
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်း ထုတ်ပြန်ရေးအဖွဲ့၏ (၁၅) ကြိမ်မြောက် သတင်းစာ ရှင်းလင်းပွဲကို ၂၀၂၂ ခုနှစ်၊ ဇွန် ၁ ရက် မွန်းလွဲ ၁ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပ ပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး၊ ဌာနဆိုင်ရာများမှ ပြောရေးဆိုခွင့်ရှိသူများနှင့် ဌာနဆိုင်ရာ သတင်း ထုတ်ပြန်ရေး အဖွဲ့ကိုယ်စားလှယ်များက သတင်း မီဒီယာများ၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ယနေ့သတင်းစာရှင်းလင်းပွဲတွင် နံပါတ်တစ်အနေဖြင့် ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ် များ၊ နံပါတ်နှစ်အနေဖြင့် မိုးရာသီအတွင်း ဖြစ်ပေါ်လာမည့် ဆိုင်ကလုန်းမုန်တိုင်းနှင့် သဘာဝ ဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးလုပ်ငန်းစဉ် များ ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ နံပါတ်သုံးအနေ ဖြင့် အထွေထွေအကြောင်းအရာများဖြစ်သည့် မျောက်ကျောက်ရောဂါကိစ္စ၊ ၂၀၂၂-၂၀၂၃ ပညာသင် နှစ်ဆိုင်ရာကိစ္စရပ်များ ဖြစ်ပါကြောင်း၊ နံပါတ်တစ်မှ သုံးအထိ မိမိအနေဖြင့် ရှင်းလင်းပြောပြသွားမည် ဖြစ်ပြီး ရွေးကောက်ပွဲကော်မရှင်အပိုင်းကို ရွေးကောက်ပွဲကော်မရှင်မှ ပြောရေးဆိုခွင့်ရှိသူ ဦးခင်မောင်ဦးက ရှင်းလင်းပြောကြားသွားမည် ဖြစ်ပါကြောင်း။
ထို့နောက် မေး၊ ဖြေ ကဏ္ဍတွင် မေးခွန်းများ မေးသည့်အခါ စနစ်တကျ ဖြစ်စေရေး အခမ်းအနား မှူးက မီဒီယာအမည်အလိုက် ဖိတ်ခေါ်သွားမည် ဖြစ်ကြောင်း၊ မီဒီယာတစ်ခုလျှင် အချိန်ကန့်သတ်ချက် အရ မေးခွန်းတစ်ခုစီ မေးမြန်းပေးရန်ဖြစ်ကြောင်း။
ငြိမ်းချမ်းရေးဆိုင်ရာကြိုးပမ်းမှု
ပထမဦးဆုံးအနေဖြင့် ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များကို ပြောကြားသွားမည်ဖြစ်ကြောင်း၊ ယင်းသို့ပြောကြားသည့်အခါ အတိတ်သမိုင်း ကြောင်းများနှင့် ဒီမိုကရေစီအစိုးရစတင်ခဲ့သည့် ၂၀၁၀ ပြည့်နှစ်နောက်ပိုင်း ၁၀ နှစ်တာကာလတွင် ငြိမ်းချမ်းရေးလုပ်ငန်းဆောင်ရွက်ခဲ့မှု အခြေအနေ များ၊ ဖြစ်ပျက်မှုများ၊ ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ် များသည် တစ်သမတ်တည်းမရှိကြောင်း၊ နိုင်ငံတိုင်း ၏ ငြိမ်းချမ်းရေးဆိုင်ရာ ကြိုးပမ်းမှုကိစ္စများတွင် လည်း အနိမ့်အမြင့် အတက်အကျရှိကြောင်း၊ ပြည်တွင်း/ပြည်ပ အကျိုးသက်ရောက်မှုပေါင်းစုံရှိကြောင်း၊ မိမိတို့အနေဖြင့် မည်သည့်လိုအပ်ချက်များ ရှိခဲ့ကြသည်ကို ပြောကြားသွားမည်ဖြစ်ကြောင်း၊ မီဒီယာများအနေဖြင့် ယင်းအကြောင်းအရာများကို သိရှိပြီးဖြစ်သော်လည်း ပြည်သူလူထုသိရှိစေရန် ရှင်းလင်းပြောကြားရခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံ သည် လွတ်လပ်ရေးရပြီးချိန်မှစ၍ ပြည်တွင်းပစ်ခတ် တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ ယခုဆိုလျှင် နှစ်ပေါင်း ၇၀ ကျော် ကြာခဲ့ပြီဖြစ်ကြောင်း၊ တိုင်းရင်းသား အချင်းချင်း သဘောထားအမြင်ကွဲလွဲမှု၊ အယူအဆ နှင့် ရပ်တည်ချက်ကွဲပြားမှု စသည့်အကြောင်းကိစ္စ အမျိုးမျိုးတို့ကြောင့် လက်နက်စွဲကိုင် တိုက်ခိုက်ခဲ့ သည့်အချိန်များသည်လည်း ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း။
ယင်းအကျိုးဆက်ကြောင့် တိုင်းပြည်ငြိမ်းချမ်းမှု မရှိခဲ့ခြင်းဖြစ်ကြောင်း၊ တိုင်းပြည်တည်ငြိမ် အေးချမ်းမှ ဖွံ့ဖြိုးတိုးတက်မည်ဖြစ်သည့်အတွက် ခေတ်အဆက်ဆက်အစိုးရနှင့် တပ်မတော်က တိုင်းရင်းသားပြည်သူလူထုနှင့်အတူ လက်တွဲ၍ ငြိမ်းချမ်းရေးရရှိအောင် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ခဲ့သည်ကို သမိုင်းမှတ်တမ်း အထောက်အထားများအရ တွေ့ရှိနိုင်မည်ဖြစ် ကြောင်း။
၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီး ၃ လအကြာ ပြည်တွင်းဆူပူသောင်းကျန်းမှု စတင်ခဲ့ပြီးနောက် ၈ ပတ်အကြာမှစ၍ သခင်ကိုယ်တော်မှိုင်းဦးစီးသည့် ပြည်တွင်း ငြိမ်းချမ်းရေးလှုပ်ရှားမှု စတင်ပေါ်ပေါက် လာခဲ့ကြောင်း၊ အလားတူ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်နှင့်ပတ်သက်၍ ၁၉၈၉ ခုနှစ် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ လက်ထက်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များနှင့် အပစ်အခတ်ရပ်စဲရေးစတင်ခဲ့ပါကြောင်း၊ ထိုစဉ်က အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် များတွင် ချိုးဖောက်သည့်ဖြစ်ရပ်များသည် အလွန် နည်းပါးပြီး တည်ငြိမ်မှုရှိခဲ့ပါကြောင်း။
၂၀၁၁ ခုနှစ် မတ် ၃၁ ရက်တွင် မြန်မာနိုင်ငံ၌ ဒီမိုကရေစီအစိုးရ စတင်ပေါ်ပေါက်လာခဲ့ပါကြောင်း၊ အစိုးရအနေဖြင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေး လုပ်ငန်းများကို လမ်းညွှန်ချပြခဲ့ပြီးနောက် ပြည်သူ များအတွက် ပြုပြင်ပြောင်းလဲရေး တံခါးဖွင့်ရန် အစပြုလာခဲ့ပါကြောင်း၊ နိုင်ငံတော်သမ္မတအနေဖြင့် ၂၀၁၁ ခုနှစ်၊ သြဂုတ် ၁၈ ရက်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး “အချုပ်အခြာအာဏာကို ထိပါးသည့် ကိစ္စနှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်က ခွဲထွက် မယ့်ကိစ္စများကလွဲရင် အခြားကိစ္စရပ်များအားလုံးကို ဆွေးနွေးနိုင်ရန် တံခါးဖွင့်ထားကြောင်း” တရားဝင် ဖိတ်ခေါ်ကမ်းလှမ်းခဲ့ပါကြောင်း၊ ထိုအခါ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များက ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီတွင် “တိုင်းရင်းသားလူမျိုးများငြိမ်းချမ်း ရေးစီမံချက်”ကို ရေးဆွဲခဲ့ပါကြောင်း၊ ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလတွင် ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC- United Nationalities Federal Council) ကို ဖွဲ့စည်းခဲ့ပါ ကြောင်း၊ ၂၀၁၃ ခုနှစ်၊ အောက်တိုဘာ ၃၀ ရက်မှ နိုဝင်ဘာ ၂၅ ရက်အထိ ကျင်းပသည့် လိုင်ဇာ ညီလာခံတွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့ (NCCT- Nationwide Ceasefire Coordination Team) ကို ဖွဲ့စည်းပြီး NCA ရေးဆွဲရေး သဘောတူခဲ့ပါကြောင်း၊ ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာတွင် မြစ်ကြီးနားမြို့၌ NCCT ၏ လိုင်ဇာသဘောတူစာချုပ်နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC-Union Peace – Making Working Committee)၏ NCA မူကြမ်းကို ဖလှယ်ပေးအပ်ခဲ့ ကြပါကြောင်း။
၂၀၁၄ ခုနှစ်၊ မေ ၈ ရက်တွင် NCCT နှင့် UPWC တို့အကြား NCA ညှိနှိုင်းမှုဆိုင်ရာ အစည်းအဝေးကို ပထမဆုံးအကြိမ် ကျင်းပနိုင်ခဲ့ပြီး ဧပြီ ၈ ရက်တွင် MPC ၌ အစည်းအဝေးပြုလုပ်ပြီး နှစ်ဖက်တင်ပြ လာခဲ့သည့် NCA မူကြမ်းများကို အခန်း (၇) ခန်းပါ သည့် တစ်ခုတည်းသော NCA မူကြမ်း(Single Text)အဖြစ် ပေါင်းစည်းရေးသားနိုင်ခဲ့ပါကြောင်း၊ အစိုးရ မှ စတင်ကမ်းလှမ်းခဲ့သည့် ၂ နှစ်တာကာလအတွင်း အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် ၁၄ ဖွဲ့ အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် များ ချုပ်ဆိုနိုင်ခဲ့ပါကြောင်း၊ အရေအတွက်အားဖြင့် ၁၄ ဖွဲ့ရှိသည်ကို မီဒီယာများနှင့် မိဘပြည်သူများ သိရှိမှတ်သားထားစေလိုကြောင်း၊ ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့တွင် “ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး” အတွက် ကတိကဝတ်ပြု ကြိုတင်လက်မှတ် ရေးထိုးခဲ့ပါကြောင်း။
NCA ကို အချောသပ်ရေးဆွဲနိုင်ခဲ့
ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုင်ရာ ကတိပြုချက်ကို နိုင်ငံတော် သမ္မတ၊ ဒုတိယသမ္မတများအပါအဝင် အစိုးရ၊ တပ်မတော်၊ EAOs အဖွဲ့များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များက လက်မှတ်ရေးထိုးခဲ့ကြပါ ကြောင်း၊ ထိုအထဲတွင် တချို့သော EAOs အဖွဲ့များ ကျန်ရှိခဲ့ပါကြောင်း၊ ကျန်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေနှင့် ကတိပြုချက်ပါ အချက် အလက်များကို လက်ခံခဲ့သော်လည်း သက်ဆိုင်ရာ အဖွဲ့အစည်းအတွင်း ပြန်လည်ဆွေးနွေးအတည်ပြု ပြီးမှသာ ဆက်လက်ပါဝင်လက်မှတ်ရေးထိုးသွားကြ မည်ဟု ပြောဆိုခဲ့ပါကြောင်း၊ ၂၀၁၅ ခုနှစ်၊ မတ် ၃၁ ရက် NCCT-UPWC ၏ (၇)ကြိမ်မြောက် အစည်း အဝေးတွင် NCA အတည်ပြုမူကြမ်းရခဲ့ပါကြောင်း၊ ၂၀၁၅ ခုနှစ်၊ ဇွန် ၂ ရက်မှ ၉ ရက်အထိ ကျင်းပသည့် လော်ခီးလာ ထိပ်သီးညီလာခံတွင် NCA အချောသပ် နိုင်ရန် စတင်ခဲ့ပါကြောင်း၊ ၂၀၁၅ ခုနှစ်၊ ဩဂုတ် ၇ ရက်တွင် NCA ကို အချောသပ် ရေးဆွဲနိုင်ခဲ့ပါကြောင်း။
အဆိုပါ NCA စာချုပ်တွင် အခန်း(၇)ခန်းနှင့် အပိုဒ် (၃၃) ပိုဒ် ပါဝင်ပါကြောင်း၊ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်တွင် အစိုးရနှင့် EAOs ၈ ဖွဲ့တို့ NCA ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပါကြောင်း၊ ၁၄ ဖွဲ့ သဘောတူခဲ့သော်လည်း အမှန်တကယ် လက်မှတ်ရေးထိုးသည့်အချိန်တွင် အဖွဲ့ ၈ ဖွဲ့သာ လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း၊ ကြားကာလတွင် လိုင်ဇာညီလာခံ၊ လော်ခီးလာညီလာခံ၊ တွေ့ဆုံ ဆွေးနွေးမှုမျိုးစုံလုပ်ခဲ့ကြောင်း၊ ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး အရှိန်မြှင့်တက်နေသည့် ကာလဖြစ် ကြောင်း၊ ၁၄ ဖွဲ့သဘောတူပြီး ၈ ဖွဲ့သာလက်မှတ် ရေးထိုးခဲ့ခြင်းနှင့် ပတ်သက်ပြီး မည်သို့ဖြစ်ရသည်ကို တက်ရောက်လာကြသည့် မီဒီယာများနှင့် မိဘ ပြည်သူများ ပြန်လည်မှတ်မိကြမည်ဖြစ်ကြောင်း။
ထိုစဉ်က ထင်ရှားသည့် နိုင်ငံရေးပါတီတစ်ခု၏ ဥက္ကဋ္ဌတစ်ဦး၊ ထိုစဉ်က လွှတ်တော်တွင်လည်း ကော်မတီတစ်ခုတွင် ပါဝင်နေဆဲဖြစ်သည့် လွှတ်တော်အမတ်တစ်ဦးက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ လက်မှတ်ရေးထိုးခါနီးတွင် NCA ကို အလျင်စလို လက်မှတ်မရေးထိုးကြရန် ပြောခဲ့ကြောင်း၊ နိုင်ငံတကာမီဒီယာများတွင်လည်း ဝေဝေဆာဆာဖော်ပြခဲ့ကြောင်း၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ အမှားတစ်ခုကြောင့် အရှိန်ရနေသည့် ငြိမ်းချမ်းရေး ဖြစ်စဉ် ရုတ်တရက်နိမ့်ကျသွားပါကြောင်း၊ ယင်းကို မိမိတို့ သင်ခန်းစာယူရမည်ဖြစ်ကြောင်း၊ ယင်းမှာ ပထမအကြိမ် အနိမ့်အမြင့်ဖြစ်ကြောင်း၊ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာ ၈ ရက်တွင် NCA လက်မှတ်ရေးထိုးခြင်း ကို ပြည်ထောင်စုလွှတ်တော်၌ အတည်ပြုနိုင်ခဲ့ပါကြောင်း။
ပထမဆုံး ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (UPC)ကို ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီ ၁၂ ရက်တွင် ကျင်းပ ခဲ့ပြီး ငြိမ်းချမ်းရေးအခြေခံအုတ်မြစ်ကို နောင် ဆက်လက်တာဝန်ယူရမည့် အစိုးရများမှ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ရန် အခြေခံမူ များ ချမှတ်နိုင်ခဲ့ပါကြောင်း၊ ထို့ကြောင့် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်တွင် မွန်ပြည်သစ်ပါတီ(NMSP)နှင့် လားဟူဒီမိုကရက်တစ်ပါတီ အစည်းအရုံး(LDU)တို့ ထပ်မံလက်မှတ်ရေးထိုးကာ NCA တွင် ပါဝင် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက် ကိုင် အဖွဲ့ ၁၀ ဖွဲ့အထိ ရှိလာခဲ့ပြီဖြစ်ကြောင်း၊ ၂၀၁၅ ခုနှစ်က အကျိုးဆက်သည် ၂၀၁၈ ခုနှစ်အထိ သက်ရောက်ခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ်တွင်လည်း ငြိမ်းချမ်းရေးအတွက် အသည်းအသန် ကြိုးစားခဲ့ ကြကြောင်း၊ သို့သော် နှစ်ဖွဲ့သာ ထပ်မံလက်မှတ် ထိုးနိုင်ခဲ့ကြောင်း၊ NCA စာချုပ်သည် ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ဟု အမည် ခေါ်တွင်သော်လည်း ယင်းထက်များစွာကျယ်ပြန့် သည့်၊ အဓိပ္ပာယ်ရှိသည့်စာချုပ်ဖြစ်ကြောင်း၊ NCA စာချုပ်တွင် လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံရေးဆိုင်ရာသဘောတူညီမှုများ၊ နိုင်ငံရေးဆိုင်ရာ အာမခံချက်များနှင့် နိုင်ငံရေးအရ ညှိနှိုင်းအဖြေရှာ ရေးကိစ္စရပ်များ၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာကိစ္စရပ်များ စသည်ဖြင့် ကျယ်ပြန့်စွာပါဝင် သည်ကို တွေ့နိုင်မည်ဖြစ်ကြောင်း။
အစိုးရဒုတိယသက်တမ်းကာလတွင် NCA စာချုပ် အပိုဒ် ၂၀ (ဂ) အရ အမျိုးသားနိုင်ငံရေး ဆွေးနွေးပွဲများကျင်းပခဲ့ပြီး ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံ (၂၁-ရာစုပင်လုံညီလာခံ)အစည်းအဝေး ကို ၂၀၁၆ ခုနှစ်၊ ၂၀၁၇ ခုနှစ်၊ ၂၀၁၈ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်တို့တွင် လေးကြိမ်တိုင် ကျင်းပခဲ့ပါကြောင်း၊ ၂၀၁၇ ခုနှစ်တွင် ကျင်းပသည့် ဒုတိယအကြိမ် အစည်းအဝေးတွင် သဘောတူညီချက်(၃၇)ချက်ကို ရရှိခဲ့ပြီး ပြည်ထောင်စုသဘောတူစာချုပ် အစိတ် အပိုင်း(၁)အဖြစ် သဘောတူချုပ်ဆိုနိုင်ခဲ့ကာ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်၊ သတ္တမအကြိမ် ပုံမှန် အစည်းအဝေး ၁၁ ရက်မြောက်နေ့တွင် အတည်ပြု နိုင်ခဲ့ပါကြောင်း၊ သတိပြုရန် ပြောလိုသည်မှာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစု ပင်လုံ အမည်ဖြင့် စတင်ကျင်းပခဲ့သည်မှာ (၄) ကြိမ် ကျင်းပခဲ့ကြောင်း၊ ပထမအကြိမ်တွင် မည်သည့် သဘောတူညီချက်မျှမရခဲ့ကြောင်း၊ မည်သည့် အတွက်ကြောင့် မရခဲ့သည်ကို ယခုရှိနေသည့်မီဒီယာ အများစုက ထိုပွဲများကို တက်ရောက်ခဲ့ဖူးသည့် အတွက် သိရှိနိုင်မည်ဖြစ်ကြောင်း၊ လေ့လာနေသည့် ပြည်သူလူထုကလည်း သိရှိကြောင်း၊ လုပ်မှား ကိုင်မှား၊ မူဝါဒအမှားများကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် နဂိုမူလရှိခဲ့သည်ထက် ပို၍ နိမ့်ကျ သွားသည်ကိုတွေ့ရကြောင်း။
၂၀၁၈ ခုနှစ်၊ ဇူလိုင် ၁၁ ရက်မှ ၁၆ ရက်အထိ ကျင်းပခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ (၂၁)ရာစုပင်လုံ တတိယအကြိမ် အစည်းအဝေး၌ စုစုပေါင်း သဘောတူညီချက်(၁၄)ချက်ကို ရရှိခဲ့ပြီး ဩဂုတ် ၇ ရက်တွင် ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် နဝမအကြိမ်မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမနေ့အစည်းအဝေးတွင် အတည်ပြုနိုင်ခဲ့ကြောင်း။
အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများက တစ်ဆင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံများသို့ တင်ပြလာသည့် အဆိုပြုချက်များတွင် နိုင်ငံရေး ကဏ္ဍပါ “ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ခွဲမထွက်ရဆိုင်ရာ ကိစ္စရပ်များ” နှင့် လုံခြုံရေးကဏ္ဍပါ “တစ်ခုတည်း သော တပ်မတော်ထားရှိရေးဆိုင်ရာကိစ္စရပ်များ” သည် ထိုအချိန်က ဆက်လက်ဆွေးနွေးဆဲအကြောင်း အရာများဖြစ်ကြောင်း၊ ထို့ကြောင့် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် အစိုးရ နှင့် NCA-S EAO အဖွဲ့များ၏ သီးသန့် အစည်းအဝေး (၁၀+၁၀)တွင် ခွဲမထွက်ရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်ကိစ္စ၊ တစ်ခုတည်းသော တပ်မတော်ကိစ္စရပ်များ နှင့်စပ်လျဉ်း၍ ဖြေရှင်းနိုင်မည့် နည်းလမ်းများ၊ အရေးကြီးသည့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဆိုင်ရာ အခြေခံမူများ ချမှတ်နိုင်ရေးအတွက် လိုအပ်သည့် အချိန်ဇယားနှင့် ဦးစားပေးလုပ်ငန်းစဉ်များ ညှိနှိုင်း ဆောင်ရွက်ရန်အတွက် မူအားဖြင့်ချမှတ်ပေးနိုင်ခဲ့ ပါကြောင်း။
နိုင်ငံရေးဆွေးနွေးပွဲများပြန်လည်စတင်
ထို့နောက်ခေါင်းဆောင်များ သီးသန့်ဆွေးနွေး ရန် ထိပ်သီးအစည်းအဝေးများ ပြုလုပ်ခဲ့ပါကြောင်း၊ ထိုအစည်းအဝေးတွင် ဖြေရှင်းရမည့် အကြောင်းအရာ နှစ်ရပ်ကို ပြေလည်စေရန်အတွက် ဖြေရှင်းချက်များ ထွက်ပေါ်လာချိန်တွင် NCA-S EAO များအနက် အင်အားကြီး အဖွဲ့နှစ်ဖွဲ့တို့က ကြေညာချက်များ ထုတ်ပြန်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အရှိန်အဟုန် ကို လျှော့ချခဲ့ပြီးနောက် တရားဝင်နိုင်ငံရေး ဆွေးနွေး ပွဲများ ယာယီအားဖြင့် ရပ်ဆိုင်းခဲ့ရပါကြောင်း၊ ၁၀နှစ်တာကာလအတွင်း ငြိမ်းချမ်းရေးကြိုးပမ်းမှု ခရီးစဉ်တွင် အကျကာလဖြစ်စဉ် သုံးခုရှိခဲ့ပါကြောင်း၊ ၂၀၁၅ ခုနှစ် လက်မှတ်ရေးထိုးကာနီးတွင် ပုဂ္ဂလိက အမှားကြောင့် တစ်ကြိမ်၊ ၂၀၁၆ ခုနှစ် ပထမအကြိမ် ညီလာခံတွင် မူဝါဒနှင့် လုပ်ငန်းစဉ်အမှားများ ကြောင့် တစ်ကြိမ်၊ ၂၀၁၈ ခုနှစ်တွင် တရားဝင်နိုင်ငံရေး ဆွေးနွေးပွဲများ ရပ်ဆိုင်းခဲ့သဖြင့် တစ်ကြိမ်ဖြစ်ကြောင်း၊ ထိုအရာများသည် မိမိတို့အနေဖြင့် ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး အနီးစပ်ဆုံး သင်ခန်းစာယူရမည့်ကိစ္စ များဖြစ်ကြောင်း။
ယင်းနောက် အစိုးရမှ ညှိနှိုင်းရေးကိုယ်စားလှယ် များသည် တရားဝင် ဆွေးနွေးပွဲလမ်းကြောင်းသို့ ပြန်လည်ရောက်ရှိနိုင်ရေးအတွက် အလွတ်သဘော တွေ့ဆုံမှုလမ်းကြောင်းမှတစ်ဆင့် အဖြေရှာနိုင်ရန် NCA-S EAO များနှင့် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် (၁၁)ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပါကြောင်း၊ ယင်း နောက် KNU က စတင်အဆိုပြုသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ လုပ်ငန်းစဉ်အဆင့်ဆင့်ကို အစိုးရနှင့် NCA-S EAO အဖွဲ့များအကြား စတင် ဆွေးနွေးညှိနှိုင်းခဲ့ကြပါကြောင်း၊ အဆိုပါ အကြောင်း အရာများကို နောင်လာမည့် အစည်းအဝေးတွင် တင်သွင်းဆွေးနွေးရန် လျာထားခဲ့ကြခြင်း ဖြစ် ကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီ ၈ ရက်တွင် တရားဝင် နိုင်ငံရေးဆွေးနွေးပွဲများ ပြန်လည် စတင်နိုင်ခဲ့ပါကြောင်း။
(၈)ကြိမ်မြောက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက် မှု ရပ်စဲရေး သဘောတူစာချုပ်အကောင်အထည်ဖော် မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး(JICM)တွင် ၂၀၂၀ အလွန် ဆက်လက်အကောင်အထည်ဖော်ရမည့် အဆင့်လိုက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊ အဆင့် လိုက် အကောင်အထည်ဖော်မှုများကို နှစ်ဖက် ဆွေးနွေးညှိနှိုင်းသွားရန် သဘောတူညီခဲ့ကြပါ ကြောင်း၊ ယင်းနောက် အစိုးရ၊ လွှတ်တော်၊ တပ်မတော်အစုအဖွဲ့နှင့် NCA-S EAO အစုအဖွဲ့ တို့ မှ နှစ်ဖက်အလုပ်အဖွဲ့များ ဖွဲ့စည်းပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကိုအခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးအတွက် ဆက်လက်အကောင် အထည်ဖော် ဆောင်ရွက်ရမည့် အဆင့်လိုက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊ အဆင့်လိုက်အကောင် အထည်ဖော်မှုများနှင့် စပ်လျဉ်း၍ တွေ့ဆုံညှိနှိုင်းမှု ပေါင်း (၁၁)ကြိမ်၊ ရက်ပေါင်း ၂၄ ရက်ပြုလုပ်၍ သဘောထားများ၊ အယူအဆများကို ဆွေးနွေး ညှိနှိုင်းခဲ့ကြပါကြောင်း။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစု ပင်လုံ စတုတ္ထအကြိမ် အစည်းအဝေးကို ၂၀၂၀ ပြည့် နှစ်၊ ဩဂုတ် ၁၉ ရက်မှ ၂၁ ရက်အထိ ကျင်းပခဲ့ပါ ကြောင်း၊ ယင်း၌ အပိုင်း(၁) NCA အကောင်အထည် ဖော်ဆောင်မှုဆိုင်ရာ မူဘောင်သဘောတူညီချက် ၁၅ ချက်၊ အပိုင်း(၂) ၂၀၂၀ အလွန် အဆင့်လိုက် လုပ်ငန်းစဉ်များနှင့် အဆင့်လိုက်အကောင်အထည် ဖော်မှု ဇယား(၁)နှင့် အပိုင်း(၃) ဒီမိုကရေစီစနစ်နှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်မှုအခြေခံမူ သဘောတူညီချက် ၅ ချက်တို့ဖြင့် အပိုင်းသုံးပိုင်း ပါသည့် ပြည်ထောင်စုသဘောတူစာချုပ် အစိတ် အပိုင်း (၃)ကို ချုပ်ဆိုခဲ့ပါကြောင်း၊ ယင်းကို ဩဂုတ် ၂၆ ရက် ပြည်ထောင်စုလွှတ်တော်၏ (၁၇)ကြိမ် မြောက်ပုံမှန်အစည်းအဝေး (၁၃) ရက်မြောက်နေ့ အစည်းအဝေးတွင် အတည်ပြုခဲ့ပါကြောင်း၊ ယင်းသို့ ညှိနှိုင်းရရှိခဲ့သည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ် တို့ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေး ဆိုင်ရာ ဆွေးနွေးညှိနှိုင်းမည့် အချက်များကို ၂၀၂၀ ပြည့်နှစ်အလွန် အဆင့်လိုက် လုပ်ငန်းစဉ်များနှင့် အဆင့်လိုက် အကောင်အထည်ဖော်မှုများ ဇယား (၁)အဖြစ် ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ် ၁၉ ရက်မှ ၂၁ ရက်အထိ နေပြည်တော်၌ ကျင်းပခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစု ပင်လုံ စတုတ္ထအစည်းအဝေးတွင် တင်သွင်းခဲ့ကြောင်း၊ ယင်းမှာ ပြည်ထောင်စုသဘောတူစာချုပ် အစိတ် အပိုင်း (၃) ဖြစ်ကြောင်း၊ ယင်းညီလာခံတွင် ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၃)ကို ချုပ်ဆိုရာတွင် အစိတ်အပိုင်း(၃)၏ အပိုင်း(၂) အဖြစ် “၂၀၂၀ အလွန် အဆင့်လိုက်လုပ်ငန်းစဉ်များ နှင့် အဆင့်လိုက် အကောင်အထည်ဖော်မှု ဇယား(၁)”ကို သဘောတူနိုင်ခဲ့ပါကြောင်း၊ ယင်းမှာ ပိုပြီးအရေးကြီးသည့် ဇယားဖြစ်ကြောင်း၊ ထို ဇယားကို ဘုတ်တွင် ကပ်ထားပါကြောင်း၊ မိမိတို့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် မည်သို့သွားမည်ဆို သည်ကို တွေ့နိုင်ပါကြောင်း။
အစိုးရနှင့် NCA - S EAO တို့၏ နှစ်ဖက်အလုပ် အဖွဲ့များအကြား ဇယား(၁) ကို ဆွေးနွေးညှိနှိုင်းစဉ် ကပင် ဇယား-၂ ကိုလည်း တစ်ပြိုင်တည်း ဆွေးနွေး ခဲ့ကြပါကြောင်း၊ ဇယား (၁) ပါ ဒီမိုကရေစီနှင့် ဖက်ဒရယ်ဆိုင်ရာအချက်(၈)ချက်၏ တစ်ချက်ချင်းစီ အောက်တွင် အသေးစိတ် ထပ်မံဆွေးနွေးရမည့် အကြောင်းအရာ ခေါင်းစဉ်များကို နှစ်ဖက် အဆိုပြု ခဲ့ကြပါကြောင်း၊ ဇယား(၂)တွင် အကြောင်းအရာ ခေါင်းစဉ်များ ထည့်သွင်းသဘောတူနိုင်ရေးအတွက် ဆက်လက်ဆွေးနွေးညှိနှိုင်းရန် အချိန်လိုအပ်နေ ကြောင်း နှစ်ဖက်အလုပ်အဖွဲ့များက လက်ခံခဲ့ကြ သည့်အတွက် ၂၀၂၀ ပြည့်နှစ် ဩဂုတ် ၁၃ ရက်တွင် ကျင်းပသည့် (၉)ကြိမ်မြောက် JICM အစည်းအဝေး တွင် “၂၀၂၀ အလွန် အဆင့်လိုက်လုပ်ငန်းစဉ်များနှင့် အဆင့်လိုက် အကောင်အထည်ဖော်မှုများ (ဇယား-၂)”ကို နောင်တွင် ဆက်လက်ညှိနှိုင်းဆွေးနွေးသွား ရန် သဘောတူခဲ့ကြပါကြောင်း။
ယခုအခါ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်က ၂၀၂၂ ခုနှစ်၊ ဧပြီ ၂၂ ရက် တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ကို ငြိမ်းချမ်းရေးဆွေးနွေးနိုင်ရန် ဖိတ်ခေါ်ထားပြီး အဖွဲ့တစ်ဖွဲ့ချင်းအလိုက် ခေါင်းဆောင်များ အပါအဝင် အဖွဲ့ဝင် ၂ ဦးစီကို ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များအား ကိုယ်တိုင်တွေ့ဆုံဆွေးနွေးခြင်း၊ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် အဖွဲ့နှင့် တွေ့ဆုံဆွေးနွေး ခြင်းများနှင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။
ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးနိုင်ခဲ့
၂၀၂၂ ခုနှစ် မေ ၂၁ ရက်မှ ၂၉ ရက်အထိ RCSS ၊ NMSP၊ KNU/KNLA(PC) တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ရာ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၁/၂/၃) ပါ သဘောတူညီချက်များနှင့် ပတ်သက်၍ လည်းကောင်း၊ အစိတ်အပိုင်း(၃)မှ ဆက်လက် ဆွေးနွေးရန်ကျန်ရှိသည့် ဇယား-၂ ပါ ဆွေးနွေးရန် အချက်များနှင့်လည်းကောင်း သဘောတူညီချက် ၇ ချက် ရရှိခဲ့ကြောင်း၊ ထို့ကြောင့်လည်း သဘော တူညီချက်များနှင့်ပတ်သက်ပြီး သဘောပေါက်ရန် အတွက် အစိတ်အပိုင်း (၃)မှ ဇယား (၂)ကို မီဒီယာ များကို ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း၊ ယခင်က ရှိပြီးဖြစ်သော်လည်း ဆက်လက်လေ့လာစေလိုပါ ကြောင်း၊ သို့မှသာ မီဒီယာများအနေဖြင့် ပြည်သူ လူထုကို ရှင်းလင်းစွာ အသိပေးနိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင် UWSP “ဝ” အဖွဲ့နှင့်လည်း ယနေ့ထိ ဆွေးနွေးညှိနှိုင်းနေဆဲဖြစ်ကြောင်း၊ တစ်ချိန်တည်း တွင် နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့များ နှင့်လည်း ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်တို့ ဦးဆောင်သည့် ညှိနှိုင်းရေးအဖွဲ့နှင့် တွေ့ဆုံဆွေးနွေး လျက်ရှိကြောင်း၊ ၎င်းတို့တင်ပြထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှ ပြင်ဆင်လိုသည့်အချက် ၉ ချက်ကို အဆိုပြုဆွေးနွေးမှုများ ပြုလုပ်ခဲ့ ကြောင်း၊ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးနိုင်ခဲ့ ကြောင်း။
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ငြိမ်းချမ်းရေးဆွေးနွေးနိုင်ရန် ဖိတ်ခေါ်ထားသည့် အပေါ် တက်ရောက်လာသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ပြည်သူလူထု၏ ဆန္ဒဖြစ် သည့် နိုင်ငံရေးအရ ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံး ရေး၊ အုပ်ချုပ်ရေးအရ ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စုစနစ် တည်ဆောက်ရေး တို့ကို ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ ကမ္ဘာပေါ်တွင် ဒီမိုကရေစီစနစ် ကျင့်သုံးနေသည့် နိုင်ငံများစွာရှိကြောင်း၊ တစ်နိုင်ငံချင်းတွင် ကျင့်သုံးပုံ များ တစ်ထပ်တည်းတူညီမှုမရှိကြောင်း၊ ထို့အတူ ဖက်ဒရယ်စနစ်ကို ကျင့်သုံးရာတွင်လည်း တစ်နိုင်ငံ နှင့် တစ်နိုင်ငံ ထပ်တူ တူညီနေမှုမရှိကြောင်း၊ မိမိတို့ တိုင်းပြည်၏သမိုင်းကြောင်း၊ ဓလေ့ထုံးစံများ၊ နိုင်ငံရေး၊ စီးပွားရေးနှင့် ဒေသအခြေအနေများအပေါ် မူတည် ပြီး မိမိတို့နိုင်ငံ၊ မိမိတို့လူမျိုးနှင့်ကိုက်ညီသည့် အသင့်လျော်ဆုံးပုံစံကို ချမှတ်ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ထိုပုံစံကိုရရှိနိုင်ရန်အတွက် ညှိနှိုင်း ဆွေးနွေးတိုင်ပင်အဖြေရှာခြင်းနည်းလမ်းဖြင့် မိမိတို့ အစိုးရက ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုအချိန် ၌လည်း လက်တွေ့ဆောင်ရွက်လျက်ရှိကြောင်း၊ သက်ဆိုင်သူအားလုံးကလည်း နိုင်ငံနှင့်လူမျိုးအပေါ် စေတနာထားပြီး လုပ်ဆောင်ပေးကြရန် တိုက်တွန်း ပြောကြားလိုပါကြောင်း။
(ဆက်လက်ဖော်ပြပါမည်)