
ရန်ကုန် အောက်တိုဘာ ၁၃
(၁၀၃) နှစ်မြောက် မြန်မာ့ရုပ်ရှင်နေ့နှင့် (၄၆) ကြိမ်မြောက် မြန်မာ့ရုပ်ရှင် သက်ကြီးပူဇော်ပွဲ အခမ်းအနား ကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဝင်္ကပါလမ်းရှိ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၌ ကျင်းပ သည်။
အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသ ကြီးဝန်ကြီးများ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ နာယကကြီးများနှင့် အစည်းအရုံးဝင်များ၊ မြန်မာ့ ရုပ်ရှင်သက်ကြီး အနုပညာရှင်များနှင့် ရုပ်ရှင်အနု ပညာရှင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော် များ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမောင် မောင်အုန်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးကြည် စိုးထွန်းတို့က (၁၀၃)နှစ်မြောက် မြန်မာ့ရုပ်ရှင်နေ့ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးဝင်းအတွင်း နိဗ္ဗာန်ကုသိုလ်အဖြစ် ဖွင့်လှစ်သည့် ဈေးဆိုင်များကို လှည့်လည်ကြည့်ရှု အားပေးကြသည်။
ယင်းနောက် (၄၆)ကြိမ်မြောက် ရုပ်ရှင်အနုပညာ ရှင် သက်ကြီးပူဇော်ပွဲကို ကျင်းပရာ ရုပ်ရှင်သက်ကြီး အနုပညာရှင်များအတွက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီက အလှူငွေကျပ်သိန်း ၁၀၀၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ထမ်း မိသားစုများက ငွေကျပ်သိန်း ၂၀၊ ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အလှူရှင် များက ငွေကျပ်သိန်း ၁၅၀၊ Forever Group Co.,Ltd က ငွေကျပ်သိန်း ၇၀၊ ရွှေသံလွင်မီဒီယာ(Sky Net) မိသားစုက စုစုပေါင်းတန်ဖိုးငွေကျပ် ၁၆၃ သိန်းရှိ Sky Net DTH ကြည့်ရှုခွင့် ၆ လစာနှင့် DTH စက် တစ်စုံ၊ ရုပ်ရှင်ရုံလုပ်ငန်းမိသားစုများက ငွေကျပ် ၁၇ သိန်းတို့ကို ပေးအပ်လှူဒါန်းပြီး နာယကများနှင့် အမှုဆောင်များက လက်ခံရယူကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင် မောင်အုန်းက မုဒိတာစကားပြောကြားရာတွင် အခမ်းအနားသို့ အနုပညာရှင်များအားလုံး နီးပါး စုံညီစွာ တက်ရောက်ကြသည့်အတွက် ဝမ်းသာ ပီတိဖြစ်ရပါကြောင်း၊ ယနေ့တွင် ပူဇော်ကန်တော့ခံ အနုပညာရှင်များသည် နိုင်ငံ့အကျိုး၊ ဒေသအကျိုးနှင့် ပြည်သူ့အကျိုးကို အနုပညာစွမ်းအားဖြင့် စွမ်းဆောင် ခဲ့သူများဖြစ်၍ ရိုသေလေးစားစွာ ဂါရဝပြုအပ်ပါ ကြောင်း၊ မြန်မာ့ရုပ်ရှင် အနုပညာနယ်ပယ်သည် ကိုဗစ်- ၁၉ ရောဂါကြောင့် တုံ့ဆိုင်းရပ်တန့်လုနီးပါး ဖြစ်ခဲ့ရပြီး ယနေ့တွင် ပုံမှန်နီးပါးပြန်လည်ရောက်ရှိ လာပြီဟု ပြောရမည်ဖြစ်ပါကြောင်း၊ ၂၀၂၃ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်အကယ်ဒမီပေးပွဲကို ဆောင်ရွက်ရန်ရှိ ပြီး ယမန်နှစ်ကကဲ့သို့ နေပြည်တော်၌ စည်ကား သိုက်မြိုက်စွာ ကျင်းပသွားနိုင်ရန် မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးနှင့်ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း။
အနုပညာကို နိုင်ငံတော်နှင့် ပြည်သူက ချစ်မြတ်နိုးလျက်ရှိပြီး ပြီးခဲ့သည့် ဖြစ်ရပ်များကို သင်ခန်းစာယူ၍ လာမည့်အနာဂတ်တွင် သစ်လွင် သောအနုပညာရပ်များ ပေါ်ထွန်းလာရေးအတွက် အနုပညာစွမ်းအားဖြင့် ပူးပေါင်းဆောင်ရွက်ပေးနိုင် ပါရန် တိုက်တွန်းလိုပါကြောင်း၊ ရုပ်ရှင်သက်ကြီး အနုပညာရှင်များအနေဖြင့် ယခုမှသည့် နှစ်ရာကျော် တိုင် သက်ရှည်ကျန်းမာလျက် နိုင်ငံ့အကျိုးနှင့် ပြည်သူအကျိုးကို အနုပညာစွမ်းအားဖြင့် ဆက်လက် ထမ်းဆောင်နိုင်ကြပါစေကြောင်း ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက မုဒိတာစကားပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသော ရုပ်ရှင် သက်ကြီးပညာရှင်များအား နွေးထွေးလှိုက်လှဲစွာ မိတ်ဆက်ဂါရဝပြုပြီး လှူဒါန်းပစ္စည်းများ ပေးအပ် ကာ စုပေါင်းဂါရဝပြု ကန်တော့ကြသည်။
ယင်းနောက် ရုပ်ရှင်သက်ကြီးပညာရှင် ဦးအောင်လွင်က ကျေးဇူးတင် ဝမ်းမြောက်ပီတိစကား ပြန်လည်ပြောကြားသည်။
မြန်မာနိုင်ငံ၌ ပထမဆုံး မြန်မာဇာတ်ကားကို ၁၉၂၀ ပြည့်နှစ် အောက်တိုဘာ ၁၃ ရက်တွင်“မေတ္တာ နှင့် သူရာ” ဇာတ်ကားကို ပြသခဲ့ပြီး ထိုနေ့ကို မြန်မာ့ ရုပ်ရှင်နေ့အဖြစ်သတ်မှတ်၍ မြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံးမှ ရုပ်ရှင်သက်ကြီးပူဇော်ပွဲအခမ်းအနားကို ကျင်းပ ခဲ့ရာယခုအကြိမ်သည် (၄၆) ကြိမ်မြောက် အဖြစ် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်