
တစ်ဦးချင်းပြိုင်ပွဲများတွင် ရွှေတံဆိပ်ရရှိသူများကို ငွေကျပ်သိန်း ၃၀၀၊ ငွေတံဆိပ်ရရှိသူများကို
ငွေကျပ်သိန်း ၂၀၀၊ ကြေးတံဆိပ်ရရှိသူများကို ငွေကျပ်သိန်း ၁၀၀ စီ ပေးအပ်ချီးမြှင့်
နေပြည်တော် ဩဂုတ် ၂၀
အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပသည့် (၁၁)ကြိမ် မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲ တွင် ဆုတံဆိပ်ရရှိခဲ့သော မြန်မာအားကစားအဖွဲ့ များအား နိုင်ငံတော်က ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်း အနားကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားရုံ(B)၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားပြီး ဂုဏ်ပြုဆုငွေများ ပေးအပ် ချီးမြှင့်သည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ် များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ မြန်မာ နိုင်ငံ အားကစားအဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ ဖိတ်ကြားထားသူများ၊ နိုင်ငံ့ ဂုဏ်ဆောင် အားကစားသမားများ၊ အုပ်ချုပ်သူများ၊ နည်းပြများနှင့် တာဝန်ရှိသူများ တက်ရောက်ကြ သည်။
အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်က အဖွင့်အမှာစကား ပြောကြားရာတွင် အားကစားဆိုသည့် ဝေါဟာရကို နိုင်ငံတကာ အဘိဓာန်များက “ယှဉ်ပြိုင်မှုရှိသော ရုပ်ပိုင်းဆိုင်ရာ ပြုမူဆောင်ရွက်မှု ပုံစံအားလုံးကို အားကစား” ဟု သတ်မှတ်သကဲ့သို့ “အင်အားနှင့် ဉာဏ်ရည်ကို အသုံးချပြီး လှုပ်ရှားယှဉ်ပြိုင်မှုအားလုံး ကိုလည်း အားကစား” ဟု အဓိပ္ပာယ်ဖွင့်ဆိုကြပါ ကြောင်း။
လက်နက်မပါသော တိုက်ပွဲများဟုပင် တင်စား
အားကစား၏ အဓိက ရည်မှန်းချက်မှာ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးကို ရှေးရှုသည် ဆိုသော်လည်း ယခုအခါအားကစားတွင် တစ်ဦးချင်း ယှဉ်ပြိုင်ရသောပြိုင်ပွဲမှ လူပေါင်းရာထောင်ချီ ပါဝင်သောပြိုင်ပွဲများ၊ ကျေးလက်အဆင့် ပြိုင်ပွဲ များမှသည် ကမ္ဘာနှင့်ချီသော အိုလံပစ်ပြိုင်ပွဲများအထိ ကျင်းပလျက်ရှိနေပြီဖြစ်ပါကြောင်း၊ တစ်ချိန်တည်း တွင် အားကစားအောင်မြင်မှုသည် နိုင်ငံနှင့်လူမျိုး၏ ဂုဏ်သိက္ခာကို နိုင်ငံတကာအလယ်တွင် ထည်ဝါ ခံ့ညားစေပြီး အားကစားပြိုင်ပွဲများကိုလည်း လက်နက်မပါသော တိုက်ပွဲများဟုပင် တင်စားလာ နေကြပြီ ဖြစ်ပါကြောင်း။
အားကစားသည် ပြောင်းလဲလာသော အခြေ အနေအရပ်ရပ်နှင့်အညီ အရှိန်အဝါနှင့် အနေ အထားအရပါ မြင့်မားလာသည်ဖြစ်သဖြင့် ကျန်းမာ ရေးသက်သက်၊ အားကစားသက်သက် အဆင့်တွင် သာ ရပ်တန့်မနေဘဲ နိုင်ငံနှင့်လူမျိုးဂုဏ်ကို မြှင့်တင် ပေးသည့် အမျိုးသားရေးတာဝန်တစ်ရပ်လည်း ဖြစ်လာခဲ့ပြီဖြစ်ပါကြောင်း၊ ထို့ကြောင့် အမျိုးသားရေး တာဝန်တစ်ရပ်၏အဆင့်နှင့်အညီ အားကစား လှုပ်ရှားမှုများ၊ အားကစားပြိုင်ပွဲများကို အမျိုးသား အားကစားပြိုင်ပွဲအဖြစ် တစ်နိုင်ငံလုံးပါဝင်သည့် အားကစား ပြိုင်ပွဲကြီးများမှ နိုင်ငံ့ကိုယ်စားပြုယှဉ်ပြိုင် မည့် လက်ရွေးစင်အားကစားသမားများကို စိစစ် ရွေးချယ်လာကြခြင်းမှာ မဖြစ်မနေဆောင်ရွက်ရမည့် အရေးပါသော အဓိက လုပ်ငန်းတစ်ရပ်လည်း ဖြစ်လာခဲ့ပြီဖြစ်ကြောင်း။
ယခင်က အရှေ့တောင်အာရှကျွန်းဆွယ် အားကစားပြိုင်ပွဲ (SEAP Games) မှသည် အရှေ့ တောင်အာရှအားကစားပြိုင်ပွဲ (SEA Games)၊ အာရှအားကစားပြိုင်ပွဲ (ASIAN Games)၊ အိုလံပစ် အားကစားပြိုင်ပွဲ (Olympic Games) များကိုသာ ကျင်းပခဲ့ကြပါကြောင်း။
အခွင့်အရေးများကို ပိုမိုအလေးထား
သို့သော် ယနေ့ကမ္ဘာကြီးတွင် သဘာဝဘေး အန္တရာယ်အမျိုးမျိုး ကြုံတွေ့နေရသည့်အတွက် ထိခိုက်ဒဏ်ရာရသူများ၊ လူ့အဖွဲ့အစည်းများအကြား ဖြစ်ပွားနေသည့် ပဋိပက္ခများ၊ တိုက်ခိုက်မှုများ၊ ဖောက်ခွဲဖျက်ဆီးမှုများကြောင့် သေဆုံးသူ တစ်ဦး ရှိတိုင်း ငါးဦးခန့် ထိခိုက်ဒဏ်ရာရရှိလျက်ရှိသည့် အပြင် မွေးဖွားလာကတည်းက ဆွံ့အ၊ နားမကြား၊ ခြေလက်အင်္ဂါမပြည့်စုံခြင်းနှင့် ဉာဏ်ရည်မပြည့်မီ သူများလည်း ရှိနေပါကြောင်း၊ ထို့ကြောင့် ယနေ့ ကမ္ဘာပေါ်တွင် မသန်စွမ်းဖြစ်မှု ရာခိုင်နှုန်းသည်လည်း ကမ္ဘာ့လူဦးရေ၏ ၁၅ ရာခိုင်နှုန်းခန့်အထိ မြင့်တက် လာသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ထုတ်ပြန်သည့် စာရင်းများအရ သိရှိရပါကြောင်း၊ လူဦးရေသန်းပေါင်း ၁၀၀၀ ကျော်ခန့် ပမာဏရှိသော မသန်စွမ်းသူအရေအတွက်သည်လည်း အထူးဂရုပြု ရမည့် ပမာဏဖြစ်လာသည့်အတွက် မသန်စွမ်းသူများ ၏အရေး၊ မသန်စွမ်းသူများ၏ အခွင့်အရေးများကို ပိုမိုအလေးထားရန် လိုအပ်လာပါကြောင်း။
အားပေးမြှင့်တင်ပေးလျက်ရှိ
မသန်စွမ်းသူများသည်လည်း လူသားများပင် ဖြစ်သည့်အတွက် မသန်စွမ်းသူများ၏ ကျန်းမာ သန်စွမ်းရန်၊ စိတ်ဓာတ်ကြံ့ခိုင်ရန်လည်း လိုအပ် လာပါကြောင်း၊ ထို့ကြောင့် မသန်စွမ်းသူတစ်ဦးချင်းစီ ၏ စိတ်ဓာတ်ခွန်အား မြင့်မားစေရန်နှင့် ဝါသနာ ပါရာ လုပ်ငန်းဆောင်တာများကို လုပ်ကိုင်ဆောင်ရွက် စေနိုင်ရေးအတွက် မသန်စွမ်းသူများ၏ ခန္ဓာကိုယ် ကျန်းမာသန်စွမ်းမှုကိုရော စိတ်ဓာတ်ကိုပါ မြင့်မား လာစေရန် မိမိတို့ဝါသနာပါရာ အားကစားနည်းများ လုပ်ဆောင်နိုင်ရေး အားပေးမြှင့်တင်ပေးလျက်ရှိ ပါကြောင်း။
မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း အရ ကွင်းဆင်းဆောင်ရွက်ခဲ့သော မသန်စွမ်းမှု လေးမျိုး အခြေခံစစ်တမ်းအရ နိုင်ငံလူဦးရေ၏ ၄ ဒသမ ၆ ရာခိုင်နှုန်း ဖြစ်သော ၂ ဒသမ ၃ သန်းခန့် သည် မသန်စွမ်းသူများဖြစ်သည်ကို တွေ့ရှိခဲ့ရ ကြောင်း၊ နိုင်ငံတော်အစိုးရနှင့်အတူ နိုင်ငံတကာ အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်း များ၊ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများ၊ စေတနာရှင် ပြည်သူများအနေဖြင့်လည်း မြန်မာနိုင်ငံမှ မသန်စွမ်း သူများ၏ဘဝ စိုပြည်လှပအောင် ပြန်လည်ထူထောင် ရေး၊ လူ့ဂုဏ်သိက္ခာမြင့်မားရေးနှင့် သန်စွမ်းသူများ နည်းတူ တန်းတူညီမျှ အခွင့်အရေးများရရှိရေးကို ရှေးရှုသည့် အစီအစဉ်များ ဆောင်ရွက်ပေးလျက်ရှိ ပါကြောင်း၊ မသန်စွမ်း အားကစားသမားများ အားကစားလေ့ကျင့်နိုင်ရန် ရည်ရွယ်၍ မသန်စွမ်း သူများ အားကစားလေ့ကျင့်ရေးစခန်းကိုလည်း တည်ဆောက်ပံ့ပိုးပေးကာ စခန်းသွင်းလေ့ကျင့်ပေး လျက်ရှိပါကြောင်း။
လက်ခံဆောင်ရွက်ပေးကြရမည်
ယနေ့ခေတ်တွင် မသန်စွမ်းသူများ၏အရေးသည် ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာမှ အထူး အာရုံစိုက် အလေးထားရသည့် အရေးကိစ္စတစ်ရပ် ဖြစ်လာခဲ့ပါကြောင်း၊ ယခင်အချိန်အခါများက မသန်စွမ်းသူများအပေါ် ထားရှိခဲ့သည့် မသိ နားမလည်ခြင်း၊ လျစ်လျူရှုခြင်း၊ အယူသီးခြင်းနှင့် ကြောက်ရွံ့စိုးရိမ်ခြင်းများ စသည့် မသင့်လျော်သည့် ခံယူချက်၊ အယူအဆဟောင်းများကို ဖယ်ခွာပြီး မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုသည့် ဗြဟ္မစိုရ် တရား ၄ ပါးကို လက်ကိုင်ထားကြသည့် မြန်မာ လူမျိုးများဖြစ်သည့်အလျောက် မိမိတို့လူ့အဖွဲ့အစည်း ၏ တစ်စိတ်တစ်ပိုင်း အသိုက်အဝန်းတစ်ခုတည်း ဖြစ်သည့် မသန်စွမ်းသူများနှင့် ပတ်သက်သော အရေးကိစ္စများကို မိမိတို့ တစ်ဦးချင်းစီနှင့် သက်ဆိုင်သည့်ကိစ္စရပ်၊ မြန်မာ့လူ့အဖွဲ့အစည်း တစ်ရပ်လုံးနှင့် သက်ဆိုင်သည့် ကိစ္စတစ်ရပ် အဖြစ် လက်ခံဆောင်ရွက်ပေးကြရမည်လည်း ဖြစ်ပါကြောင်း။
ထို့ကြောင့် အာဆီယံဒေသတွင်းရှိ မသန်စွမ်း သူများ အားကစားအဆင့်အတန်း မြင့်မားတိုးတက် စေရေးနှင့် ဒေသတွင်းချစ်ကြည်ရင်းနှီးမှု မြှင့်တင် နိုင်ရေးအတွက် အာဆီယံမသန်စွမ်းသူများ အားကစားအဖွဲ့ချုပ် ASEAN Para Sports Fede-ration (APSF) ကို ၂၀၀၁ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံ အနေဖြင့်လည်း အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်၍ ၂ နှစ် တစ်ကြိမ် ကျင်းပလျက်ရှိသည့် မသန်စွမ်းသူများ အားကစားပြိုင်ပွဲတိုင်းကို ပါဝင်ယှဉ်ပြိုင်ခဲ့သည်ကို တွေ့ရပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ပါဝင် ယှဉ်ပြိုင်သည့် အားကစားသမားဦးရေ အနည်းငယ် သာ ဖြစ်သော်လည်း ပြိုင်ပွဲဝင်အားကစား အမျိုး အစားတိုင်းတွင် ဆုတံဆိပ်များ များစွာဆွတ်ခူး ပေးနိုင်ခဲ့ကြသည်ကို မှတ်တမ်းမှတ်ရာများက သက်သေခံလျက်ရှိနေပါကြောင်း။
အောင်မြင်မှုများရရှိခဲ့သည်ကို တွေ့ရှိရ
မသန်စွမ်းသူများ အားကစားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မှတ်တမ်းများကို ပြန်လည်ကြည့်ရှုသည့်အခါ ၂၀၀၁ ခုနှစ်တွင် မလေးရှားနိုင်ငံ၌ ကျင်းပခဲ့သည့် ပထမအကြိမ် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သူ အားကစားသမား ၃၁ ဦးရှိပြီး ရွှေ ၄၃ ခုအပါအဝင် ဆုတံဆိပ်ပေါင်း ၇၇ ခုနှင့် နိုင်ငံ အလိုက်ရပ်တည်မှု အဆင့် ၃ ၊ ၂၀၀၃ ခုနှစ် ဗီယက်နမ် နိုင်ငံ၌ ကျင်းပခဲ့သည့် ဒုတိယအကြိမ် အာဆီယံ မသန်စွမ်းသူများ အားကစားပြိုင်ပွဲတွင် ပါဝင် ယှဉ်ပြိုင်သူ အားကစားသမား ၂၆ ဦးရှိပြီး ရွှေတံဆိပ် ၂၄ ခု အပါအဝင် ဆုတံဆိပ်ပေါင်း ၄၇ ခုနှင့် နိုင်ငံ အလိုက်ရပ်တည်မှု အဆင့် ၄ ၊ ၂၀၀၅ ခုနှစ် ဖိလစ်ပိုင် နိုင်ငံ၌ ကျင်းပခဲ့သည့် တတိယအကြိမ် အာဆီယံ မသန်စွမ်းသူများ အားကစားပြိုင်ပွဲတွင် ပါဝင် ယှဉ်ပြိုင်သူ အားကစားသမား ၂၂ ဦးရှိပြီး ရွှေတံဆိပ် ၂၉ ခု အပါအဝင် ဆုတံဆိပ်ပေါင်း ၄၆ ခုနှင့် နိုင်ငံ အလိုက် ရပ်တည်မှုအဆင့် ၅ ၊ ၂၀၀၈ ခုနှစ် ထိုင်းနိုင်ငံ ၌ ကျင်းပသော စတုတ္ထအကြိမ် အာဆီယံမသန်စွမ်း သူများ အားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သူ အားကစားသမား ၂၅ ဦးရှိပြီး ရွှေတံဆိပ် ၁၄ ခု အပါအဝင် ဆုတံဆိပ်ပေါင်း ၅၁ ခုနှင့် နိုင်ငံအလိုက် ရပ်တည်မှု အဆင့် ၆၊ ၂၀၀၉ ခုနှစ် မလေးရှားနိုင်ငံ၌ ကျင်းပခဲ့သည့် ပဉ္စမ အကြိမ် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သူ အားကစား သမား ၂၅ ဦးရှိပြီး ရွှေတံဆိပ် ၁၄ ခု အပါအဝင် ဆုတံဆိပ်ပေါင်း အခု ၄၀ နှင့် နိုင်ငံအလိုက် ရပ်တည်မှု အဆင့် ၆၊ ၂၀၁၁ ခုနှစ် အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပ ပြုလုပ်သည့် ဆဋ္ဌမအကြိမ် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သူ အားကစား သမား ၃၆ ဦးရှိပြီး ရွှေတံဆိပ် ၁၁ ခု အပါအဝင် ဆုတံဆိပ်ပေါင်း ၃၄ ခုနှင့် နိုင်ငံအလိုက်ရပ်တည်မှု အဆင့် ၆၊ ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံတွင် ကျင်းပ ပြုလုပ်ခဲ့သည့် သတ္တမအကြိမ် အာဆီယံမသန်စွမ်း သူများ အားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သူ ၂၁၅ ဦးရှိပြီး ရွှေတံဆိပ် ၃၄ ခု အပါအဝင် ဆုတံဆိပ် ၉၆ ခုနှင့် နိုင်ငံအလိုက်ရပ်တည်မှု အဆင့် ၅ ၊ ၂၀၁၅ ခုနှစ် စင်ကာပူနိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့သည့် အဋ္ဌမ အကြိမ် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲ တွင် ပါဝင်ယှဉ်ပြိုင်သူ ၁၀၂ ဦးရှိပြီး ရွှေတံဆိပ် ၁၆ခု အပါအဝင် ဆုတံဆိပ် ၆၂ ခုနှင့် နိုင်ငံအလိုက် ရပ်တည်မှုအဆင့် ၆ ၊ ၂၀၁၇ ခုနှစ် မလေးရှားနိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့သည့် နဝမအကြိမ် အာဆီယံ မသန်စွမ်းသူများ အားကစားပြိုင်ပွဲတွင် ပါဝင် ယှဉ်ပြိုင်သူ ၁၂၀ ရှိပြီး ရွှေတံဆိပ် ၁၁ ခု အပါအဝင် ဆုတံဆိပ် ၄၃ ခုနှင့် နိုင်ငံအလိုက်ရပ်တည်မှုအဆင့် ၆ စသည်ဖြင့် အောင်မြင်မှုများရရှိခဲ့သည်ကို တွေ့ရှိ ရပြီး ၂၀၁၉ ခုနှစ် ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပပြုလုပ် မည့် (၁၀) ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲအား ကျင်းပပြုလုပ်နိုင်ခဲ့ခြင်း မရှိခဲ့သည်ကို တွေ့ရှိရပါကြောင်း။
အဆိုပါ မှတ်တမ်းများအရ မြန်မာနိုင်ငံမှ မသန်စွမ်းသူ အားကစားသမားများသည် မသန်သော် လည်း စွမ်းဆောင်ရည်ရှိသူများဖြစ်ပြီး နိုင်ငံ့ဂုဏ် ကို မြှင့်တင်နိုင်ခဲ့ကြသူများ ဖြစ်ခဲ့ကြသည်ကိုလည်း တွေ့ရှိခဲ့ရပါကြောင်း။
၁၁ နိုင်ငံအနက် အဆင့် ၆ နေရာရရှိ
ပြီးခဲ့သည့် (၁၁)ကြိမ်မြောက် အာဆီယံ မသန်စွမ်းသူများ အားကစားပြိုင်ပွဲကို မြန်မာနိုင်ငံ အနေဖြင့် အားကစားနည်း ၇ နည်း၊ အားကစား သမား ၆၉ ဦး၊ ဖိတ်ကြားခံ၊ အုပ်ချုပ်သူ/ နည်းပြ ၄၀၊ ဒိုင်လူကြီး ၄ ဦး အပါအဝင် စုစုပေါင်း ၁၁၃ ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ ရွှေတံဆိပ် ၁၄ ခု၊ ငွေတံဆိပ် ၁၂ ခု၊ ကြေးတံဆိပ် ၁၇ ခု စုစုပေါင်း ဆုတံဆိပ် ၄၃ ခုရရှိပြီးပြိုင်ပွဲဝင် ၁၁ နိုင်ငံအနက် အဆင့် ၆ နေရာရရှိခဲ့ပါကြောင်း။
ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် အားကစား နည်း ၇ နည်းအနက် ပြေးခုန်ပစ်၊ ရေကူးအားကစား နည်းမှ ရွှေတံဆိပ် ၁၄ ခု၊ ပြေးခုန်ပစ်၊ ရေကူး၊ အလေးမ အားကစားနည်းမှ ငွေတံဆိပ် ၁၂ ခု၊ ပြေးခုန်ပစ်၊ ရေကူး၊ အလေးမ၊ မြားပစ်၊ ဘောလုံး အားကစားနည်းများမှ ကြေးတံဆိပ် ၁၇ ခု ရရှိခဲ့ပါ ကြောင်း။
အကောင်းဆုံးကြိုးစားယှဉ်ပြိုင်ခဲ့ကြ
ငွေတံဆိပ်ရရှိခဲ့သည့် အားကစားနည်းများသည် လည်း ပြိုင်ပွဲများတွင် ဗိုလ်လုပွဲသို့ တက်ရောက်နိုင် ခဲ့ခြင်းဖြစ်ပြီး ရွှေတံဆိပ်မရရှိခဲ့ကြသော်လည်း နိုင်ငံ အတွက် အကောင်းဆုံး ကြိုးစားယှဉ်ပြိုင်ခဲ့ကြသည် ကိုလည်း တွေ့ရှိခဲ့ရပြီးဖြစ်ပါကြောင်း၊ နိုင်ငံတော် အတွက် ဆုတံဆိပ်များ ရယူပေးနိုင်ခြင်းသည် နိုင်ငံ့ဂုဏ်ကို အားကစားဖြင့် မြှင့်တင်ပေးရာရောက် သည့်အပြင် နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် အောင်နိုင်မှုဆုတံဆိပ်များ ဆွတ်ခူးရရှိပြီး နိုင်ငံ တကာအလယ်တွင် အမိမြန်မာနိုင်ငံတော်အလံကို လွှင့်တင်ပြီး နိုင်ငံတော်သီချင်းသံ လွင့်ပျံ့အောင် စွမ်းဆောင်ကြိုးပမ်းခဲ့ကြသူများအား ယခုလို ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ရခြင်းပင်ဖြစ်ပါကြောင်း၊ ယခုပြိုင်ပွဲတွင် နိုင်ငံအလိုက် အဆင့်တစ်ခု ကို ရယူပေးနိုင်ခဲ့သည့် မြန်မာအားကစားသမားများ ၏ ကြိုးပမ်းမှု၊ ဇွဲ၊ စိတ်ဓာတ်တို့ကို မှတ်တမ်းတင် ဂုဏ်ပြုကြရမည်ဖြစ်ပါကြောင်း။
ထို့ပြင် မြန်မာနိုင်ငံမသန်စွမ်းသူများ အားကစား အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၏ ကြီးကြပ်မှုနှင့် မသန်စွမ်းသူအားကစားသမားများ အားလုံးကလည်း အားကစား စည်းမျဉ်း၊ စည်းကမ်း ဥပဒေဘောင်များ အတွင်းမှ အားကစားစိတ်ဓာတ်အပြည့်နှင့် တရား နည်းလမ်းကျစွာ ယှဉ်ပြိုင်အနိုင်ယူပြီး နိုင်ငံတော် အတွက် ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်များ ဆွတ်ခူးပေး နိုင်ခဲ့သည့်အတွက် ချီးကျူးဂုဏ်ပြု မှတ်တမ်းတင် ကြောင်းလည်း ထပ်လောင်း ပြောကြားလိုပါကြောင်း။
နိုင်ငံတော်အနေဖြင့်လည်း နိုင်ငံ့ဂုဏ်ဆောင် နိုင်စေရန် ပြင်းပြင်းထန်ထန် ကြိုးစားလေ့ကျင့်နေမှု များကို အသိအမှတ်ပြုသောအားဖြင့် ပြိုင်ပွဲမသွားမီ ပြိုင်ပွဲဝင် အားကစားသမားတစ်ဦးကို ငွေကျပ် ၂ သိန်းစီနှင့် အမေရိကန် ဒေါ်လာ ၂၀၀ နှုန်း၊ အုပ်ချုပ်/နည်းပြတစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၁၀၀ နှုန်းစီ ချီးမြှင့်ထောက်ပံ့ပေးခဲ့သကဲ့သို့ ပြိုင်ပွဲအသီးသီးတွင် အားကြိုးမာန်တက်ယှဉ်ပြိုင်ပြီး တစ်ဦးချင်းပြိုင်ပွဲများ တွင် ရွှေတံဆိပ်ရရှိခဲ့သူများကို အမေရိကန်ဒေါ်လာ ၁၀၀၀ ၊ ငွေတံဆိပ် ရရှိခဲ့ကြသူများကို အမေရိကန် ဒေါ်လာ ၇၀၀၊ ကြေးတံဆိပ် ရရှိခဲ့ကြသူများကို အမေရိကန် ဒေါ်လာ ၅၀၀၊ အသင်းလိုက် ငွေတံဆိပ် ရရှိခဲ့သူများကို တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၅၀၀ နှုန်းနှင့် အသင်းလိုက် ကြေးတံဆိပ်ရရှိခဲ့သူများကိုတစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၃၀၀ နှုန်း ချီးမြှင့် ပေးခဲ့ပါကြောင်း။
စိတ်ဓာတ်ခွန်အားဖြစ်စေ
အလားတူ ယခုဂုဏ်ပြုပွဲတွင်လည်း ပြိုင်ပွဲ မသွားမီ ကြိုတင်အသိပေး ကြေညာထားသည့် အတိုင်း တစ်ဦးချင်းပြိုင်ပွဲများတွင် ရွှေတံဆိပ်ရရှိ သူများကို ငွေကျပ်သိန်း ၃၀၀၊ ငွေတံဆိပ်ရရှိသူများကို ငွေကျပ်သိန်း ၂၀၀၊ ကြေးတံဆိပ် ရရှိသူများကို ငွေကျပ် သိန်း ၁၀၀ စီကိုလည်းကောင်း၊ အသင်း လိုက်ပြိုင်ပွဲများတွင် ရွှေတံဆိပ်ရရှိခဲ့သည့် အသင်း သား တစ်ဦးလျှင် ငွေကျပ်သိန်း ၁၀၀ ၊ ငွေတံဆိပ်ရရှိခဲ့ သည့် အသင်းသား တစ်ဦးလျှင် ငွေကျပ်သိန်း ၇၀ ၊ ကြေးတံဆိပ်ရရှိခဲ့သည့် အသင်းသားတစ်ဦးလျှင် ငွေကျပ် ၃၅ သိန်းစီကိုလည်းကောင်း၊ အားကစားနည်း အလိုက် တာဝန်ယူဆောင်ရွက်ခဲ့သည့် နည်းပြများကို မိမိတို့အားကစားနည်းမှ ရွှေတံဆိပ်ရရှိခဲ့အောင် စွမ်းဆောင်နိုင်ခဲ့သူ နည်းပြတစ်ဦးလျှင် ငွေကျပ်သိန်း ၁၀၀၊ ငွေတံဆိပ်ရရှိခဲ့ပါက ငွေကျပ်သိန်း ၅၀၊ ကြေး တံဆိပ်ရရှိခဲ့ပါက ငွေကျပ်သိန်း ၃၀ စီကိုလည်း ကောင်း၊ အားကစားနည်းအလိုက် အုပ်ချုပ်မှုအဖွဲ့များ ကိုလည်း ရွှေတံဆိပ်ရရှိခဲ့ပါက အုပ်ချုပ်မှုအဖွဲ့များကို ငွေကျပ်သိန်း ၁၀၀၊ ငွေတံဆိပ်ရရှိခဲ့ပါက ငွေကျပ်သိန်း ၅၀၊ ကြေးတံဆိပ်ရရှိခဲ့ပါက ငွေကျပ်သိန်း ၃၀ နှုန်းဖြင့် လည်းကောင်း၊ စုစုပေါင်း ငွေကျပ် သိန်းပေါင်း ၁၀၀၆၀ ကိုချီးမြှင့်ပေးအပ်သွားမည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ပေးအပ်ချီးမြှင့်ခြင်းအတွက် သက်ဆိုင်သူ များအားလုံးအတွက် စိတ်ဓာတ်ခွန်အားဖြစ်စေလိမ့် မည်ဟု ယုံကြည်ပါကြောင်း။
နိုင်ငံတော်နှင့် ပြည်သူလူထုအပါအဝင် ပံ့ပိုးကူညီ ပေးသော လုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံမသန်စွမ်းသူ များ အားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၏ အားပေးချီးမြှောက်မှုအပေါ် တုံ့ပြန်သည့်အနေဖြင့် ဆုတံဆိပ်ရ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများကလည်း မိမိတို့၏ ဇွဲ၊ လုံ့လ၊ ဝီရိယ၊ ကြိုးပမ်းအားထုတ်လေ့ကျင့်မှု၊ စည်းကမ်း လိုက်နာမှု၊ အနိုင်မခံ အရှုံးမပေးသည့် စိတ်ဓာတ်များ နှင့် ပေါင်းစပ်ပြီး နောင်လာမည့် နိုင်ငံတကာပြိုင်ပွဲများ တွင် ယခုထက် ပိုမိုအောင်နိုင်ရေးအတွက် ဆက်လက် ကြိုးပမ်းသွားကြရန်၊ အထူးသဖြင့် လာမည့် ၂၀၂၃ ခုနှစ် ဇွန် ၃ ရက်မှ ၉ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပမည့် (၁၂) ကြိမ်မြောက် အာဆီယံ မသန်စွမ်းသူ များ အားကစားပြိုင်ပွဲကြီးတွင် ဆုတံဆိပ်သာမက နိုင်ငံအလိုက် အဆင့်ပါ အောင်မြင်မှုရရှိရေးကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ မလျှော့သော ဇွဲ၊ လုံ့လ၊ ဝီရိယ၊ အားမာန်၊ စိတ်ဓာတ်တို့ဖြင့် ရေကုန်ရေခန်း ဆက်လက်အားထုတ် ကြိုးပမ်းသွားကြပါဟု အလေး အနက်ထား တိုက်တွန်းမှာကြားပါကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက (၁၁) ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့မှု အခြေအနေ များကို ရှင်းလင်းတင်ပြသည်။
ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်
ထို့နောက် (၁၁) ကြိမ်မြောက် အာဆီယံမသန်စွမ်း သူများ အားကစားပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိခဲ့သည့် နိုင်ငံ့ဂုဏ်ဆောင် ဆုရအားကစားသမားများ၊ နည်းပြ များနှင့် အုပ်ချုပ်သူများကို ဂုဏ်ပြုဆုငွေများ ပေးအပ် ချီးမြှင့်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ရွှေတံဆိပ်ဆုရရှိခဲ့ကြသည့် ပြေးခုန်ပစ် အားကစားနည်းမှ မီတာ ၁၀၀ နှင့် မီတာ ၂၀၀ အပြေးပြိုင်ပွဲတွင် ရွှေတံဆိပ် ၂ ခုနှင့် အသင်း လိုက်မီတာ ၄၀၀ လက်ဆင့်ကမ်းအပြေးပြိုင်ပွဲတွင် ငွေတံဆိပ် ၁ ခု ရရှိခဲ့သည့် အားကစားသမား ဒုတပ် ကြပ် စိုးပေ ကိုလည်းကောင်း၊ ပြေးခုန်ပစ်အားကစား နည်းမှ သံပြားပစ်နှင့် သံလုံးပစ်ပြိုင်ပွဲတွင် ရွှေတံဆိပ် ၂ ခုနှင့် လှံတံပစ်ပြိုင်ပွဲတွင် ကြေးတံဆိပ် ၁ ခု ရရှိခဲ့ သည့် အားကစားသမား မထက်ထက်အေးကိုလည်း ကောင်း၊ ရေကူးအားကစားနည်းမှ မီတာ ၂၀၀ အလွတ်ကူးနှင့် မီတာ ၁၀၀ ပတ်လည်ကူးပြိုင်ပွဲတွင် ရွှေတံဆိပ် ၂ ခုနှင့် မီတာ ၅၀ အလွတ်ကူးပြိုင်ပွဲတွင် ကြေးတံဆိပ် ၁ ခု ရရှိခဲ့သည့် အားကစားသမား မောင်အောင်မြင့်မြတ်ကိုလည်းကောင်း၊ ပြေးခုန်ပစ် အားကစားနည်းမှ သံလုံးပစ်နှင့် သံပြားပစ်ပြိုင်ပွဲတွင် ရွှေတံဆိပ် ၂ ခု ရရှိခဲ့သည့် အားကစားသမား မောင်အောင်ဘုန်းမြတ် ကိုလည်းကောင်း၊ ပြေးခုန်ပစ် အားကစားနည်းမှ မီတာ ၄၀၀ အပြေးပြိုင်ပွဲတွင် ရွှေတံဆိပ် ၁ ခု၊ အသင်းလိုက် မီတာ ၄၀၀ လက်ဆင့် ကမ်း အပြေးပြိုင်ပွဲတွင် ငွေတံဆိပ် ၁ ခုနှင့် မီတာ ၂၀၀ အပြေးပြိုင်ပွဲတွင် ကြေးတံဆိပ် ၁ ခု ရရှိခဲ့သည့် အားကစားသမား အရာခံဗိုလ် ကျော်ကျော်ဝင်းကို လည်းကောင်း၊ ပြေးခုန်ပစ်အားကစားနည်းမှ သံလုံး ပစ်ပြိုင်ပွဲတွင် ရွှေတံဆိပ် ၁ ခုနှင့် သံပြားပစ်ပြိုင်ပွဲတွင် ငွေတံဆိပ် ၁ ခုရရှိခဲ့သည့် အားကစားသမား ဒုတပ်ကြပ် ဇော်မင်းလွင်ကိုလည်းကောင်း၊ ရေကူး အားကစားနည်းမှ မီတာ ၁၀၀ ရင်ပေါင်တန်းကူး ပြိုင်ပွဲနှင့် မီတာ ၅၀ အလွတ်ကူးပြိုင်ပွဲတွင် ရွှေတံဆိပ် ၁ ခုနှင့် ငွေတံဆိပ် ၁ ခုရရှိခဲ့သည့် အားကစားသမား မောင်အောင်ဖုန်းကိုလည်းကောင်း၊ ရေကူးအား ကစားနည်းမှ မီတာ ၅၀ ပတ်လည်ကူးပြိုင်ပွဲတွင် ရွှေတံဆိပ် ၁ ခုနှင့် မီတာ ၅၀ လိပ်ပြာကူးပြိုင်ပွဲတွင် ငွေတံဆိပ် ၁ ခု ရရှိခဲ့သည့် အားကစားသမား မောင်ကျော်ထူး ကိုလည်းကောင်း၊ ပြေးခုန်ပစ် အားကစားနည်းမှ လှံတံပစ်ပြိုင်ပွဲတွင် ရွှေတံဆိပ် ၁ ခုနှင့် သံလုံးပစ်ပြိုင်ပွဲတွင် ကြေးတံဆိပ် ၁ ခုရရှိခဲ့ သည့် အားကစားသမား တပ်ကြပ်တင်ညိုကိုလည်း ကောင်း၊ ရေကူးအားကစားနည်းမှ မီတာ ၁၀၀ ရင်ပေါင်တန်းကူးပြိုင်ပွဲတွင် ရွှေတံဆိပ် ၁ ခု ရရှိခဲ့ သည့် အားကစားသမား မောင်နန္ဒာစိုးမင်းကို လည်းကောင်း ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့် သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က ငွေ တံဆိပ်ဆုရရှိခဲ့ကြသည့် ပြေးခုန်ပစ်အားကစားနည်းမှ မီတာ ၁၀၀ အပြေးပြိုင်ပွဲနှင့် အလျားခုန်ပြိုင်ပွဲတွင် ငွေတံဆိပ် ၂ ခု ရရှိခဲ့သည့် အားကစားသမား မလော်လာဝင်း ကိုလည်းကောင်း၊ အလေးမ အားကစားနည်းမှ ၈၆ ကီလိုတန်းပြိုင်ပွဲနှင့် အကောင်းဆုံး ပါဝင်ယှဉ်ပြိုင်မှုတွင် ငွေတံဆိပ် ၂ ခု ရရှိခဲ့သည့် အားကစားသမား မငြိမ်းစန္ဒာအောင် ကိုလည်းကောင်း၊ ပြေးခုန်ပစ်အားကစားနည်းမှ သံလုံးပစ်ပြိုင်ပွဲတွင် ငွေတံဆိပ် ၁ ခု၊ လှံတံပစ်နှင့် သံပြားပစ်ပြိုင်ပွဲတွင် ကြေးတံဆိပ် ၂ ခု ရရှိခဲ့သည့် အားကစားသမား ဒုတပ်ကြပ် အောင်ထွန်းလင်း ကိုလည်းကောင်း၊ ပြေးခုန်ပစ်အားကစားနည်းမှ လှံတံပစ်ပြိုင်ပွဲတွင် ငွေတံဆိပ် ၁ ခုနှင့် အမြင့်ခုန်ပြိုင်ပွဲ တွင် ကြေးတံဆိပ် ၁ ခု ရရှိခဲ့သည့် ဒုတပ်ကြပ် စိုးသန်း ကိုလည်းကောင်း၊ ပြေးခုန်ပစ်အားကစားနည်းမှ မီတာ ၁၀၀ အပြေးပြိုင်ပွဲတွင် ငွေတံဆိပ် ၁ ခုနှင့် မီတာ ၄၀၀ အပြေးပြိုင်ပွဲတွင် ကြေးတံဆိပ် ၁ ခု ရရှိ ခဲ့သည့် အားကစားသမား မနန္ဒာလင်းကိုလည်း ကောင်း ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ မန်းငြိမ်းမောင်၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်း ဟာ၊ ဦးစိုင်းလုံးဆိုင်နှင့် စောဒန်နီယယ်တို့က ငွေတံဆိပ်၊ ကြေးတံဆိပ်ရရှိကြသည့် နိုင်ငံ့ဂုဏ်ဆောင် ဆုရအားကစားသမားများ၊ အုပ်ချုပ်မှုအဖွဲ့နှင့် နည်းပြ များကို ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် နိုင်ငံ့ဂုဏ်ဆောင် ဆုတံဆိပ်ရ အားကစားသမားများကိုယ်စား ပြေးခုန်ပစ် အားကစားနည်းမှ ရွှေတံဆိပ် ၂ ခုနှင့်ငွေတံဆိပ် ၁ ခု ရရှိခဲ့သည့် အားကစားသမား ဒုတပ်ကြပ် စိုးပေ က ကျေးဇူးတင်စကား ပြန်လည်ပြောကြားရာ ယခု ပြိုင်ပွဲတွင် အောင်မြင်မှုများ ဆွတ်ခူးနိုင်စေရန် မြန်မာနိုင်ငံ မသန်စွမ်းသူများ အားကစားအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် အုပ်ချုပ်သူ/ နည်းပြများ၏ သွန်သင်ဆုံးမမှုများဖြင့် လေ့ကျင့်မှုများကို စဉ်ဆက် မပြတ် လုပ်ဆောင်ခဲ့ပါကြောင်း၊ အဆိုပါရလဒ်များ ကြောင့် အခြားသောနိုင်ငံများမှ ပြိုင်ပွဲဝင် အားကစားသမားများနှင့်အတူ ယှဉ်ပြိုင်ရာတွင် ပြိုင်ဘက်အသင်းများကို အနိုင်ရရှိအောင် ကစားနိုင်ခဲ့ ခြင်းဖြစ်ကြောင်း၊ အားကစားပြိုင်ပွဲတွင် ဆုရရှိခဲ့သည့် အားကစားသမားများကို ယခုကဲ့သို့ ထိုက်ထိုက်တန် တန် ဂုဏ်ပြုဆုချီးမြှင့်ပေးသည့် နိုင်ငံတော်ဝန်ကြီးချုပ် နှင့် တာဝန်ရှိသူများကို ဆုရရှိသည့် အားကစားသမား များကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း၊ နောင်နှစ်များ တွင် ကျင်းပမည့် မသန်စွမ်းအားကစားပြိုင်ပွဲများ တွင် မိမိတို့၏မသန်စွမ်းများသည် “မသန်လည်းလူ၊ သန်လည်းလူ၊ စွမ်းဆောင်နိုင်မှုသာ အဓိက” ဆိုသည့် အချက်ကို သက်သေပြရင်း နိုင်ငံ့ကိုယ်စားပြုပြီး ယခုထက် ဆုတံဆိပ်များ ပိုမိုဆွတ်ခူးရရှိနိုင်အောင် ကြိုးစားယှဉ်ပြိုင်သွားမည်ဖြစ်ပါကြောင်း ပြောကြား သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ သည် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများနှင့် နည်းပြများကို ရင်းရင်းနှီးနှီး နှုတ်ဆက်၍ ဂုဏ်ပြု လက်ဖက်ရည်ဝိုင်းဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်