၁၆-၆-၂၀၂၂ ရက်နေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏သတင်းထုတ်ပြန်ရေးအဖွဲ့နှင့် သတင်းမီဒီယာများပြုလုပ်သည့် (၁၆)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှတ်တမ်း

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၆) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ၂၀၂၂ ခုနှစ်၊ ဇွန် ၁၆ ရက် မွန်းလွဲ ၁ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင်  ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး၊ ဌာနဆိုင်ရာများမှပြောရေးဆိုခွင့်ရှိသူများနှင့် ဌာန ဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏ သိရှိလိုသည့်မေးမြန်းမှုများကို ပြန်လည်ဖြေကြားကြသည်။

 

(ယမန်နေ့မှ အဆက်)


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်တာဝန်ကို ရယူခဲ့ပြီး သည့် နောက်ပိုင်းတွင်  အကြမ်းဖက်အဖွဲ့အစည်းများသည် အစိုးရ ယန္တရားရပ်တန့်ပစ်နိုင်မည့်  နည်းလမ်း၊  အစိုးရပြုတ်ကျရေးအတွက် နည်းလမ်းများနှင့်  ဆောင်ရွက်ခဲ့ကြောင်း၊  ယင်းသို့ဆောင်ရွက်သည့် နေရာတွင်   အစိုးရကို  တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍ သော်လည်းကောင်း ပတ်သက်နေသည့်လူများ၊  ပါဝင်ပတ်သက်နေ သည့်လူများ၏  မိသားစု၊  အစိုးရကို  နိုင်ငံရေးအရ၊ စီးပွားရေးအရ ထောက်ခံအားပေးနေသည့်သူများကို  ဖမ်းဆီးခြင်း၊   သတ်ပစ်ခြင်း၊ လုပ်ကြံသတ်ဖြတ်ခြင်း၊ အဆောက်အဦများကို ဖောက်ခွဲဖျက်ဆီးခြင်း၊ မီးရှို့ခြင်းစသည့် အကြမ်းဖက်ရေးနည်းလမ်းများကို  ဆောင်ရွက်ခဲ့ကြပါကြောင်း။

 


ဆရာ ဆရာမများနှင့် စာသင်ကျောင်းများကို 
အကြမ်းဖက်တိုက်ခိုက်မှုများ


၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွင်း အကြမ်းဖက်သမားများက ဆရာ  ဆရာမများကို အကြမ်းဖက်မှုကျူးလွန်ခဲ့သည့် အခြေအနေမှာ ဇွန် ၅ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်  ရွာတုံကျေးရွာ အနီးတွင်      အခြေခံပညာအလယ်တန်းကျောင်းခွဲ     (စည်သာ) ကျောင်းအုပ်ဆရာမကြီးအား သေနတ်ဖြင့်ပစ်ခတ်ခြင်း၊ ဇွန် ၆ ရက် တွင် စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ် မင်းသားကန်ကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းမှ  ကျောင်းအုပ်ဆရာမကြီးကို သတ်ဖြတ်ခဲ့ခြင်း၊ ဇွန် ၁၂ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး ထားဝယ် ခရိုင်   လောင်းလုံမြို့နယ်    ပန်းတင်အင်းကျေးရွာနေ ထားဝယ် တက္ကသိုလ် (မြန်မာစာဌာန) မှ ကထိကတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ပစ်ခတ်ခံရ၍ သေဆုံးသွားခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း၊ ဇွန်   ၁၃ ရက်တွင် PDF အကြမ်းဖက် ၁၅ ဦးခန့်က  ရွှေကူမြို့နယ် ကျွန်းတော် ကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းသို့    ရောက်လာပြီး ကျေးရွာရှိ  ဆရာ  ဆရာမ  ငါးဦးတို့ကို  ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် ဖြစ်စဉ်များဖြစ်ပွားခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ် ဧပြီ ၁ ရက်မှ ၂၀၂၂ ခုနှစ် ဇွန်  ၁၃  ရက်အထိ   ပညာရေးဝန်ထမ်းများအား   ဖမ်းဆီးသတ်ဖြတ်မှု ၂၁  ကြိမ်ဖြစ်ပေါ်ခဲ့ပြီး   ၄၄   ဦး   သေဆုံးခဲ့ကြောင်း၊ ထိုသို့  သတ်ဖြတ် ဆောင်ရွက်ခြင်းများသာမက ဇွန် ၉ ရက် မွန်းတည့် ၁၂ နာရီကျော်ခန့် တွင် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ်ရှိ ကျောင်းသား ကျောင်းသူ ၁၁၀ ကို ပညာသင်ကြားပေးနေသည့်  အခြေခံပညာမူလတန်းလွန် (တည်သီးတော) ကျောင်းကို အကြမ်းဖက်သမားများက Drone တွင် ဗုံးချိတ်ဆွဲပြီး ပစ်ခတ်မှုများဆောင်ရွက်ခဲ့ကြောင်း၊  အဆောက်အဦ ထိခိုက်ခဲ့ကြောင်း၊  ယင်းနှင့်ပတ်သက်ပြီး တပ်စခန်း၊  ရဲစခန်းထဲကို ဗုံးသီးကျလျှင် တပ်မတော်မှ  ဘယ်နှဦးသေဟု သတင်းထုတ်ပါကြောင်း၊ မြို့ထဲရွာထဲကို  ဗုံးသီးကျလျှင်  အတတ်နိုင်ဆုံး ရူးချင်ဟန်ဆောင်ပါ ကြောင်း၊ အများသိသွားလျှင်  ဒလန်အိမ်ကို   တိုက်ခိုက်သည်ဆိုပြီး သတင်းထုတ်ပါကြောင်း၊ ယင်းနှင့်ဆက်စပ်ပြီး ဒရုန်းနှင့်ဗုံးချရာတွင် မည်မျှလောက်အထိ တိတိကျကျချနိုင်မည်လဲဟု  မိမိပြောလိုပါကြောင်း၊ လေတိုက်နှုန်း၊ အမြင့်ပေ စသည်တို့ တိကျမှုမရှိဘဲ ဘယ်နေရာ ကွဲကွဲ၊ ဘယ်သူသေသေဆိုပြီး ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ကျောင်းများ ကို ဗုံးခွဲတိုက်ခိုက်ခြင်းသည် ကမ္ဘာပေါ်တွင် မည်သို့မျှလက်မခံနိုင်သည့်၊ စစ်ရာဇဝတ်မှုမြောက်သည့်  အကြမ်းဖက်လုပ်ရပ်များဖြစ်ကြောင်း၊ ယင်းလုပ်ရပ်များနှင့်ပတ်သက်ပြီး  မြန်မာနိုင်ငံရှိ သံရုံးများအနေဖြင့် မျက်စိမှိတ်မနေကြရန် မိမိအနေဖြင့် ပြောကြားလိုကြောင်း။

 


    နောက်တစ်ခုမှာ မိုင်းဖြစ်ကြောင်း၊ မိုင်းနှင့်ပတ်သက်ပြီး မိုင်း မျိုးစုံ မည်မျှအောင်မြင်နေပြီ၊ ဖျက်အားပြင်းမိုင်းများ အောင်မြင်နေပြီ၊ ပဒေသာမိုင်းများ   အောင်မြင်ပြီစသဖြင့်  ၎င်းတို့ကို  အားပေးသည့် မီဒီယာများကိုယ်တိုင် ပြောထားကြောင်း၊ လက်တွေ့လည်း  ဖောက်ခွဲ ပြနေကြကြောင်း၊ ၂၀၂၂ ခုနှစ် ဧပြီ ၂၁ ရက် နံနက်တွင် စစ်ကိုင်းတိုင်း ဒေသကြီး စစ်ကိုင်းမြို့နယ် သိမ်းချောင်းကျေးရွာအနီး စစ်ကိုင်း-ရွှေဘိုကားလမ်း  မိုင်တိုင်အမှတ်  ၄၁  အနီးတွင် ဆားတောင်မြို့ မြင်းကျရပ်ကွက်နေ ကိုရင် သုံးပါး ဆွမ်းခံ၍ ကျောင်းသို့ပြန်လာစဉ် လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲခဲ့ကြောင်း၊ ပေါက်ကွဲမှုကြောင့် ကိုရင် နှစ်ပါး ပျံလွန်တော်မူခဲ့ပြီး တစ်ပါး မိုင်းစထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရသည့် ကိုရင်လေးတစ်ပါး၏ပုံကို ကြည့်စေလိုကြောင်း၊ ယင်း တို့ကို မည်သည့်နိုင်ငံ၊ မည်သည့်မီဒီယာမှ ဖော်ပြခြင်းမရှိဘဲ မှေးမှိန် အောင် လုပ်နေကြောင်း၊ PDF၊ NUG၊ CRPH အမည်ခံအကြမ်းဖက်သမား များ၏   လုပ်ရပ်များကြောင့်   အပြစ်မဲ့ပြည်သူများ  ထိခိုက်နစ်နာရ ကြောင်း၊ ဘုန်းကြီးစီးသည့်ယာဉ်လည်း မရှောင်၊ လူနာတင်ကားလည်း မရှောင်ပါကြောင်း၊    လူမှုဝန်ထမ်းအဖွဲ့များလုပ်နေသည့်     လူနာ တင်ယာဉ် ဖောက်ခွဲမီးရှို့ခံရပါကြောင်း၊ နည်းမျိုးစုံနှင့် သံပိုက်များကို လက်လုပ်စိန်ပြောင်းဆိုပြီးလုပ်ပါကြောင်း၊ ရသမျှ ယမ်း၊ ရသမျှ သံတို သံစနှင့် ဗုံးသီးဆိုပြီး ထုတ်ပါကြောင်း၊ ဘယ်အဖွဲ့က ထုတ်လုပ်လိုက် ပြီဆို၍လည်း ၎င်းတို့ကို အားပေးသည့်  မီဒီယာများရော၊ အင်တာနက် ဆိုရှယ်မီဒီယာတွင်ရော တင်ပါကြောင်း၊ နိုင်ငံခြားသတင်းမီဒီယာများ တွင်လည်း ပျံ့နှံ့နေမှုများလည်းရှိကြောင်း၊ မည်သို့ပစ်သည်ကို Video ဖိုင်နှင့်ပြလိုပါကြောင်း ပြောကြား၍ Video ဖိုင်ကိုပြသသည်။

 


ရမ်းသမ်းပစ်ခတ်နေ  

 
နိုင်ငံတကာတွင်   စစ်အသုံးအဆောင်ပစ္စည်းများကို    သုံးစွဲ ပစ်ခတ်ခြင်းသည် တိကျရမည်ဖြစ်ကြောင်း၊ ယခုဆောင်ရွက်မှုများသည် နိုင်ငံတကာကျင့်စဉ်များနှင့် ငြိနိုင်ပါကြောင်း၊ ၎င်းတို့သုံးနေကျစကားလုံးဖြစ်သည့်   ရမ်းသမ်းပစ်ခတ်နေခြင်းဖြစ်ကြောင်း၊     ကုန်းပေါ်ကျ ထင်းရ၊  ရေထဲကျ  ငါးရ၊  ရွာထဲကျ ဒလန်ရ ဆိုသည်မျိုးကို မျက်မြင် တွေ့ရလိမ့်မည်ဖြစ်ကြောင်း၊  ဆိုလိုသည်မှာ လက်တန်းနှင့်တွေ့ကရာ ပစ္စည်းကိုယူ  လက်နက်ကြီးဆိုပြီးထုတ်၊ ထင်ရာမြင်ရာပစ်နေမှုများက မည်သူ့ကို  ပစ်နေသည်လဲ၊  မည်သူများကို ပိုထိခိုက်သလဲဆိုသည်ကို မြင်စေချင်ခြင်းသာဖြစ်ကြောင်း၊   မြန်မာ့အကျိုးကို   မလိုလားသည့် နိုင်ငံတကာအဖွဲ့အစည်းများ၊ နိုင်ငံများက မြှောက်ပင့်ပေးနေသည်များ ရှိကြောင်း၊  အလှူငွေပေးနေသည်များလည်းရှိကြောင်း၊  မိမိယခင် အပတ်ကပြောခဲ့သလို  “ခင်ဗျားတို့ပေးတဲ့  အလှူငွေတွေ၊ ထောက်ပံ့ အားပေးမှုတွေဟာ မြန်မာပြည်သူအချင်းချင်းသတ်ဖို့၊ မြန်မာပြည်သူ အချင်းချင်း ရမ်းသမ်းပစ်ခတ်ဖို့၊ သေချင်တဲ့သူသေဖို့” ဆိုသကဲ့သို့ ဖြစ် နေကြောင်းကို အသိပေးပြောကြားလိုပါကြောင်း၊ ထိုသို့ ဆောင်ရွက် နေသည်နှင့်အမျှ   အပြစ်မဲ့သူများ     များစွာသေဆုံးနေဦးမည်ဖြစ် ကြောင်း ပြောကြားသည်။

 


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က
ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များ


ဆက်လက်၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက  ယနေ့သတင်းစာရှင်းလင်းပွဲတွင် ရှင်းလင်းတင်ပြ မည့် အကြောင်းအရာများအနေဖြင့် (က) မဲဆန္ဒရှင်စာရင်းများ ပြည့်စုံ မှန်ကန်ရေးအတွက် မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း များဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ (ခ) နိုင်ငံရေးပါတီများ စစ်ဆေးခြင်း အပါအဝင်   ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆောင်ရွက် လျက်ရှိသည့် လုပ်ငန်းစဉ်များဖြစ်ကြောင်း။

 


    မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် မြေပြင်လူဦးရေ စာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေ ကို ဦးစွာတင်ပြမည်ဖြစ်ကြာင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၏   နိုင်ငံတော်တာဝန်  ထမ်းဆောင်ရာတွင်   ဆောင်ရွက်သွားမည့် ရှေ့လုပ်ငန်းစဉ် (၅) ရပ်အနက် လုပ်ငန်းစဉ် (၅) ဖြစ်သည့် အရေးပေါ်ကာလ ဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက လွတ်လပ် ပြီး  တရားမျှတသော ပါတီစုံဒီမိုကရေစီ  အထွေထွေရွေးကောက်ပွဲ ကျင်းပပေးရမည့်တာဝန်သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ၏  တာဝန်ဖြစ်ပါကြောင်း၊  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အနေနှင့်   ယင်းတာဝန်ကို   ဆောင်ရွက်နိုင်ရန်    ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိရာတွင်   အရေးကြီးပြီး   ပမာဏကြီးမားသည့် လုပ်ငန်းအနေဖြင့် မဲဆန္ဒရှင်စာရင်းပြုစုခြင်းဖြစ်ပြီး ယင်းလုပ်ငန်းစဉ်ကို ရွေးကောက်ပွဲ အကြိုကာလနှင့် ရွေးကောက်ပွဲကာလနှစ်ခုလုံးတွင် ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊  ထိုသို့ဆောင်ရွက်ရာတွင်   ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများဖြစ်သည့်   “ရွေးကောက်ပွဲ   ကျင်းပသည့်နေ့တွင် အသက် ၁၈ နှစ်ပြည့်ပြီး ဥပဒေပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်သော နိုင်ငံသား၊ ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူများ”စာရင်းကို ပြုစုရမည်ဖြစ်ပြီး သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲဥပဒေပါ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်မရှိသူများ မပါရှိစေရေးကိုလည်း စိစစ်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊    သက်ဆိုင်ရာ     မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲနှင့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲတို့သည် အထက်ပါမဲပေးပိုင်ခွင့်ရှိသူတိုင်းကို ယင်းတို့ ကိုင်ဆောင်သော နိုင်ငံသားစိစစ်ရေးကတ်၊ ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရလက်မှတ်၊ အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/၆)တို့ကို တိုက်ဆိုင်စစ်ဆေးပြီး မဲစာရင်းတွင် ထည့်သွင်းပြုစုရမည်ဖြစ် ပါကြောင်း၊ မဲစာရင်းများ ပြည့်စုံမှန်ကန်ရေး ဆောင်ရွက်သည့်နေရာတွင် မဲပေးပိုင်ခွင့်ရှိသူတိုင်း မဲစာရင်းတွင်ပါရှိရန် လိုအပ်သကဲ့သို့ မဲပေးခွင့် မရှိသူများ မပါရှိရေးကိုလည်း ဂရုပြုဆောင်ရွက်ရမည် ဖြစ်ပါကြောင်း။

 


    ၂၀၂၀  ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုခဲ့သည့် မဲဆန္ဒရှင်စာရင်းများကို  စိစစ်သည့်အခါ    မဲမသမာမှုဖြစ်စေသည့် မဲစာရင်း ၁၁ ဒသမ ၃ သန်းကျော်၊  မဲဆန္ဒရှင်စုစုပေါင်း၏  ၂၉ ဒသမ ၅၄  ရာခိုင်နှုန်းကိုတွေ့ရှိရပါကြောင်း၊ ထို့ကြောင့်  ယခုကျင်းပမည့် ရွေးကောက်ပွဲတွင်  မဲစာရင်းများပြည့်စုံမှန်ကန်ရေးနှင့်    ဖောင်းပွ မှားယွင်းမှုမရှိစေရေး  အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင်  သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ  မဲစာရင်းပြုစုရာတွင် အခြေခံရမည့် စာရင်းများဖြစ်သည့် ပြည်ထဲရေးဝန်ကြီးဌာန၏ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၏ မြို့နယ်ဦးစီးမှူးရုံးက ပြုစုထားသည့်လူဦးရေစာရင်း (မသန်စွမ်းသူများအပါအဝင်)   တို့ကို   ရယူဆောင်ရွက်ခြင်းဖြစ်ပါ ကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာမြို့နယ် ကော်မရှင်အဖွဲ့ခွဲများသည် အခြေခံမဲဆန္ဒရှင်စာရင်းများ ပြုစုနိုင်ရေးအတွက် ပထမအဆင့်အနေ ဖြင့်     သက်ဆိုင်ရာ     မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ရပ်ကွက်/ ကျေးရွာအုပ်စုအလိုက် ကောက်ယူပြုစုထားသည့် မြေပြင် လူဦးရေစာရင်းနှင့်  
မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်    ပြည်သူ့အင်အား     ဦးစီးဌာနမှ  အိမ်ထောင်စုလူဦးရေစာရင်း  ပုံစံ (၆၆/၆) ကို အခြေခံ ပြုစုထားသည့် စာရင်းများကို     တိုက်ဆိုင်စစ်ဆေးခြင်းများ  ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ မြို့နယ်ပေါင်း ၃၂၅ မြို့နယ်၌  ဆောင်ရွက်လျက်ရှိရာတွင်  ယနေ့အထိ  ဆောင်ရွက်ပြီး မြို့နယ် ၂၀၀ ၊ ဆောင်ရွက်ဆဲ ၁၀၄ မြို့နယ်နှင့် ဆောင်ရွက်ရန်ကျန် ၂၁    မြို့နယ်ဖြစ်ပါကြောင်း၊   ဆောင်ရွက်ရန်ကျန်သည့်မြို့နယ်များ အနေဖြင့်    ကယားပြည်နယ်တွင်   နှစ်မြို့နယ်၊  ချင်းပြည်နယ်တွင် ခုနစ်မြို့နယ်၊  စစ်ကိုင်းတိုင်းဒေသကြီးတွင်    ရှစ်မြို့နယ်နှင့်    မကွေး တိုင်းဒေသကြီးတွင် လေးမြို့နယ်တို့ဖြစ်ပြီး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

 


    ယင်းသို့ တိုက်ဆိုင်စစ်ဆေးခြင်းများ ဆောင်ရွက်ပြီးနောက်တွင် အခြေခံစာရင်းနှစ်ခုအရ  မြေပြင်အခြေအနေနှင့် ကိုက်ညီမှန်ကန်မှု ရှိသည့်   စာရင်းဇယားများနှင့်   ထပ်မံစစ်ဆေးပြီး အတည်ပြု ဆောင်ရွက်ရမည့် စာရင်းဇယားများရရှိမည်ဖြစ်ပြီး သက်ဆိုင်ရာဌာန များသို့ပေးပို့ကာ    မြေပြင်တိုက်ဆိုင်စစ်ဆေးမှုများ    ဆက်လက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊   သက်ဆိုင်ရာဌာနများထံမှ    စိစစ် ပြန်ကြားချက်များရရှိပြီးနောက်တွင်    အခြေခံမဲဆန္ဒရှင်စာရင်းများ ပြုစုခြင်းလုပ်ငန်းစဉ်ကို ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

 


နိုင်ငံရေးပါတီများ စစ်ဆေးခြင်း


ဆက်လက်ပြီး   နိုင်ငံရေးပါတီများ    စစ်ဆေးခြင်းအပါအဝင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့်စပ်လျဉ်းပြီး တင်ပြမည်ဖြစ်ပါကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်တွင် မှတ်ပုံတင်ထားသည့် တည်ဆဲနိုင်ငံရေး ပါတီ ၉၂ ပါတီရှိပြီး ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့်ပါတီ ၇၄ ပါတီနှင့် တိုင်းဒေသကြီး/ ပြည်နယ်တစ်ခုအတွင်းတွင်သာ စည်းရုံး မည့်ပါတီ ၁၈ ပါတီဖြစ်ပါကြောင်း၊ ၎င်းတို့အနက် တိုင်းရင်းသားပါတီ ၄၈ ပါတီ ပါရှိပါကြောင်း၊ ယင်းပါတီများသည် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများအပါအဝင် တည်ဆဲဥပဒေများကို    လိုက်နာရန်တာဝန်ရှိပါကြောင်း၊   နိုင်ငံရေး ပါတီများမှတ်ပုံတင်ခြင်းဥပဒေ  ပုဒ်မ ၁၄ အရ ပါတီပိုင်ပစ္စည်းများ ထိန်းသိမ်းခြင်းနှင့် သတ်မှတ်သည့်အတိုင်း  စာရင်းဇယားများ စနစ် တကျပြုစုထားရှိခြင်းတို့ကို တာဝန်ယူဆောင်ရွက်ရမည့် ပုဂ္ဂိုလ်များ အနေဖြင့်  သက်ဆိုင်ရာပါတီဌာနချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ပါတီများ၏ ဥက္ကဋ္ဌ သို့မဟုတ် အတွင်းရေးမှူးများဖြစ်ကြ ပါကြောင်း၊ နိုင်ငံရေးပါတီများ  မှတ်ပုံတင်ခြင်းဥပဒေ  ပုဒ်မ ၁၈ နှင့် နည်းဥပဒေ ၂၃ တို့တွင် “ ပါတီတစ်ခု၏  စာရင်းများကို စစ်ဆေးရန် လိုအပ်လျှင်    ကော်မရှင်ကစစ်ဆေးနိုင်သည်။     ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်အားလည်း စစ်ဆေးစေနိုင်သည်။ ယင်းသို့ စစ်ဆေးရာတွင် ကော်မရှင် သို့မဟုတ် ကော်မရှင်အဖွဲ့ခွဲသည် အစိုးရဌာန၊ အဖွဲ့အစည်း ထံမှ      အကူအညီရယူနိုင်သည်”     ဟု    ဖော်ပြထားပါကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေနှင့် နိုင်ငံရေးပါတီများ၏ စာရင်းများကို  ယခင်က  မစစ်ဆေးနိုင်ခဲ့ဘဲ ယခုအခါ စစ်ဆေးရန် လိုအပ်သည့်အတွက် ပါတီအားလုံးကို တစ်ပြေးညီ စစ်ဆေးဆောင်ရွက် ခဲ့ခြင်းဖြစ်ပါကြောင်း၊       စစ်ဆေးရာတွင်လည်း     ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ  ခေါင်းဆောင်ပြီး ပြည်ထဲရေး ဝန်ကြီးဌာန၊ စီမံကိန်းနှင့်  ဘဏ္ဍာရေးဝန်ကြီးဌာန၊   ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးတို့က ကိုယ်စားလှယ်များပါဝင်သည့် ပူးပေါင်းစစ်ဆေး ရေးအဖွဲ့များနှင့်  စစ်ဆေးခြင်းဖြစ်ပါကြောင်း၊    နိုင်ငံရေးပါတီများ စစ်ဆေးရန်အတွက်    ကြိုတင်အသိပေးခြင်းကို    နေ့စဉ်ထုတ် သတင်းစာများနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် Website မှလည်းကောင်း၊  သက်ဆိုင်ရာ နိုင်ငံရေးပါတီများ၏  E-mail သို့ လည်းကောင်း၊  ရုံးစာဖြင့်လည်းကောင်း၊  ပါတီဌာနချုပ်ရုံးစိုက်ရာ ကော်မရှင်အဖွဲ့ခွဲမှလည်းကောင်း      ဆက်သွယ်အကြောင်းကြား ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း။

 


    ပူးပေါင်းစစ်ဆေးရေးအဖွဲ့များအနေဖြင့် နိုင်ငံရေးပါတီများကို စစ်ဆေးရာတွင်  နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၁၁ ပါ ပါတီဖွဲ့စည်းပုံနှင့်  အင်အားများစစ်ဆေးခြင်း၊ ဥပဒေပုဒ်မ ၁၅ ပါ ပါတီဝင်ကြေး၊ လစဉ်ကြေးများ၊ ပြည်တွင်းအလှူရှင်များက လှူဒါန်း သော ငွေကြေးနှင့် ပစ္စည်းစာရင်းနှင့် ပါတီပိုင်စီးပွားရေးလုပ်ငန်းများ စစ်ဆေးခြင်း၊  ဥပဒေပုဒ်မ  ၁၆  ပါ ပါတီဖွဲ့စည်းပုံ စည်းမျဉ်းနှင့်အညီ ဆောင်ရွက်ခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ နည်းဥပဒေ ၁၉ နှင့်အညီ ပါတီ ပိုင် ရန်ပုံငွေများ၊ ပါတီပိုင်ပစ္စည်းများနှင့်ပတ်သက်သည့် စာရင်းဇယား၊ မှတ်တမ်းစာအုပ်များ စနစ်တကျ ပြုစုထိန်းသိမ်းထားခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊  နည်းဥပဒေ  ၂၁  နှင့်အညီ     ပါတီကိုယ်စားပြုပြီး ရွေးကောက်ခံသော  ကိုယ်စားလှယ်လောင်းများ၏ ရွေးကောက်ပွဲ အသုံးစရိတ်စာရင်းများ စနစ်တကျ ပြုစုထားခြင်းရှိ/မရှိ စစ်ဆေးခြင်း၊ ဥပဒေပုဒ်မ  ၁၇  နှင့်  နည်းဥပဒေ ၂၂ တို့နှင့်အညီ ပါတီ၏နှစ်စဉ်ငွေ စာရင်းရှင်းတမ်းကို   ဘဏ္ဍာရေးနှစ်အလိုက်ရေးဆွဲခြင်း၊   ပါတီပိုင် ပစ္စည်းများနှင့်စပ်လျဉ်း၍      နှစ်ချုပ်စာရင်းပြုစုခြင်း၊  ပါတီတွင်း        စာရင်းစစ်ကော်မတီထားရှိစစ်ဆေးခြင်း၊  ပါတီစည်းမျဉ်းနှင့်အညီ အတည်ပြုချက်ရယူခြင်းတို့  ဆောင်ရွက်ခြင်း  ရှိ/မရှိ စစ်ဆေးခြင်း အပါအဝင်   လိုအပ်သောစာရင်းဇယားများကို  စစ်ဆေးခြင်းဖြစ်ပါ ကြောင်း၊ ယင်းသို့စစ်ဆေးရာတွင်လည်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များ ခေါင်းဆောင်သည့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့ များသည် သက်ဆိုင်ရာပါတီဌာနချုပ် အခြေစိုက်သည့် တိုင်းဒေသကြီး/ပြည်နယ် ကော်မရှင်အဖွဲ့ခွဲရုံးနှင့် အစိုးရရုံးဌာနများတွင် ဆောင်ရွက်ကြခြင်း ဖြစ်ကြောင်း။  

 


    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနှင့် နိုင်ငံရေးပါတီ များစစ်ဆေးခြင်းကို ၂၀၂၁ ခုနှစ်  ဩဂုတ်လနောက်ဆုံးပတ်တွင် စတင် ဆောင်ရွက်ခဲ့ခြင်းဖြစ်၍  ယခုအခါ  တစ်နှစ်နီးပါးကာလရှိခဲ့ပြီဖြစ်ပါ ကြောင်း၊  ၂၀၂၁ ခုနှစ်အတွင်းတွင် ၅၁  ပါတီကို  စစ်ဆေးပြီးစီးခဲ့ပြီး ၂၀၂၂ ခုနှစ်အတွင်းတွင် ယခု  ဇွန်လ  ဒုတိယပတ်တွင် စစ်ဆေးပြီးစီး ခဲ့သည့် ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အပါအဝင် ၃၄ ပါတီ စစ်ဆေးပြီး ဖြစ်၍ ယနေ့အထိ  စစ်ဆေးပြီးပါတီပေါင်း ၈၅ ပါတီ ဖြစ်ပါကြောင်း၊ ယင်းတို့အနက် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးပါတီကို ယင်း၏တင်ပြချက်အရ ဖျက်သိမ်းခဲ့ပြီးဖြစ်ပါကြောင်း၊  ထို့ကြောင့် စစ်ဆေးရန်ကျန်သည့်ပါတီ ရှစ်ပါတီဖြစ်ကြောင်း။

 


  ဥပဒေနှင့်အညီ  ဆက်လက်ဆောင်ရွက်လျက်ရှိ


နိဂုံးချုပ်အနေနှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ နိုင်ငံတော်တာဝန်ထမ်းဆောင် ရာတွင် ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ လုပ်ငန်းစဉ် (၁) ပါ လုပ်ဆောင်သင့်     လုပ်ဆောင်ထိုက်သည်များကို    ဥပဒေနှင့်အညီ  ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုနည်းတူ လုပ်ငန်းစဉ် (၅) နှင့်အညီ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပနိုင်ရေး သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း အသီးသီး နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် အရေးကြီးသည့် လုပ်ငန်းစဉ်များဖြစ်သည့်  ဥပဒေ၊ နည်းဥပဒေများ သုံးသပ်၊    ပြင်ဆင်၊   ပြဋ္ဌာန်းနိုင်ရေးဆောင်ရွက်ခြင်း၊   မဲဆန္ဒရှင် စာရင်းများပြုစုခြင်း၊ နည်းပညာအသုံးပြုစစ်ဆေးခြင်းနှင့် စနစ်တကျ သိမ်းဆည်းနိုင်ရေးဆောင်ရွက်ခြင်း၊ လူသားအရင်းအမြစ်ဖြစ်သည့် ဝန်ထမ်းအင်အားဖြည့်တင်းခြင်းနှင့်   လေ့ကျင့်သင်တန်းပေးခြင်း၊ အခြေခံ အဆောက်အအုံဖြစ်သည့် ရုံးများဖွဲ့စည်းတည်ဆောက်ခြင်း၊ လိုအပ်သည့် အုပ်ချုပ်ထောက်ပံ့မှုများ  ဆောင်ရွက်ခြင်းနှင့် စစ်ဆေး ကြပ်မတ်ခြင်းများကို   အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။      

                           

(ဆက်လက်‌ဖော်ပြပါမည်)