
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၁)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ဇန်နဝါရီ ၁၄ ရက် မွန်းလွဲပိုင်းက ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။ အဆိုပါသတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးနှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများက သတင်းမီဒီယာများ၏ သိရှိလိုသည့်မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။
(ယမန်နေ့မှအဆက်)
မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ သတ်မှတ် ပြဋ္ဌာန်းချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါပျံ့နှံ့မှုကို ကာကွယ်နိုင် ရန်အတွက် ပြည်ပ/ ပြည်တွင်း လိုက်နာရမည့် လုပ်ငန်းစဉ်များကို အပြည့်အဝချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ကျန်းမာရေးဝန်ကြီး ဌာနက “အပြည်ပြည်ဆိုင်ရာ ဝင်/ထွက်ဂိတ်များနှင့် နယ်စပ်ဝင်/ ထွက်ဂိတ်များမှ မြန်မာနိုင်ငံသို့ လာရောက်မည့်ခရီးသွားများအတွက် အသွား/အလာ ကန့်သတ်မှုနှင့် ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်း ဆောင်ရွက်မည့်အစီအစဉ်နှင့် စပ်လျဉ်း၍ ထပ်မံဖြည့်စွက်ထားသည့် လုပ်ငန်းစဉ်” ကြေညာချက်ကို သံရုံးများ၊ ကုလသမဂ္ဂဆိုင်ရာ အဖွဲ့ အစည်းများနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများကို ပေးပို့ထားပြီး ဖြစ်ကြောင်း ပြောကြားသည်။
မြန်မာနိုင်ငံကို ၂-၁-၂၀၂၂ ရက်က လေကြောင်းဖြင့် ဝင်ရောက်ခဲ့သည့် အမေရိကန် သံတမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူတစ်ဦးနှင့် ၃-၁-၂၀၂၂ ရက်က ဝင်ရောက်ခဲ့သည့် အမေရိကန်သံရုံး ဝန်ထမ်းတစ်ဦးတို့ကို ဓာတ်ခွဲစစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း၊ ကိုဗစ်ရောဂါပိုးတွေ့ရှိသူများကို ကျန်းမာရေးဝန်ကြီးဌာန၏ ချမှတ်ထားသည့် စံသတ်မှတ်ချက်များနှင့် အညီ သတ်မှတ်ထားသော ဆေးရုံများ၌သာ ကုသမှုခံယူဖို့ အသိပေး ခဲ့သော်လည်း အမေရိကန်သံရုံးဝန်ထမ်းတစ်ဦးနှင့် အပေါင်းအပါတို့က မည်သည့်ခွင့်ပြုချက်မှမပါရှိဘဲ ဟိုတယ်သို့ လာရောက်ကာ ပိုးတွေ့ရှိ သူ အမေရိကန်နိုင်ငံသားနှစ်ဦးကို ၎င်းတို့အစီအစဉ်ဖြင့် ကုသမည် ဆိုကာ ပြန်လည်ခေါ်ဆောင်သွားခဲ့ကြောင်း၊ မြန်မာနိုင်ငံအစိုးရ အနေဖြင့် အိုမီခရွန်ဗိုင်းရပ်စ် ဗီဇမျိုးကွဲများ ကမ္ဘာတစ်ဝန်း လျင်မြန်စွာ ကူးစက်ပျံ့နှံ့နေသည့်အတွက် ယင်းရောဂါပိုး မြန်မာနိုင်ငံသို့ ဝင်ရောက် လာခြင်းမရှိစေရန်နှင့် ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရန်အတွက် WHO ၏ စံညွှန်းများနှင့်အညီ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာ လမ်းညွှန်ချက်များချမှတ်၍ ကြပ်ကြပ်မတ်မတ်ဆောင်ရွက် နေသောကာလ ဖြစ်ကြောင်း၊ ထို့အပြင် သံတမန်ဆက်ဆံရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်း အပိုဒ် ၄၁ တွင် “အခွင့်အရေးများနှင့် ကင်းလွတ် ခွင့်များ ရရှိသူအားလုံးသည် မိမိတို့၏ အခွင့်အရေးများနှင့် ကင်းလွတ် ခွင့်များကို မထိခိုက်စေဘဲ လက်ခံသည့်နိုင်ငံ၏ တရားဥပဒေများနှင့် စည်းမျဉ်းဥပဒေများကို လေးစားရန်တာဝန်ရှိကြသည်။ ထို့ပြင် ၎င်းတို့ သည် ထိုနိုင်ငံ၏ ပြည်တွင်းရေးရာကိစ္စများတွင် ဝင်ရောက်စွက်ဖက် ခြင်း မပြုရန်လည်း တာဝန်ရှိသည်” ဟု ဖော်ပြထားကြောင်း၊ ထိုကဲ့သို့ သတ်မှတ်ချက်တွေ ရှိနေပါသော်လည်း အမေရိကန်နိုင်ငံသားနှစ်ဦးနှင့် သံရုံးဝန်ထမ်းတို့၏ ဥပဒေနှင့် ဆန့်ကျင်သည့် ပြုမူဆောင်ရွက်မှုသည် သက်ဆိုင်ရာနိုင်ငံရှိ ပြည်သူများ၏ကျန်းမာရေးကို ဆိုးရွားစွာထိခိုက် စေသည့်အပြင် ယင်းလုပ်ရပ်သည် လက်ခံနိုင်ငံ၏ တည်ဆဲဥပဒေ များနှင့် လမ်းညွှန်ချက်များ၊ သံတမန်ဆက်ဆံရေးဆိုင်ရာ ဗီယင်နာ ကွန်ဗင်းရှင်းပါ ပြဋ္ဌာန်းချက်များကို ပြောင်ပြောင်တင်းတင်းချိုးဖောက် လိုက်ခြင်းဖြစ်သဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ပြင်းထန် စွာ ကန့်ကွက်ခဲ့ပြီး မြန်မာနိုင်ငံ၏ ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်များကို တိတိကျကျလိုက်နာရန် ထပ်မံအသိပေးပြီး ဖြစ်သည်ကို ပြောကြားလိုကြောင်း၊ ထူးဆန်းမှုတစ်ခုကို ပြောလို ကြောင်း၊ မြန်မာနိုင်ငံထဲတွင် ဘာဖြစ်ဖြစ် ကြေညာချက်အနည်းဆုံး တစ်စောင်လောက်ထုတ်ရမှ ကျေနပ်သည့် အမေရိကန်သံရုံးက ထိုကိစ္စနှင့်ပတ်သက်၍ ရေငုံနှုတ်ပိတ်၊ ပါးစပ်ပိတ်နေသည်မှာ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီဦးဆောင်နိုင်ငံကြီး၏ သဘောထား အမှန်ကို မိမိတို့မြန်မာပြည်သူလူထုသိအောင်၊ ကမ္ဘာကသိအောင် ပြလိုက်ခြင်းဖြစ်ကြောင်း၊ ထို့အတူ ဘာပဲဖြစ်ဖြစ်ရေးမယ်ဆိုသည့် ပြည်ဖျက်မီဒီယာများ၏ မီဒီယာအပင်းဝင်ပြီး ဘာမှမပြောဆိုနိုင်မှုကို လည်း အံ့အားသင့်ဖွယ် မြင်ရမှာဖြစ်ကြောင်း ပြောကြားသည်။
ပညာရေးရင်းနှီးမြှုပ်နှံမှု
ဆက်လက်၍ ပညာရေးဆိုင်ရာနှင့်ပတ်သက်၍ ပြောကြားလို ကြောင်း၊ နိုင်ငံတိုင်း နိုင်ငံတိုင်းသည် မိမိတို့နိုင်ငံ စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်ရေးကို ဖော်ဆောင်နိုင်ရန် လူသားအရင်းအမြစ်(Human Resources)မှာ အဓိကဖြစ်သည်ကို လက်ခံထားခဲ့ကြကြောင်း၊ လူသားအရင်းအမြစ်ဆိုသည်မှာ “ပညာ” အပေါ် အဓိကမူတည် တည်ဆောက်ခြင်းဖြစ်၍ ပညာရေးရင်းနှီးမြှုပ်နှံမှုကို အဓိက အလေးထား လုပ်ဆောင်ကြကြောင်း၊ မိမိတို့နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂၀၀၈ ခုနှစ်) ပုဒ်မ ၂၈ အရ နိုင်ငံတော်သည် အခမဲ့မသင်မနေရ မူလတန်းပညာရေးစနစ် ဖော်ဆောင်ရမည် ဖြစ်ကြောင်း၊ ပုဒ်မ ၃၆၆ အရ “နိုင်ငံသားတိုင်းသည် နိုင်ငံတော်ကချမှတ်ထားသော ပညာရေး ဆိုင်ရာမူဝါဒများနှင့်အညီ (က) ပညာသင်ကြားပိုင်ခွင့်ရှိသည်၊ (ခ) ဥပဒေဖြင့် ပြဋ္ဌာန်းသည့် မသင်မနေရ အခြေခံပညာများကို သင်ကြား ရမည်” ဖြစ်ကြောင်း ပြောကြားသည်။
ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ရောဂါကြောင့် စာသင်ကျောင်းများ ပိတ်ထားရခြင်းဖြစ်၍ နိုင်ငံ၏အနာဂတ်လူသားအရင်းအမြစ် ဖြစ်ထွန်း မှု နှောင့်နှေးနစ်နာစေမှုကို ဖြစ်ပေါ်စေကြောင်း၊ ထို့ကြောင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ကိုဗစ်-၁၉ ရောဂါကို အတိုင်းအတာ တစ်ခုအထိ ထိန်းထားနိုင်သည့်အခြေအနေ ရောက်ရှိလာသည်နှင့်အမျှ ကျောင်းများပြန်ဖွင့်ရန် ကြိုးစားစီမံခဲ့ကြောင်း၊ အကြမ်းဖက်အဖွဲ့ အစည်းများဖြစ်သော NUG ၊ CRPH ၊ PDF အဖွဲ့များက ကျောင်းမီးရှို့ ဖျက်ဆီးမှု ကျောင်းပေါင်း ၅၀၀ နီးပါး၊ ပညာရေးဝန်ထမ်းများကို သတ်ဖြတ်မှု ၂၀ ဦး နီးပါးရှိကြောင်း၊ CDM လုပ်သွားသည့် ပညာရေးဝန်ထမ်းများလည်းရှိသေးကြောင်း၊ ထို့အပြင် ကျောင်းများဖွင့်ရာတွင် မျိုးစုံခြိမ်းခြောက်မှုများသည် ယခုအချိန်အထိ ရှိနေကြောင်း၊ မိမိတို့ ကျောင်းများကို အခက်အခဲများကြားမှ ဖွင့်ခဲ့ရကြောင်း ပြောကြား သည်။
မိမိတို့နိုင်ငံ၏ ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ အသက် ငါးနှစ်အထက် လူဦးရေထဲမှ ၈ ဒသမ ၁ ရာခိုင်နှုန်း(လူ ၄ သန်းနီးပါး)ခန့်သည် ကျောင်းမနေဖူးကြောင်း၊ စာလုံးဝမတတ်သည်ကို တွေ့ရကြောင်း၊ အရွယ်ရောက်ပြီး အသက် ၂၅ နှစ်အထက်အရွယ် လုံးဝကျောင်းမနေဖူးသူ ၉၆၀၀၀၀ (ကိုးသိန်းခြောက်သောင်း) ခန့်ရှိပြီး မူလတန်းကြိုနှင့် မူလတန်းအဆင့်ရှိသူ ၁၁ ဒသမ ၈ သန်း ကျော်ခန့်ရှိကြောင်း၊ မူလတန်းအဆင့်နှင့်အောက် ပညာအရည်အချင်း ရှိသူသည် ၁၂ ဒသမ ၇၉ သန်းခန့်ရှိကြောင်း၊ အလယ်တန်းအဆင့်ရှိသူ ၅ ဒသမ ၄ သန်းခန့်ရှိသည့်အတွက် အသက် ၂၅ နှစ်နှင့်အထက် အရွယ်ရောက်ပြီးသူများထဲမှ အလယ်တန်းအဆင့်နှင့် ၎င်းအဆင့် အောက် ပညာမသင်ကြားခဲ့ရသူပေါင်း ၁၈ ဒသမ ၂ သန်းနီးပါးခန့်ရှိ သည်ကို တွေ့ရှိရကြောင်း၊ ထိုအချက်သည် နိုင်ငံလူဦးရေ၏ သုံးပုံ တစ်ပုံခန့်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ပညာရေးမြှင့်တင်ရေးလုပ်ငန်းများကို အလေးထား ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားသည်။
၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁ ရက်တွင် အခြေခံပညာကျောင်း များကို ကိုဗစ်-၁၉ အခြေအနေအရ မဖွင့်လှစ်နိုင်သည့် မြို့နယ် ၄၆ မြို့နယ်မှအပ ကျန်မြို့နယ်များတွင် ဖွင့်လှစ်နိုင်ခဲ့ကြောင်း၊ ကျောင်း အပ်နှံသူဦးရေမှာ ၅ ဒသမ ၂ သန်းကျော်ဖြစ်ကြောင်း၊ ပထမနှစ်ဝက် ပညာသင်ကာလ ဖြေဆိုမှုအနေဖြင့် ကျောင်းတက်သူ ၄ ဒသမ ၂ သန်းကျော်၊ ထိုအထဲမှ ဖြေဆိုသူဦးရေ ၄ ဒသမ ၁ သန်းကျော်(၉၈ ဒသမ ၈ ရာခိုင်နှုန်း)ရှိကြောင်း ပြောကြားသည်။
၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၆ ရက်တွင် တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ ကျောင်းများ ပြန်လည်ဖွင့်လှစ်ခဲ့ရာတွင် အပ်နှံမှုသည် ၄၄၀၉ ဦး၊ တက်ရောက်ခြင်းသည် ၂၂၈၁ ဦးရှိကြောင်း၊ ကျောင်းသားများ ပညာသင်ကြားရေးတွင် ပညာသင်ကြားရမည့် အရွယ်တွင် ပညာရေး ကို စိတ်ဝင်စားရန်နှင့် ပညာသင်ကြားရန်သာဖြစ်ကြောင်း၊ မိမိတို့ တာဝန်ရှိသူများအပိုင်းသည် ပညာတတ်ရန်၊ စာကိုတတ်အောင် သင်ကြားပေးရန်သာဖြစ်ကြောင်း၊ အတန်းအောင်ရန်ထက် စာတတ် ရန်၊ ထို့အပြင် ပညာတတ်ရန်အရေးကြီးကြောင်း၊ ထို့ကြောင့် သူ့အရွယ် နှင့်လျော်ညီသည့် အတန်းပညာတတ်ရန်လိုကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေဖြင့် နိုင်ငံသားတိုင်း ကျောင်းနေ အရွယ် ကလေးငယ်တိုင်း(KG+9) (အခြေခံပညာအလယ်တန်းအဆင့်) အဆင့်ပြီးဆုံးသည်အထိ ပညာသင်ကြားနိုင်ရေး ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း၊ KG+9 သည် မိမိတို့အစိုးရ၏ ပညာရေးရည်မှန်းချက် သာဖြစ်ကြောင်း၊
အဘယ်ကြောင့်ဆိုသော် KG+9 ပြီးသည်နှင့် အသက် မွေးဝမ်းကျောင်း ပညာသင်ကြားရန်အတွက် အခြေခံရသွားနိုင်ပြီဖြစ်ကြောင်း၊ အသက် မွေးဝမ်းကျောင်း ပညာသင်ကျောင်းများသို့ ဆက်တက်နိုင်မည် ဖြစ်ကြောင်း၊ ထိုကိစ္စများပြီးမှသာ အထက်တန်းပညာ၊ အဆင့်မြင့် ပညာများဆီ သွားနိုင်မည်ဖြစ်ကြောင်း၊ ဤအချက်သည် တိုင်းပြည် ပညာရေးကိုမြှင့်တင်ရာဖြစ်ပြီး ထိုသို့မြှင့်တင်နိုင်မှလည်း တိုင်းပြည် ၏ အနာဂတ်ဟာ ကောင်းမည့်အနေအထားရှိမည်ဖြစ်ကြောင်း၊ ပညာ မတတ်ဘဲနှင့် ဒီမိုကရေစီနိုင်ငံတစ်ခု တည်ဆောက်နိုင်ရန် ခဲယဉ်းမည် ဆိုသည်ကို အထူးအလေးထားနိုင်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ နိုင်ငံသားများအနေဖြင့် မိမိတို့၏ ပညာသင်ယူမှု အခွင့်အလမ်းများ မဆုံးရှုံးစေလိုကြောင်း မိဘပြည်သူများကို အသိပေးပြောကြားလို ကြောင်း ပြောကြားသည်။
ပညာရေးနှင့်ကျန်းမာရေးကဏ္ဍ
ဆက်လက်၍ မည်သည့်နိုင်ငံမှ ပညာရေးနှင့်ကျန်းမာရေးကဏ္ဍကို နှောင့်ယှက်မှုကို လက်မခံကြကြောင်း၊ ဥပမာ မိမိတို့မြန်မာနိုင်ငံသည် လွတ်လပ်ရေးရပြီးကတည်းက လက်နက်ကိုင်ပဋိပက္ခများ ရှိခဲ့ ကြောင်း၊ EAO များနှင့် တိုက်ပွဲများရှိခဲ့ကြောင်း၊ ထူးခြားသည်မှာ ၁၉၄၈ ခုနှစ်နောက်ပိုင်း အစိုးရအဆက်ဆက် ပြေလည်သွားမှုရှိ သကဲ့သို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ မပြေလည်သည့်အတွက် EAO များနှင့် တိုက်ခိုက်မှုရှိကြောင်း၊ ထို EAO များ၏ နယ်မြေထဲသို့ ကျန်းမာ ရေးနှင့် ပညာရေးဝန်ထမ်းများ သွားလာ၍ရကြောင်း၊ ကျန်းမာရေး ဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက်မှုလုပ်ပေး၍ရကြောင်း၊ ပညာရေးဝန်ထမ်းများက စာသင်ပေး၍ရကြောင်း၊ စာသင်ကျောင်းများ လည်း ထိုအတိုင်းသာရှိကြောင်း၊ ဤသည်မှာ ယခင်ကတည်းက ရှိနေသည့် EAO နယ်မြေများ၊ သောင်းကျန်းသူဟု သတ်မှတ်ထားသည့် နယ်မြေများဖြစ်ပြီး ပညာရေးနှင့် ကျန်းမာရေးဝန်ထမ်းများကို အနှောင့်အယှက်ပေးမှုမရှိကြောင်း၊ အကူအညီပေးမှုတောင်ရှိကြောင်း၊ ယခုအချိန်တွင် NUG ၊ PDF အကြမ်းဖက်အဖွဲ့များအနေဖြင့် ပညာရေး၊ ကျန်းမာရေးကဏ္ဍများကို ပစ်မှတ်ထားတိုက်ခိုက်မှုကို တွေ့ရကြောင်း ပြောကြားသည်။
အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များ
အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များကို ပြောမည်ဖြစ်ကြောင်း၊ ကယားပြည်နယ်တွင် ယခုဖြစ်ပျက်နေသည့် အခြေအနေများကို မီဒီယာများနှင့် တက်ရောက်လာသူများလည်း အားလုံးသိပြီးဖြစ် ကြောင်း၊ သတင်းမျိုးစုံလည်း တွေ့ရမည်ဖြစ်ကြောင်း၊ ထိုကိစ္စများ၏ အစသည် ဒီဇင်ဘာလ ၂၄ ရက်တွင် ကယားပြည်နယ် လွိုင်ကော်မြို့ လေဆိပ်ကို မြန်မာ့အမျိုးသားလေကြောင်းလိုင်းမှ ခရီးသည်တင် လေယာဉ်တစ်စင်း ဆင်းသက်ရောက်ရှိစဉ်၌ KNPP အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက ပြည်သူလူထုကို အကာအကွယ်ယူ ၍ လွိုင်ကော်မြို့ ရပ်ကွက်များအထဲမှ ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် လာရောက်နှောင့်ယှက်ပစ်ခတ်ခဲ့ပြီး ထွက်ပြေးသွားသူများကို ဖမ်းဆီး ရမိရေး လုံခြုံရေးအဖွဲ့များက ၎င်းတို့ထွက်ပြေးနိုင်သည့်လမ်းများကို ပိတ်ဆို့စစ်ဆေးခြင်းများ ဆောင်ရွက်နေချိန် ဖရူဆိုမြို့ မိုဆိုကျေးရွာ အနီးမှာ ဒီးမော့ဆို-ကွိုင်ငံရွာဟောင်း - ဒေါ့ကယားခူ - မိုဆို မြေသား လမ်းအတိုင်း မောင်းနှင်လာသော မသင်္ကာဖွယ်မော်တော်ယာဉ် ခုနစ်စီးကို စစ်ဆေးရန် ရပ်တန့်စေခဲ့သော်လည်း ရပ်တန့်ခြင်းမရှိဘဲ မော်တော်ယာဉ်များပေါ်မှ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ မိုဆိုကျေးရွာအနီး တောင်ကုန်းများပေါ်မှ အသင့်စောင့်ဆိုင်းနေသည့် အကြမ်းဖက်အဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်လာသည့်အတွက် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ ကြောင်း၊ ပစ်ခတ်မှုကြားရောက်ရှိခဲ့သော မော်တော်ယာဉ် ခုနစ်စီးကို လက်နက်ကြီး၊ လက်နက်ငယ်ကျည်နှင့် ဗုံးသီးများထိမှန်ခဲ့ပြီး မီးလောင်ခဲ့ခြင်းဖြစ်ကြောင်း၊ မီးလောင်ရခြင်းအကြောင်းမှာ ကားများ အပေါ်တွင် ရွာများထဲမှ စုလာသည့် စားသုံးဆီ၊ စက်သုံးဆီများ တင်လာမှုတို့ရှိကြောင်း၊ ထို့ကြောင့် မီးလောင်ရခြင်းဖြစ်ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်မှုကြားကနေ အတတ်နိုင်ဆုံး ယာဉ်ပေါ်လိုက်ပါသူများကို ကယ်ထုတ်ဖို့ ကြိုးပမ်းဆောင်ရွက်ခဲ့ သော်လည်း မီးလောင်မှုအရှိန်နှင့် တစ်ဖက်၏ပစ်ခတ်မှုများကြောင့် ကယ်တင်နိုင်ခြင်းမရှိခဲ့ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးငြှိမ်း သတ်နိုင်ရေး နီးစပ်ရာမြို့အတွင်းရှိ မီးသတ်တပ်ဖွဲ့များမှ မီးသတ် ယာဉ်များကို အကူအညီတောင်းခံသော်လည်း အကြမ်းဖက်သမားများ ၏ အဖျက်အမှောင့် လုပ်ရပ်များကြောင့် မီးသတ်ယာဉ်များပျက်စီးခြင်း နှင့် CDM လှုပ်ရှားမှုများကြောင့် မီးသတ်တပ်ဖွဲ့ဝင်များ အင်အား လျော့နည်းခြင်းတို့ကြောင့် လာရောက်မီးငြှိမ်းသတ်နိုင်မှု မရှိခဲ့ခြင်း ဖြစ်ကြောင်း၊ ထို့အပြင် တပ်မတော်နှင့် ကယားပြည်နယ်တွင်ရှိသည့် BGF များအကြား သွေးကွဲစေရန် လုပ်ဆောင်မှုလည်းရှိခဲ့ကြောင်း၊ မိုဆိုကျေးရွာအနီးတွင် BGF စခန်း တစ်ခုရှိကြောင်း၊ တိုက်ပွဲဖြစ်ပွားချိန် ကားများကို စစ်ဆေးနေသည့်အချိန်တွင် မိုဆိုကျေးရွာထဲမှ PDF အမည်ခံတချို့ အရပ်ဝတ်နှင့်လူများက မိုဆိုဘက်က BGF စခန်းကို တက်လာပြီး အကူအညီတောင်းခံကြောင်း၊ BGF လေးယောက်က ကျန်သည့် အဖွဲ့ဝင်များ၏ရှေ့တွင် အရပ်ဝတ်ဖြင့်ဆင်းသွားကြောင်း၊ ဆင်းလိုက်သွားပြီး မကြာခင် ပစ်ခတ်မှုများဖြစ်ပွားခဲ့ကြောင်း၊ ပြန်၍ လိုက်သွားခဲ့ရာ BGF အဖွဲ့များကို လက်ပြန်ကြိုးတုပ်၍သတ်ထား သည့် အနေအထားကို တွေ့ရကြောင်း၊ ဆင်းသွားသည့်အချိန် အရပ် ဝတ်ဖြင့်ဖြစ်ပြီး အလောင်းတွေ့သည့်အချိန်တွင် BGF ဝတ်စုံများဖြင့် တွေ့ရှိကြောင်း၊ ဤသည်ကို တပ်မတော်က BGF အဖွဲ့ဝင်များကို ပစ်သတ်သည်ဟု BGF နှင့် တပ်မတော်အကြား သွေးထိုးလှုံ့ဆော်မှုများ ရှိခဲ့ကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာ တိုင်းမှူး၊ ညွှန်ကြားရေးမှူးတို့က လိုက်သွား၍ BGF အဖွဲ့များနှင့် တွေ့ဆုံပြီး အဖြစ်မှန်ကို စုံစမ်းခဲ့ပြီး နောက် ဖြေရှင်းပေးခဲ့ရကြောင်း၊ ၎င်းတို့သည် အချိန်ကိုက်လေယာဉ် ကိုပစ်ပြီး မော်တော်ယာဉ်များဖြင့် ပြေးသွားမှုများရှိကြောင်း၊ ထို့နောက် BGF အဖွဲ့နှင့် တပ်မတော်ကြားထဲ အထင်အမြင်လွဲစေရန် လုပ်ဆောင်မှုများဖြစ်ကြောင်း ပြောကြားသည်။
အကြမ်းဖက်တိုက်ခိုက်မှုများ
ဇန်နဝါရီလ ၁၁ ရက်တွင်လည်း KNPP အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များသည် ကယားပြည်နယ် လွိုင်ကော်မြို့ မိုင်းလုံး ရပ်ကွက်ရှိ အစိုးရနည်းပညာတက္ကသိုလ်(GTU)နှင့် ဗုဒ္ဓဥယျာဉ်တစ်ဝိုက် ၌ လူနေအဆောက်အဦများ၊ အစိုးရအဆောက်အဦများနှင့် ဘာသာ ရေးဆိုင်ရာ အဆောက်အဦများကို အကာအကွယ်ရယူပြီး ရပ်ကွက် အတွင်းရှိဒေသခံများကို အန္တရာယ်အတွင်းမှ ဘေးကင်းရာကို သွားလာ ခွင့်ပြုရမည့်အစား လူသားတံတိုင်းအဖြစ်အသုံးပြု၍ လုံခြုံရေးတပ်ဖွဲ့ ဝင်များအား တိုက်ခိုက်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ ဘာသာရေးနှင့် သက်ဆိုင်သော အဆောက်အဦများ၊ ပညာရေးဆိုင်ရာအဆောက်အဦ များနှင့် လူနေရပ်ကွက်အဆောက်အဦများကို အကာအကွယ်ယူ ဆောင်ရွက်ခဲ့သည်ကို တွေ့ရကြောင်း၊ ထိုအဆောက်အဦများကို အကာအကွယ်ယူ၍ လွိုင်ကော်အကျဉ်းထောင်ကို ပစ်ခတ်ခဲ့ပြီး ၄၀ မမ ဗုံးသီးများ ထိမှန်ခဲ့သည့်ဖြစ်စဉ်များရှိကြောင်း ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့ နယ်၌ မန္တလေးမှ ကွမ်းရွက်ရောင်းပြန်လာသည့်ကားကို PDF အကြမ်း ဖက်သောင်းကျန်းသူများက မိုင်းဆွဲ တိုက်ခိုက်၍ ယာဉ်ပေါ်ပါ အပြစ်မဲ့ အရပ်သားများကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ကာ ကွမ်းရောင်းရငွေ ကျပ်သိန်း ၁၀၀ ခန့်ကို ယူဆောင်သွားသည့်ဖြစ်စဉ်များ ဖြစ်ပွားခဲ့ ကြောင်း၊ ထိုဖြစ်စဉ်တွင် အသက်မသေဘဲ ကျန်ခဲ့သည့်သူတစ်ယောက် ပြောဆိုချက်အရ ထိုကဲ့သို့ လုယက်ယူသွားသည့် PDF များသည် မည်သူတွေဖြစ်သည်ကို သိရှိကြောင်း ပြောကြားသည်။
ဇန်နဝါရီလ ၈ ရက် ညပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မြို့နယ် ပုတီးကျေးရွာတွင်ရှိသော အထက(ပုတီး)ကျောင်းမှ မူလတန်းပြဆရာမဖြစ်သည့် ဒေါ်လှလှညွန့်နှင့် ခင်ပွန်းဖြစ်သူ ဦးအောင်ဇော်မိုးတို့နှစ်ဦးကို PDF အမည်ခံ အကြမ်းဖက်သမားက ဖမ်းဆီးခေါ်ဆောင်သွားပြီး နှိပ်စက်သတ်ဖြတ်ခြင်း၊ ဇန်နဝါရီလ ၁၀ ရက်တွင်လည်း ကသာမြို့နယ် လက်ပန်ဇင်ကျေးရွာတွင်ရှိသော အခြေခံပညာ မူလတန်းလွန်ကျောင်းရှိ ဆရာ၊ ဆရာမများ၊ ကျောက်ထုံးကြီးကျေးရွာ အထကကျောင်းရှိ ဆရာ၊ ဆရာမများနှင့် ဒေါင့်ကြီးကျေးရွာတွင်ရှိသော အထက(ခွဲ)ကျောင်းမှ ကျောင်းအုပ် ဆရာမကြီးတို့ကို PDF အမည်ခံ အကြမ်းဖက်သမားများက လက်ကိုင် ဖုန်းများကို လုယက်ယူဆောင်ကာ ကျောင်းဖွင့်လှစ်ခြင်းမပြုလုပ်ရန် ခြိမ်းခြောက်ပြောဆိုပြီး ဆရာ၊ ဆရာမများကို ခြေထောက်ဖြင့် ကန်ကျောက်ကာ ဓားရိုးဖြင့်ရိုက်နှက်ခြင်း၊ ဇန်နဝါရီလ ၉ ရက်တွင် လည်း မကွေးတိုင်းဒေသကြီး စေတုတ္တရာမြို့နယ် အပေါကျေးရွာမှ ကျောင်းအုပ်ဆရာကြီး ဦးသက်နောင်ထွန်းကို အကြမ်းဖက်သမားများ က ဖမ်းဆီးခေါ်ဆောင်ပြီး ငွေကျပ် သိန်း ၁၀၀ ဖြင့် ပြန်လည်ရွေးယူခိုင်း ခြင်း၊ ဇန်နဝါရီလ ၃ ရက် နေ့လယ် ၂ နာရီခွဲခန့်က ကရင်ပြည်နယ် မြဝတီမြို့နယ် အပြင်ကွင်းကလေးကျေးရွာ၏ အနောက်မြောက်ဘက် မီတာ ၂၀၀၀ ခန့်အကွာနေရာ၌ ကိုဗစ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အရေးပေါ်လိုအပ်သည့် အောက်ဆီဂျင် ပြတ်လပ်မှုမရှိစေရေးအတွက် ထိုင်းနိုင်ငံမှ အောက်ဆီဂျင်အရည် တန် ၂၀ တင်ဆောင်လာခဲ့သော မော်တော်ယာဉ်ကို KNLA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့က အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့မှု ဖြစ်ပွားခဲ့ကြောင်း၊ ထိုသို့ ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ဆောင်ခြင်း များသည် ဂျီနီဗာကွန်ဗင်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့အရ စစ်ရာဇဝတ်မှု(War Crime) ကျူးလွန်ရာရောက်သည်ကို ထင်ရှားစွာ တွေ့နိုင်ကြောင်း၊ NUG ၊ PDF အမည်ခံအကြမ်းဖက်သမားများ အနေ ဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်ရည်ရွယ်ကာ အဖျက်အမှောင့်လုပ်ငန်းမျိုးစုံကို လုပ်ဆောင်လျက်ရှိသည်ကို တွေ့ရ မည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ဇန်နဝါရီလ ၁၃ ရက်တွင် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ် မရသိမ်ကျေးရွာ အခြေခံပညာ မူလတန်းကျောင်းကို အကာအကွယ် ရယူကာ စခန်းချအခြေပြုနေပြီး စာသင်ကျောင်းပတ်လည်တွင် မိုင်းများထောင်ပြီး သဲအိတ်ဘန်ကာတွေ ပြုလုပ်နေကြောင်း၊ ပြသ ထားသည့်ပုံများကို ကြည့်ရင်သိနိုင်ကြောင်း၊ မိုင်းများထောင်ထားသည် ကို တွေ့နိုင်ကြောင်း၊ ထို့နောက် အကြမ်းဖက်မှုများ ပြုလုပ်ရန်အတွက် လက်လုပ်မိုင်းများ၊ လက်လုပ်ဗုံးသီးများ၊ လက်လုပ်သေနတ်များကို ပြင်ဆင်ဆောင်ရွက်နေကြောင်း၊ ထိုကျောင်းထဲတွင် နေထိုင်သည့် နေရာများ၊ လက်လုပ်ဗုံးပြုလုပ်ရန်အတွက် ဖြတ်တောက်သည့် ကိရိယာများကို တွေ့နိုင်မည်ဖြစ်ကြောင်း၊ ထိုကိစ္စများကို လက်မခံ သည့် ကျေးရွာသူ၊ ကျေးရွာသားများက လုံခြုံရေးတပ်ဖွဲ့ဝင်များထံကို လာရောက်သတင်းပေးသည့်အတွက် ထိုနေ့နံနက်ပိုင်းတွင်ပဲ သွားရောက်ချေမှုန်း ဖမ်းဆီးခဲ့ရကြောင်း၊ PDF အကြမ်းဖက်သမား များမှာ ထွက်ပြေးသွားခဲ့ပြီး ၎င်းတို့၏ ပြင်ဆင်ဆောင်ရွက်ခဲ့သော အကြမ်းဖက်မှုလုပ်ရပ်များကို တားဆီးနိုင်ခဲ့ကြောင်း၊ ညပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျေးရွာလုံခြုံရေး၊ ပတ်ဝန်းကျင်လုံခြုံရေး အတွက် ထွက်သွားခဲ့ကြောင်း၊ ထိုအချိန်တွင် ၎င်းတို့အနေဖြင့် သက်သေခံပစ္စည်များမကျန်ရှိစေရန် ည ၁၀ နာရီတွင် ထိုစာသင် ကျောင်းကို ဖောက်ဝင်လာပြီး မီးရှို့၊ ဖောက်ခွဲဖျက်ဆီးသွားခဲ့ကြောင်း ပြောကြားသည်။
ဆက်လက်၍ ရန်ကုန်တွင်ဖမ်းမိသည့် အကြမ်းဖက်သမား ဖြိုးဇေယျာသော်၏ပြောကြားချက်အများကြီးထဲမှ တချို့ကို ပြသလို ကြောင်း၊ ပြသရာတွင် ၎င်းတို့ မည်သို့အကြမ်းဖက်မှုများကို ကျူးလွန် ခဲ့သည်၊ မည်သို့လုပ်ဆောင်ခဲ့သည်၊ NUG ၏ လုပ်ဆောင်ချက်များက မည်သို့ရှိသည်တို့ကို နိုင်ငံတကာကပြောနေသည့် NUG နှင့် ပတ်သက် ၍ ကာကွယ်ပြောနေသည့်သူများ ယခု Video File ကို ကြည့်လျှင် သိနိုင်ကြောင်း၊ NUG က မည်သို့ခိုင်းခဲ့သည်၊ မည်သို့ဖောက်ခွဲမှုများ လုပ်ခဲ့သည်ကို ပြသလိုကြောင်း၊ ထို့နောက် မောင်ကျော် (ခ) ဖြိုးဇေယျာသော်၏ ထွက်ဆိုချက် Video File ကို ပြသသည်။
ဆက်လက်၍ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယခုပြသသည့် Video File နှင့် ပတ်သက်၍ ဖြိုးဇေယျာသော်၏ ထွက်ဆိုချက်နှင့် ရုပ်သွင်အမူ အရာကို ကြည့်လျှင် သိနိုင်ကြောင်း၊ မိမိတို့ ခြိမ်းခြောက်ပြီးထွက်ခိုင်းခြင်း ဟုတ်/မဟုတ်နှင့် ၎င်းသဘောအတိုင်း ထွက်ဆိုခြင်း ဟုတ်/မဟုတ်ကို ၎င်း၏အမူအရာကိုကြည့်လျှင်သိနိုင်ကြောင်း၊ ထွက်ဆိုချက်များထဲမှ နောက်ဆုံးအချက်အနေဖြင့် ရန်ကုန်တိုင်းအတွင်း ပြည်သူလူထု ထိတ်လန့်တုန်လှုပ်နေအောင် မိုင်းထောင်ဖောက်ခွဲမှု ၁၇၈ ကြိမ် လုပ်ခဲ့ကြောင်းကို ၎င်းကိုယ်တိုင်ဝန်ခံသွားကြောင်း၊ ယခုလက်ရှိကာလ အထိ နိုင်ငံ့ဝန်ထမ်း ၂၉၂ ဦးနှင့် အပြစ်မဲ့ပြည်သူ ၁၅၃၈ ဦး စုစုပေါင်း ၁၈၃၀ အကြမ်းဖက်မှုကြောင့် သေဆုံးခဲ့ရကြောင်း၊ ထိုဖြစ်စဉ် များသည် NUG၊ CRPH ၏ ပြည်သူလူထုအပေါ်ထားသည့် စေတနာ လားဟု မေးလိုကြောင်း ပြောကြားသည်။
တပ်မတော်က နိုင်ငံတော်တာဝန်ကို ထိန်းသိမ်းရယူခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်အထိ မြို့ကြီးအချို့တွင် အကြမ်းဖက်မှု(ဗုံးပေါက်ကွဲမှုအပါ) ၄၀၄၄ ကြိမ်၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက ထိန်းသိမ်းခဲ့ရမှုအနေဖြင့် အကြမ်းဖက်သူ ၁၄၈၀ ၊ လက်နက်မျိုးစုံ ၁၁၆ လက်၊ ခဲယမ်းမျိုးစုံ ၁၁၇၅ တောင့်၊ လက်ဗစ်ဗုံး ၂၁ လုံး၊ လက်လုပ်မိုင်း ၇၄၁ လုံးနှင့် အခြားဖောက်ခွဲဖျက်ဆီး ရေးပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း၊ အကြမ်းဖက်မှုမရှိစေရေး အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှာဖွေဖော်ထုတ်မှုများ ဆောင်ရွက် ခဲ့ရာ ပြစ်မှုမကျူးလွန်ရသေးဘဲ ပြစ်မှုကျူးလွန်ရန် ကြံစည်လုပ်ဆောင် နေသည့် အကြမ်းဖက်သူ ၁၀၀၆၉ ဦး၊ လက်နက်မျိုးစုံ ၃၃၃၅ လက်၊ ခဲယမ်းမျိုးစုံ ၁၅၉၄၉၉ တောင့်၊ လက်ဗစ်ဗုံး ၇၁၅ လုံး၊ လက်လုပ်မိုင်း ၇၁၆၁ လုံးနှင့် အခြားဖောက်ခွဲဖျက်ဆီးရေးပစ္စည်းများကို အချိန်မီ ဖော်ထုတ်တားဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း၊ စုစုပေါင်းအကြမ်းဖက်သူ ၁၁၅၄၉ ဦးကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ပြီး လက်နက်မျိုးစုံ ၃၄၅၁ လက်၊ ခဲယမ်းမျိုးစုံ ၁၆၀၆၇၉ တောင့်၊ လက်ပစ်ဗုံး ၇၃၆ လုံး၊ လက်လုပ်မိုင်း ၇၉၀၂ လုံးတို့အား သိမ်းဆည်းဖော်ထုတ်ရရှိခဲ့ကြောင်း ပြောကြားသည်။
တပ်မတော်အနေဖြင့် EAO အဖွဲ့ထဲမှ KNU တပ်မဟာ(၅/၆) ဆက်စပ်နယ်မြေ၊ ရှမ်းပြည်နယ်(အရှေ့မြောက်)ဘက်မှာ MNDAA ၊ ကယားပြည်နယ်မှာ KNPP ၏ အကြမ်းဖက်အဖွဲ့ဖြစ်သော NUG ၊ CRPH ၊ PDF အမည်ခံ အကြမ်းဖက်ပူးပေါင်းအဖွဲ့၊ စစ်ကိုင်းတိုင်းဒေသ ကြီး၊ မကွေးတိုင်းဒေသကြီး၏နယ်မြေအချို့တွင် PDF အမည်ခံ အကြမ်းဖက်အချို့နှင့် ထိတွေ့မှုများရှိကြောင်း၊ KNU/KNLA တပ်မဟာ (၅)နယ်မြေဖြစ်သည့် ဖာပွန်ခရိုင် ဖာပွန်မြို့နယ်တွင် လူဦးရေ ၂၈၅၇၃ ဦး (သုံးသောင်းနီးပါးဝန်းကျင်) ရှိပြီး အဆိုပါလူဦးရေမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နှစ်ကြိမ် ဆေးထိုးပြီးသူ ၇၄၇၉ ဦး (ခုနစ် ထောင်ကျော်)၊ ဆေးထိုးရန်ကျန် ၂၁၀၉၄ ဦး (နှစ်သောင်းကျော်) ကျန်ရှိနေသေးကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံသားတိုင်း ၎င်းတို့ ခံစားခွင့်ရမည့် ကျန်းမာရေး၊ ကိုဗစ်-၁၉ ကာကွယ်ဆေးများထိုးနှံနိုင် ရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဖာပွန်ဒေသသို့ ကိုဗစ်-၁၉ ကာကွယ်ဆေးရရှိရန်အတွက် တပ်မတော်ပိုင်ယာဉ်များကို အသုံးပြု ကြောင်း၊ ထို့အပြင် ဒေသခံဝန်ထမ်းများအတွက် လိုအပ်သည့် စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများကို ပို့ပေးကြောင်း၊ ထိုကဲ့သို့ ပို့ဆောင်ပေးသည့်လမ်းတစ်လျှောက်တွင် KNU တပ်မဟာ(၅) အနေ ဖြင့် ဖာပွန်မြို့အဝင်တွင် မိုင်းထောင်၊ မိုင်းခွဲ တိုက်ခိုက်ခဲ့သည့်ဖြစ်စဉ်များ ရှိကြောင်း၊ ပြည်သူလူထုအသုံးပြုနေသည့် လမ်းကြောင်းဖြစ်ကြောင်း၊ မိမိတို့ ရှာဖွေဖော်ထုတ်ရသည့် မိုင်းများထဲမှ တချို့မိုင်းများ၏ ဓာတ်ပုံ များကို ပြသသွားမည်ဖြစ်ကြောင်း၊ လမ်းတစ်လျှောက်တွင် ဖော်ထုတ် ရသည့်မိုင်းများကိုကြည့်လျှင် လက်လုပ်မိုင်းများသည် လူတစ်ရပ်စာ နီးပါးရှိကြောင်း၊ တပ်မတော်အနေဖြင့် စစ်မှန်သည့် ထာဝရငြိမ်းချမ်း ရေးရရှိရေးအတွက် NCA စာချုပ်ပါသဘောတူညီချက်များကို လိုက်နာ စောင့်ထိန်းလျက်ရှိပြီး တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရန် အတွက်ကို ဆောင်ရွက်လျက်ရှိကြောင်းနှင့် ငြိမ်းချမ်းရေးတံခါးကို အမြဲဖွင့်လှစ်ထားကြောင်း၊ KNU/ KNLA တပ်မဟာ(၅)အနေဖြင့် KNU ဗဟိုဦးစီးကော်မတီ၏အမိန့်ကို နာခံမှုမရှိဘဲ NCA စာချုပ်အား ချိုးဖောက်လျက် ငြိမ်းချမ်းရေးလမ်းစဉ်ပျက်စီးစေရန် ဆောင်ရွက် လျက်ရှိနေကြောင်း၊ ဖာပွန်ဒေသတွင်ရှိသည့် ပြည်သူလူထုအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးပို့ပေးခြင်းများနှင့် ဖာပွန်ဒေသရှိ ပြည်သူ လူထု၏ စားဝတ်နေရေးအတွက် ရိက္ခာပို့ပေးခြင်းများကို တိုက်ခိုက် လျက်ရှိကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် အဆိုပါဒေသများတွင် ထိုကဲ့သို့ နှောင့်ယှက်ဖျက်ဆီးနေမှုများကို လုံခြုံရေးအရ ပြုလုပ်သင့်၊ ပြုလုပ်ထိုက်သည်များကို လုပ်ဆောင်သင့် လုပ်ဆောင်ထိုက်သည့် နည်းလမ်းများဖြင့် တန်ပြန်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
ဆက်လက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ပြောရေးဆိုခွင့်ရှိသူ ဦးခင်မောင်ဦးက ရှင်းလင်းပြောကြားရာတွင် ယခု သတင်းစာရှင်းလင်းပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများနှင့် ဆက်လက် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြမည်ဖြစ်ကြောင်း၊ တည်ဆဲနိုင်ငံရေးပါတီများ၏စာရင်းများကို စစ်ဆေးဆောင်ရွက်ပြီးစီး မှုအခြေအနေ၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲလုပ်ငန်းစဉ် များ၊ မဲမသမာမှုများနှင့် တရားမဲ့ပြုကျင့်မှုဖြစ်စဉ်များတွင် ပါဝင် ပတ်သက် ကျူးလွန်ဆောင်ရွက်ခဲ့ကြသူများအပေါ် အရေးယူ ဆောင်ရွက်မှုအခြေအနေ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် နှင့် နိုင်ငံရေးပါတီများ ရွေးကောက်ပွဲစနစ်ဆိုင်ရာ ဆွေးနွေးပွဲကျင်းပ ဆောင်ရွက်ခဲ့မှုအခြေအနေနှင့် မဲဆန္ဒရှင်စာရင်းပြုစုခြင်း၊ ဥပဒေ၊ နည်းဥပဒေများ သုံးသပ်ပြင်ဆင်ခြင်း၊ ဝန်ထမ်းအင်အားဖြည့်တင်း ခြင်းအပါအဝင် ဆက်လက်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ် များကို ရှင်းလင်းသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
တည်ဆဲနိုင်ငံရေးပါတီများ၏စာရင်းများ စစ်ဆေးဆောင်ရွက် ပြီးစီးမှုအခြေအနေကို ဦးစွာတင်ပြမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် မှတ်ပုံတင်ထားရှိသည့် နိုင်ငံရေးပါတီ ပေါင်း ၉၂ ပါတီရှိပြီး ယင်းပါတီအားလုံးသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နိုင်ငံရေးပါတီများ မှတ်ပုံ တင်ခြင်းဥပဒေ၊ နည်းဥပဒေများအပါအဝင် တည်ဆဲဥပဒေ၊ နည်းဥပဒေ များကို လိုက်နာရန် တာဝန်ရှိကြောင်း၊ နိုင်ငံရေးပါတီများ မှတ်ပုံတင် ခြင်းဥပဒေ အခန်း(၄) တွင် ပါတီရန်ပုံငွေနှင့် ပစ္စည်းများစုဆောင်းခြင်း၊ ထိန်းသိမ်းခြင်း၊ သုံးစွဲခြင်း၊ စစ်ဆေးခြင်း၊ စာရင်းရှင်းလင်းဖျက်သိမ်း ခြင်းနှင့် စပ်လျဉ်း၍လည်းကောင်း၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေ အခန်း(၄)တွင် ပါတီရန်ပုံငွေ၊ ငွေကြေး၊ ပစ္စည်းများ ထိန်းသိမ်းခြင်း၊ သုံးစွဲခြင်းနှင့်စပ်လျဉ်း၍လည်းကောင်း ပြဋ္ဌာန်း ထားရှိပြီးဖြစ်ကြောင်း၊ ၂၀၁၀ ပြည့်နှစ်တွင် ပြန်လည်တည်ထောင် မှတ်ပုံတင်ခဲ့ကြသည့် တည်ဆဲနိုင်ငံရေးပါတီများ၏စာရင်းများကို ယခင်က စစ်ဆေးနိုင်ခဲ့ခြင်းမရှိသည့်အတွက် ဥပဒေနှင့်အညီ စစ်ဆေး ရန်လိုအပ်လျက်ရှိကြောင်း ပြောကြားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်ပါ လုပ်ငန်းစဉ် (၁)အရ ပြန်လည်ဖွဲ့စည်းခဲ့သည့် လက်ရှိပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် လုပ်ဆောင်သင့်၊ လုပ်ဆောင်ထိုက်သည် များကို ဥပဒေနှင့်အညီ ဆက်လက်လုပ်ဆောင်လျက်ရှိရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ ဦးဆောင်ပြီး သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များပါဝင် သည့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့များနှင့် နိုင်ငံရေးပါတီများ၏ စာရင်း များကို စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း၊ ဩဂုတ်လ စတုတ္ထပတ်မှစပြီး ဆောင်ရွက်ခဲ့ရာတွင် နိုဝင်ဘာလကုန်အထိ စစ်ဆေးပြီးပါတီ ၃၈ ပါတီဖြစ်ကြောင်း၊ ဒီဇင်ဘာလအတွင်းတွင် တနင်္သာရီတိုင်းဒေသကြီး အခြေစိုက် တစ်ပါတီ၊ ရခိုင်ပြည်နယ်အခြေစိုက် ငါးပါတီ၊ ရန်ကုန်တိုင်း ဒေသကြီး အခြေစိုက် နှစ်ပါတီနှင့် ရှမ်းပြည်နယ်အခြေစိုက် ငါးပါတီ စုစုပေါင်း ၁၃ ပါတီ ထပ်မံစစ်ဆေးပြီးစီးခဲ့သည့်အတွက် ယနေ့အထိ စစ်ဆေးပြီးနိုင်ငံရေးပါတီ ၅၁ ပါတီဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်ပြီး ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲလုပ်ငန်း စဉ်များ၊ မဲမသမာမှုများနှင့် တရားမဲ့ပြုကျင့်မှုဖြစ်စဉ်များတွင် ပါဝင် ပတ်သက် ကျူးလွန်ဆောင်ရွက်ခဲ့သူများအပေါ် အရေးယူဆောင်ရွက် မှုအခြေအနေကို ရှင်းလင်းတင်ပြမည်ဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကာလတွင် ရွေးကောက်ပွဲနှင့်ပတ်သက်သည့် အမှုပေါင်း ၁၀၇၇ မှု ဖြစ်ပွားခဲ့ပြီး ရွေးကောက်ပွဲဥပဒေဖြင့် အရေးယူ ဆောင်ရွက်ခဲ့သည့်အမှု ၅၄၆ မှုရှိခဲ့ပါကြောင်း၊ ယင်းအမှုများနှင့် စပ်လျဉ်းပြီး ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရရှိသော စာရင်းဇယားများအရ တရားစွဲတင် ၃၄၂ မှု၊ ပိတ်သိမ်း ၁၉၄ မှုနှင့် ဥပဒေအကြံတောင်းဆဲ ၁၀ မှုတို့ဖြစ်ပါကြောင်း ပြောကြားသည်။
အလားတူ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် မဲဆန္ဒရှင်စာရင်းများ တွင် နိုင်ငံသားစိစစ်ရေးကတ်အမှတ် တစ်ခုတည်းဖြင့် မဲစာရင်း နှစ်ကြိမ်၊ သုံးကြိမ်နှင့်အထက် ပါဝင်နေသူများ မဲပေးခြင်းကို စိစစ်လျက် ရှိရာတွင် တွေ့ရှိရသည့် နိုင်ငံသား စိစစ်ရေးကတ်တူ၊ အမည်တူမဲပေးသူ ပေါင်း ၂၁၆၉ ဦးကို အရေးယူနိုင်ရေးတိုင်ကြား/ တရားစွဲဆိုခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အတူ ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲလုပ်ငန်းစဉ်များ၊ မဲမသမာမှုများနှင့် တရားမဲ့ပြုကျင့်မှု ဖြစ်စဉ်များတွင် ပါဝင်ပတ်သက်ကျူးလွန်ဆောင်ရွက်ခဲ့သူများကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိရာ နိုင်ငံတော်သမ္မတ ဟောင်း ဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်၊ ဝန်ကြီးဟောင်း ဦးမင်းသူ၊ ယခင်ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ ပါတီအောင်နိုင်ရေးအဖွဲ့ဝင်များ၊ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဝင် များ စသည့်ကျူးလွန်သူ ၄၂၂ ဦးကိုလည်း အရေးယူနိုင်ရေး ဆောင်ရွက် လျက်ရှိကြောင်း၊ ဆက်လက်စိစစ်ဆောင်ရွက်ဆဲလည်းဖြစ်ကြောင်း ပြောကြားသည်။ ထို့အပြင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲလုပ်ငန်းများအပေါ် စနစ်တကျ ကြီးကြပ်ကွပ်ကဲ ဆောင်ရွက်ရန် အားနည်းပျက်ကွက်ခဲ့သည့် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်နှင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်မှ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်ပေါင်း ၂၄၈၃ ဦးကိုလည်း ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။
ယခုဆက်လက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ ရွေးကောက်ပွဲစနစ်ဆိုင်ရာ ဆွေးနွေးပွဲကျင်းပ ဆောင်ရွက်မှုအခြေအနေကို တင်ပြမည်ဖြစ်ကြောင်း၊ ဆွေးနွေးပွဲကို ဒီဇင်ဘာလ ၂၄ ရက်မှ ၂၆ ရက်အထိ ရန်ကုန်မြို့ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ မင်္ဂလာခန်းမနှင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံးရှိ အစုအဖွဲ့အလိုက် ဆွေးနွေးပွဲခန်းများတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း၊ ဆွေးနွေးပွဲကို တက်ရောက်ရန်အတွက် ယခင် ဖေဖော်ဝါရီလ၊ မေလနှင့် နိုဝင်ဘာလတွင် ပြုလုပ်ခဲ့သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံ ဆွေးနွေးပွဲများတွင် ပါဝင်တက်ရောက်ဆွေးနွေးခဲ့ကြသည့် နိုင်ငံရေး ပါတီ ၇၁ ပါတီကို ဖိတ်ကြားရာတွင် နိုင်ငံရေးပါတီ ၆၂ ပါတီမှ ကိုယ်စားလှယ် ၁၁၅ ဦး တက်ရောက်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြား သည်။
ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက်ပိုင်းတွင်ပြုလုပ်သည့် ဖွင့်ပွဲအခမ်း အနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးက မြန်မာနိုင်ငံနှင့် သင့်လျော်ကိုက်ညီသည့် ရွေးကောက်ပွဲစနစ် ပြောင်းလဲ ကျင့်သုံးနိုင်ရေး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေး ပါတီများ ယခင်သုံးကြိမ် တွေ့ဆုံဆွေးနွေးခဲ့မှု ၊ ယခုစတုတ္ထအကြိမ် မြောက်ပြုလုပ်မည့် ဆွေးနွေးပွဲတွင် ဆောင်ရွက်မည့် အစီအစဉ်၊ ကမ္ဘာ့ နိုင်ငံအသီးသီးရှိ လွှတ်တော်ရွေးကောက်ပွဲများတွင် အသုံးပြုလျက် ရှိသော အချိုးကျကိုယ်စားပြုစနစ်ကို အများပြည်သူများ လေ့လာ သိရှိနိုင်ရန် ဆောင်ရွက်လျက်ရှိမှုနှင့် မိမိတိုင်းပြည်၊ လူမျိုးနှင့် ဆီလျော် ကိုက်ညီသည့် ရွေးကောက်ပွဲစနစ် ဖော်ဆောင် နိုင်ရေး အလေးထား ဆွေးနွေးကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း၊ ထိုသို့ဆွေးနွေး ဆောင်ရွက်ရာတွင် တက်ရောက်လာကြသည့် နိုင်ငံရေးပါတီများကို အစုအဖွဲ့ ၆ ဖွဲ့ခွဲပြီး ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ် လွှတ်တော်တို့နှင့်ပတ်သက်ပြီး ဆွေးနွေးနိုင်ရန် လွှတ်တော်တစ်ခုအတွက် အစုအဖွဲ့ ၂ ဖွဲ့စီ တာဝန် ခွဲဝေသတ်မှတ်ပေးခဲ့ကြောင်း၊ နိုင်ငံရေးပါတီအစုအဖွဲ့ ၆ ဖွဲ့သည် သက်ဆိုင်ရာလွှတ်တော်များမှာ အချိုးကျကိုယ်စားပြုစနစ်(PR)အရ ဆောင်ရွက်သင့်သည့် ရွေးကောက်ပွဲဒီဇိုင်းများနှင့် စပ်လျဉ်းပြီး ဒီဇင်ဘာလ ၂၄ ရက်နှင့် ၂၅ ရက်များတွင် ဆွေးနွေးညှိနှိုင်းပြီး စာတမ်း များ ရေးသားပြုစုခဲ့ကြကြောင်း၊ ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် အစု အဖွဲ့အသီးသီးက ၎င်းတို့၏စာတမ်းများကို ဖတ်ကြားရှင်းလင်း တင်ပြခဲ့ကြကြောင်း ပြောကြားသည်။
နိုင်ငံရေးပါတီအစုအဖွဲ့ ၆ ဖွဲ့၏ တင်ပြချက်စာတမ်းများကို ခြုံငုံ သုံးသပ်ချက်အရ တွေ့ရှိရသည်မှာ အစုအဖွဲ့အားလုံးက လွှတ်တော် သုံးရပ်တွင် အချိုးကျ ကိုယ်စားပြုစနစ်ကို ကျင့်သုံးရာတွင် စာရင်းပိတ် အချိုးကျကိုယ်စားပြုစနစ် ( Closed List – PR )ကို ကျင့်သုံးသင့်သည်ဟု တင်ပြခဲ့ကြကြောင်း၊ ( Closed List – PR ) စနစ်သည် မဲဆန္ဒရှင်က ပါတီကိုသာ မဲပေးရသဖြင့် ယှဉ်ပြိုင်ကြသည့် ပါတီကိုယ်စားပြုနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများကို ပြည်သူလူထုက မျက်မြင်သိရှိနိုင်ရန် မဲရုံဝင်ပေါက်အနီးတွင် ပါတီအမည်၊ ကိုယ်စား လှယ်လောင်းများ၏အမည်နှင့် ဓာတ်ပုံများ ချိတ်ဆွဲထားသင့်ကြောင်း အကြံပြုတင်ပြခဲ့ကြကြောင်း၊ အမျိုးသားလွှတ်တော်တွင်ပါသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသ ၆ ခုနှင့် တိုင်းဒေသကြီး/ ပြည်နယ် လွှတ်တော်တွင်ပါသည့် တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်နေရာများကို ယခင်ကျင့်သုံးခဲ့သည့်အတိုင်း FPTP စနစ်ကို ကျင့်သုံးဆောင်ရွက်ရန် သဘောတူညီခဲ့ကြကြောင်း၊ လွှတ်တော် အလိုက် မဲဆန္ဒနယ်နှင့် ကိုယ်စားလှယ်နေရာလျာထား သတ်မှတ် ရာတွင် တိုင်းဒေသကြီး/ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသ၊ ခရိုင်၊ မြို့နယ်များဖွဲ့စည်းတည်ရှိမှုနှင့် တိုင်းရင်းသားလူမျိုးစုများ နေထိုင်မှုတို့အပါ် မူတည်ပြီး PR စနစ်နှင့် လိုက်လျောညီထွေအောင် သတ်မှတ်ကြရန် ဆွေးနွေးတင်ပြခဲ့ကြကြောင်း ပြောကြားသည်။
လိုအပ်သည့် ဥပဒေများကို သုံးသပ်ပြင်ဆင်မည်
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ဆွေးနွေးပွဲ အခမ်းအနား နိဂုံးချုပ်အမှာစကားပြောကြားခဲ့ရာတွင် အများအကျိုး ရှေးရှုပြီး ပါဝင်ဆွေးနွေးခဲ့ကြသည့် နိုင်ငံရေးပါတီများအားလုံးကို ကျေးဇူးတင်ဂုဏ်ယူပါကြောင်းနှင့် FPTP စနစ်မှ PR စနစ်သို့ ပြောင်းလဲရာတွင် ယခုဆွေးနွေးချက်များအပေါ်မူတည်ပြီး လိုအပ် သည့် ဥပဒေများကို သုံးသပ်ပြင်ဆင်မည်ဖြစ်ကြောင်းနှင့် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ပြည်ထောင်စုအစိုးရ အဖွဲ့၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ နိုင်ငံရေးပါတီများနှင့် ပြည်သူလူထုအားလုံး ပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်မည် ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်ပြီး မဲဆန္ဒရှင်စာရင်းပြုစုခြင်း၊ ဥပဒေ၊ နည်းဥပဒေများကို သုံးသပ်ပြင်ဆင်ခြင်း၊ ဝန်ထမ်းအင်အားဖြည့်တင်းခြင်းအပါအဝင် ဆက်လက်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များကို ရှင်းလင်း တင်ပြမည်ဖြစ်ကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်ပါ လုပ်ငန်းစဉ် (၅) အရ လွတ်လပ်ပြီး တရား မျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပ နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရာတွင် မဲဆန္ဒရှင်စာရင်း မှန်ကန်၊ ပြည့်စုံရေးသည် အခြေခံကျပြီး အရေးကြီးသည့်လုပ်ငန်း တစ်ရပ်ဖြစ်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်နှင့် ဌာနဆိုင်ရာများ၏ ကြီးကြပ်ကူညီမှု နှင့်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများနှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ မဲဆန္ဒရှင်စာရင်းပြုစုပြီးပါကလည်း မှန်ကန်ပြည့်စုံမှုရှိရေး မြို့နယ်အခြေစိုက် နိုင်ငံရေးပါတီများအပါအဝင် သက်ဆိုင်သူများနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
အလားတူ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေး ပါတီများ တွေ့ဆုံဆွေးနွေးသဘောတူညီပြီးဖြစ်သည့် လွှတ်တော် ရွေးကောက်ပွဲများတွင် မြန်မာနိုင်ငံနှင့် ကိုက်ညီသင့်လျော်သည့် အချိုးကျကိုယ်စားပြုစနစ် (PR) ပြောင်းလဲကျင့်သုံးနိုင်ရေးအတွက် သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေများကို သုံးသပ်ပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အတူပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က တာဝန်ယူဆောင်ရွက်ရမည့် ဥပဒေ များကို သုံးသပ်ပြင်ဆင်ခြင်း၊ ယခင်ကပြဋ္ဌာန်းခြင်း မပြုနိုင်သေးသည့် လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေပြဋ္ဌာန်းနိုင်ရေး ဥပဒေကြမ်းရေးဆွဲခြင်းတို့ကို ဆောင်ရွက် လျက်ရှိကြောင်း ပြောကြားသည်။
ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်
နိဂုံးချုပ်အနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ နိုင်ငံတော်တာဝန် ထမ်းဆောင် ရာတွင် ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ လုပ်ငန်းစဉ် (၁) ပါ လုပ်ဆောင်သင့် လုပ်ဆောင်ထိုက်သည်များကို ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အတူ လုပ်ငန်းစဉ် (၅) နှင့်အညီ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး သက်ဆိုင်ရာဌာနအဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိ ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အရေးကြီးသည့် လုပ်ငန်းစဉ်များဖြစ်သည့် မဲဆန္ဒရှင်စာရင်းပြုစုခြင်း၊ ဥပဒေ၊ နည်းဥပဒေများ သုံးသပ်၊ ပြင်ဆင်၊ ပြဋ္ဌာန်းခြင်း၊ ဝန်ထမ်း အင်အားတိုးချဲ့၊ ဖြည့်တင်းခြင်းနှင့် လေ့ကျင့်သင်တန်းပေးခြင်း၊ အခြေခံအဆောက်အအုံများ တည်ဆောက်ခြင်း၊ လိုအပ်သည့် အုပ်ချုပ်ထောက်ပံ့မှုများ ဆောင်ရွက်ပေးခြင်းနှင့် စစ်ဆေးကြပ်မတ် ခြင်းများကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း ပြောကြား သည်။
(ဆက်လက်ဖော်ပြပါမည်)