လားရှိုး မေ ၂၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက် (၉)နာရီအချိန် က ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပြည်နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပပြုလုပ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးနှင့် တိုင်းစစ်ဌာနချုပ်မှ အရာရှိများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်အား ပုဝါ၊ ပန်းပွား၊ ဘင်ခရာများဖြင့် ကြိုဆို ခဲ့ကြပြီး ကျောင်းအပ်နှံရေးအခမ်းအနားကို ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ဆက်လက်၍ လားရှိုးမြို့မှ ဆရာ၊ ဆရာမများက “ပညာရေးဝန်ကြီးဌာနအဓိဌာန်” သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက အဖွင့်အမှာ စကားပြောကြားပေးခဲ့သည်။
ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း က ကျောင်းသုံးပုံနှိပ်စာအုပ်များကို လည်းကောင်း၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦး က ကျောင်းသုံးဗလာစာအုပ်များကို လည်းကောင်း၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦး က ကျောင်းဝတ်စုံများကိုလည်းကောင်း၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး၊ ဦးစိုင်းလိတ်က ကျောင်းသုံးစာရေးကိရိယာများကိုလည်းကောင်း ထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။
ယင်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့် အဖွဲ့သည် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသားမိဘများ၊ အုပ်ထိန်းသူများ ကျောင်းအပ်နှံရေး ဆောင်ရွက်နေမှုများ၊ ကျောင်းသုံးစာရေးကိရိယာများ ထောက်ပံ့ပေးအပ်နေမှုများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
စိုင်းအောင်ကျော်စိုး