်း၊ PNLO နှင့် LDU တို့မှ တွဲဖက်အထွေထွေအတွင်းရေးမှူး အဆင့်ရှိသူများ တက်ရောက်ကြမည် ဟု ပြန်ကြားထားပါကြောင်း၊ LDU အဖွဲ့အနေဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတက်ရောက်ရန် ဖိတ်ကြားမှုအပေါ် ဥက္ကဋ္ဌ ကျာခွန်ဆာ လက်မှတ်ရေးထိုးပြီး ဆွေးနွေးရန်အသင့် မဖြစ်သေးသည့်အတွက် တက်ရောက်ခြင်းမပြုဟု မူလက ပြန်ကြားခဲ့ပါကြောင်း၊ ထိုသို့ပြန်ကြား ချက်သည် ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌ ၂ ဦး၏ သဘောထားဖြင့်သာ ပြန်ကြား ခြင်းဖြစ်ကြောင်းကို သိရပါကြောင်း၊ LDU အဖွဲ့အနေဖြင့် ဗဟိုအမှု ဆောင်အစည်းအဝေးကို Online မှပြုလုပ်ခဲ့ရာ ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌတို့ တက်ရောက်ခြင်းမရှိဘဲ အထွေထွေအတွင်းရေးမှူး ကျာဆော်လမွန် ဦးဆောင်သည့် ဗဟိုအလုပ်အမှုဆောင်များ တက်ရောက်ခဲ့ကြပြီး သဘောတူဆုံးဖြတ်ချက်အရ တွဲဖက်အတွင်းရေးမှူး (၂) အဆင့်ရှိ ကျားယာကွပ် ဦးဆောင်သည့်အဖွဲ့ကို စေလွှတ်တက်ရောက်မည်ဟု ပြန်ကြားထားပါကြောင်း၊ UWSP/UWSA နှင့် NDAA (မိုင်းလား) အဖွဲ့ ၂ ဖွဲ့အနေဖြင့် ခေါင်းဆောင်များ၏ ကျန်းမာရေးအခြေအနေနှင့် ခရီးဝေးသွားလာရန်အခက်အခဲများကြောင့် ဥက္ကဋ္ဌကိုယ်စား ဒုတိယဥက္ကဋ္ဌ အဆင့်ရှိသူများကို ဥက္ကဋ္ဌများကိုယ်တိုင် လက်မှတ်ရေးထိုး တာဝန် ပေးအပ်သွားမည် ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ လာရောက် ကြမည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၁၀ ဖွဲ့မှ ခေါင်းဆောင် ကိုယ်တိုင်တက်ရောက်နိုင်ခြင်းမရှိသည့် ၇ ဖွဲ့မှ ဦးဆောင်တက်ရောက် ကြမည့် ဒုတိယဥက္ကဋ္ဌ/အတွင်းရေးမှူးများအနေဖြင့် သက်ဆိုင်ရာအဖွဲ့ အစည်းများ၏ ဥက္ကဋ္ဌ၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့အားလုံး၏ကိုယ်စား အဆုံးအဖြတ်ပြုနိုင်သည့် ပုဂ္ဂိုလ်များဖြစ်ကြောင်း သက်ဆိုင်ရာအဖွဲ့ များ၊ ခေါင်းဆောင်များ၏ ပြန်ကြားစာများအရ သိရပါကြောင်း။
နိုင်ငံတော် အကြီးအကဲ အနေဖြင့် EAO တစ်ဖွဲ့ချင်းစီနှင့် တွေ့ဆုံ မည်ဖြစ်သကဲ့သို့ PPST ဦးဆောင်မှုအဖွဲ့ကိုလည်း တွေ့ဆုံဆွေးနွေးခွင့် ရရှိရေးဆောင်ရွက်ပေးနိုင်ရန် PPST ဦးဆောင်အဖွဲ့မှ ညှိနှိုင်းရေး ကော်မတီသို့ စာတစ်စောင်ပေးပို့ခဲ့ပါကြောင်း၊ ညှိနှိုင်းရေးကော်မတီမှ “ EAO တစ်ဖွဲ့ချင်းစီ၏ လိုလားချက်သဘောတရား တူညီမှုမရှိခြင်း ကြောင့် နိုင်ငံတော်အကြီးအကဲအနေဖြင့် EAO တစ်ဖွဲ့ချင်းစီကိုသာ တွေ့ဆုံမည်ဖြစ်ကြောင်းနှင့် တရားဝင်ဆွေးနွေးလိုပါက ညှိနှိုင်းရေး ကော်မတီနှင့် PPST ဦးဆောင်မှုအဖွဲ့တို့ တွေ့ဆုံနိုင်ပါတယ်” ဟု ပြန်ကြားထားရှိပါကြောင်း၊ တွေ့ဆုံဆွေးနွေးမှုများကို အစောဆုံး ယခုလ ၂၀ ရက်နေ့တွင် စတင်တွေ့မည်ဖြစ်ပါကြောင်း။
အကြောင်းအရာချင်း မဆက်စပ်သော်လည်း ပြည်သူလူထုကို သတိထားစရာကိစ္စရပ်တစ်ခုကို အသိပေးလိုပါကြောင်း၊ ရဟန်း၊ သံဃာများကို PDF အမည်ခံအကြမ်းဖက်သမားများက ပစ်မှတ်ထား လုပ်ကြံသတ်ဖြတ်ခြင်းဖြစ်ပါကြောင်း၊ ၂၀၂၂ ခုနှစ်၊ မေ ၁၇ ရက်အထိ ရဟန်း၊ သံဃာ ၄၇ ပါး အကြမ်းဖက်တိုက်ခိုက်သတ်ဖြတ်ခြင်းခံခဲ့ ရပါကြောင်း၊ ထိုအထဲမှ စစ်ကိုင်းတိုင်းဒေသကြီးတွင် သံဃာ ၂၄ ပါး၊ မကွေးတိုင်းဒေသကြီးတွင် သံဃာ ၉ ပါး လုပ်ကြံသတ်ဖြတ်ခံရပါကြောင်း၊ ထိုတိုင်းဒေသကြီးများသည် ယုံကြည်ကိုးကွယ်မှုအနေဖြင့် ဗုဒ္ဓဘာသာ အများဆုံးကိုးကွယ်သူများ နေထိုင်ကြပါကြောင်း၊ အဘယ်ကြောင့် ထိုသို့ ဖြစ်ရပါသလဲ၊ ယနေ့ တက်ရောက်လာကြသည့် မီဒီယာများအနေ ဖြင့် မည်သို့ထင်မြင်ယူဆ ချက်များရှိပါသလဲ၊ ထိုသို့အသတ်ခံရသည့် သံဃာတော်အများစုသည် ကျောင်းထိုင်ဆရာတော်များ ဖြစ်ကြပါ ကြောင်း၊ ကျောင်းထိုင်ဆရာတော်တစ်ပါးဖြစ်လာရန် ဘယ်လောက် မလွယ်မှန်း အားလုံးသိကြမည်ဖြစ်ပါကြောင်း၊ ရဟန်းသံဃာတော်များ သည် သာသနာ့တာဝန်ထမ်းဆောင်နေကြသူများ ဖြစ်ပါကြောင်း၊ သာသနာ့တာဝန်ကို ထမ်းဆောင်နေကြသည့် သံဃာတော်များနှင့် သာသနာတော်ကို ထိန်းသိမ်းစောင့်ရှောက်ပေးနေကြသည့် ဒါယကာ၊ ဒါယိကာမများ၊ အဖွဲ့အစည်းများ ရင်းနှီးမှုရှိနေခြင်းသည် အစဉ်အလာ တစ်ခုဖြစ်ပါကြောင်း၊ ထိုအကြားက ဆက်စပ်မှုကိုဖျက်ဆီးပြီး သာသနာ တော်၏ရေသောက်မြစ်ကို ဖြတ်တောက်နေခြင်းက ထိုအကြမ်းဖက် အဖွဲ့အစည်းများ၊ အကြမ်းဖက်သမားများ၏ ရည်မှန်းချက်ဖြစ်ပါကြောင်း။
နောက်ကွယ်ကကြိုးကိုင်နေ
နောက်ကွယ်က ဆက်စပ်နေနိုင်သည့် အကြောင်းအရာအချို့ ကို သတိထားမိစေရန် ပြောပြလိုပါကြောင်း၊ မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၌ သီလရှင် ၁ ပါးအပါအဝင် ရဟန်းသံဃာ ၇ ပါး PDF များ၏ လုပ်ကြံခြင်းခံခဲ့ရပါကြောင်း၊ မြိုင်မြို့နယ်ဆိုလျှင် အားလုံးက မှတ်မိကြမည် ဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲမတိုင်ခင် မဲဆွယ်ကာလ ကတည်းက နိုင်ငံသိပြဿနာတစ်ရပ်ဖြစ်ခဲ့သည့် နေရာဖြစ်ပါကြောင်း၊ ဖြစ်စဉ်မှာ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာ ၃ ရက်တွင် မြိုင်မြို့နယ်၊ ကန်နီကျေးရွာတွင် NLD ပါတီဝင်တစ်ဦးက ပါတီအောင်နိုင်ရေးသီချင်း များ၊ မဲဆွယ်စည်းရုံးမှုများကို နေ့နေ့ညညဆူညံစွာ လွန်လွန်ကဲကဲ နားမခံသာအောင် အသံချဲ့စက်ဖွင့်ပြီး ရွာကိုနှိပ်စက်ခဲ့ပါကြောင်း၊ ယင်းကို မလုပ်သင့်ကြောင်းနှင့် အသံချဲ့စက် အသံတိုးပေးရန် သွားရောက် မေတ္တာရပ်ခံလာပြောသည့် ရွာသားကို ဝိုင်းဝန်းရိုက်နှက်ခဲ့ပါကြောင်း၊ ထိုဖြစ်စဉ်အပေါ် မကျေနပ်သည့် ရွာသူ၊ ရွာသားများက နေအိမ်ဝင်း အတွင်းသို့ ဝင်ရောက်ခဲ့ပါကြောင်း၊ ထိုအချိန်က အာဏာရပါတီနှင့် အုပ်ချုပ်ရေးတာဝန်ရှိသူများကလည်း ထိုမတရားမှုအပေါ်တွင် အာဏာ နှင့် လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုပြီး ဘက်လိုက်ရပ်တည်ခဲ့ပါကြောင်း၊ တစ်နည်းအားဖြင့် ဗကပစကားနှင့်ပြောရလျှင် သွယ်ဝိုက်ပြီး အာဏာ တည်ဆောက်ထားသည့် ဒေသဖြစ်ကြောင်းကို သတိပြုမိမည်ဖြစ် ပါကြောင်း၊ ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး မြောက်ခြမ်းတစ်ဝိုက်က အကြမ်းဖက် PDF များကို နောက်ကွယ်ကကြိုးကိုင်နေသည်မှာ KIA အဖွဲ့ဖြစ်ပါကြောင်း၊ မကွေးတိုင်းဒေသကြီး မြောက်ခြမ်းနှင့် အနောက် မြောက်ခြမ်းတွင်ရှိနေသည့် PDF များကို ကြိုးကိုင်နေသည်မှာ CNF အဖွဲ့ဖြစ်ပါကြောင်း၊ ထို့ကြောင့် တင်ပြပါဗီဒီယိုဖိုင်ကို ဥပမာကြည့်ပေး စေလိုပါကြောင်း၊ အဘယ်ကြောင့် ဖြစ်နေသလဲ၊ မည်သို့ လုပ်သင့်သလဲ ဆိုသည်ကို ပြည်သူလူထုနှင့် သက်ဆိုင်သူအားလုံး သိမြင်နိုင်မည်ဟု ပြောလိုပါကြောင်း ပြောကြားပြီး ဗီဒီယိုဖိုင်ကိုပြသသည်။
ဆက်လက်၍ ယင်းနှင့်ပတ်သက်ပြီး မိမိတို့အနေဖြင့် အကာအကွယ် ပေးရမည်ဖြစ်ကြောင်း၊ လူအများစုကိုးကွယ်ရာ ဘာသာတရားကို တိုက်ရိုက် ထိပါးခြင်းဖြစ်ကြောင်း၊ သံဃာတော်များနှင့်ပတ်သက်ပြီး ခြိမ်းခြောက်ခြင်း၊ နှောင့်ယှက်ခြင်း၊ ကိုယ်ထိလက်ရောက်စော်ကားခြင်း များရှိလျှင် သတင်းပေးကြစေလိုပါကြောင်း၊ ထိထိရောက်ရောက် အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားသည်။
ပညာရေးဆိုင်ရာဆောင်ရွက်ချက်များ
ဆက်လက်ပြီး ဒုတိယပိုင်းအနေဖြင့် ပညာရေးဆိုင်ရာဆောင်ရွက် ချက်များကို ပြောကြားသွားမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် ပါတီစုံ ဒီမိုကရေစီစနစ်ကို ကျင့်သုံးနေသည့် နိုင်ငံဖြစ်ပါကြောင်း၊ ပြည်သူများ လိုလားသည့် ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီနိုင်ငံဖြစ်ရန်၊ ဒီမိုကရေစီစနစ်ရှင်သန် ခိုင်မာစေရန် ပြည်သူလူထုတစ်ရပ်လုံး ပညာရည်မြင့်မားရန်လိုအပ်ပါကြောင်း၊ ၂၀၁၄ ခုနှစ်၊ သန်းခေါင်စာရင်း၊ ၂၀၁၉ ခုနှစ် ကြားဖြတ် သန်းခေါင်စာရင်းများအရ မိမိတို့နိုင်ငံသား အားလုံး၏ ၃ ပုံ ၁ ပုံခန့်သည် အလယ်တန်းအဆင့် ပညာရေးသာ ရှိကြောင်းကို တွေ့ရပါကြောင်း၊ ထို့ကြောင့် အစိုးရအနေဖြင့် နိုင်ငံသား တိုင်းကို KG+9 (အလယ်တန်းအဆင့်) ပညာပြီးဆုံးသည်အထိ သင်ကြားနိုင်ရေး အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ အစိုးရ အနေဖြင့် အခြေခံပညာ၊ အဆင့်မြင့်ပညာသင်ကြားမည့် ကျောင်းသား၊ ကျောင်းသူအားလုံး ကျောင်းနေနိုင်အောင်လုပ်ပေးမည်ဖြစ်ကြောင်း၊ ပညာသင်ကြားမှုပြီးမြောက်အောင် ပံ့ပိုးမည်ဖြစ်ကြောင်း၊ ကာယ ကံရှင်များဖြစ်သည့် ကျောင်းသား၊ ကျောင်းသူများ ပညာပြီးမြောက် အောင် သင်ကြားမှုမရှိခဲ့လျှင် ကာယကံရှင်ကျောင်းသား၊ ကျောင်းသူ များ မိဘများသာမက နိုင်ငံတော်အတွက်ပါ ဆုံးရှုံးနစ်နာမှုများဖြစ်လာ စေမည်ဖြစ်ကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ် လုပ်နိုင်သည့်လုပ်အားများ ဆုံးရှုံးခြင်းများဖြစ်ပေါ်လာသလို နိုင်ငံသား တစ်ဦးချင်း၏ ဆုံးရှုံးခြင်းများ ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေဖြင့် နိုင်ငံတော် တာဝန် စတင်ယူချိန်ကပင် ကိုဗစ်-၁၉ ကြောင့် ပိတ်ထားခဲ့သည့်ကျောင်း များ ပြန်လည်ဖွင့်လှစ်ရန် ကြိုးပမ်းခဲ့ပါကြောင်း၊ ပြီးခဲ့သည့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်ကို ကိုဗစ်-၁၉ ရောဂါ အကျပ်အတည်းနှင့် နိုင်ငံရေး အမှောင့်ပယောဂများကြားတွင် မိမိတို့ ပညာသင်နှစ် ဆုံးခန်းတိုင် အောင်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ပြီးခဲ့သည့် ဧပြီ ၂၄ ရက်တွင် အခြေခံ ပညာကျောင်းများ အားလုံး၏ စာမေးပွဲအောင်စာရင်းကို ထုတ်ပြန်ပေး နိုင်ခဲ့ပါကြောင်း၊ ဆက်လက်ပြီး မကြာခင်အချိန်တွင် တက္ကသိုလ်ဝင် တန်းစာမေးပွဲအောင်စာရင်းကို ထုတ်ပြန်ပေးသွားမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာအတန်းများ ကျောင်းအပ်နှံရေး ရက်သတ္တပတ်ကို မေ ၂၆ ရက်မှ ဇွန် ၁ ရက်အထိ ကျောင်းသား၊ ကျောင်းသူများကျောင်းအပ်နှံမှုကို လက်ခံဆောင်ရွက် မည်ဖြစ်ပြီး ၂၀၂၂ ခုနှစ်၊ ဇွန် ၂၂ ရက်တွင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပါကြောင်း၊ ၂၀၂၂-၂၀၂၃ ပညာ သင်နှစ်အတွက် ကျောင်းအပ်နှံရေးဆောင်ပုဒ်အဖြစ် “ကျောင်းနေ အရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဟူ၍သတ်မှတ်ခဲ့ပြီး (၅)နှစ်အရွယ်ကလေးများကို သူငယ်တန်း(KG)ကိုအပ်နှံရန်၊ (၆)နှစ် အရွယ်ကလေးများကို ပထမတန်း(Grade-1)ကို အပ်နှံရန် နှိုးဆော်လျက်ရှိပါကြောင်း။
ထို့အပြင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ကာလအတွင်း ကျောင်းအုပ် များ၊ ဆရာ/ဆရာမများနှင့် ပညာရေးအရာထမ်း၊ အမှုထမ်းအားလုံး သိရှိလိုက်နာရမည့်အချက်များနှင့် မိဘအုပ်ထိန်းသူ၊ ပြည်သူများကို မေတ္တာရပ်ခံပန်ကြားချက်များကို နိုင်ငံပိုင် သတင်းမီဒီယာများက တစ်ဆင့် အသိပေးနှိုးဆော်လျက်ရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာန အနေဖြင့် အခမဲ့ပညာရေးစနစ်ကို ၂၀၁၁-၂၀၁၂ ပညာသင်နှစ်တွင် မူလတန်းမှစတင်ကာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းအပ်နှံသည့် ကလေးများကို KG အတန်းအတွက် လိုအပ်မည့် ပံ့ပိုးမှုများနှင့် Grade-1 မှ Grade-11 အထိ ကျောင်းသားကိုင် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များကို အခမဲ့ ဖြန့်ဝေခြင်း၊ ဆရာလမ်းညွှန်စာအုပ်များကို အခမဲ့ဖြန့်ဝေခြင်းနှင့် ဗလာ စာအုပ်နှင့် စာရေးကိရိယာများကို ဖြန့်ဝေလျက်ရှိသကဲ့သို့ မူလတန်း အဆင့် ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဝတ်စုံများကိုဖြန့်ဝေခြင်း စသည်များကို ဖြည့်ဆည်းပေးလျက်ရှိပါကြောင်း။
ယခုရက်ပိုင်းအတွင်း အွန်လိုင်းပေါ်တွင် တက္ကသိုလ်ဝင်တန်းအောင်စာရင်းနှင့်ပတ်သက်ပြီး ငွေကျပ် ၃ သောင်း၊ ၄ သောင်း စသဖြင့် ပေးရသည်ဟု သတင်းပြန့်နေကြောင်း၊ အောင်စာရင်း၊ အမှတ်စာရင်း ထုတ်ယူမှုအတွက် ကုန်ကျစရိတ် ငွေ ၄၀၀ ကျပ်၊ ၆၀၀ ကျပ် စသဖြင့် သတ်မှတ်ပြီးဖြစ်ကြောင်း၊ စာတိုက်မှပို့လျှင် စာတိုက်ဖိုးကုန်မည် ဖြစ်ပြီး အများဆုံးကုန်ကျငွေ ၁၀၀၀/ ၁၅၀၀ ထက်မပိုပါကြောင်း၊ အွန်လိုင်းပေါ်မှ ပြောနေသည့် သုံးလေးသောင်းကုန်ကျမှုများသည် ပွဲစားများနှင့် လုပ်နေခြင်းဖြစ်ပြီး ယင်းတို့ကိုလည်း မိမိတို့ ဖော်ထုတ် အရေးယူသွားမည်ဖြစ်ကြောင်း၊ မိမိတို့အစိုးရအနေဖြင့် အနာဂတ် ခေါင်းဆောင်များဖြစ်လာကြမည့် မျိုးဆက်သစ်လူငယ်များ ပညာရည် မြင့်မားရေးကိုဆောင်ရွက်ရာတွင် အရည်အသွေးပြည့်ဝပြီး အတွေ့ အကြုံရှိသည့် ဆရာ/ဆရာမများ လိုအပ်ပါကြောင်း၊ ထို့ကြောင့် တာဝန် မှ ကင်းကွာနေသည့် ပညာရေးဝန်ထမ်းများကို ပြန်လည်၍ တာဝန် ထမ်းဆောင်နိုင်ရန် အစိုးရအနေဖြင့် ၂၀၂၂ ခုနှစ်၊ မေ ၁၆ ရက်မှစတင်၍ နိုင်ငံပိုင်ရုပ်မြင်သံကြားမီဒီယာများမှတစ်ဆင့် ပြန်လည်ဖိတ်ခေါ်ထား ပါကြောင်း၊ အခြေခံပညာ ဆရာ/ဆရာမအသစ်များကိုလည်း ထပ်တိုး ခန့်အပ်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ကျောင်းများ၏ ရုပ်ပိုင်းဆိုင်ရာတိုးမြှင့်ရေး၊ ကျောင်းစာကြည့်တိုက်များ၌ စာအုပ်စာတမ်းများ ဖြည့်ဆည်းပေးခြင်း များကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
ယခုကဲ့သို့ ကျောင်းများဖွင့်လှစ်မှုနှင့် ပတ်သက်ပြီး NUG နှင့် PDF အမည်ခံအကြမ်းဖက်သမားများနှင့် ပြည်ဖျက်မီဒီယာများက ကျောင်း များမဖွင့်အောင် ခြိမ်းခြောက်နှောင့်ယှက်နေသည်ကိုလည်း တွေ့နိုင် မည်ဖြစ်ပါကြောင်း၊ ပြီးခဲ့သည့် ပညာသင်နှစ်များတွင် အကြမ်းဖက် သမားများ၏ နှောင့်ယှက်ဖျက်ဆီးမှုကြောင့် မိုင်းထောင်၊ မိုင်းခွဲ၊ မီးရှို့၊ ဖျက်ဆီးခံခဲ့ရသည့်ကျောင်းပေါင်း ၅၀၄ ကျောင်းရှိခဲ့ပြီး ဆရာ/ ဆရာမ ၃၇ ဦးသေဆုံးခဲ့ရပါကြောင်း၊ ယခုလည်း ကျောင်းများ မဖွင့်ခင်ကတည်း က ခြိမ်းခြောက်မှုများ စတင်လုပ်ဆောင်နေသည်ကို တွေ့ရမည်ဖြစ်ပါ ကြောင်း၊ ပြည်ဖျက်မီဒီယာများကလည်း ဖော်ပြနေသည်ကိုတွေ့ရမည် ဖြစ်ကြောင်း၊ ဥပမာ - ပင်းတယ မြို့နယ်ပညာရေးမှူးရုံးကို မိုင်းထောင် ဖောက်ခွဲသည်ဆိုပြီး မီဒီယာတစ်ခုက ဖော်ပြထားကြောင်း၊ မေ ၉ ရက် နံနက်ပိုင်းတွင် လုပ်ဆောင်ခဲ့ကြောင်း၊ ယင်းသည် ကျောင်းဖွင့်တော့ မည်ဖြစ်၍ ဖောက်ခွဲခြင်းဖြစ်ပြီး နောင်တွင် ယခုထက်အားပြင်းသည့် ဗုံးနှင့် ဖောက်ခွဲမည်ဆိုသည့် ခြိမ်းခြောက်မှုမျိုးတွေ့ရပါကြောင်း၊ တစ်ဖက်တွင်လည်း “စာမေးပွဲ ဖြေဆိုသူများကို တက္ကသိုလ်ဝင်ခွင့် လက်ခံမည်မဟုတ်ဟု NUG ပြော” ဆိုပြီး ရေးထားသည်ကိုလည်း တွေ့ရမည်ဖြစ်ကြောင်း၊ အဆိုးဆုံးမှာ စာသင်ကျောင်းများကို မိုင်း ထောင်၊ ဘန်ကာဆောက်ပြီး အကြမ်းဖက်အဖွဲ့ အခြေချစခန်းများအဖြစ် အသုံးပြုနေခြင်းသာဖြစ်ကြောင်း ပြောကြားပြီး PDF အမည်ခံအကြမ်း ဖက်အဖွဲ့များက ကျောင်းကိုပိတ်ပြီး ကျောင်းထဲသို့ ဝင်ရောက်နေရာ ယူကာ အခြေချစခန်းအဖြစ်ပြုလုပ်ပြီး အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်နေသည့် ဗီဒီယိုဖိုင်ကိုပြသသည်။
အသိ၊ သတိရှိဖို့ လိုအပ်နေပြီ
ပညာရေးနှင့်ပတ်သက်ပြီး ပြည်သူလူထုကို သိစေလိုသည်မှာ တစ်ဖက်တွင် ကျောင်းများမတက်ရန်ပြောကြားနေပြီး လက်တွေ့ ကျောင်းများကို မိုင်းထောင်၊ မိုင်းခွဲ၊ မီးရှို့ခဲ့ကြောင်း၊ တစ်ဖက်တွင် ၎င်းတို့ဘက်က ပညာသင်ပေးနေသည်ဆိုပြီး လုပ်ဆောင်ကြောင်း၊ ထိုအထဲတွင် မည်သည့်မြှုပ်ကွက်များရှိသည်ကို ကြည့်လျှင်သိနိုင်ပါ ကြောင်း ပြောကြား၍ ယင်းအကြောင်းအရာများနှင့်ပတ်သက်သည့် ဗီဒီယိုဖိုင်ကို ရှင်းလင်းပြသပြီးနောက် မိဘပြည်သူများအနေဖြင့် “အသိ၊ သတိရှိဖို့ လိုအပ်နေပြီ” ဖြစ်ကြောင်း ပြောကြားသည်။
မိမိတို့အနေဖြင့် ကျောင်းများဖွင့်လှစ်သည့်အခါ ကျောင်းသား၊ ကျောင်းသူ လူငယ်များအားလုံး ပညာသင်နှစ်တစ်ခု အောင်မြင်စွာ ပြီးဆုံး ပညာသင်ကြားနိုင်ရန် ကျောင်းနှင့် ကျောင်းပတ်ဝန်းကျင် ဘေးကင်းလုံခြုံရေး မိဘပြည်သူတစ်ရပ်လုံးနှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ အလားတူ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့် ပညာဦးစီးဌာနရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်များနှင့် ကောလိပ်များ၊ ဆရာအတတ်ပညာဦးစီးဌာနရှိ ပညာရေးဒီဂရီကောလိပ်များကို ၂၀၂၂ ခုနှစ်၊ မေ ၁၂ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပါကြောင်း၊ ကျောင်းများ အများဆုံး မဖွင့်လှစ်နိုင်သည့်နေရာသည် ချင်းပြည်နယ်ဖြစ်ကြောင်း ပြောကြားသည်။
ချင်းပြည်နယ်၌ ပညာရည်မြှင့်တင်ရေးဆောင်ရွက်ရန် အစိုးရ၏ လုပ်ဆောင်ချက်များကို ပြောလိုပါကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ် များအနက် ချင်းပြည်နယ်သည် ပညာရေးနှင့်ပတ်သက်ပြီး အားနည်း ချက်များ ရှိခဲ့ပါကြောင်း၊ ယင်းကိုကုစားနိုင်ရန် ဆောင်ရွက်ခဲ့ပါကြောင်း၊ ချင်းပြည်နယ်၌ ယခင်က ၂၀၁၆ ခုနှစ်တွင် ဟားခါးကောလိပ် ဖွင့်လှစ် ပြီး ၂၀၂၀ ပြည့်နှစ်တွင် တက္ကသိုလ်အဆင့်မြှင့်တင်ခဲ့ပါကြောင်း၊ မင်းတပ် ကောလိပ်ကို ထပ်မံဖွင့်လှစ်ရန် ဆောက်လုပ်လျက်ရှိပါကြောင်း၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနအနေနှင့် မင်းတပ်၌ စက်မှုလက်မှုသိပ္ပံ ၁ ခု၊ ဖလမ်း၊ ပလက်ဝနှင့် ထန်တလန်တို့၌ စက်မှုလက်မှုအထက်တန်း ကျောင်း ၃ ကျောင်း ထပ်မံဖွင့်လှစ်ရေး စီမံချက်ထားဆောင်ရွက်လျက် ရှိပါကြောင်း၊ သို့သော် အကြမ်းဖက် PDF များလုပ်ရပ်ကြောင့် ချင်း ပြည်နယ်ရှိ ရှိပြီးသားကျောင်းအချို့ပင် မဖွင့်လှစ်နိုင်သည့် အနေ အထားဖြစ်ခဲ့ရပါကြောင်း၊ မည်သူတို့ နစ်နာနေသည်ကို စဉ်းစား ကြည့်စေလိုကြောင်း၊ မိမိပြည်နယ်၊ မိမိ လူထု၊ မိမိတို့၏ ချင်းအမျိုးသား များသာ နစ်နာရခြင်းဖြစ်ပါကြောင်း၊ ယင်းတို့ကို သတိပြုကြရန် လိုပါကြောင်း။
ဝိဇ္ဇာ/သိပ္ပံ တက္ကသိုလ်၊ ဒီဂရီကောလိပ်များ၌ ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်သည့် ပထမနှစ်သင်တန်းသားအပ်နှံမှု တစ်သောင်းခုနစ်ထောင်ကျော်ရှိပြီး အပ်နှံရာခိုင်နှုန်း ၃၀ ဒသမ ၀၃ (၃၀ ရာခိုင်နှုန်းကျော်)ထဲမှ ကျောင်းတက်သူ ၁၀၃၂၆ ဦး (တစ်သောင်း ကျော်)၊ ပျက်ကွက် ၆၈၈၉ ဦး (ခြောက်ထောင့်ကိုးရာနီးပါး) ဖြစ်သည့် အတွက် ၅၉ ဒသမ ၉၈ ရာခိုင်နှုန်း (၆၀ ရာခိုင်နှုန်းနီးပါး) ရှိပါကြောင်း၊ ပညာရေးဒီဂရီကောလိပ်များတွင်မူ ၂၀၂၀ ပြည့်နှစ် ပညာသင်နှစ်အောင် ရှိရင်း ၄၀၁၃ ဦး(လေးထောင်ကျော်)၊ အပ်နှံ ၂၃၂၇ ဦး (နှစ်ထောင့် သုံးရာကျော်)၊ ၅၇ ဒသမ ၉၉ ရာခိုင်နှုန်း (၅၈ ရာခိုင်နှုန်း) အပ်နှံခဲ့ပါကြောင်း၊ ဆေးတက္ကသိုလ်တက်ရောက်ရန် ကျောင်းလာရောက်အပ်နှံသည်မှာ ယခုအချိန်အထိ အပ်နှံနေဆဲဖြစ်ကြောင်း၊ မနေ့က ဆေးတက္ကသိုလ် အသီးသီး၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲများကို ဆေးတက္ကသိုလ် အသီးသီး၌ တစ်ပြိုင်တည်းကျင်းပခဲ့ပါကြောင်း၊ တက်ရောက်သူပေါင်း သုံးထောင်ကျော်၊ ရာခိုင်နှုန်းအားဖြင့် ၇၀ ရာခိုင်နှုန်းရှိပါကြောင်း၊ ဆက်လက်လာရောက် သင်ကြားမည့်သူများလည်း ရှိပါကြောင်း၊ ကျောင်းမတက်ဘူးဟု မည်သို့ပင်ပြောသည်ဖြစ်စေ တင်ပြပါ ဗီဒီယိုဖိုင် ကိုကြည့်ပါက အဖြေကိုတွေ့ရလိမ့်မည်ဖြစ်ကြောင်း ပြောကြားပြီး တက္ကသိုလ်အသီးသီး၌ ကျောင်းတက်ရောက်နေမှုဗီဒီယိုဖိုင်ကို ပြသ သည်။
မိမိအနေဖြင့် ၂၀၂၀ ပြည့်နှစ် ပညာသင်နှစ်ကိုသာ Highlight ထုတ် တင်ပြရခြင်းမှာ ယင်းလူငယ်လေးများသည် ရိုးသားသည့်၊ အရောင် အသွေးကင်းမဲ့သည့် လူငယ်လေးများဖြစ်ကြောင်း ဂုဏ်ယူစွာပြောလို၍ ဖြစ်ပါကြောင်း၊ ၎င်းတို့ကို နိုင်ငံတော်က အနာဂတ်အတွက် အားကိုး တကြီးမျှော်လင့်နေသည်ဟု ပြောလိုပါကြောင်း။
မိမိတို့အစိုးရအနေဖြင့် တက္ကသိုလ်နည်းပြ ဆရာ/ဆရာမများ လုံလောက်စွာ ခန့်အပ်နိုင်ရေးအတွက် အရည်အချင်းပြည့်ဝသည့် ဆရာ/ဆရာမများ မွေးထုတ်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အနာဂတ်နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကောင်းမွန်အကျိုးရှိမည့် ကိုယ်စီမျှော်လင့်ချက် စိတ်ကူးအိပ်မက်များ ပုံဖော်ခွင့်ရရှိလာအောင် ကြိုးပမ်းကြပါဟု ဆုတောင်းပြောကြား တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
(ဆက်လက်ဖော်ပြပါမည်)