(၁၁) ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ ရွှေလေးခုနှင့် ကြေးတစ်ခု ထပ်မံဆွတ်ခူး ဆုရရှိသူများကို မြန်မာမသန်စွမ်းအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌဆုချီးမြှင့်ပေး

 

ရန်ကုန်   ဩဂုတ်    ၂


အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပ သည့်   (၁၁)  ကြိမ်မြောက်    အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲကို    ဝင်ရောက်ယှဉ်ပြိုင်နေသည့် မြန်မာမသန်စွမ်း   အားကစားအဖွဲ့သည်    ယနေ့ ယှဉ်ပြိုင်မှုတွင် ရေကူးအားကစားနည်းမှ ရွှေတံဆိပ် သုံးခု၊   ပြေးခုန်ပစ်အားကစားနည်းမှ   ရွှေတံဆိပ် တစ်ခုနှင့်  ကြေးတံဆိပ် တစ်ခု  ထပ်မံဆွတ်ခူးရရှိ ခဲ့သည်။

 


မြန်မာအားကစားအဖွဲ့သည် JATIDIRI ရေကူး  ကန်၌ ကျင်းပသည့် ရေကူးပြိုင်ပွဲနှင့်  MANAHAN ကွင်း၌    ကျင်းပသည့်    ပြေးခုန်ပစ်ပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အောင်မြင့်မြတ်က အမျိုးသား မီတာ  ၂၀၀  အလွတ်ကူးပြိုင်ပွဲနှင့်  မီတာ  ၁၀၀  ပက်လက်ကူးပြိုင်ပွဲတွင် ရွှေနှစ်ခု၊ ကျော်ထူးက  မီတာ  ၅၀ လိပ်ပြာကူးပြိုင်ပွဲတွင် ရွှေတစ်ခု၊ အမျိုးသမီး သံပြားပစ်ပြိုင်ပွဲတွင်  ထက်ထက်အေးက  ရွှေတစ်ခု၊ အမျိုးသမီး မီတာ ၂၀၀ အပြေးပြိုင်ပွဲတွင် ဝေဝေသင်း က ကြေးတစ်ခု ဆွတ်ခူးရရှိခဲ့ပြီး  မြန်မာမသန်စွမ်းအားကစားအဖွဲ့ချုပ်   ဥက္ကဋ္ဌက  အမျိုးသမီးသံပြား ပစ်ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရရှိခဲ့သည့် ထက်ထက် အေးအား ဆုချီးမြှင့်ပေးအပ်သည်။

 


(၁၁)    ကြိမ်မြောက်   အာဆီယံမသန်စွမ်း  အားကစားပြိုင်ပွဲတွင်  မြန်မာမသန်စွမ်းအားကစား အဖွဲ့ချုပ်အနေဖြင့် ပြေးခုန်ပစ်၊ မြားပစ်၊ ဂိုးလ်ဘော၊ ရေကူး၊    ဘောလုံး၊  ထိုင်လျက်  ဘော်လီဘောနှင့် အလေးမ    အားကစားပြိုင်ပွဲများတွင်   ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိပြီး ယနေ့အထိ မြန်မာမသန်စွမ်း အားကစားအဖွဲ့ချုပ်အနေဖြင့်   ရွှေတံဆိပ်   ခုနစ်ခု၊ ငွေတံဆိပ် နှစ်ခု၊ ကြေးတံဆိပ်သုံးခု စုစုပေါင်း ၁၂ ခု ရရှိလျက်ရှိကြောင်း သိရသည်။          
   

အာကာစိုး