(၁၁) ကြိမ်မြောက် မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး ကျင်းပ

နေပြည်တော် ဇူလိုင် ၂၁ (၁၁) ကြိမ်မြောက် မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေးကို ယနေ့ညနေပိုင်းတွင် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့်ကျင်းပရာ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပါဝင်တက်ရောက်သည်။ အစည်းအဝေးတွင် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး H.E. Prak Sokhonn နှင့် အိန္ဒိယသမ္မတနိုင်ငံ ပြည်ပရေးရာဝန်ကြီး H.E. Dr. Subrahmanyam Jaishankar တို့က ပူးတွဲသဘာပတိများအဖြစ် ဆောင်ရွက်ခဲ့ကြပြီး အခြားမဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင် နိုင်ငံများဖြစ်ကြသည့် လာအို၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ နိုင်ငံခြားရေး ဝန်ကြီးများ ပါဝင်တက်ရောက်သည်။ အစည်းအဝေးမစတင်မီ ဝန်ကြီးများသည် မဲခေါင်-ဂင်္ဂါ ပူးပေါင်း ဆောင်ရွက်မှုဝက်ဘ်ဆိုက်ကို စတင်ဖွင့်လှစ်ခဲ့ပြီး မဲခေါင်-ဂင်္ဂါ ပူးပေါင်း ဆောင်ရွက်မှုမှတ်တမ်းဗီဒီယိုနမူနာကို ကြည့်ရှုခဲ့ကြသည်။ ဆက်လက်၍ ဝန်ကြီးများသည် မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှု ဦးစားပေးကဏ္ဍများ၏ တိုးတက်မှုအခြေအနေကို သုံးသပ်ဆွေးနွေး၍ အနာဂတ်လုပ်ငန်းစဉ်များအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြသည်။ ထို့အပြင် အိန္ဒိယနိုင်ငံနှင့် မဲခေါင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်း များ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြသည်။ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က ဆွေးနွေး ရာ၌ အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်မှုအတွက် ဆေးပစ္စည်းအကူအညီများ ပေးအပ်မှု၊ ဘာသာရပ်နယ်ပယ်အသီးသီး၌ ပညာသင်ဆုများထောက်ပံ့ပေးနေမှု၊ ငလျင်ဒဏ်ခံစားခဲ့ရသည့် ပုဂံ ဘုရားများ ပြန်လည်ပြုပြင်ထိန်းသိမ်းရေး၊ ဗုဒ္ဓဂယာ၌ မင်းတုန်းမင်းနှင့် ဘကြီးတော်မင်းတို့ တည်ထားခဲ့သည့် သမိုင်းဝင်ဘုရားပုထိုးနှစ်ဆူ ပြန်လည်မွမ်းမံရေးအပါအဝင် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ရေရှည် ထိန်းသိမ်းနိုင်ရေးအတွက် ကူညီထောက်ပံ့ပေးနေမှု၊ မြန်မာနိုင်ငံကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် မြန်ဆန်စွာ အကျိုးဖြစ်ထွန်းစေသည့် စီမံကိန်း (QIPs)ငါးခုပေးအပ်မှုနှင့် Lines of Credit ပေးအပ်ကူညီပေး မှုများအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။ ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက် မှုအဖွဲ့ဝင်နိုင်ငံများအကြား ကျန်းမာရေးလုံခြုံမှုဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများကို နီးကပ်စွာနှင့်နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ရန် အရေးကြီးကြောင်း အလေးထားပြောကြားခဲ့သည်။ ပြည်ထောင်စုဝန်ကြီးသည် မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှု၏ (၂၁)နှစ်တာကာလအတွင်း သိသာထင်ရှားသည့် အောင်မြင်မှုများရရှိ နေမှုအပေါ် အသိအမှတ်ပြုပြောကြားခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့် မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှု မူဘောင်အောက်၌ အပြည့်အဝပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။ အစည်းအဝေး၌ (၁၁) ကြိမ်မြောက် မဲခေါင်-ဂင်္ဂါ ပူးပေါင်း ဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၏ ပူးတွဲ ကြေညာချက်ကို အတည်ပြုချမှတ်ခဲ့ပြီး မဲခေါင်-ဂင်္ဂါ ပူးပေါင်း ဆောင်ရွက်မှုလုပ်ငန်းအစီအစဉ် (၂၀၁၉-၂၀၂၂) ဆိုင်ရာ ဖြစ်ပေါ် တိုးတက်မှုအစီရင်ခံစာနှင့် မြန်ဆန်စွာအကျိုးဖြစ်ထွန်းစေသည့် စီမံကိန်း (QIPs)စာရင်းများအပေါ် မှတ်တမ်းတင်ခဲ့သည်။ မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှုသည် ဒေသတွင်းလူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးနှင့် ဒေသတွင်းပြည်သူများအကြား ချစ်ကြည်ရင်းနှီးသည့် ဆက်နွှယ်မှုများ တိုးမြှင့်လာစေရေးတို့အတွက် စုပေါင်းဆောင်ရွက်ရန် ရည်ရွယ်၍ ၂၀၀၀ ပြည့်နှစ်တွင် လာအိုနိုင်ငံ ဗီယင်ကျန်းမြို့၌ စတင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ အိန္ဒိယနိုင်ငံနှင့် မဲခေါင်ဒေသခွဲနိုင်ငံများ ဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။ သတင်းစဉ်