(၁၅၃)ကြိမ်မြောက် ရွှေမဉ္ဇူရေလယ်(အင်းတော်ကြီး)ဘုရားပွဲတော် ဆွမ်းတော်ကြီးကပ်လှူပွဲကျင်းပမည်

မိုးညှင်း   မတ်   ၁၀ ကချင်ပြည်နယ် မိုးညှင်းမြို့နယ်ရှိ အင်းတော်ကြီး ဒေသတွင် (၁၅၃)ကြိမ်မြောက် သမိုင်းဝင်တန်ခိုးကြီး ရွှေမဉ္ဇူရေလယ်ဘုရားပွဲတော်ကို အကျဉ်းချုံးအနေဖြင့် ဆွမ်းတော် ကြီးကပ်လှူပွဲကို တပေါင်းလဆန်း ၈ ရက်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ကျင်းပ မည်ဖြစ်သည်။ ရွှေမဉ္ဇူရေလယ် (အင်းတော် ကြီး) ဘုရားပွဲတော်ကို နှစ်စဉ် တပေါင်းလဆန်း ၈ ရက်မှ တပေါင်းလပြည့်ကျော် ၁၅ ရက် အထိ အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပ ပြုလုပ်လျက်ရှိရာ မြန်မာနိုင်ငံ အနှံ့အပြားမှ ဘုရားဖူးပြည်သူများ လာရောက်ကြပြီး အခမဲ့ တည်းခို ရန်နေရာများ စီစဉ်ဆောင်ရွက်ပေးမှုကြောင့် အများအပြား လာရောက်လေ့ရှိကြောင်း၊ ယခု နှစ်တွင် ကိုဗစ်− ၁၉ ကပ် ရောဂါ ကြောင့် ပွဲတော်ကို စည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ခြင်း မရှိသော်လည်း အကျဉ်းချုံး အနေဖြင့် ဆွမ်းတော်ကြီး ကပ်လှူ ပွဲကို ကိုဗစ်- ၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး စည်းကမ်းချက် များနှင့်အညီ ကျင်းပဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဂေါပက အဖွဲ့ဝင် ဦးချစ်သန်းထံမှ သိရသည်။ အဆိုပါ ဘုရားပွဲတော်ကြီးကို ပြည်နယ်နှင့် ခရိုင်တို့က ကြီးမှူး ကျင်းပလေ့ရှိရာ ပွဲတော်တွင် ပျော်ပွဲရွှင်ပွဲများ၊ ရိုးရာအက ပဒေသာများ၊ ဇာတ်သဘင်ပွဲများ၊ ရိုးရာအားကစား ပွဲတော်နှင့် လှေလှော်ပြိုင်ပွဲတို့ကို စည်ကား သိုက်မြိုက်စွာ ကျင်းပလေ့ရှိ ကြောင်း၊ ဘုရားပွဲသည် ဘာသာ မရွေး လူမျိုးမရွေး ပါဝင်ဆင်နွှဲကြ သော ပွဲတော်ကြီးဖြစ်ပြီး ဒေသခံ ပြည်သူတို့၏ တစ်နှစ်တာကာလ ပင်ပန်း နွမ်းနယ်ခဲ့သမျှကိုလည်း ဆေးကြော လန်းဆန်းစေသည့် အနေဖြင့် ကျင်းပလေ့ရှိသော ပွဲတော်ဖြစ်ကြောင်း ဘုရားသမိုင်း မှတ်တမ်းအရ သိရသည်။ ဇွဲသူရအောင်(ပြန်/ဆက်)