မိုင်းကိုင် ဇွန် ၁၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၏ မြို့တွင်းရေရရှိရေးအတွက် အဓိကထားအသုံးပြုနေသော မြို့၏ကျက်သရေဂုဏ်ဆောင် ရေကန်တစ်ကန်ဖြစ်သည့် စော်ဘွားကန်ဘောင် သန့်ရှင်းသာယာလှပရေးအတွက် ယနေ့မနက်ပိုင်းက နယ်မြေခံတပ်မတော်သားများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်ဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်လုပ်သားပြည်သူများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့သည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာတွင် စော်ဘွားကန်ဘောင်တလျှောက် ချုံနွယ်များအား ခုတ်ထွင်ရှင်းလင်းခြင်း၊ ပေါင်းမြက်များ၊ အမှိုက်များ ရှင်းလင်းခြင်း၊ မြို့နယ်စည်ပင်သာယာဌာနနှင့် လမ်းဦးစီးဌာနတို့က ကားများဖြင့်အမှိုက်များကို သယ်ယူစွန့်ပစ်ပေးခြင်း၊ အရိပ်ရပင်၊ ပန်းအလှပင်များ စိုက်ပျိုးခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ရာ အမှတ်(၁၄) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်၊ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးကျော်နိုင်စိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဦးနှင့်အဖွဲ့ဝင်များ ကြည့်ရှုအားပေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်