
နေပြည်တော် ဇူလိုင် ၁
(၁၀၁) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၌ ကျင်းပသည်။
သက်တမ်း ၁၂၈ နှစ်ရှိပြီဖြစ်
အခမ်းအနားတွင် သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက အပြည်ပြည်ဆိုင်ရာသမဝါယမအဖွဲ့ချုပ် (International Co-operative Alliance-ICA)ကို ၁၈၉၅ ခုနှစ် ဩဂုတ် ၁၉ ရက်တွင် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့၌ စတင်ဖွဲ့စည်းခဲ့ပြီး သက်တမ်း ၁၂၈ နှစ်ရှိပြီဖြစ်ပါကြောင်း၊ ၁၉၂၃ ခုနှစ်မှစတင်၍ အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ အထိမ်းအမှတ်ပွဲများ ကျင်းပလာခဲ့သည်မှာ ၁၀၁ နှစ် တိုင်ခဲ့ပြီ ဖြစ်ပါကြောင်း၊ ယခုအချိန်တွင် အပြည်ပြည် ဆိုင်ရာ သမဝါယမအဖွဲ့ချုပ်ကို အဖွဲ့ဝင်နိုင်ငံပေါင်း ၁၀၇ နိုင်ငံမှ သမဝါယမအသင်းစုချုပ်ပေါင်း ၃၁၇ သင်းကျော်၊ သမဝါယမအသင်းပေါင်း ၃ သန်းကျော်၊ အသင်းသားပေါင်း သန်း ၁၀၀၀ ကျော်ဖြင့် ပါဝင်ဖွဲ့စည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကမ္ဘာ့လူဦးရေ၏ ၁၀ ရာခိုင်နှုန်းကျော် တစ်နည်းအားဖြင့် ကမ္ဘာ့လူဦးရေ သန်း ၂၈၀ ကျော်ကို ကမ္ဘာ့သမဝါယမအသင်းများက အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခဲ့ ကြောင်း။
မူဝါဒအသစ်များဖြင့်ဆောင်ရွက်
မြန်မာနိုင်ငံတွင် ဗဟိုသမဝါယမအသင်းသည် ၁၉၉၃ ခုနှစ် စက်တင်ဘာ ၇ ရက်တွင် အပြည်ပြည် ဆိုင်ရာ သမဝါယမအဖွဲ့ချုပ်၏အဖွဲ့ဝင်အဖြစ် စတင် ဝင်ရောက်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံတွင် ၁၉၀၄ ခုနှစ်၌ သမဝါယမအသင်းအက်ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ၁၉၀၅ ခုနှစ် ဇန်နဝါရီ ၃ ရက်တွင် စစ်ကိုင်းခရိုင် မြင်းမူငွေစုငွေချေးသမဝါယမအသင်းကို စတင်ဖွဲ့စည်း ခဲ့ကာ သမဝါယမအသင်းများ ရှင်သန်ဖွံ့ဖြိုးရေးအတွက် ဦးစီးဌာန၊ ဝန်ကြီးဌာန ဖွဲ့စည်းထူထောင်ပြီး လမ်းညွှန် ကြီးကြပ်မှုများဖြင့် ဆောင်ရွက်ခဲ့ရာ ၂၀၂၁ ခုနှစ် ဇွန် ၁၇ ရက်တွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနကို ဝန်ကြီးဌာနအသစ်အဖြစ် ပြန်လည် ဖွဲ့စည်းတည်ထောင်၍ ခေတ်နှင့်အညီ မူဝါဒအသစ် များဖြင့် သမဝါယမလုပ်ငန်းများ ရှင်သန်ဖွံ့ဖြိုးလာစေရေး ဆောင်ရွက်လျက်ရှိပါကြောင်း။
လူနေမှုဘဝမြင့်မားရေးကြိုးပမ်း
သမဝါယမဦးစီးဌာနသည် ပြည်သူတို့၏ လူမှုစီးပွား အတွက် ထိရောက်အကျိုးရှိမည့် မျှော်မှန်းချက်၊ ရည်မှန်းချက်၊ မူဝါဒများ၊ လုပ်ငန်းစဉ်များ၊ Action Plan (၉)ရပ် ချမှတ်ပြီး ပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးအတွက် အမှန်တကယ် အလုပ် လုပ်လိုသူများ၊ လုပ်ငန်းတူရာအလိုက် စိတ်ဝင်စားသူ များကို သမဝါယမအသင်းသစ်များ စည်းရုံးဖွဲ့စည်းခြင်း၊ ဖွဲ့စည်းခဲ့ပြီးသော အသင်းဟောင်းများအား လုပ်ငန်း အမှန်တကယ်လုပ်ကိုင်သူများနှင့်သာ ပြန်လည်ပြုပြင် ဖွဲ့စည်းခြင်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့ထိ သမဝါယမအသင်းပေါင်း ၃၈၇၀၉ သင်း ဖွဲ့စည်းခဲ့ပြီး ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှုဖြင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ကျေးလက်နေပြည်သူများ၏ တစ်ဦးချင်းဝင်ငွေတိုးပွား ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် တစ်ပိုင်တစ်နိုင် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ အမှန်တကယ်လုပ်ကိုင် ဆောင်ရွက်လာနိုင်အောင် စည်းရုံးပေါင်းစပ်ကူညီ ဆောင်ရွက်ပေးခြင်းဖြင့် ကျေးလက်နေပြည်သူများ၏ ဝင်ငွေနှင့် လူနေမှုဘဝမြင့်မားရေးကို ကြိုးပမ်းဆောင် ရွက်ပေးလျက်ရှိပါကြောင်း။
၂၀၂၃ ခုနှစ် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ ဆောင်ပုဒ်ဖြစ်သည့် “Cooperatives: Partners for accelerated sustainable development” (အရှိန် အဟုန်ဖြင့် ရေရှည်တိုးတက်ရေး သမဝါယမများက ဆောင်ရွက်ပေး) ဆိုသည့်အတိုင်း နိုင်ငံတကာ သမဝါယမများက မျှဝေခံစားတတ်သော လူ့ကျင့်ဝတ် ဂုဏ်သိက္ခာ စံတန်ဖိုးများအပေါ် အခြေတည်ထားသည့် အခြေခံမူများအတိုင်း လိုက်နာကျင့်သုံး ကြိုးစား အားထုတ်နေချိန်တွင် မြန်မာ့သမဝါယမများကလည်း သမဝါယမပုံရိပ်ကို ပြန်လည်မြှင့်တင်ပေးနိုင်ရန် တာဝန်ရှိသူများက စနစ်တကျ ကြီးကြပ်ဆောင်ရွက် ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ရေရှည်ဖွံ့ဖြိုးနိုင်ရေးအတွက် သမဝါယမဦးစီးဌာနနှင့် သမဝါယမအသင်းများက ပူးပေါင်းအကောင်အထည် ဖော်ဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် ဗဟိုသမဝါယမအသင်းလီမိတက်ဥက္ကဋ္ဌ ဦးကျော်မြခိုင်က အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ ဂုဏ်ပြုစကားပြောကြားပြီး ဗဟိုသမဝါယမအသင်း လီမိတက် ဒါရိုက်တာအဖွဲ့ဝင် ဒေါက်တာတိုးနန္ဒာတင်က အပြည်ပြည်ဆိုင်ရာ သမဝါယမအဖွဲ့ချုပ်မှ ပေးပို့သော သဝဏ်လွှာကို ဖတ်ကြား၍ အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ ဂုဏ်ပြုတေးသီချင်းနှင့် သမဝါယမ လုပ်ငန်းဆောင်ရွက်မှုရုပ်သံ Video Clip တို့ကို ပြသ သည်။
လှည့်လည်ကြည့်ရှုအားပေး
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် သမဝါယမ ဖွံ့ဖြိုးရေးဆောင်ရွက်မှုများအတွက် ဆုအမျိုးအစား ပေါင်း ၃၆ ဆုကို ပေးအပ်ချီးမြှင့်ပြီး မှတ်တမ်းတင် ဓာတ်ပုံများရိုက်ကာ အခမ်းအနားသို့ တက်ရောက်လာကြ သူများနှင့်အတူ အပြည်ပြည်ဆိုင်ရာသမဝါယမနေ့အထိမ်းအမှတ်ပြခန်းများကို လှည့်လည်ကြည့်ရှု အားပေးသည်။
အဆိုပါ အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ ညွှန်ကြားရေးမှူးချုပ်များ၊ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်၊ စစ်ကိုင်း)တို့မှ ပါမောက္ခချုပ်များ၊ ဗဟိုသမဝါယမ အသင်းလီမိတက်ဥက္ကဋ္ဌနှင့် ဒါရိုက်တာအဖွဲ့ဝင်များ၊ သမဝါယမကောလိပ် (မန္တလေး၊ ဖောင်ကြီး) တို့မှ ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး/ပြည်နယ် သမဝါယမဦးစီးဌာနများမှ ညွှန်ကြားရေးမှူးများ၊ သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာ သင်တန်းကျောင်း (တောင်ကြီး၊ မကွေး၊ ပုသိမ်၊ မော်လမြိုင်၊ မန္တလေး) တို့မှ ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး/ပြည်နယ်သမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌများ၊ သမဝါယမအသင်းသားများ၊ ဝန်ထမ်းများ နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
သတင်းစဉ်