
ဖနောင်ပင် ဇူလိုင် ၆
ကမ္ဘောဒီးယားဝန်ကြီးချုပ် ဆမ်ဒက်ဟွန်ဆန်သည် အင်ဒိုနီးရှားနိုင်ငံ ဆိုလိုမြို့တွင် ဇူလိုင် ၃၀ ရက်မှ ဩဂုတ် ၆ ရက်အထိ ကျင်းပမည့် (၁၁) ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲသို့ အဖွဲ့ဝင် ၁၆၆ ဦးပါ ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်သွားမည်ဖြစ်ကြောင်း ဇူလိုင် ၆ ရက်တွင် ပြောသည်။
ထို့အပြင် ဝန်ကြီးချုပ် ဟွန်ဆန်သည် နှစ်နှစ်တစ်ကြိမ် ကျင်းပသည့် အဆိုပါ အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲ၌ အားကစားသမား ၁၁၅ ဦးပါသော ကိုယ်စားလှယ်အဖွဲ့သည် အားကစားနည်း ၁၁ မျိုး တွင် ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ပြောသည်။ အဆိုပါ ကိုယ်စား လှယ်အဖွဲ့သည် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲအတွက် ကမ္ဘော ဒီးယားနိုင်ငံမှ ဇူလိုင် ၂၄ ရက်တွင် ထွက်ခွာမည်ဖြစ်ပြီး ဩဂုတ် ၇ ရက်တွင် ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။
မသန်စွမ်းသူများသည်လည်း စွမ်းဆောင်ရည်ရှိပြီး အားကစား ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတွင် အထောက်အကူပြုကာ ရွှေတံဆိပ်များ ဆွတ်ခူးရရှိနိုင်မည်ဟု ယုံကြည်ပါကြောင်း ၎င်းက ဆက်လက် ပြောသည်။ ၂၀၁၉ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံက အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲ ကျင်းပမှုကို ဖျက်သိမ်းမှုနှင့် ၂၀၂၂ အာဆီယံမသန်စွမ်း အားကစား ပြိုင်ပွဲကို ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမှု ရုပ်သိမ်းပြီးနောက် အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် (၁၁)ကြိမ် မြောက် အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲကို လက်ခံကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။
အရှေ့တောင်အာရှ ၁၁ နိုင်ငံဖြစ်သည့် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်နှင့် တီမောလက်စ်တေနိုင်ငံတို့မှ အားကစားသမားများသည် အဆိုပါ ပြိုင်ပွဲ၌ အားကစားနည်း ၁၄ မျိုးတွင် ယှဉ်ပြိုင်ကစားသွား မည်ဖြစ်ကြောင်း (၁၁) ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစား ပြိုင်ပွဲ ၂၀၂၂ ၏ ဝက်ဘ်ဆိုက်အရ သိရသည်။
ဆင်ဟွာ