
နေပြည်တော် ဩဂုတ် ၁၁
ပြည်ထောင်စုနယ်မြေ နေပြည်တော် ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်း အနားကို ယနေ့ နံနက် ၇ နာရီခွဲတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏခရိုင် ဒက္ခိဏသီရိမြို့နယ် မာရဝိဇယဘုရားသွားလမ်း စံပယ်လမ်းဝဲယာ၌ ကျင်းပရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ ကံ့ကော်ပျိုးပင်ကို ဦးဆောင်စိုက်ပျိုးပေးသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ ကောင်စီအတွင်း ရေးမှူး၊ တွဲဖက်အတွင်းရေးမှူး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများနှင့် ဝန်ကြီး ဌာနများမှဌာနဆိုင်ရာ အရာထမ်း၊ အမှုထမ်းများ၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်နှင့် အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူများ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်က အမှာစကားပြောကြားရာတွင် ၂၀၂၂ ခုနှစ် အတွင်းနိုင်ငံတော် အနေဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားများကို မိုးကြိုကာလ၊ မိုးဦးကာလများမှ ယခုမိုးလယ်ကာလအထိ ကျင်းပဆောင်ရွက်ပေးနေ ခြင်းသည် သစ်တော သယံဇာတများ ရေရှည်တည်တံ့ စေရေး၊ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေး၊ ပတ်ဝန်း ကျင် စိမ်းလန်းစိုပြည်သာယာလှပရေးတို့အတွက် ပြည်သူလူထုက ပူးပေါင်းပါဝင် ဆောင်ရွက်မှု ကို မြှင့်တင်ပေးရန် ရည်ရွယ်ကျင်းပခြင်းပင် ဖြစ်ကြောင်း။
ဆက်လက်အားစိုက် ထိန်းသိမ်း
သစ်တော၊ သစ်ပင်များ စိုက်ပျိုးထိန်းသိမ်းခြင်း ဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းစိုသာယာလှပစေပြီး အကျိုးကျေးဇူးများစွာ ရရှိစေနိုင်သည့်အတွက် “မြေဆီစိုခိုက် သစ်ပင်စိုက်” ဟူသည့် ဆောင်ပုဒ်နှင့် အညီ လူထုပူးပေါင်းပါဝင်မှုဖြင့် သစ်ပင်စိုက်ပျိုးပွဲများ ကျင်းပခြင်းကို အားပေးဆောင်ရွက်နေခြင်းဖြစ်ပါ ကြောင်း၊ မြန်မာနိုင်ငံတစ်ဝန်း ယခုနှစ်မိုးရာသီတွင် သစ်ပင် ၃၀ ဒသမ ၅၇ သန်း စိုက်ပျိုးတည်ထောင်သွား ရန် ရည်မှန်းထားသည့်အတိုင်း သက်ဆိုင်ရာဝန်ကြီး ဌာနက ဇူလိုင်လကုန်တွင် လျာထားချက် ပြည့်မီ အောင် စိုက်ပျိုးပြီးဖြစ်သည့်အတွက် စိုက်ပျိုးပင်များ အောင်မြင်ရှင်သန်ရေးကို ဆက်လက်အားစိုက် ထိန်းသိမ်းဆောင်ရွက်သွားကြရန် မှာကြားလိုပါ ကြောင်း။
Green Campaign များ မြှင့်တင်ဆောင်ရွက်နေ
နိုင်ငံ၏ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစေရန်၊ စိမ်းလန်းစိုပြည်သာယာစေရန်၊ ပြည်သူလူထုအတွက် အလုပ်အကိုင်အခွင့်အလမ်းဆိုင်ရာ စီးပွားဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူဖြစ်စေရန်၊ ကမ္ဘာကြီး ပူနွေးလာမှုနှင့် ရာသီဥတု ပြောင်းလဲဖောက်ပြန်မှုကို တုံ့ပြန်ဆောင်ရွက်စေရန် Green Campaign များ ဆောင်ရွက်နေသကဲ့သို့ ပါကစ္စတန်နိုင်ငံ၊ ဗီယက်နမ် နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ စသည့်ဒေသတွင်းနိုင်ငံများ၌ အစီအစဉ်အမျိုးမျိုးဖြင့် Green Campaign များ မြှင့်တင်ဆောင်ရွက်နေသည်ကို လေ့လာတွေ့ရှိရပါ ကြောင်း။
အလေးထားဆောင်ရွက်
ကမ္ဘာ့ရာသီဥတု ပြောင်းလဲဖောက်ပြန်မှုကို တုံ့ပြန်ဆောင်ရွက်ရာတွင် သစ်တောများ၏ အခန်း ကဏ္ဍသည် အလွန်အရေးကြီးပါကြောင်း၊ သစ်တော တစ်ဟက်တာသည် ကာဗွန်ပမာဏ ၅၃ ဒသမ ၂ မက်ထရစ်တန်ခန့် သိုလှောင်ထိန်းသိမ်းထားနိုင်ပြီး ကမ္ဘာ့သစ်တောများသည် ကာဗွန်မက်ထရစ်တန် သန်းပေါင်း ၂ သိန်းကျော် သိုလှောင်ထားကြောင်း၊ တစ်နှစ်အတွင်း ကာဗွန်ဒိုင်အောက်ဆိုက်မက်ထရစ် တန် ၁၆ ဒသမ ၂ သန်းကျော် စုပ်ယူပေးလျက်ရှိကြောင်း သုတေသနတွေ့ရှိချက်များအရ လေ့လာသိရှိရ သည့်အတွက် သစ်တောများ ထိန်းသိမ်းစိုက်ပျိုးထူထောင်ရေးကို အလေးထားဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း။
မုန်တိုင်းများ ပိုမိုတိုက်ခတ်လာနိုင်
မြန်မာနိုင်ငံသည် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု အကျိုးဆက်များကြောင့် ထိခိုက်နိုင်ခြေမြင့်မားသည့် နိုင်ငံများစာရင်းတွင် ပါဝင်သည်ဟု လေ့လာတွေ့ရှိရ ပါကြောင်း၊ အပူချိန်မြင့်တက်ခြင်းနှင့် မိုးရွာသွန်းမှု ပြောင်းလဲခြင်း အကျိုးဆက်အနေဖြင့် ဆိုင်ကလုန်း မုန်တိုင်းများ ပိုမိုတိုက်ခတ်လာနိုင်ခြင်း၊ မိုးသည်း ထန်ခြင်း၊ ရေကြီးခြင်း၊ မိုးခေါင်ခြင်းတို့ကဲ့သို့ ရာသီ ဥတုဖောက်ပြန်မှုများ ပိုမိုဖြစ်ပေါ်လာပြီး အနောက် တောင် မုတ်သုံလေဝင်ရောက်ချိန် ပုံမှန်ထက် နောက်ကျပြီး ဆုတ်ခွာချိန် ပုံမှန်ထက်စောလာသည့် အတွက် မုတ်သုံကာလ တိုတောင်းခြင်းများကြောင့် နိုင်ငံ၏ စိုက်ပျိုးရေးလုပ်ငန်းများကိုပါ ထိခိုက်လာ နိုင်ကြောင်း။
ဒီရေတောကာကွယ်ထိန်းသိမ်း
ရာသီဥတုပြောင်းလဲမှုကြောင့် ကြုံတွေ့လာရ သည့် သဘာဝဘေးအန္တရာယ်များကို ပြန်ကြည့်မည် ဆိုပါက ၂၀၀၈ ခုနှစ် မေလတွင် ဧရာဝတီတိုင်းဒေသ ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးကို ဝင်ရောက် တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်းကြောင့် အသက် အိုးအိမ်စည်းစိမ်များ ဆုံးရှုံးခဲ့ကြရပြီး နိုင်ငံအနေ ဖြင့်လည်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အားစိုက်ဆောင်ရွက်ခဲ့ရသည်ကို အားလုံးသိရှိ ကြကြောင်း၊ နာဂစ်မုန်တိုင်းဒဏ်၏ လေပြင်း တိုက်ခတ်မှုနှင့် ပင်လယ်ဒီရေလှိုင်းများမြင့်တက်မှု ကို ဒီရေတောများက ထိထိရောက်ရောက်ကာကွယ် ပေးသဖြင့် ဒေသခံများ၏ အသက်အိုးအိမ်စည်းစိမ် များ ဆုံးရှုံးမှုနည်းပါးခဲ့သည်ကို လက်တွေ့သိမြင်ခဲ့ရ သည့်အတွက် ဒီရေတောကာကွယ်ထိန်းသိမ်းရေး နှင့် ပြန်လည်စိုက်ပျိုးထူထောင်ရေးလုပ်ငန်းများကို အထူးအလေးထားဆောင်ရွက်ကြရန် လိုအပ်မှုကို သင်ခန်းစာရရှိခဲ့ပါကြောင်း။
မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် သတ္တမမြောက် ဒီရေတောဧရိယာ အများဆုံးပိုင်ဆိုင်သည့် နိုင်ငံ ဖြစ်ပြီး မြန်မာ့ကမ်းရိုးတန်းများ တစ်လျှောက်ရှိ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီးနှင့် တနင်္သာရီ တိုင်းဒေသကြီးတို့တွင် ဒီရေတောများကို အများဆုံး တွေ့ရှိရပါကြောင်း၊ ဒီရေတောများသည် ကမ်းရိုး တန်းဒေသနေပြည်သူများအတွက် အခြေခံစားဝတ် နေရေး လိုအပ်ချက်များ ပံ့ပိုးပေးနိုင်သည့်အပြင် နိုင်ငံ၏ ငါး၊ ပုစွန်၊ ကဏန်းရေထွက်ကုန် သယံဇာတ များတိုးပွားရေး၊ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးရေး၊ ရာသီဥတု ပြောင်းလဲဖောက်ပြန်မှုလျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးတို့အတွက် အလွန်အရေးပါသည့် ဂေဟစနစ်ဖြစ်ပါကြောင်း။
ဦးစားပေးမြှင့်တင်ဆောင်ရွက်
ထို့ကြောင့် ဒီရေတောများ ထိန်းသိမ်းကာကွယ် ရေးနှင့် ပြန်လည်တည်ထောင်စိုက်ပျိုးရေးတို့ကို ဦးစားပေးမြှင့်တင်ဆောင်ရွက်သွားကြရန် ကမ်းရိုး တန်း တိုင်းဒေသကြီးနှင့် ပြည်နယ်ခရီးစဉ်များတွင် အစဉ်လမ်းညွှန်မှာကြားလျက်ရှိသကဲ့သို့ နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ် လုပ်ကိုင်မှုကော်မတီ ဖွဲ့စည်းပေးပြီး ဆောင်ရွက်လျက် ရှိပါကြောင်း၊ နိုင်ငံတော်အနေဖြင့် ဒီရေတော ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တောများ၊ အဏ္ဏဝါ အမျိုးသားဥယျာဉ်များ
တိုးချဲ့ဖွဲ့စည်းခြင်း၊ နိုင်ငံပိုင် ဒီရေတောစိုက်ခင်းများ တည်ထောင်ခြင်းနှင့် ယခုနှစ် မိုးရာသီမှစတင်ပြီး ကိုကိုးကျွန်းအပါအဝင် ပင်လယ်ကမ်းရိုးတန်းဒေသ မြို့နယ် ၆၀ ၌ ဒီရေတောပင်၊ အရိပ်ရပင် တစ်အုပ် တစ်မစိုက်ခင်းများကို လူထုပူးပေါင်းပါဝင်မှုဖြင့် စိုက်ပျိုးတည်ထောင်လျက်ရှိသည့်အတွက် သက်ဆိုင် ရာဝန်ကြီးဌာနနှင့်အတူ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များ၊ လူမှုအဖွဲ့အစည်းများက တက်တက် ကြွကြွ ပါဝင်ဆောင်ရွက်သွားကြရန် မှာကြားလိုပါ ကြောင်း။
ရေချို ဧကပေသန်း (၈၀၀) ကျော် စီးဆင်း
မြန်မာနိုင်ငံတွင်ရှိသည့် မြစ်ကြီး လေးသွယ်အပါ အဝင် မြစ်ချောင်းကွန်ရက်များမှ နှစ်စဉ် ရေချို ဧကပေသန်း (၈၀၀) ကျော် စီးဆင်းလျက်ရှိပါကြောင်း၊ တစ်နိုင်ငံလုံးအနေဖြင့် နှစ်စဉ်ရေချိုပမာဏ ဧကပေ (၄၅) သန်းကျော်သာ အသုံးပြုလျက်ရှိသည့်အတွက် နှစ်စဉ်စီးဆင်းနေသည့် ရေချိုပမာဏ၏ ငါးရာခိုင် နှုန်းခန့်ကိုသာ သုံးစွဲနေသည်ကို တွေ့ရှိရကြောင်း။
ထိထိရောက်ရောက် ဆောင်ရွက်
နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ရေသယံဇာတဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ရေအရင်းအမြစ်များကို အခြေခံသည့် စီးပွားရေး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများဆောင်ရွက်ရန် အလား အလာကောင်းများစွာ ရှိပါကြောင်း၊ နိုင်ငံ၏ မြစ်ချောင်းကွန်ရက်များကို ရေရှည်ထိန်းသိမ်းအသုံးပြုနိုင်ရေးအတွက် ရေဝေရေလဲဒေသ သစ်တောများ ထိန်းသိမ်းရေးကို ထိရောက်စွာဆောင်ရွက်ရန်လိုအပ် ပါကြောင်း၊ ရေဝေရေလဲဒေသတွင်ရှိသည့် သစ်တော များ ပျက်စီးပြုန်းတီးသည့်အခါ နုန်းအနည်အနှစ် များသည့် ရေများ မြစ်ချောင်းများအတွင်း တိုက်ရိုက် စီးဆင်းခြင်း၊ ရေစီးကြောင့် မြေပြိုတိုက်စားခြင်း၊ ရေကြီးခြင်း၊ မြေအောက်ရေထိန်းသိမ်းနိုင်မှု မရှိခြင်း၊ မြစ်ချောင်းများ တိမ်ကောစေခြင်း၊ စိုက်ပျိုးမြေများ ရေတိုက်စားမှုကြောင့် ပျက်စီးခြင်း စသည့် နောက်ဆက်တွဲ ဆိုးကျိုးများသက်ရောက်စေသည့်အပြင် ရေသယံဇာတအခြေပြု ဖွံ့ဖြိုးရေး လုပ်ငန်း များ ဖြစ်သည့် ရေအသုံးပြုရေး၊ လျှပ်စစ်ထုတ်လုပ်ရေး၊ ငါးနှင့် ရေထွက်ကုန် သယံဇာတထုတ်လုပ်ရေး၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများကိုပါ ထိခိုက်နိုင် သည့်အတွက် ရေဝေရေလဲဧရိယာအတွင်းရှိ သစ်တောများထိန်းသိမ်းရေးကို သက်ဆိုင်ရာဝန်ကြီး ဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များက ညှိနှိုင်းပေါင်းစပ်ပြီး ထိထိရောက်ရောက် ဆောင်ရွက် သွားကြရန် ပြောကြားလိုပါကြောင်း။
ပူးပေါင်းပါဝင်ဆောင်ရွက်
နိုင်ငံ၏ ပထဝီဝင်အနေအထားအရ သဘာဝ ဂေဟစနစ်နှင့် သယံဇာတများ အမျိုးအစားစုံလင်စွာ တည်ရှိလျက်ရှိရာ မြန်မာနိုင်ငံ မိုးနည်းရပ်ဝန်းတွင် ရှိသည့် အပူပိုင်းဒေသသစ်တောများ ထိန်းသိမ်းရေးကို လည်း အာရုံစိုက်ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ အပူပိုင်းဒေသသစ်တောများ ပြုန်းတီးသည့်အခါ မိုးကွင်းပြီး မိုးခေါင်ရေရှားခြင်း၊ မြေအောက်ရေဆုံးရှုံး ခြင်း၊ ရေထွက်စိမ့်စမ်းများပျောက်ကွယ်ခြင်း၊ မြေဆီ လွှာ အဆင့်အတန်းကျဆင်းရာမှ သဲကန္တာရဖြစ်ထွန်း နိုင်ခြင်း စသည့်အကျိုးဆက်များ ဖြစ်လာနိုင်ပါ ကြောင်း၊ စိုက်ပျိုးရေရရှိရေးကိုလည်း ထိခိုက်စေပြီး ဒေသခံပြည်သူများ၏ အသက်မွေးဝမ်းကျောင်းမှုလုပ်ငန်းများကို ထိခိုက်စေမည် ဖြစ်ပါကြောင်း၊ ဥပမာအားဖြင့် အပူပိုင်းဒေသ၏ အိုအေစစ်ဖြစ်သည့် ပုပ္ပါးတောင် စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများကို ၁၉၉၀ ပြည့်နှစ်များက စတင်ပြီး ထိထိရောက်ရောက် ဆောင်ရွက်ခဲ့သည့်အတွက် ရေထွက်စိမ့်စမ်းများ ပြန်လည်ပေါ်ထွက်လာပြီး ရာသီဥတုမှန်လာကာ စိုက်ပျိုးရေးလုပ်ငန်းများ ယခင်ကထက် ပိုမို ဆောင်ရွက်လာနိုင်ပြီး စိမ်းလန်းစိုပြည်သာယာလှပ စွာဖြင့် ဖွံ့ဖြိုးလာသည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် အပူပိုင်းဒေသ စိမ်းလန်းစိုပြည် ရေးလုပ်ငန်းများဖြစ်သည့် အပူပိုင်းဒေသသစ်တော များ ထိန်းသိမ်းရေး၊ သစ်တောများ ပြန်လည်စိုက်ပျိုး ရေး၊ ကျေးရွာများ ရေရရှိရေးအတွက် ရေတွင်း၊ ရေကန်များ တူးဖော်ပြုပြင်ရေးနှင့် ထင်းအစား အခြား လောင်စာနှင့် စွမ်းအားမြှင့်မီးဖိုများ သုံးစွဲရေး တို့ကို ဆောင်ရွက်ပေးလျက်ရှိသည့်အတွက် ဌာန ဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့် အကျိုးဆက်စပ် ပတ်သက်သူများအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက် သွားကြရန် တိုက်တွန်းလိုပါကြောင်း။
သစ်တောဂေဟစနစ်များ ထိန်းသိမ်း
နိုင်ငံတော်အနေဖြင့် ရာသီဥတုဖောက်ပြန် ပြောင်းလဲမှု လျှော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ စားနပ်ရိက္ခာ ဖူလုံရေး၊ နိုင်ငံလူမှုစီးပွားဘဝ ဖွံ့ဖြိုးရေးအတွက် အဓိကကျသည့် နိုင်ငံတစ်ဝန်း အမျိုးအစားစုံလင် သည့် သစ်တောဂေဟစနစ်များ ထိန်းသိမ်းရေးကို ထိထိရောက်ရောက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် မှု မြှင့်တင်ခြင်း၊ နိုင်ငံတကာသဘောတူညီချက်များ တွင် ပါဝင်ဆောင်ရွက်ခြင်းတို့ကိုလည်း အလေးထား ဆောင်ရွက်နေပါကြောင်း။
အေးမြလှပသည့်အရိပ်အာဝါသ
မြန်မာလူမျိုးတို့သည် ရေရှည်အကျိုးကို မျှော်မှန်းပြီး နောင်လာနောက်သားများ အသုံးပြုနိုင် ရန် သစ်ပင်စိုက်ပျိုးကြသည့် မြန်မာ့ဓလေ့နှင့်အညီ သစ်တော၊ သစ်ပင်တိုးမြှင့်စိုက်ပျိုးရေးကိုအားပေးသည့်အနေဖြင့် ကမ္ဘာ့အကြီးဆုံး ကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး တည်ထားလျက်ရှိသည့် မာရ ဝိဇယ ဗုဒ္ဓဥယျာဉ်တော်အဝင်လမ်းတွင် စိမ်းလန်း သာယာပြီး မိဘပြည်သူများ စိတ်ချမ်းမြေ့စွာဖူးမြော် နိုင်ရေး သစ်ပင်စိုက်ပျိုးပွဲများကို ပြည်သူလူထု ပူးပေါင်းပါဝင်မှုဖြင့် မြှင့်တင်ဆောင်ရွက်ပေးနေခြင်း ပင်ဖြစ်ကြောင်း၊ ယခုစိုက်ပျိုးခြင်းသည် စတုတ္ထ အကြိမ်ရှိပြီဖြစ်ပါကြောင်း၊ နောင်အချိန်တွင် စိမ်းလန်းသာယာလှပပြီး စိတ်ချမ်းမြေ့ဖွယ်ရာ လမ်းမကြီးအဖြစ် ရောက်ရှိလာမည်ဖြစ်ပါကြောင်း၊ အသုံးပြုသူအားလုံး အေးမြလှပသည့်အရိပ်အာဝါသ နှင့် ခံစားရစေမည်ဖြစ်သည့်အတွက် ကြီးမားသည့် ကုသိုလ်တစ်ခု ဆောင်ရွက်ခြင်းလည်း ဖြစ်ပါကြောင်း။
ဂေဟစနစ်ကို မပျက်စီးအောင် ထိန်းသိမ်း
နိုင်ငံရေရှည်ဖွံ့ဖြိုးတိုးတက်ရေး၊ စားနပ်ရိက္ခာ ဖူလုံရေး၊ ရာသီဥတုပြောင်းလဲဖောက်ပြန်မှု လျှော့ချ ရေး၊ သဘာဝဘေးကာကွယ်ရေးစသည့် ကိစ္စရပ်များ အတွက် အလွန်အရေးပါသည့် နိုင်ငံနှင့်အဝန်း သစ်ပင်သစ်တောများ ဖုံးလွှမ်းစိမ်းစိုသာယာရေးကို အလေးထား ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်နှင့် အခြေခံ စားဝတ်နေရေး လိုအပ်ချက်များကို ပံ့ပိုးပေးပြီး လူမှု စီးပွားဖွံ့ဖြိုးရေးကို အထောက်အကူပြုလျက်ရှိသည့် နိုင်ငံ့သစ်တောသယံဇာတများကို ရှေးလူကြီးသူမ များ ဆုံးမဆိုရိုးထားရှိသည့် “ဥတုရာသီ တောကိုမှီ၊ တောတောင်ရှိမှ စမ်းရေရ၊ တောတောင်ပျက်ပြုန်း မြေဆီသုဉ်း၊ တောတောင်ခြောက်ခန်း လယ်ယာနွမ်း” ဟူသည့် စကားနှင့်အညီ သစ်တောသစ်ပင်များနှင့် ဂေဟစနစ်ကို မပျက်စီးအောင် ထိန်းသိမ်းကာကွယ် ပေးကြရမည်ဖြစ်ကြောင်း၊ သစ်တောပြုန်းတီးခြင်း ဆိုင်ရာ နောက်ဆက်တွဲ ဆိုးကျိုးများကို အလေးထား ဂရုပြုပြီး နိုင်ငံ၏ကြွယ်ဝသည့် သစ်တောသယံဇာတ၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် သဘာဝပတ်ဝန်းကျင်ကို ရေရှည်တည်တံ့ပြီး နိုင်ငံဖွံ့ဖြိုးရေးအတွက် စနစ် တကျ အကျိုးရှိရှိ အသုံးပြုနိုင်အောင် အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် ထိန်းသိမ်းကာကွယ် ပြုစု ထူထောင်သွားကြရမည်ဖြစ်သည်ဟု တိုက်တွန်း နှိုးဆော်လိုပါကြောင်းဖြင့် ပြောကြားသည်။
ကံ့ကော်ပင်များကို ဦးဆောင်စိုက်ပျိုးပေး
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူး ကြီး စိုးဝင်းတို့က ကံ့ကော်ပင်များကို သတ်မှတ် နေရာများတွင် ဦးဆောင်စိုက်ပျိုးပေးကြသည်။
ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာ ကြသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ ဝင်များ၊ ကောင်စီအတွင်းရေးမှူး၊ တွဲဖက်အတွင်းရေး မှူး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ဖိတ်ကြား ထားသည့် ဧည့်သည်တော်များနှင့် ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာ အရာထမ်း၊ အမှုထမ်းများ၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်နှင့် အခြေခံပညာ ကျောင်းများမှ ကျောင်းသား ကျောင်းသူများ၊ တာဝန် ရှိသူများသည် စံပယ်လမ်းဝဲယာ၌ ပျိုးပင်များကို စိုက်ပျိုးပေးကြသည်။
လှည့်လည်ကြည့်ရှုအားပေး
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ပြည်ထောင်စု နယ်မြေ နေပြည်တော် ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲ အခမ်းအနားသို့ တက်ရောက်လာကြသူများ က ပျိုးပင်များ တပျော်တပါးစိုက်ပျိုးနေမှုများကို လှည့်လည်ကြည့်ရှုအားပေးသည်။
ပျိုးပင် စုစုပေါင်း ၇၇၆ ပင်ကို စိုက်ပျိုးခဲ့
ယနေ့ ကျင်းပပြုလုပ်သည့် ပြည်ထောင်စု နယ်မြေ နေပြည်တော် ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲအခမ်းအနားတွင် ကံ့ကော်၊ ခရေနှင့် စိန်ပန်းသစ်မျိုး ပျိုးပင် စုစုပေါင်း ၇၇၆ ပင်ကို လူထု လှုပ်ရှားမှုအသွင်ဖြင့် စိုက်ပျိုးခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်